ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အမည်ထုတ်ပြန်
ဂျာမနီမှာ တနင်္လာနေ့က ဘာလင်မြို့က ခရစ္စမတ်စျေးတန်းထဲ ဝင်တိုက်ခဲ့တဲ့ လော်ရီကားထဲမှာ တွေ့ရတဲ့ အထောက်အထား စာရွက်စာတန်းတွေအရ တူနီးရှားလူမျိုး တစ်ယောက်ကို လိုက်ရှာနေတယ်လို့ ရဲတွေက ပြောပါတယ်။
လော်ရီကားအတွင်းခန်းထဲမှာ တွေ့ရတဲ့ ယာယီနေထိုင်ခွင့် လက်မှတ်အရ လိုက်ရှာခံရသူဟာ အသက် ၂၄ နှစ်အရွယ် အဲနစ် အေ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဂျာမနီမှာ ခိုလှုံခွင့်တောင်းခံထားသူ ဖြစ်ပြီး အရင်တုန်းကလည်း စာရွက်စာတန်းအတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ဖူးတယ်လို့ သိရပါတယ်။
နောက်တစ်ခါ သူနဲ့ အဆက်အသွယ်ရှိသူတွေထဲမှာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူတွေလည်း ပါဝင်နိုင်တယ်လို့ ရဲတွေက သံသယရှိကြပါတယ်။
ရဲဖက်ကတော့ သဲလွန်စပေါင်းရာနဲ့ချီ ရထားပြီး ၂၄ နာရီ ပတ်လုံး မနားမနေ စုံစမ်းဖော်ထုတ်နေပါတယ်လို့ ဘာလင် ရဲဌာနပြောခွင့်ရ Thomas Neuendorf ကဆိုပါတယ်။
စျေးတန်းထဲ ဝင်တိုက်ခဲ့တဲ့အတွက် လူပေါင်း ၁၂ ဦးသေဆုံးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး တောမတ်ဒီမီဇီးယားကတော့တရားခံကို မကြာခင်ဖမ်းမိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ခရစ္စမတ်ပွဲတော်ကာလအတွင်း လုံခြုံရေးတိုးမြှင့်ထားမှာဖြစ်ပေမယ့် ပုံမှန် သွားလာကြဖို့ သူက တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဂျာမန်ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတွင်း လူအများ သွားလာကြတဲ့ နေရာတွေမှာ ဗီဒီယိုကင်မရာတွေတပ်ထားပြီး စောင့်ကြည့်မယ့် အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်။