အမေရိကန်ဝန်ကြီးကို ထိုးနှက်လိုက်တဲ့ မြောက်ကိုရီးယား၊ စာရင်းကိုင်တွေပါလာတဲ့ ဟောင်ကောင်ဆန္ဒပြပွဲအပါအဝင် အာရှသတင်းများ
အမေရိကန်ဝန်ကြီးကို မြောက်ကိုရီးယား ထိုးနှက်

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရိယွန်ဟိုးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုဟာ အမေရိကန် သံတမန်ရေးမူဝါဒရဲ့ အဆိပ်ပင်တစ်ပင် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာအပေါ်လည်း ပွမ်ပေယိုက အရိပ်မဲကြီးထိုးနေတယ်လို့ ထိုးနှက်လိုက်ပါတယ်။
မစ္စတာ ပွန်ပေယိုက မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို စတင်မလုပ်မချင်း အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်ထားမယ်လို့လို့ ပြောခဲ့တဲ့အပေါ် မစ္စတာရိက အခုလို တုံ့ပြန် လိုက်တာပါ။
နောက်ထပ်ဆွေးနွေးပွဲ တစ်ခု မစတင်ခင် အမေရိကန်ဖက်က ဖြေလျှော့ပေးတာတွေလုပ်ဖို့ မြောက်ကိုရီးယားဘက်က ကြိုးပမ်းဖိအားပေး နေတာဖြစ်တယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲမှာ စာရင်းကိုင်တွေပါ ပါလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်မှာ ဖြစ်နေတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲတွေမှာ ပထမဆုံးအနေနဲ့ စာရင်းကိုင် ဝန်ထမ်းတွေ ထောင်ချီ စတင် ပါဝင်လာခဲ့ပါတယ်။ ပါဝင်ဆန္ဒပြလာသူ တစ်ဦးက အရင်ကတော့ စာရင်းကိုင်တွေဟာ စာရင်းမှားယွင်းမှာစိုးလို့ ဆန္ဒပြပွဲတွေမှာ မပါဝင်ပဲ နေခဲ့ရာက အခုတော့ ဘေးမှာ ထွက်မနေနိုင်တော့ဘူးလို့ ဆိုပါတယ်။ ရှေ့နေနဲ့ ကျောင်းဆရာတွေကလည်း စုဝေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က ဖိနှိပ်မှုတွေ ရှိလာပြီး ဟောင်ကောင် အခြေစိုက် ကသေး ပစိဖိတ် လေကြောင်းလိုင်းကိုလည်း လေယာဉ်မောင်မယ် အစည်းအရုံး ခေါင်းဆောင်ကို အလုပ်ထုတ်လိုက် တဲ့အတွက် ဝေဖန်ခံနေရပါတယ်။
တရုတ်စာပေသင်ကြားမှု နယူးဆောက်ဝေးလ်မှာ ရပ်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အစိုးရထောက်ပံ့တဲ့ တရုတ်ဘာသာနဲ့ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်မှု အစီအစဉ်ဟာ တရုတ်အစိုးရရဲ့ နိုင်ငံရေးလွှမ်းမိုးမှု စိုးရိမ်စရာရှိတယ် ဆိုပြီး သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ်ပြည်နယ်က ဒါကို ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။
လက်ရှိ သဘောတူထားတဲ့ အစီအစဉ်က လာမယ့် ဒီဇင်ဘာလမှာ သက်တမ်းကုန်မှာဖြစ်ပြီး ထပ်ပြီး မတိုးတော့ဘူးလို့ ပြည်နယ် အာဏာပိုင်တွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ အပြန်အလှန်ရှိနေတဲ့ အခုလို သင်တန်းပေး အစီအစဉ်တွေကို နိုင်ငံရေးဘောင်ထဲ မထည့်သင့်ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရထောက်ပံ့တဲ့ ကွန်ဖြူးရှပ် ပညာရေး အဖွဲ့အစည်းဟာ ကမ္ဘာတလွှားက ကျောင်း၊ တက္ကသိုလ် တချို့နဲ့ ပူးပေါင်းပြီး နိုင်ငံခြားကျောင်းသားတွေကို တရုတ် ဘာသာစကားနဲ့ ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတာ ဖြစ်ပါတယ်။
သဘာဝဘေး စိုးရိမ်စရာရှိနေတဲ့ အာရှ ပစိဖိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတဝန်း၂၀၁၈အတွင်းဖြစ်ခဲ့တဲ့ သဘာဝအန္တရာယ်တွေရဲ့ တဝက်က အာရှပစိဖိတ်မှာ ဖြစ်ခဲ့ပြီး ဒီဒေသတွင်း တားဆီးကာကွယ်ရေး နည်းပညာ အပိုင်းမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
အဲဒီ ဘေးအန္တရာယ်တွေကြောင့် ဒေသတွင်းမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ဝ ဖိုးလောက် ဆုံးရှုံးမှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။
ဒီဒေသတွင်းဖြစ်တဲ့ သဘာဝဘေးက ဖြစ်တဲ့ အကြိမ် အရေအတွက်ကော ဆိုးဝါးမှုပါ ပိုလာတော့ ဒီလို အခြေအနေမှာ ပြင်ဆင်မှု အားအနည်းဆုံးဖြစ်တဲ့ အဆင်းရဲဆုံးလူတွေကို အဓိက ထိခိုက်နေပါတယ်။
သဘာဝဘေးဖြစ်လာပြီဆိုရင် သူတို့ရဲ့ ကလေးတွေကို ကျောင်းထုတ် လိုက်ရတယ် ဆိုတော့ ဆွေစဉ်မျိုးဆက် အထိ လူတန်းစား မညီမျှမှုတွေ ပိုဆိုးသွားစေတာ တွေ့ရပါတယ် ဆိုပြီး ကုလသမဂ္ဂ အာရှ ပစိဖိတ် လူမှု စီးပွား ကော်မရှင်က ကဗေး ဇ ဟီး ဒီးက ပြော ပါတယ်။
လူသူ သွားလာဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာ ဒရုန်းတွေ အသုံးပြုမှု အပါအဝင် သဘာဝဘေး ခန့်မှန်းတဲ့ အပိုင်းနဲ့ ကယ်ဆယ် စောင့်ရှောက်ရေး အပိုင်းတွေမှာ နည်းပညာ ပိုသုံးသင့်တယ်လို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။








