လေယာဉ် လော့ကာထဲ ပိတ်မိလို့ ခွေးဘီလူးသေ

ဓာတ်ပုံ ရင်းမြစ်, Reuters
တက္ကဆက် ပြည်နယ် ဟူစတန် မြို့ကနေ နယူးယော့ကို ပျံသန်းတဲ့ လေယာဉ်မှာ ခွေးဘီလူး တကောင်ကို ခရီးသည် စီးတဲ့ ခုံပေါ်က လော့ကာထဲ ထည့်သယ်လို့ သေဆုံးခဲ့ရပါတယ်။
ဒီအတွက် ယူနိုက်တက် အဲလိုင်း လေကြောင်းက တောင်းပန် ခဲ့ရပါတယ်။
ဒီလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်စေရပါဘူး၊ ဒီအတွက် စုံစမ်း စစ်ဆေးသွားမယ် လို့လည်း လေကြောင်းလိုင်းဘက်က ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေကြောင်းလိုင်းက သယ်ခွင့်ပြုထားတဲ့ ခွေးထည့်လာတဲ့ အိတ်ကို လော့ကာ ထဲ ထည့်ဖို့ ခရီးသည် တယောက်ကို လေယာဉ် ဝန်ထမ်းက ပြောတာ တွေ့ခဲ့ရကြောင်း သက်သေတွေက ဆိုပါတယ်။
ခရီးသည်က သူ့အိတ်ထဲမှာ ခွေးပါတယ် ဆိုပြီး အိတ်ကို ပြန်ယူတယ်၊ လေယာဉ် ဝန်ထမ်း ဘက်က အတင်း ထည့်ခိုင်းနေလို့ ထည့်ခဲ့ရတယ်လို့ သက်သေ တွေက ဆိုကြပါတယ် ။
လေယာဉ် ဆိုက်တဲ့အချိန်မှာတော့ ခွေးက သေနေပါပြီ၊ ခွေးရှင် အမျိုးသမီး ကတော့ လေယာဉ် လူသွားလမ်း ကြမ်းပြင်ပေါ်မှာ ထိုင်ငိုနေတယ် လို့လည်း ပြောပါတယ်။
မြင်ရသူ တယောက်ကတော့ ဒီဖြစ်ရပ်အတွက် ရင်ကွဲမတတ် ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ခွေးပါလာမှန်း မသိကြောင်း လေယာဉ်ဝန်ထမ်းက နောက်ပိုင်းမှာ ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Maxian
လေယာဉ် ခရီးသည် ခုံပေါ်က လော့ကာတွေဟာ လေလုံပိတ် ထားတာ မဟုတ်ပေမယ့် အောက်စီဂျင် ပြတ်သွားလို့ ခွေးသေတာ ဖြစ်နိုင်တယ်လို့လည်း သတင်းရေးကြပါတယ်။
လေယာဉ် ပေါ် လိုက်ပါလာတဲ့ အိမ်မွေး တိရစ္ဆာန် တွေကို ခွင့်ပြုထားတဲ့ အိတ်မျိုးနဲ့သာ သယ်ရမယ် လို့လည်း လေကြောင်းလိုင်းက သတ်မှတ် ထားပါတယ်။
ဒီအိတ်ဟာ ခုံအောက်မှာ ထားလို့ရတဲ့ အရွယ် ဖြစ်ရမယ် လို့လည်း ဆိုပါတယ်။








