အင်ဒိုမှာ ၂ ရက်အတွင်း မိသားစုလိုက် အသေခံ ဗုံးခွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
မေလ ၁၃ ရက်နေ့ က အင်ဒိုနီးရှား နိုင်ငံမှာ ကလေးတွေပါ ပါတဲ့ မိသားစုလိုက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး မေလ ၁၄ ရက်နေ့မှာလည်း အလားတူ နောက်ထပ် တခု ထပ်မံ ဖြစ်ခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ အရှေ့ဘက် ဆူရာဘာယာ မြို့မှာပဲ မိသားစုလိုက် အသေခံဗုံး ခွဲမှု ထပ်မံ ဖြစ်ပွားခဲ့တာပါ။ ပစ်မှတ်ထားတာ ကတော့ ရဲဌာနချုပ်ကို ဖြစ်ပါတယ်။
မိသားစု ၅ ဦးဟာ ရဲစခန်း ဂိတ်ကို မော်တော် ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာပြီး၊ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာပါ။ ဒါကို လုံခြုံရေး စီစီတီဗီ ကင်မရာကနေ ပြန်လည် တွေ့မြင်ရ တာပါ။
ဒါပေမယ့် မိဘ နှစ်ဦး စီးလာတဲ့ ဆိုင်ကယ် အကြား ထိုင်ပါလာတဲ့ ၈ နှစ်အရွယ် မိန်းကလေး ကတော့ အသတ်မသေပဲ လွတ်မြောက်သွားပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မိန်းကလေးဟာ ဗုံးကွဲပြီးနောက် ဒယိမ်းဒယိုင် ဖြစ်နေတာကို စီစီတီဗီ မှာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HANDOUT
တိုက်ခိုက်မှု ဖြစ်ဖြစ်ချင်း အစောပိုင်းမှာ အရှေ့ဂျာဗား ပြည်နယ် ရဲ့တပ်ဖွဲ့ ပြောခွင့်ရ ဖရန်စ် ဘာရန် မန်ဂျရာ က ဆူရာဘာယာ မြို့ရဲ့ ဌာနချုပ်ကို ယာဉ်နဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ယာဉ် ၂ စီး လုံးကို စစစ်ဆေးမှုတွေ လုပ်နေပါတယ်။ တိုက်ခိုက်မှုဟာ အခုပဲ ဖြစ်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာကိုတော့ အတည်ပြု နိုင်ပါတယ်။ အသအပျောက်ရှိ မရှိကိုတော့ ထပ်ပြီးစောင့်ကြည့်ရမယ် ဆိုပြီး သတင်းထောက်တွေကို ရှင်းပြပါတယ်။
နောက်ပိုင်း သတင်းတွေအရ တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်နဲ့ ရဲအရာရှိ ၄ ဦး ဒဏ်ရာ ရရှိ သွားတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။
မေလ ၁၄ ရက်နေ့ တုန်း ကတော့ မိသားစုဝင် ၆ ဦးဟာ ၃ နေရာ ခွဲပြီး၊ ခရစ်ယာန် ဘုရားကျောင်း တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက လူ ၁၁ ဦးသေဆုံးသွားခဲ့ရပါတယ်။
ဒီတိုက်ခိုက်သူတွေဟာ အစ္စလမ်မစ် နိုင်ငံ အဖွဲ့ အိုင်အက်စ်ကို ယုံကြည် သက်ဝင် သူတွေ ဖြစ်တယ်လို့ ရဲကပြောပါတယ်။
ဂျားမား အန်ရှရတ် ဒူလ(JAD) ဆိုတဲ့ နိုင်ငံတွင်းက စစ်သွေးကြွ အဖွဲ့ကတော့ အိုင်အက်စ် ကို သစ္စာခံတယ်ဆိုပြီး ပြောကြားထားပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် မဲခွန် တန်ဘူးလ် က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အဲဒီ အသေခံ တိုက်ခိုက်တဲ့ မိသားစု ရဲ့ ယုံကြည်မှုတရားဟာ အောက်တန်း အကျဆုံး ယုံကြည်မှု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်တဲ့ နိုင်ငံ ကျွန်းနိုင်ငံ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပုန်ကန် ထကြွမှုကိုလည်း နှစ်ပေါင်း ကြာရှည် ချေမှုန်း ဖြေရှင်းနေရတာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်တုန်း ကဖြစ်ခဲ့တဲ့ ဘာလီကျွန်း အကြမ်းဖက် တိုက်ခိုက်မှုဟာ အင်ဒိုနီးရှား နိုင်ငံမှာ အဆိုးဝါးဆုံးဖြစ်ပြီး၊ အဲဒီတုန်းက နိုင်ငံခြားသား အများစု အပါအဝင် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ရပါတယ်။
လူပေါင်း သန်း ၂၆၀ နေထိုင်တဲ့ အင်ဒိုနီးရှား မှာ မကြာသေးခင် နှစ်ပိုင်း တွေ အတွင်း IS တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ တကျော့ ပြန် ဖြစ်လာတာပါ။

ဒါပေမယ့်လည်း အခု ဆူရာ ဘာယာ မှာ ဖြစ်တဲ့ အသေခံ တိုက်ခိုက်မှု အနေအထား ကို ကြည့်ရင် ဒါဟာ ဂျီဟတ်ဒစ် ကွန်ရက် တွေ အသစ်တဖန် ပြန်အားကောင်း လာတာ ကို ပြဆိုနေပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ကတော့ ဒါဟာ လူသားမဆန်တဲ့၊ ဂုဏ်သိက္ခာ မဲ့တဲ့၊ သူရဲဘော ကြောင်တဲ့ လုပ်ရပ်ဆိုပြီး ရှုတ်ချ ပြောဆိုလိုက်ပါတယ်။
နောက်ပြီး အင်ဒိုနီရှားမှာ ကာလကြာရှည် မပြီးပြတ် သေးတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ မူကြမ်းကို ပါလီမန်က အတည်မပြုရင်လည်း သူ့အနေနဲ့ ပြဌာန်း ဖို့ လုပ်မယ်လို့ ပြောပါတယ်။
ဒီဥပဒေကြမ်းကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကို သဘောတူ သူတွေကတော့ အရှေ့အလယ်ပိုင်းက ပြန်လာကြတဲ့ စစ်သွေးကြွတွေကို တရားစွဲ အရေးယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားက ရဲတပ်ဖွဲ့တွေကို စစ်တပ်ကပါကူညီအားဖြည့်ပြီး၊ နိုင်ငံတလွှား လုံခြုံရေးကို တိုးချမယ်လို့ အရာရှိတွေကလည်း ပြောကြားပါတယ်။
သမ္မတ ဂျိုကို ဝီဒိုဒို က တော့ အကြမ်းဖက် ဝါဒ ချေမှုန်းဖို့ အတွက် လက်တွေ့ မြေပြင်မှာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ ဘယ်လို အပေးအယူ လုပ်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။








