မြောက်ကိုရီးယားမှာ ပျောက်နေတဲ့ သြစတြေးလျကျောင်းသား ပြန်တွေ့၊ ဂျပန်က မြေပြိုမှု နဲ့ ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားမှာ ပျောက်နေတဲ့ သြစတြေးလျ ကျောင်းသား ပြန်တွေ့
မြောက်ကိုရီးယားမှာ ပျောက်သွားတဲ့ သြစတြေးလျ ကျောင်းသားကို ဘေးကင်းလုံခြုံ၊ ကျန်းမာစွာနဲ့ တရုတ်နိုင်ငံမှာ ရောက်နေတာ တွေ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ် အဲလက် ဆစ်ဂလီ ဟာ မြောက်ကိုရီးယားမှာ အထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန် က ပါလီမန်မှာ တင်ပြခဲ့ပါတယ်။
အခုအခါ အဲလက် ဆစ်ဂလီ ဟာ တရုတ်နိုင်ငံမှာ ရောက်သွားပြီ ဖြစ်ပြီး အဲဒီမှာ အဆင်ပြေနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘာ့ကြောင့် အထိန်းသိမ်းခံခဲ့ရသလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းမပြခဲ့ပါဘူး။
အဲလက် ဆစ်ဂလီဟာ သူ့ဇနီး နေထိုင်တဲ့ တိုကျိုမြို့ဆီကို ဒီကနေ့ နှောင်းပိုင်းမှာ ဆက်သွားမယ်လို့ ယူဆရပါတယ်။
သူ့ကို ပြန်တွေ့ပြီ ဆိုတဲ့ သတင်းကြောင့် အရမ်း ဝမ်းသာမိတယ်လို့ သြစတြေးလျမှာ ရှိတဲ့ သူ့ဖခင်က ပြောပါတယ်။

ဂျပန်က မြေပြိုမှု

ဓာတ်ပုံ ရင်းမြစ်, Japan OUTJIJI PRESS/AFP/Getty Images
ဂျပန်နိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး မြေပြိုမှုတွေ အတွင်း သက်ကြီးရွယ်အို အဘွားအို တစ်ဦးရဲ့ အိမ် မြေကြီးပုံအောက်ထဲ ရောက်သွားခဲ့ရာမှာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက အဘွားအိုကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
ကာဂိုရှီမာမြို့မှာ မြေပြိုမှုတွေ အများအပြား ဖြစ်ခဲ့ပြီး အသက် ၈၀ အရွယ် အဲဒီ အဘွားအိုဟာ မြေပြိုချိန်မှာ သူ့အိမ်မှာ တစ်ဦးတည်း ရှိနေပုံ ရပါတယ်။
နောက်မြေပြိုမှု တစ်ခုအတွင်းမှာလည်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ကာဂိုရှီမာမှာ လူ ၈ သိန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး မိုးသည်းထန်မှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပေးထားပါတယ်။
ဒါပေမဲ့ လူအနည်းအပါးလောက်ကပဲ ဒီညွှန်ကြားချက်ကို လိုက်နာကြတယ်လို့ ဂျပန် သတင်းမီဒီယာတွေက ဆိုပါတယ်။

ပါကစ္စတန်မြို့က မော်တော်ဘုတ် တိမ်းမှောက်မှု အနည်းဆုံး ၄ ဦးသေ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မော်တော်ဘုတ် တစ်စင်း တိမ်းမှောက်ခဲ့ရာမှာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ပျောက်ဆုံးနေပါတယ်။
အဲဒီမော်တော်ဘုတ်ဟာ ခရီးသည်တွေကို တင်ဆောင်ပြီး ခိုင်ဘာ ပက်ခ်တွန်ခွာပြည်နယ်က အိန္ဒိုမြစ်တစ်လျှောက် ခုတ်မောင်းလာခဲ့စဉ် ဗုဒ္ဓဟူးနေ့မှာ တိမ်းမှောက်သွားခဲ့တာပါ။
မော်တော်ဘုတ်ပေါ်မှာ ခရီးသည် ၃၈ ဦး လိုက်ပါလာခဲ့ပြီး ၁၃ ဦးက ရေကူး လွတ်မြောက်လာခဲ့ပါတယ်။
မော်တော်ဘုတ် တိမ်းမှောက်တဲ့နေရာဟာ အဆက်အသွယ် မလုပ်နိုင်လောက်အောင် ဝေးလံခေါင်သီတဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမော်တော်ဘုတ်ဟာ လူမတန်တဆ တင်ဆောင်လာတယ်လို့ ယူဆရပါတယ်။
အဲဒီနေရာကို နောက်မော်တော်ဘုတ် တစ်စင်း ဖြတ်သွားတဲ့ အချိန်ကျမှ မော်တော်ဘုတ်မှောက်တဲ့အကြောင်း သိရတာလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။








