ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်္ဂလိပ်ရေလက်ကြားကို မိုးပျံလူသား ဖြတ်နိုင်ခဲ့ပြီ
ပြင်သစ်လူစွန့်စား ဖရန်ကီ ဇပါတာဟာ သူတီထွင်တဲ့ ဂျက်အင်ဂျင်စက်တပ် မိုးပျံဘုတ်ပြားကို လေပေါ်ပျံဝဲ စီးနင်းပြီး ပြင်သစ်ကမ်းဘက်ကနေ အင်္ဂလန် ကမ်းဘက်ထိ ရောက်အောင် ပင်လယ် ရေလက်ကြားကို အောင်အောင်မြင်မြင် ကျော်ဖြတ် ခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ မိုးပျံဘုတ်ပြား သက်သက် စီးနင်းပြီး အင်္ဂလိပ်ရေလက်ကြားကို ပထမဆုံး အကြိမ် အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဇပါတာဟာ ၂၂ မိုင် အကွာအဝေးကို ၂၂ မိနစ်ကြာ ပျံသန်း ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် ဆိပ်ကမ်းမြို့ ကာလေနားက ဆန်ဂက်ထ် ဆိုတဲ့ နေရာကနေ GMT စံတော်ချိန် မနက် ၆ နာရီ ၁၇ မိနစ်မှာ စတင် ပျံတက်ခဲ့ပြီး အင်္ဂလိပ် ဆိပ်ကမ်းမြို့ ဒိုဗာမှာ ရှိတဲ့ စိန့်မာဂရက် ကမ်းခြေမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း သူရဲ့ မိုးပျံဘုတ်ပြားဟာ တစ်နာရီကို ၁ဝ၆ မိုင် နှုန်း အထိ ရောက်ခဲ့တယ်လို့ မစ္စတာ ဇပါတာက ခရီးစဉ် အဆုံးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဖရန်ကီထွင်တဲ့ မိုးပျံဘုတ်ပြား
ဖရန်ကီ ဇပါတာဟာ မိုးပျံဘုတ်ပြား တီထွင်ထားတာ ၃ နှစ် ရှိပြီ ဖြစ်ပါတယ်။
လူမတ်တပ်ရပ် စီးနင်းတဲ့ ဘုတ်ပြားကို ဂျက်အင်ဂျင် အမျိုးအစား တပ်ဆင်ထားတာ ဖြစ်ပြီး၊ အင်ဂျင်အတွက် အသုံးပြုတဲ့ ကယ်ရယ်စင် Kerosene လောင်စာဆီကို ကျောပိုးအိတ်နဲ့ လူက လွယ်ထားတာ ဖြစ်ပါတယ်။
မစ္စတာ ဇပါတာရဲ့ အဲဒီ မိုးပျံဘုတ်ပြားကို လူတွေ စတင် သတိထားမိခဲ့တာ ပြီးခဲ့တဲ့လ ပဲရစ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ပြင်သစ် အမျိုးသားနေ့ အခမ်းအနားလို့ ပြောနိုင်တဲ့ ဘာ့စတီးလ်နေ့ ချီတက်ပွဲမှာ ဖြစ်ပါတယ်။
ဘာ့စတီးနေ့ စစ်ရေးပြပွဲထဲ မစ္စတာ ဇပါတာလည်း မိုးပျံဘုတ်ပြား စီးနင်းရင်း ပါဝင်ခဲ့ပါတယ်။
မစ္စတာ ဇပါတာဟာ Z-AIR ဆိုတဲ့ ကုမ္ပဏီ ထောင်ထားပြီး အဲဒီ ကုမ္ပဏီကနေ မိုးပျံဘုတ်ပြား တီထွင်ထားတာ ဖြစ်ပါတယ်။
သိပ္ပံရုပ်ရှင်ကားတွေထဲကလို မိုးပျံနိုင်တဲ့ အဲဒီ နည်းပညာကို ပိုပြီး တိုးတက်အောင် ဆက်လက် သုတေသန လုပ်ကြဖို့ ပြင်သစ် စစ်တပ်က မစ္စတာ ဇပါတာရဲ့ Z-AIR ကုမ္ပဏီကို ထောက်ပံ့ကြေး ဒေါ်လာ တစ်သန်းခွဲနီးပါး ပေးထားပြီ ဖြစ်ပါတယ်။
ဒီ နည်းပညာကနေ စစ်ဘက်သုံး ထောက်ပံ့ရေး ဆိုင်ရာ လုပ်ငန်းတွေ သာမက၊ တိုက်ခိုက်ရေး ဘက်မှာပါ အသုံးချဖို့ အထိ ဖြစ်လာနိုင်တယ် ဆိုပြီး ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့် ပါလေက ပြင်သစ် အင်တာရေဒီယိုနဲ့ မေးမြန်းခန်းမှာ ပြောထားဖူးပါတယ်။
မိုးပျံလူသား ပြင်သစ် လူစွန့်စား
ဖရန်ကီ ဇပါတာဟာ ဂျက်စကီးလို့ ခေါ်တဲ့ ဂျက်အင်ဂျင်တပ် မြန်နှုန်းမြင့် မော်တော်ဘုတ်မောင်း ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့သူပါ။ အခုဆိုရင် သူဟာ အသက် ၄ဝ ရှိပြီ ဖြစ်ပါတယ်။
မိုးပျံဘုတ်ပြားနဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပျံဖို့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း ပထမတစ်ကြိမ် ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းကတော့ မအောင်မြင် ခဲ့ပါဘူး။
ဘုတ်ပြားရဲ့ အင်ဂျင်စက်ကို လောင်စာဆီ ဖြည့်တင်းဖို့ရာ လွယ်ထားတဲ့ ကျောပိုးအိတ်ထဲ ပါတဲ့ လောင်စာဆီနဲ့ မလုံလောက်တဲ့ အတွက် နောက်ထပ် ကျောပိုးအိတ်တစ်ခု ရယူဖို့ လိုအပ်ပါတယ်။
အဲဒီ လောင်စာဆီ ကျောပိုးအိတ် ရှိနေတဲ့ သင်္ဘောငယ် ရှိရာ မရောက်ခင်မှာပဲ မစ္စတာ ဇပါတာဟာ ပင်လယ်ပြင်ထဲ ပြုတ်ကျခဲ့ပါတယ်။
အခု တစ်ကြိမ်မှာတော့ လောင်စာဆီ ဒုတိယအိတ် တင်ထားတဲ့ သင်္ဘောကို ပိုပြီး အရွယ်အစား ကြီးကြီး အသုံးပြုခဲ့ပါတယ်။
အခုတစ်ကြိမ် မစ္စတာ ဇပါတာ ပျံသန်းနေတုန်းမှာ ဝေဟင်ထက် ရဟတ်ယာဉ် ၃ စင်းလည်း မလှမ်းမကမ်းမှာ အတူလိုက်ပါ ပျံသန်း ပေးခဲ့ပါတယ်။
ဒီ တစ်ကြိမ် အောင်မြင်သွားတဲ့ အခါ မစ္စတာ ဇပါတာဟာ မျက်ရည်ကျတဲ့ အထိ ဝမ်းသာတာ တွေ့ရပါတယ်။
"ဒါ သမိုင်းဝင် ဖြစ်ရပ် ဟုတ်မဟုတ် ဆိုတာ ကျနော်က အဆုံးအဖြတ် ပေးရမှာ မဟုတ်ပါဘူး။ အချိန်က စကားပြောသွားမှာ ဖြစ်တယ်လို့" မစ္စတာ ဇပါတာက သတင်းထောက်တွေကို ပြောသွားပါတယ်။