အခြေအတင် သဘောထားကွဲစရာ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုကို ဝီဒိုဒို ပြန်အရွေးခံရ

အင်ဒိုနီးရှား၊ ဂျိုကို ဝီဒိုဒို၊ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂျိုကိုဝီ လို့ အများသိကြတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို
ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို ကို အနိုင်ရကြောင်း ကြေညာချက် ထွက်ပေါ်လာပါတယ်။

ဆူပူအုံကြွမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြချိန်မှာပဲ ရွေးကောက်ပွဲ ရလဒ်ကို စီစဉ်ထားတဲ့ရက်ထက် တစ်ရက်စောပြီး မေလ ၂၁ ရက် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ ထုတ်ပြန်လိုက်တာပါ။

ဂျာကာတာမြို့တော် တဝန်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၃၂၀၀၀ လောက် ချထားတယ်လို့ AFP သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပယ်ချလိုက်ပြီး ဥပဒေကြောင်းအရ စိန်ခေါ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့နောက်လိုက်တွေကိုတော့ အေးအေးချမ်းချမ်း နေကြဖို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးမဲရေတွက်တဲ့ နေ့မတိုင်ခင်မှာ မဲလိမ်မှုတွေ အနှံ့အပြား ဖြစ်ခဲ့တယ်လို့ သူက စွပ်စွဲပြောဆိုခဲ့ပြီး လမ်းမပေါ်ထွက် ဆန္ဒပြတာတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း မစ္စတာ ဂျိုကို ဝီဒိုဒိုကို ရှုံးနိမ့်ခဲ့တဲ့ မစ္စတာ ပရာဘိုဝို ဆူဘီယန်တိုက အင်ဒိုနီးရှား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးမှာ ဥပဒေကြောင်းအရ စိန်ခေါ်ခဲ့ပေမယ့် ရှုံးသွားခဲ့ပါတယ်။

အခုနောက်ဆုံး ရွေးကောက်ပွဲမှာ ဘာသာရေးကို အဓိက အခန်းကဏ္ဍမှာထားပြီး မဲဆွယ် စည်းရုံးမှုတွေ အပြိုင်အဆိုင် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ သီးခြားလွတ်လပ်တဲ့ လေ့လာသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာ ဂျိုကို ဝီဒိုဒိုက ထောက်ခံမဲ ၅၅.၅ ရာခိုင်နှုန်း၊ မစ္စတာ ပရာဘိုဝိုက ၄၄.၅ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲမှာ လူ ၁၉၂ သန်းကျော် လာရောက် မဲပေးခွင့် ရခဲ့ပြီး ဒေသန္တရနဲ့ နိုင်ငံအဆင့် လွှတ်တော် ကိုယ်စားလှယ် ၂၀၀၀၀ ကို ရွေးချယ် မဲပေးခဲ့ကြတာပါ။

အင်ဒိုနီးရှား၊ ဂျိုကို ဝီဒိုဒို၊ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း မစ္စတာ ဝီဒိုဒိုကို ယှဉ်ပြိုင် အရွေးခံခဲ့

အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာဘိုဝို ဆူဘီယန်တိုရဲ့ မဲဆွယ် စည်းရုံးရေး အဖွဲ့ ရဲ့ မျက်မြင် သက်သေ တဦး ဖြစ်သူ အဇစ် ဆူဘက်တီ က "မဲလိမ်မှုတွေ၊ တရားမမျှမှုတွေ၊ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်တွေ ရှိနေပေမယ့် အရှုံးပေးမှာ မဟုတ်ဘူး" လို့ ပြောကြားလိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခဲ့ပါတယ်။

မြေပြင် အခြေအနေမှာ ဘယ်လို ဖြစ်နေသလဲ

တင်းမာမှုတွေ လျော့ပါးသွားအောင် ကြိုးစားတဲ့အနေနဲ့ အာဏာပိုင်တွေက ပြည်သူတွေကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့ ပန်ကြားထားပြီး လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ သံဆူးကြိုးတွေ၊ မီးသတ်ပိုက်တွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ အသင့် ချထားပါတယ်။

သောကြာနေ့တုန်းက IS အစ္စလာမစ်နိုင်ငံအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေလို့ ယူဆရသူ လူ ဆယ်ဂဏန်းကျော်လောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ရဲက ပြောပါတယ်။

အဲဒီတနေ့တည်းမှာပဲ အမေရိကန် သံရုံးက ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး လူစုလူဝေးတွေကို ရှောင်ရှားကြဖို့ အင်ဒိုနီးရှားမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေက ဘာတွေလဲ

ရွေးကောက်ပွဲမှာ ပြိုင်ဖက် သမ္မတလောင်းတွေက စီးပွားရေး၊ အခြေခံ အဆောက်အဦနဲ့ အဂတိ လိုက်စားမှု စတဲ့ ကိစ္စတွေကို အဓိကထား မဲဆွယ် စည်းရုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေးကိုလည်း အဓိက ကိစ္စကြီး တခုအဖြစ် မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင် နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ထားတာမျိုး မရှိဘဲ တခြားဘာသာဝင်တွေ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ထည့်သွင်းထားပေမဲ့ လူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။

ရှေးရိုးစွဲ မွတ်ဆလင် အုပ်စုတွေက လတ်တလော နှစ်ပိုင်းတွေအတွင်း ဘာသာရေးအကြောင်းတွေ ပိုကျယ်ကျယ်လောင်လောင် ပြောလာကြပြီး သမ္မတလောင်း နှစ်ဦးစလုံးကလည်း သူတို့ရဲ့ အစ္စလာမစ် နောက်ကြောင်း အချက်အလက်တွေကို ဗန်းပြ မဲဆွယ်ခဲ့ကြပါတယ်။

ဘာသာရေးနဲ့ ပတ်သက်လို့ အလယ်အလတ် သဘောထား ရှိသူ မစ္စတာ ဂျိုကို ဝီဒိုဒိုက သြဇာ အရှိန်အဝါ ကြီးမားသူ ဘာသာရေးခေါင်းဆောင် မာရုဖ် အာမင်ကို သူ့နဲ့အတူ မဲဆွယ်ခိုင်းခဲ့သလို မစ္စတာ ပရာဘိုဝို ဆူဘီယန်တို ကလည်း အစ္စလာမစ် ခေါင်းဆောင်တွေကို အကာအကွယ်ပေးသွားမယ်၊ ဘာသာရေး ကျောင်းတွေအတွက် ရံပုံငွေတွေ ပိုတိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

အင်ဒိုနီးရှား၊ ဂျိုကို ဝီဒိုဒို၊ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇနီးသည် အီရီယန်နာနဲ့အတူ သမ္မတ ဂျိုကို ဝီဒိုဒို ရွေးကောက်ပွဲမှာ မဲလာထည့်စဉ်

၂၀၁၆ ခုနှစ်တုန်းက တရုတ်လူမျိုး ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သူ ဂျာကာတာ မြို့တော်ဝန် ဘာဆူကီ ချဟာယာ ပူနာမား ဟာ အစ္စလာမ်ကို စော်ကားတယ် ဆိုပြီး အယူစွဲ ကြီးသူတွေရဲ့ စွပ်စွဲတာ ခံခဲ့ရပါတယ်။ သူ့ကို ဆန့်ကျင်တဲ့အနေနဲ့ လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့အပြီးမှာ သူ့ကို ထောင် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ပြန်အရွေးခံရတဲ့ သမ္မတဟာ ဘယ်လိုလူလဲ

ဂျိုကို ဝီဒိုဒို ဟာ ၂၀၁၄ ခုနှစ်ကတည်းက သမ္မတ ဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက မစ္စတာ ပရာဘိုဝိုနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။

အသက် ၅၇ ခုနှစ်အရွယ် မစ္စတာ ဂျိုကို ဝီဒိုဒို ဟာ သာမန် လူတန်းစားဘဝကနေ လာတာ ဖြစ်ပြီး သူ့ကိုယ်သူ လူထုကို ကိုယ်စားပြုသူအဖြစ် မဲဆွယ်စည်းရုံးလေ့ ရှိပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဂျာကာတာ မြို့တော်ဝန် ဖြစ်လာခဲ့အပြီးမှာ နိုင်ငံတကာမှာ ထင်ရှားလာခဲ့ပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းပေးမယ် ဆိုတဲ့ မဲဆွယ် ကတိစကားတွေကို အကောင်အထည် မဖေါ်ခဲ့တဲ့အတွက် သူ့ကို ထောက်ခံအားပေးသူတချို့က မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် အချေအတင် အငြင်းပွားစရာ အဖြစ် တချို့က ရှုမြင်နေတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မစ္စတာ ဂျိုကို ဝီဒိုဒိုက မျက်နှာသာပေး ခွင့်ပြုခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက် အသက် ၆၇ နှစ်အရွယ် မစ္စတာ ပရာဘိုဝို ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးအစဉ်အလာ နိုင်ငံရေး ပုဂ္ဂိုလ်ကြီးတွေနဲ့ ပိုနီးနီးကပ်ကပ် ဆက်နွယ်မှုတွေ ရှိနေပါတယ်။

သူ့ရဲ့ ဇနီးဟောင်းဟာ အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး ဆူဟာတိုရဲ့ သမီး ဖြစ်ပါတယ်။

မစ္စတာ ပရာဘိုဝိုဟာ ဗိုလ်ချုပ်ကြီး ဆူဟာတို လက်ထက်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ဆက်နွှယ်ပတ်သက်နေမှုနဲ့ စွပ်စွဲခံထားရပါတယ်။ ဒါပေမယ့် သူကတော့ သူ့မှာ ဘာအပြစ်မှ မရှိဘူးဆိုပြီး အခိုင်အမာ ပြောနေခဲ့ပါတယ်။

သူ့ရဲ့ နောက်ကြောင်း ရာဇဝင်က အဲဒီလို ဖြစ်နေပေမဲ့ မဲဆွယ်ကာလအတွင်းမှာ မစ္စတာ ပရာဘိုဝိုက နိုင်ငံရေးလူတန်းစားတွေနဲ့ ခပ်ခွာခွာ နေဖို့ ကြိုးစားခဲ့ပြီး ဂျာကာတာမြို့ရဲ့ အာဏာရှင် ကြေးရတတ်တွေအပေါ် ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်စီမံကိန်းတွေ အားလုံးကို ပြန်လည် သုံးသပ်မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။