ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်း အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝီကီလိခ် ၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အဆန်း ဟာ လန်ဒန်က အီကွေဒေါ သံရုံးမှာ အဖမ်းခံလိုက်ရပါတယ်။
လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှု စွပ်စွဲချက်နဲ့ ဆွီဒင်ကို လွှဲပြောင်း တရားစီရင်ခံရမယ့် အရေးကို ရှောင်ရှားတဲ့ အနေနဲ့ မစ္စတာ အဆန်းဟာ အီကွေဒေါ နိုင်ငံ သံရုံးထဲမှာ နိုင်ငံရေး ခိုလှုံနေတာ ဖြစ်ပါတယ်။
သူဟာ တရားရုံးမှာ လာရောက် အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အခုလို ဖမ်းဆီးလိုက်တာလို့ လန်ဒန် ရဲတွေက ပြောပါတယ်။
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို ထပ်တလဲလဲ ချိုးဖောက်ခဲ့ပြီးတဲ့နောက် မစ္စတာ အဆန်း ရဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ အီကွေဒေါ သမ္မတ Lenin Moreno ကပြောပါတယ်။
အီကွေဒေါ အစိုးရ အနေနဲ့ မစ္စတာ အဆန်း ရဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို ရပ်ဆိုင်းလိုက်တာဟာ ဥပဒေနဲ့ ဘောင်မ၀င်ဘူးလို့ ဝီကီလိခ် က တွစ်တာပေါ်မှာ ရေးသားထားပြီး ဒါဟာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန် ပြည်ထဲရေး ၀န်ကြီး ဆာဂျစ်ဒ် ဂျာဗစ်ဒ် ကလည်း တွစ်တာပေါ်မှာ ရေးသားရာမှာ ဂျူလီယန် အဆန်းကို ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ သူဟာ အခုအခါ ယူကေမှာ တရားဥပဒေကြောင်း အရ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အီကွေဒေါ အစိုးရကိုလည်း သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း၊ လန်ဒန် ရဲတပ်ဖွဲ့၀င်တွေကိုလည်း သူတို့ရဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ ဆောင်ရွက်မှု အပေါ် ကျေးဇူးတင်ကြောင်း နဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ပြည်ထဲရေးဝန်ကြီးက ရေးသားထားပါတယ်။
အခုအခါ အသက် ၄၇နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ အဆန်းဟာ လန်ဒန်က အီကွေဒေါ သံရုံးက နေ ထွက်ခွာသွားရမှာကို ငြင်းဆန်ခဲ့ပြီး သူ့ကို အမေရိကန် ပြည်ထောင်စုကို လွှဲပြောင်း တရားစီရင်ခံရရင် အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဝီကီလိခ်က ဖွင့်ချခဲ့မှုနဲ့ စစ်ဆေးမေးမြန်း ခံရမှာကို စိုးရိမ်နေပါတယ်။








