ပစ္စိဖိတ် ထဲ ၅ လ ကြာ မျောနေသူတွေကို ကယ်တင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပစ္စိဖိတ်သမုဒ္ဒရာထဲမှာ ၅ လ ကြာ မျောပါနေခဲ့တဲ့ အမေရိကန် အပျော်စီး ရွက်လွှင့်သူ အမျိုးသမီး ၂ ယောက်နဲ့ ခွေး ၂ ကောင်ကို အမေရိကန်ရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျနီဖာအက်ပယ်လ်နဲ့ တာရှာဖူယားဘား အမည်တွေရှိကြတဲ့ အမျိုးသမီး ၂ ဦးဟာ ရွက်သင်္ဘောငယ် တစင်းနဲ့ ဟာဝိုင်ယီကျွန်းကန တဟီးတီကျွန်းကို အသွား လမ်းမှာ ရာသီဥတု ဆိုးရွားလို့ သင်္ဘောအင်ဂျင်စက် ချို့ယွင်းသွားခဲ့တာပါ။
အဲဒီမှာ ဂျပန်နိုင်ငံရဲ့ အရှေ့တောင်ဘက် မိုင် ၉၃၀ (၁,၅၀၀ ကီလိုမီတာ) အကွာက ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။
အဲဒီ ရွက်သင်္ဘော မျောနေတာကို ငါးဖမ်းသင်္ဘော ၁ စင်းက စတင် တွေ့ရှိခဲ့ပြီး အမေရိကန် အာဏာပိုင်တွေကို အကြောင်း ကြားခဲ့ရကနေ အခုလို ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျနီဖာနဲ့ တာရှာတို့ဟာ လေနဲ့ ရွက်တိုက်တာကို အားကိုးပြီး ကုန်းမြေ တခုခုဆီ ဆိုက်ကပ်နိုင်ခဲ့မယ်လို့ တွေးထင်ထားခဲ့ကြတယ်လို့ အမေရိကန်ရေတပ် အမှတ် ၇ ရေယာဉ်စုရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးစပြီး ၂ လ အကြာ တဟီးတီကို ရောက်ဖို့ ခန့်မှန်ထားတဲ့ မူလ ကြာချိန် လွန်ပြီးနောက်မှာ သူတို့ဟာ ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း အကြောင်းကြားတာတွေ လေလှိုင်းကနေ စတင် ထုတ်လွှင့်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီး ၂ ယောက်ဟာ နေ့စဉ် အကူအညီတောင်းခဲ့ပေမယ့် သူတို့ ရောက်နေတဲ့ နေရာက တခြား သင်္ဘောတွေ၊ ကမ်းခြေစခန်းတွေနဲ့ ဝေးကွာနေလို့ ထုတ်လွှင့်ချက်ကို ဘယ်သူကမှ လက်ခံ မရရှိခဲ့ဘူးလို့လည်း အမေရိကန် ရေတပ်က ပြောပါတယ်။
ဒါပေမယ့် အောက်တိုဘာ ၂၄ ရက် အရောက်မှာတော့ ထိုင်ဝမ်ငါးဖမ်းသင်္ဘော တစင်းက သူတို့ရဲ့ ရွက်သင်္ဘောကို တွေ့ရှိသွားပြီး ဂူအမ်ကျွန်းက အမေရိကန် အာဏာပိုင်တွေကို သတင်းပို့နိုင်ခဲ့ပါတယ်။
နောက်တနေ့မှာတော့ ယူအက်စ်အက်စ် အက်ရှ်လန်း အမည်ရှိတဲ့ အမေရိကန် စစ်သင်္ဘောက မျောနေတဲ့ ရွက်သင်္ဘောဆီ အရောက်သွားနိုင်ခဲ့ပြီး ဟိုနိုလူလူက ရွက်လွှင့် အမျိုးသမီး ၂ ယောက်နဲ့ သူတို့ရဲ့ ခွေး ၂ ကောင်ကို ကယ်တင်လိုက်နိုင်ပါတယ်။








