Brexit - ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး ရက်ရွှေ့ဆိုင်းမလား

ဗြိတိန် အမတ်တွေရဲ့ ထောက်ခံမှုရအောင် ဝန်ကြီးချုပ် မေ အနေနဲ့ တတိယအကြိမ်မြောက် ကြိုးစားမလား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဗြိတိန် အမတ်တွေရဲ့ ထောက်ခံမှုရအောင် ဝန်ကြီးချုပ် မေ အနေနဲ့ တတိယအကြိမ်မြောက် ကြိုးစားမလား
ရေးသားခဲ့သည်။

ဗြိတိန် အနေနဲ့ ဥရောပသမဂ္ဂ (အီးယူ) ကနေ နုတ်ထွက်ရေး ရက်ရွှေ့ဆိုင်းထားနိုင်ဖို့ အီးယူကို တောင်းဆိုမလား ဆိုတာ အပေါ် မတ် ၁၄ ရက် ဒီနေ့မှာ ဗြိတိန် လွှတ်တော်အမတ်တွေက ထပ်မံ မဲ ဆန္ဒပြုကြပါမယ်။

အီးယူကနေ သဘောတူညီချက်မယူဘဲ နုတ်ထွက်မလား ဆိုတာ ကို မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့က ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာမှာ အမတ်အများစုက ဆန့်ကျင်မဲပေးခဲ့ကြလို့ အခုလို ရက်ရွှေ့ဆိုင်းဖို့ ကိစ္စကို မဲပေးဆုံးဖြတ်ကြရမှာပါ။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ မဲပေးပွဲမှာ သဘောတူညီချက်မယူဘဲ နုတ်ထွက်ဖို့ကို အမတ် ၃၀၈ ဦးက ထောက်ခံခဲ့ပေမယ့် အမတ် ၃၁၂ ဦးက ဆန့်ကျင်ခဲ့ကြပါတယ်။

တကယ်လို့ ဒီနေ့ မဲပေးပွဲမှာ အချိန်ဆွဲထားဖို့ လွှတ်တော်အမတ်တွေက မဲပေးဆုံးဖြတ်ခဲ့ပြီး ဒါကို အီးယူကလည်း သဘောတူခဲ့ရင် ဗြိတိန်အနေနဲ့ သတ်မှတ်ထားတဲ့ မတ် ၂၉ ရက်နေ့မှာ အီးယူကနေ ချက်ချင်း နုတ်ထွက်စရာ လိုမှာ မဟုတ်ပါဘူး။

ဝန်ကြီးချုပ် ထရီဆာမေ အနေနဲ့ လည်း လာမယ့် ရက်ပိုင်း အတွင်းမှာ အီးယူကနေ နုတ်ထွက်ရေး သဘောတူညီချက် အသစ် တစ်ခုကို တတိယအကြိမ် မြောက် လွှတ်တော်ကို တင်သွင်းဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းလာနိုင်ပါတယ်။

မတ် ၁၂ ရက်နေ့ ညက ဝန်ကြီးချုပ် မေက ဗြိတိန်လွှတ်တော်ကို ဒုတိယအကြိမ် တင်သွင်းခဲ့တဲ့ အီးယူက နုတ်ထွက်ရေး အဆိုပြုချက်ကို ဗြိတိန် လွှတ်တော်က ပယ်ချခဲ့ ပါတယ်။

ဇန်နဝါရီလက ဝန်ကြီးချုပ် မေရဲ့ အီးယူက နုတ်ထွက်ရေး အဆိုပြု သဘောတူညီ ချက်ကို လွှတ်တော် အမတ်တွေ ပထမအကြိမ် ပယ်ချခဲ့ပြီး နောင်တကြိမ် ထပ်မံ ပယ်ချခဲ့လို့ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့ည တုန်းက သဘောတူညီချက် မယူဘဲ နုတ်ထွက်မလားဆိုတာကို လွှတ်တော်မှာ ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပက ဒတ်ချ် ဆိပ်ကမ်းတွေကတော့ ဘရက်ဇစ် အတွက် ကြိုတင် ပြင်ဆင်ထားကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဥရောပက ဒတ်ချ် ဆိပ်ကမ်းတွေကတော့ ဘရက်ဇစ် အတွက် ကြိုတင် ပြင်ဆင်ထားကြ

ဥရောပသမဂ္ဂ (အီးယူ) ဘက်ကတော့ ဗြိတိန် အနေနဲ့ အီးယူကနေ သဘောတူညီချက် ယူပြီး နုတ်ထွက် နိုင်သလို သဘောတူညီ တစ်ခုခု မယူဘဲလည်း နုတ်ထွက် နိုင်ကြောင်း ကြေညာထားပြီး နည်းလမ်း နှစ်သွယ်လုံးရဲ့ အကျိုးဆက် တွေ အတွက် အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အီးယူကနေ နုတ်ထွက်ရေး ဘရက်ဇစ် (Brexit) ကို ခေတ္တ ယာယီ ဆိုင်းငံ့ ထားနိုင်သလို အချိန် အတော်ကြာလည်း ရပ်ဆိုင်း ထားနိုင်တယ်လို့ ယူကေ အစိုးရကတော့ ပြောပါတယ်။ ဒါကလည်း ဝန်ကြီးချုပ် မေနဲ့ အီးယူ ကြား သဘောတူညီထားတဲ့ နုတ်ထုတ်ရေး အဆိုပြုလွှာ ကို ဗြိတိန် အမတ်တွေက ထောက်ခံမလား ဆိုတဲ့ အပေါ် မူတည်ပါတယ်။

လာမယ့် သီတင်းပတ်ကျရင် ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲလ် မှာ ကျင်းပမယ့် အီးယူ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ မစ္စမေရဲ့ အဆိုပြုလွှာကို ဗြိတိန် အမတ်တွေက သဘောတူညီခဲ့ရင် နုတ်ထွက်ရေး အချိန်ကန့်သတ်ချက်က ဇွန်လ ၃၀ အထိ တိုးလာနိုင်ပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် မေရဲ့ အီးယူကနေ နုတ်ထွက် သဘောတူညီချက် အဆိုပြုလွှာက နှစ်ကြိမ် တိုင်တိုင် အမတ် အများစု ဆန္ဒနဲ့ ပယ်ချ ခဲ့ပြီး ဖြစ်လို့ နုတ်ထွက်ရေး အတွက် အချိန် ထပ်မံလိုအပ်ပြီး ဒီလို ဖြစ်လာခဲ့ရင် လာမယ့် မေလ မှာ ကျင်းပမယ့် ဥရောပသမဂ္ဂ ပါလီမန် ရွေးကောက်ပွဲ မှာ ယူကေ အနေနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ လိုလာမယ် ဆိုပြီးလည်း ဗြိတိန် အမတ်တွေက သတိပေးထားပါတယ်။

"ဒီလို အခြေအနေက မှန်ကန်တဲ့ ရလဒ် ဖြစ်လာမယ်လို့ မယူဆဘူး" လို့ မစ္စမေက ပြောပါတယ်။ "ဒါပေမယ့် ပါလီမန် အနေနဲ့ သူတို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို ရင်ဆိုင်နိုင်ဖို့ လိုတယ်" လို့ သူက ဆိုပါတယ်။

ဗီဒီယို ပုံစာ, ဝန်ကြီးချုပ် မေက အမတ်တွေကို ဆုံးဖြတ်ချက် အတိုင်း တာဝန်ခံဖို့ ပြောခဲ့

ဗုဒ္ဓဟူးနေ့က သဘောတူညီချက် မယူဘဲ နုတ်ထွက်မယ့်အစီအစဉ် ပယ်ချခံခဲ့ရပေမယ့်လည်း ဗြိတိန် ရဲ့ လက်ရှိ တည်ဆဲ ဥပဒေတွေ အရ (အီးယူကလည်း အချိန်တိုးပေးဖို့ သဘောမတူခဲ့ဘူး ဆိုရင်) ယူကေ အနေနဲ့ အီးယူ ကနေ သဘောတူညီချက် မပါဘဲ မတ်လ ၂၉ ရက်ကျ ရင် နုတ်ထွက်နိုင်ပါတယ်။

နုတ်ထွက်မယ့် ရက်ကို ရွှေ့ဆိုင်းဖို့က "ယုံကြည်လက်ခံနိုင်တဲ့ အကျိုးအကြောင်း တင်ပြချက်" ဖြစ်ဖို့ လိုတယ်လို့ အီးယူဘက်က ပြောထားပါတယ်။

ဗြိတိန် အနေနဲ့ အီးယူကနေ နုတ်ထွက်ရမယ့် နေ့ဟာ တရားဝင် အကြောင်းကြား ပြီးချိန်ကနေ နှစ်နှစ် ဖြစ်တဲ့ အတွက် လာမယ့် မတ်လ ၂၉ ရက် ယူကေ အချိန် ည ၁၁ နာရီ ဖြစ်ပါတယ်။ ဒါကို ရက်ထပ်တိုးချင်ရင်တော့ အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံ စလုံးရဲ့ သဘောတူညီမှုကို ရရှိဖို့ လိုပါတယ်။

နုတ်ထွက်ပြီးတဲ့နောက် ဥရောပရေးရာ အပါအဝင် အပြောင်းအလဲ လုပ်ဆောင်စရာတွေ လုပ်နိုင်ဖို့ ကြားကာလ ကိုတော့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ အထိ သတ်မှတ်ထားပါတယ်။