စိတ်ဝင်စားစရာ ကောင်းဦးမယ့် ချန်ပီယံလိဂ်ပွဲများ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်စီးတီး
ရေးသားခဲ့သည်။

ဒီတစ်ပတ်ကတော့ ဥရောပ ချန်ပီယံလိဂ်ပွဲတွေ ပြန်ကစားဖို့ အချိန်ရောက်လာပါပြီ။ ပြီးခဲ့တဲ့နှစ်က အင်္ဂလန် ကလပ်တွေ ခြေစွမ်းပြပြီး ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ၄ သင်းစလုံး ဆီမီးတက်ခဲ့သလို All English Final နှစ်ပွဲအထိ ကစားခဲ့ကြရတာပါ။ စပိန်တွေကတော့ ပြင်ဆင်မှု အသစ်တွေနဲ့ ဥရောပမှာ အောင်မြင်မှု ပြန်ရဖို့ ကြိုးစားလာတာ ဖြစ်သလို အခြားပြိုင်ဖက်တွေရဲ့ ပြင်ဆင်လာတာတွေက ပြိုင်ပွဲကို ပိုပြီး စိတ်၀င်စားစေတာပါ။

ချန်ပီယံလိဂ် အုပ်စု အဆင့် ၂ ပွဲ ကစားပြီးခဲ့တဲ့ အချိန်မှာတော့ လက်ရှိ ချန်ပီယံလီဗာပူးလ်က အဖွင့်ပွဲမှာ နာပိုလီကို ရှုံးပြီး ဒုတိယပွဲမှာ သြစတြီးယားကလပ် ဆဲလ်ဇ်ဘတ်ကို နိုင်ပါတယ်။ အအောင်မြင်ဆုံး ရီးယဲယ်ကတော့ ဆက်လက် နိုင်ပွဲ ပျောက်နေဆဲဖြစ်ပြီး ဘယ်ဂျီယံက ကလပ်ဘရုကို ၂ ဂိုးစီ သရေကျခဲ့တာပါ။ ရီးယဲယ်အတွက် ၂ပွဲကစားပြီးချိန်မှာ ၁မှတ်သာ ရသေးတာပါ။

ဘိုင်ယန်မြူးနစ်က စပါးရဲ့ ကွင်းမှာ အံ့မခန်း ခြေစွမ်းပြပြီး ၇-၂ ဂိုးနဲ့ နိုင်ခဲ့လို့ မနှစ် ဖိုင်နယ်တက်ခဲ့တဲ့ စပါးလည်း ရုန်းကန်နေရပါတယ်။ ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံး ဖြစ်နေတဲ့ မန်စီးတီးက ရှက်တာဒိုးနက်စ်၊ ဒီနမိုဇာဂရက်ကို ၂ပွဲစလုံးနိုင်ပြီး ၆ မှတ်ရထားသလို ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုလည်း ၄ မှတ်စီ ရထားကြပါတယ်။

လီဗာပူးလ်ကို နိုင်ခဲ့တဲ့ နာပိုလီက အဝေးကွင်းမှာ ဂန့်ကို သရေကျခဲ့သလို့ ၄ မှတ်ရထားပေမယ့် လက်ရှိချန်ပီယံကတော့ ၃မှတ် ရထားပါတယ်။ ဒေါ့မန်နဲ့ ဘာစီလိုနာတို့ကတော့ သူတို့ အုပ်စုမှာ ၄မှတ်စီ ရထားကြသလို ဇင်းနစ်၊ လီယွန်တို့ လည်း ၄ မှတ်စီရှိနေကြတာပါ။ မနှစ် ဆီမီးတက်ခဲ့တဲ့ အားယက်စ်ကတော့ အိမ်ကွင်း၊ အဝေးကွင်း ၂ ပွဲဆက် ၃ဂိုးပြတ် နိုင်ထားပြီး ၆ မှတ်ရထားပါတယ်။ လမ်းပတ်ရဲ့ ချယ်လ်ဆီးက ဗလန်စီယာကို ရှုံးခဲ့ပေမယ့် အဝေးကွင်းမှာ လိုင်လီကို ပြန်နိုင်ထားပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပုံစံကောင်း ရနေပြီး နောက်ဆုံး ၅ပွဲဆက် နိုင်ထားတဲ့ လမ်းပတ်ရဲ့ ချယ်လ်ဆီး

VAR သုံးမယ်

မနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ VAR ကို အုပ်စုအဆင့်တွေမှာ မသုံးခဲ့ဘဲ ရှုံးထွက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အပါအဝင် စပါးနဲ့ မန်စီးတီးတို့ရဲ့ ပွဲတွေက ပြောစရာတွေ ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အကောင်းဆုံး နဲ့ အမှားနည်းအောင် ပြင်ဆင်ထားတယ်လို့ UEFA တာဝန်ရှိသူတွေကတော့ ဆိုပါတယ်။ ဥရောပ ပြိုင်ပွဲတွေ အားလုံးနီးပါးမှာ အသုံးပြုလာပြီ ဖြစ်တဲ့ VAR ဟာ မော်ဒန် ဘောလုံးလောကအတွက် တကယ်လိုအပ်တဲ့ နည်းပညာတစ်ခု ဖြစ်တယ် လို့လည်း UEFA ကတော့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆုကြေးငွေ

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကမ္ဘာ့ဖလား၊ ဥရောပ ဖလားလိုပဲ ဝင်ငွေတွေ များစွာရတဲ့ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း UEFA က ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတွေကို နှစ်စဉ် ဆုကြေးငွေတွေကို တိုးပေးလေ့ရှိနေတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ခွင့်ရတဲ့ အသင်းတွေကနေ ဖိုင်နယ်မှာ ချန်ပီယံ ဖြစ်တဲ့ အသင်းအထိ ဆုကြေးငွေ အများကြီး ချီးမြှင့်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲ ဝင်ခွင့်ရတာနဲ့ အသင်းတိုင်း ယူရို ၂.၃ သန်း စတင် ရရှိကြပြီး အုပ်စုအဆင့်ကို တက်ရောက်ခွင့်ရပါက ယူရို ၁၅ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာလည်း တစ်ပွဲနိုင်တိုင်း ယူရို ၂.၇ သန်း အပိုထပ်ဆောင်းရရှိမှာဖြစ်ပြီး သရေကျပါက ယူရို ၉ သိန်း ရရှိမှာပါ။ အဆင့်လိုက် ဆုကြေးငွေ တွေအရ ရှုံးထွက်တက်ခဲ့ရင် ယူရို ၉.၅ သန်း၊ ကွာတားတက်ခဲ့ရင် ယူရို ၁၀.၅ သန်း၊ ဆီမီးရောက်ခဲ့ရင် ယူရို ၁၂ သန်းထပ်ပြီး ရရှိမှာ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်တဲ့ အသင်းက ဆုကြေးငွေ ယူရို ၁၉ သန်းအထိ ရမှာဖြစ်ပြီး ဒုတိယရတဲ့အသင်း က ယူရို ၁၅ သန်း ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

တစ်ဦးချင်း စံချိန်များ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ဦးချင်း စံချိန်တင်ထားတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲမှာ ဂျူဗင်တပ်စ်ရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုကတော့ သမိုင်းတလျောက် ဂိုးအများဆုံး သွင်းထားသူအဖြစ် သွင်းဂိုး ၁၂၇ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့ရဲ့ မဟာပြိုင်ဖက် မက်ဆီကတော့ ၁၁၂ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီးယဲယ်နဲ့ ပေါ်တိုရဲ့ စပိန် ဂိုးသမားဟောင်း ကာစီလက်စ်က ပွဲအများဆုံး ကစားထားတဲ့သူအဖြစ် ပွဲပေါင်း ၁၇၇ ပွဲနဲ့ တင်ထားပြီး ရော်နယ်လ်ဒိုက ၁၆၄ ပွဲနဲ့ ဒုတိယ မက်ဆီက ၁၃၇ ပွဲနဲ့ တတိယနေရာမှာ ရှိပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂ ပွဲမှာ ၁ မှတ်ပဲ ရသေးတဲ့ အအောင်မြင်ဆုံး ရီးယဲယ်

ဒီတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် တတိယ ပွဲစဉ်တွေ ကန်ကြမှာဖြစ်ပါတယ်။ ပွဲစဉ် ၃၊ ၄ မှာ နှစ်ကျော့ ဆက်ကစားရမှာဖြစ်လို့ အုပ်စုအဆင့်တက်ဖို့ အသင်းတိုင်းက အရေးပါနေပါတယ်။

အင်္ဂါနေ့

အက်သလက်တီကို - လေဗာကူဆင်

ရှက်တာဒိုးနက်စ် - ဒီနပိုဇာဂရက်

ကလပ်ဘရု - ပီအက်စ်ဂျီ

ဂါလာတာစာရေး - ရီးယဲယ်

ဂျူဗင်တပ်စ် - လိုကိုမိုးတစ်မော်စကို

မန်စီးတီး - အတ္တလန်တာ

အိုလံပီယာကော့စ် - ဘိုင်ယန်မြူးနစ်

စပါး - ရက်စတားဘဲဂရိတ်

ဗုဒ္ဓဟူးနေ့

အားယက်စ် - ချယ်လ်ဆီး

လိုက်ပ်ဇက် - ဇင်းနစ်

ဘင်ဖီကာ - လီယွန်

ဆဲလ်ဇ်ဘတ် - နာပိုလီ

ဂန့် - လီဗာပူးလ်

အင်တာမီလန် - ဒေါ့မန်

လိုင်လီ - ဗလန်စီယာ

ဆလာဗီးယား ပရာဟာ - ဘာစီလိုနာ

( ပွဲစဉ် ၄ကိုကတော့ ဒီအသင်းတွေကိုပဲ အိမ်ကွင်း၊ အဝေးကွင်း ပြောင်းကန်မှာပါ )

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂ ပွဲစလုံး နိုင်ထားပြီး ပုံစံကောင်း ရနေတဲ့ အားယက်စ်နဲ့ ရင်ဆိုင်ရမယ့် ချယ်လ်ဆီး

အအောင်မြင်ဆုံး အသင်းများ

၁) ရီးယဲယ်မက်ဒရစ် ( စပိန်) - ၁၃ကြိမ်

၂) အေစီမီလန် ( အီတလီ) - ၇ ကြိမ်

၃) လီဗာပူးလ် ( အင်္ဂလန်) - ၆ ကြိမ်

၄) ဘိုင်ယန်မြူးနစ် ( ဂျာမနီ) - ၅ ကြိမ်

၅) ဘာစီလိုနာ ( စပိန်) - ၅ ကြိမ်

၆) အားယက်စ် ( နယ်သာလန်) - ၄ ကြိမ်

၇) အင်တာမီလန် ( အီတလီ) - ၃ ကြိမ်

၈) မန်ချက်စတာယူနိုက်တက် ( အင်္ဂလန်) - ၃ ကြိမ်

၉) ဂျူဗင်တပ်စ် ( အီတလီ) - ၂ ကြိမ်

၁၀) ဘင်ဖီကာ ( ပေါ်တူဂီ) - ၂ ကြိမ်

၁၁) နော့တင်ဟမ်ဖောရက်စ် ( အင်္ဂလန် ) - ၂ ကြိမ်

၁၂) ပေါ်တို ( ပေါ်တူဂီ) - ၂ ကြိမ်

သမိုင်းတစ်လျောက် ဂိုးအများဆုံး သွင်းထားသူများ

၁) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၁၂၆ ဂိုး

၂) မက်ဆီ ( အာဂျင်တီးနား) - ၁၁၂ ဂိုး

၃) ရာအူးလ် ( စပိန်) - ၇၁ ဂိုး

၄) ဘန်ဇီမာ ( ပြင်သစ်) - ၆ဝ ဂိုး

၅) နစ္စတယ်ရွိုင်း ( နယ်သာလန်) - ၅၆ ဂိုး

၆) လီဝန်ဒေါ်စကီး ( ပိုလန်) - ၅၃ ဂိုး

၇) အွန်နရီ ( ပြင်သစ်) - ၅ဝ ဂိုး

ပွဲအများဆုံး ကစားထားသူများ

၁) ကာစီလတ်စ် ( စပိန်) - ၁၇၇ ပွဲ

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၁၆၂ ပွဲ

၃) ဇာဗီ ( စပိန်) - ၁၅၁ ပွဲ

၄) ရိုင်ယန်ဂစ် ( ဝေးလ်စ်) - ၁၄၅ ပွဲ

၅) ရာအူးလ် ( စပိန်) - ၁၄၂ ပွဲ

၆) မာလ်ဒီနီ ( အီတလီ) - ၁၃၅ ပွဲ

၆) မက်ဆီ ( အာဂျင်တီးနား) - ၁၃၅ ပွဲ

၈) အင်နီယေစတာ ( စပိန်) - ၁၃ဝ ပွဲ

၉) ဆီးဒေါ့ဖ် ( နယ်သာလန်) - ၁၂၅ ပွဲ

၁၀) စခိုးလ် ( အင်္ဂလန်) - ၁၂၄ ပွဲ

နောက်ဆုံး ၁ဝနှစ် ချန်ပီယံများ

၂၀၁ဝ) အင်တာမီလန် ၂-၀ ဘိုင်ယန်မြူးနစ်

၂၀၁၁) ဘာစီလိုနာ ၃-၁ မန်ယူ

၂၀၁၂) ချယ်လ်ဆီး ၁-၁ ဘိုင်ယန်မြူးနစ် ( ပင်နယ်တီမှာ ချယ်လ်ဆီးနိုင်)

၂၀၁၃) ဘိုင်ယန်မြူးနစ် ၂-၁ ဒေ့ါမန်

၂၀၁၄) ရီးယဲယ်မက်ဒရစ် ၄-၁ အက်သလက်တီကိုမက်ဒရစ်

၂၀၁၅) ဘာစီလိုနာ ၃-၁ ဂျူဗင်တပ်စ်

၂၀၁၆) ရီးယဲယ်မက်ဒရစ် ၁-၁ အက်သလက်တီကိုမက်ဒရစ် ( ပင်နယ်တီမှာ ရီးယဲယ်နိုင်)

၂၀၁၇) ရီးယဲယ်မက်ဒရစ် ၄-၁ ဂျူဗင်တပ်စ်

၂၀၁၈) ရီးယဲယ်မက်ဒရစ် ၃-၁ လီဗာပူးလ်

၂၀၁၉) လီဗာပူးလ် ၂-၀ စပါး