ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘာလင် ခရစ်စမတ်ဈေး အကြမ်းဖက်တရားခံရဲ့ တူ အဖမ်းခံရ
ဂျာမဏီနိုင်ငံ ဘာလင်မြို့က ခရစ်စမတ်ဈေး အကြမ်းဖက်မှု တရားခံရဲ့ တူဖြစ်သူကို တူနီးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
တဆက်တည်းမှာပဲ အဲဒီတရားခံ မစ္စတာ အင်မရီနဲ့ ချိတ်ဆက်ခဲ့တဲ့ သုံးယောက်ပါဝင်တဲ့ အကြမ်းဖက်သမား စုပေါင်းမှုအဖွဲ့ကို ဖော်ထုတ်နိုင်ပြီလို့ တူနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီ့အဖွဲ့ထဲမှာ အခုဖမ်းဆီးလိုက်တဲ့ ဘာလင်ခရစ်စမတ်ဈေး အကြမ်းဖက်မှု တရားခံရဲ့ တူဖြစ်သူလည်း ပါဝင်တယ်လို့ တူနီးရှား ပြည်ထဲရေးဌာနက ပြောပါတယ်။
မစ္စတာ အင်မရီရဲ့ တူဖြစ်သူဟာ စောင့်ကြည့်တဲ့ အာဏာပိုင်တွေ မသိအောင် ဝှက်စာသုံးတဲ့ တယ်လီဂရမ်လို့ခေါ်တဲ့ စကားပြော အက်ပ်တခုကို ဆက်သွယ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ တူနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
မစ္စတာ အင်မရီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့က ခရစ်စမတ်ဈေးတန်းထဲကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် လူ၁၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
သူဟာ အခင်းဖြစ်ပွားတဲ့ နေရာက လွတ်မြောက်သွားခဲ့ပေမယ့် သောကြာနေ့က အီတလီနိုင်ငံ မီလန်မြို့မှာ အသေဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီသောကြာနေ့မှာပဲ တရားခံ မစ္စတာ အင်မရီက အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ကို သစ္စာခံနေတဲ့ ရုပ်သံ ဗီဒီယိုကို အိုင်အက်စ်အဖွဲ့က ဖြန့်ချီခဲ့ပါတယ်။