အင်ဒိုနီးရှား ရွေးကောက်ပွဲ - နာရီပေါင်းများစွာ မဲရေရလို့ မဲရုံဝန်ထမ်း ၂၇ဝ ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲအတွင်း ထည့်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒတွေကို နာရီပေါင်းများစွာ ဆက်တိုက် ရေတွက်ကြရတဲ့ မဲရုံဝန်ထမ်းတွေ အလုပ်ဖိစီးမှုဒဏ်ကြောင့် အပင်ပန်းလွန် မကျန်းမမာတွေ ဖြစ်ကုန်ပြီး အခုဆို သေဆုံးသွားသူ အယောက် ၂၇ဝ ကျော် သွားပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
နာမကျန်း ဖြစ်နေတဲ့ မဲရုံဝန်ထမ်းပေါင်း ၁၈၇၈ ယောက် ရှိတယ်လို့ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ အာရစ်ဖ် ပရီယို ဆူဆန်တိုက ဆိုပါတယ်။
ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ ရရှိထားတဲ့ မဲတွေကို ရေတွက်ရာမှာ လူ ပေါင်း ၇ သန်း ဝန်းကျင် စေတနာ့ ဝန်ထမ်း ပါဝင် ကူညီပါတယ်။
အင်မတန် ပူပြင်းနေပြီး အလွန် မသက်မသာ အခြေအနေအောက်မှာ ညချိန်ထိအောင် ဆက်ပြီး ညလုံးပေါက် မဲရေတွက် ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကျန်းမာရေး ထိခိုက်ကုန်ကြပြီး ဖျားနာကြ၊ နေမကောင်း ဖြစ်ကြရာက အခုလို ၂၇ဝ ကျော် ဆိုတဲ့ အရေအတွက်ထိအောင် သေဆုံးစာရင်း ရှိလာတာ ဖြစ်ပါတယ်။
ဧပြီ ၁၇ အင်ဒိုနီးရှား ရွေးကောက်ပွဲ
အင်ဒိုနီးရှား သမိုင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ သမ္မတ ရွေးကောက်ပွဲရော၊ ဗဟိုအဆင့်နဲ့ ဒေသန္တရ အဆင့် လွှတ်တော် နေရာတွေ အတွက်ပါ အားလုံး စုပေါင်းပြီး ဧပြီ ၁၇ မှာ ရွေးကောက်ပွဲ တပေါင်းတစည်းတည်း ပြုလုပ် ခဲ့တာပါ။
ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကျင်းပရတဲ့ ကုန်ကျစရိတ် သက်သာနိုင်အောင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီတော့ လူ တစ်ယောက်ဟာ သမ္မတ နေရာ၊ ဗဟို အဆင့် လွှတ်တော် နေရာ၊ ဒေသန္တရ လွှတ်တော် နေရာ ဆိုပြီး အနည်းဆုံး ၃ နေရာ အထိ မဲပေးရတာ ဖြစ်လို့ လူ တစ်ယောက် ဆီက မဲ ၃ မဲ နှုန်း ထွက်လာပါတယ်။
အင်ဒိုနီးရှားမှာ လူဦးရေ သန်း ၂၆ဝ ရှိပြီး မဲပေးနိုင်သူ အရေအတွက် ၁၉၃ သန်း ရှိပါတယ်။ မဲဆန္ဒရုံပေါင်း ၈ သိန်းကျော် အင်ဒိုနီးရှား နိုင်ငံတဝန်း ဖွင့်ပေးခဲ့ပြီး မဲပေးနိုင်သူတွေထဲက ရာခိုင်နှုန်း ၈ဝ ဝန်းကျင် ဧပြီ ၁၇ ရွေးကောက်ပွဲမှာ မဲထည့် ခဲ့ကြပါတယ်။
သန်းတွေ ရာနဲ့ချီတဲ့ မဲတွေကို ရေတွက်နိုင်ဖို့ စေတနာ့ ဝန်ထမ်း ကူညီသူတွေဟာ အလုပ်မစခင် ကျန်းမာရေး စစ်ဆေးမှု ခံယူတာမျိုးလည်း မလုပ်ရပါဘူး။ အစိုးရ ဝန်ထမ်း ဖြစ်ရင်တော့ ဆေးစစ်တာမျိုး ရှိပါတယ်။ ခုလို အလုပ်ဒဏ်ပိ ဖျားနာပြီး သေဆုံးကြသူတွေဟာ စေတနာ့ ဝန်ထမ်း မဲရုံလုပ်သားတွေထဲက ဖြစ်တယ်လို့ နားလည်ရပါတယ်။
နစ်နာကြေးပေးမယ်
သေဆုံးသူ ၂၇၂ ယောက် အတွက် ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေးတွေ ပေးသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ သေဆုံးသူ တစ်ဦးချင်းစီ အတွက် အင်ဒိုနီးရှား ရူပီယာ ၃၆ သန်း ပေးဖို့ စီစဉ်နေတယ်လို့ ဆိုတဲ့ အတွက် အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ဒေါ်လာ နှစ်ထောင့်ငါးရာလောက် ရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ အခြေခံ လုပ်ခလစာ ရတဲ့ သူတွေရဲ့ တစ်နှစ် ဝင်ငွေလောက် ရှိပါတယ်။
ရွေးကောက်ပွဲတွေ ပေါင်းပြီး ကျင်းပခဲ့တာဟာ အင်ဒိုနီးရှား တာဝန်ရှိသူတွေရဲ့ အတော်လေး အမြော်အမြင်နည်းတဲ့ လုပ်ရပ်၊ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ ဆိုတာကို မစဉ်းစား မဆင်ခြင် ပြုမူတဲ့ လုပ်ရပ် အဖြစ် ဝေဖန်သူတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် စေတနာ့ ဝန်ထမ်း ကူညီသူတွေဆီက ရနိုင်တဲ့ အလုပ်လုပ်နိုင်စွမ်းကို လက်တွေ့ မဖြစ်နိုင်တဲ့ ပမာဏမျိုးအထိ ရွေးကောက်ပွဲ အာဏာပိုင်တွေ မျှော်လင့်ခဲ့ကြတယ်လို့လည်း ဝေဖန်ကြပါတယ်။
သန်းပေါင်းများစွာသော အင်ဒိုနီးရှား ပြည်သူတွေဟာ ဧပြီ ၁၇ တစ်ရက်တည်းပဲ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမ္မတ ဂျိုဂို ဝီဒိုဒိုရော၊ အပြိုင်အဆိုင် အရွေးခံတဲ့ အတိုက်အခံ ခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တိုကပါ ရွေးကောက်ပွဲမှာ သူတို့နိုင်ကြောင်း ကြေညာ ထားပါတယ်။
မဲအားလုံး ရေတွက်မပြီးခင် စစ်တမ်းတွေ အရတော့ မစ္စတာ ဝီဒိုဒိုက ၁ဝ ရာခိုင်းနှုန်း ဝန်းကျင် မဲအသာနဲ့ သမ္မတ ရာထူး ဆက်ပြီး ထိန်းထား နိုင်လိမ့်မယ်လို့ ဆိုနေပါတယ်။ အင်ဒို ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲအားလုံး ရေတွက်ပြီးတဲ့ အခါ သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရသလဲ ဆိုတာရော၊ လွှတ်တော် အဆင့်ဆင့်မှာ ဘယ်သူတွေ နိုင်သလဲ ဆိုတာကိုပါ မေလ ၂၂ ရက် ကျရင် ကြေညာပေးမယ်လို့ ဆိုထားပါတယ်။








