ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ် က ပန်းခြံကြီး တခုမှာ အမှိုက်တွေ လိုက်ကောက်ပေးမယ့် ကျီးကန်းလေးတွေရှိ
ပြင်သစ်နိုင်ငံ အနောက်ပိုင်း ဗွန်ဒီ (Vendee)အရပ်ရဲ့ အချက်အချာနေရာ တခုမှာ ရှိတဲ့ ပီဒီဖူး (Puy du Fou) ပန်းခြံကြီးမှာ ကျီးကန်း ၆ ကောင် က အမှိုက်တွေ ကောက်သိမ်းပေးတဲ့ အလုပ်ကို စလုပ် နေပါပြီ။
လေ့ကျင့်သင်တန်းပေးထားတဲ့ ကျီးကန်းတွေ ဟာ ပန်းခြံထဲမှာ လူတွေ အမှိုက်ပုံးထဲ မထည့်ပဲ အပြင်မှာ စွန့်ပစ်ထားခဲ့တဲ့ စီးကရက် ဖင်စီခံ တွေ၊ အမှိုက်အစ လေးတွေ ကို သူတို့ လိုက်လံ သိမ်းဆည်းပေးပြီး သီးသန့် လုပ်ပေးထားတဲ့ အမှိုက်ပုံးလေးတွေ ထဲကို ထည့်ပေးကြပါတယ်။
သူတို့အမှိုက်လာထည့်ရင် အဲဒီပုံးလေးတွေကနေ သူတို့အကြိုက်တွေ့စေမယ့် အစာလေးတွေ ကို သူတို့ နှုတ်သီးနဲ့ အပြည့် ယူနိုင်တဲ့ အခွင့်အရေးကို ဆုကြေးအဖြစ် ရကြမှာပါ။
ဉာဏ်ထက်တဲ့ ဒီငှက်လေးတွေ ဟာ အဲဒီ စနစ်ကို ခပ်မြန်မြန်ပဲ နားလည်သွားကြကာ ပန်းခြံဝင်း ထဲ က အမှိုက်တွေကို လိုက်ရှာ ယူ ကြပါတော့တယ်။
ပီဒီဖူး ပန်းခြံကြီး က လူတွေ အနားယူ အပန်းဖြေ စရာ ပန်းခြံကြီး ဖြစ်တဲ့အပြင် ပျော်စရာ၊ ရွှင်စရာ၊ ဗဟုသုတ ရစရာ ကြည့်ချင်ပွဲ အစီအစဉ်တွေလည်း လက်ခံကျင်းပပေးလေ့ရှိတဲ့ ပန်းခြံကြီးပါ။
အဲဒီပန်းခြံကြီး ကို တနှစ် တနှစ် လာလည်သူ ပေါင်း ၂ သန်းကျော် ရှိပြီးတော့ ပြင်သစ်မှာ ဒစ်စနေလန်း (Disney Land) ပန်းခြံ ပြီးရင် ခရီးသွားတွေ အလာအများဆုံး ပန်းခြံလည်း ဖြစ်ပါတယ်။
အခုတော့ ကျီးကန်း ၆ ကောင် လောက်နဲ့ ဒီအမှိုက်ကောက် အစီအစဉ် စနေပေမယ့် နောက်သီတင်းပတ်ဆိုရင် ဒီထက်များတဲ့ ကျီးကန်းတွေ ကို ဒီအစီအစဉ် ထဲ ထည့်သွင်းတော့မှာ ပါ။
ကျီးကန်း မျိုးတွေ ထဲက ကယ်ရီရွန် (Carrion)၊ ဂျက်ဒေါ(Jackdaw)၊ ရက်ဗင်(Raven) စတဲ့ မျိုးတွေ အပြင် ရုခ်(Rooks) ကျီးကန်းမျိုးတွေ က သိပ်ကို လိမ္မာ ပါးနပ်တဲ့ ကျီးကန်းမျိုးတွေ ဖြစ်ပါတယ်။
ပီဒီဖူး ပန်းခြံကြီး ရဲ့ အကြီးအကဲဖြစ်သူ နီကိုလပ်စ် ဒီ ဒဗြီလီယေ က ဝန်းကျင်အခြေအနေကောင်းတခုကို ဖန်တီးပေးနိုင်မယ်ဆိုရင် ကျီးကန်းငှက် လေးတွေ က လူသားတွေနဲ့ ဆက်သွယ်ဆက်ဆံဖို့ လိုလား ကြတယ်လို့ AFP သတင်းဌာန ကို ပြောပြပါတယ်။
ပန်းခြံကိုလာလည်တဲ့ သူတွေအနေနဲ့ ပန်းခြံကြီးရဲ့ သန့်ရှင်း သပ်ရပ်မှု ကို ဂရုစိုက်ကြတာ များပါတယ်၊ ကျနော်တို့ အခု အစီအစဉ် ရည်ရွယ်ချက် က သန့်ရှင်းဖို့တင် မဟုတ်ပါဘူး၊ သဘာဝ ကိုယ်တိုင် ကပဲ ပတ်ဝန်းကျင်ကို စောင့်ရှောက်တာကိုလည်း ပြသချင်တာ လို့ သူ က ဆိုပါတယ်။