ဇွန် ၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - အမေရိကန်က ကမ္ဘာ့ဖလားကန်မယ့်အီရန်အသင်းဝန်ထမ်းတွေကို ဗီဇာမပေး

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တူရကီကနေ ထွက်ခွာလာတဲ့ အီရန်ဘောလုံးအသင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တူရကီကနေ ထွက်ခွာလာတဲ့ အီရန်ဘောလုံးအသင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

၂၀၂၆ ကမ္ဘာ့ဖလားအတွက် အီရန်အမျိုးသား ဘောလုံးသမားတွေကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခဲ့ပေမဲ့ အသင်းနဲ့အတူလိုက်ပါမယ့်ဝန်ထမ်းတွေကို ဗီဇာ မပေးခဲ့တဲ့အပေါ် အီရန်ဘက်က တုံ့ပြန်လာပါတယ်။

အီရန် ဘောလုံးသမားတွေကို အမေရိကန်က ဗီဇာ ထုတ်ပေးပြီး နာရီပိုင်းအကြာမှာပဲ အသင်းနဲ့အတူ လိုက်ပါမယ့် အရေးကြီး ဝန်ထမ်းတွေကို ဗီဇာ မထုတ်ပေးဘူးလို့ အီရန်ဘက်က စွပ်စွဲပြောဆိုချက် ထွက်လာတာပါ။

အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ သူ့လက်ထောက်နဲ့ သတင်းပြန်ကြားရေး ဒါရိုက်တာအပါအဝင် ထိပ်ပိုင်းအရာရှိ ၁၅ ဦးကို အမေရိကန်ဘက်က ဗီဇာငြင်းပယ်ခဲ့တာလို့ အီရန်နိုင်ငံပိုင်နဲ့ဆက်နွှယ်သတင်းမီဒီယာ သတင်းဖော်ပြပါတယ်။

အီရန်အသင်းရဲ့ မန်နေဂျာတွေ၊ အရာရှိချုပ်တွေ၊ နည်းစနစ်အကြံပေးတွေကို ဗီဇာပေးဖို့ အမေရိကန်ဘက်က ငြင်းဆန်တာဟာ အားကစားကို နိုင်ငံရေး နဲ့ ရောယှက်နေတာဖြစ်တယ်လို့ တူရကီနိုင်ငံက အီရန်သံရုံးက စွပ်စွဲပြောဆိုပါတယ်။

အီရန်အသင်းဟာ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မက္ကဆီကိုနိုင်ငံကို မေလ ၆ ရက်နေ့ကတည်းက ထွက်ခွာသွားပြီဖြစ်ပါတယ်။

အမေရိကန်အရာရှိတွေကတော့ အီရန်အသင်းဟာ ဇွန် ၁၅ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့မှာ ယှဥ်ပြိုင်ကစားဖို့ရှိတာကြောင့် အဲဒီပွဲမတိုင်ခင် ၁၀ ရက်အလိုကတည်းက အီရန်အသင်း ကစားသမားတွေနဲ့ ''လိုအပ်တဲ့ဝန်ထမ်းတွေကို'' ဗီဇာ ထုတ်ပေးထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ရရှိထားတဲ့ ဗီဇာကန့်သတ်ချက်အရ အီရန်အသင်းဟာ သူတို့ကန်ရမယ့်နေ့မှာပဲ အမေရိကန်ကို အဝင်၊ အထွက် ပြုလုပ်ရမှာဖြစ်တယ်လို့ မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ပြီးခဲ့တဲ့ စနေနေ့မှာ ပြောခဲ့ပါတယ်။

အီရန် သံရုံးအရာရှိတွေကတော့ ဒီအခြေအနေကို FIFA က ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

နေပြည်တော်တိုင်းကို ဝိုင်းပတ်တဲ့ စစ်ဆင်ရေးအရှိန်မြှင့်နေတယ်လို့ PDF တိုင်းစစ်ဌာနပြော

ပဲခူးတိုင်း၊ ဆွာမြို့နယ်ထဲက ဆွာမကြီးကျေးရွာစခန်းကို ဇွန် ၃ ရက်မှာ PDF တပ်တွေ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ စစ်တပ်ရဲ့ လက်နက်တွေ

ဓာတ်ပုံ ရင်းမြစ်, Nay Pyi Daw PDF

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း၊ ဆွာမြို့နယ်ထဲက ဆွာမကြီးကျေးရွာစခန်းကို ဇွန် ၃ ရက်မှာ PDF တပ်တွေ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ စစ်တပ်ရဲ့ လက်နက်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ဘက် အရပ်ဘက် အာဏာဗဟိုချက်ရှိရာ နေပြည်တော်တိုင်းကို ဝိုင်းပတ်တဲ့ စစ်ဆင်ရေး အရှိန်မြှင့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ နေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်လာပါတယ်။

ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိပြီး နေပြည်တော်နဲ့ မိုင် ၄၀ ကျော် အကွာမှာရှိတဲ့ ဆွာမကြီး(ဆွာရွာမ) ကျေးရွာက စစ်တပ် စခန်းကို သိမ်းတဲ့ထုတ်ပြန်ချက်မှာ PDF နေပြည်တော်တိုင်း စစ်ဌာနက အခုလို ပြောလာတာဖြစ်ပါတယ်။

စစ်တပ် အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ အဲဒီစခန်းကို ဇွန် ၃ ရက်မှာ သိမ်းခဲ့ပေမဲ့ ဇွန်လ ၆ ရက်မှ သတင်းထုတ်တာဖြစ်ပါတယ်။

ဇွန်လ ၃ ရက်၊ မနက် ၅ နာရီကျော်မှာ စတင်တိုက်ခိုက်တာဖြစ်ပြီး ၁ နာရီ နီးပါးအတွင်း စခန်းသိမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုသိမ်းပိုက်လိုက်တဲ့ စခန်းကို PDF တပ်ဖွဲ့ဝင်တွေက ၂၀၂၅ ခုနှစ်မှာ တိုက်ခိုက်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘဲ ဒီတစ်ကြိမ်မှသာ စခန်းသိမ်းနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

PDF နေပြည်တော်တိုင်းစစ်ဌာနနဲ့နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကတော့ ဒီစခန်းဟာ စစ်တပ်ရဲ့ ထောက်ပို့ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ စခန်းဖြစ်တယ်လို့ပြောပါတယ်။

PDF နေပြည်တော်တိုင်းစစ်ဌာနကတော့ တိုက်ပွဲအတွင်း စစ်တပ် တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင် အယောက် ၂၀ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

PDF ဘက်ကတော့ သေနတ်တွေ၊ ကျည်တွေနဲ့ မိုင်းတွေပါသိမ်းမိတဲ့ အခုစခန်းသိမ်းတိုက်ပွဲမှာ PDF နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ နဲ့ ၁၉ အောက်က PDF တပ်ရင်းတွေ၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းပြီးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာလက်ရှိ ရေတာရှည်နဲ့ ဆွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာနေလို့ နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ဒီတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ကားတွေ ဆင့်တိုက်မှုဖြစ်

မေလ ၆ရက်၊ ည ၉ နာရီလောက်က ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကား ၆ စီးဆင့်တိုက်မှုအတွင်း ထိခိုက်သူတွေ ကယ်ထုတ်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ဓာတ်ပုံ ပုံစာ, မေလ ၆ရက်၊ ည ၉ နာရီလောက်က ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကား ၆ စီးဆင့်တိုက်မှုအတွင်း ထိခိုက်သူတွေ ကယ်ထုတ်နေတဲ့ မြင်ကွင်း

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်မှာ မိုးများချိန် လမ်းဘေးချရပ်ဖို့ လုပ်တဲ့ခရီးသည်တင်ကားတစ်စီးနဲ့ နောက်ထပ် ကားတွေ ၆ စီးအထိ ဆင့်တိုက်မှု မေလ ၆ ရက်၊ ညပိုင်းက ဖြစ်ခဲ့တယ်လို့ သွားရောက်ကယ်ဆယ်ခဲ့တဲ့ မီးသတ်ဦးစီးမှူးက ဘီဘီစီကို ပြောပါတယ်။

အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/၇)၊ တောင်တွင်းကြီးလမ်းခွဲအနီးမှာ မိုးများပြီး ကားလမ်းချော် သွားတဲ့ ကောင်းမြတ်မန်း ခရီးသည်တင်ကားကို လမ်းဘေးဆွဲနေတဲ့အချိန် ကားဆင့်တိုက်မှု ဖြစ်ခဲ့တာလို့ ပန်းတင်အမြန်လမ်း မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဇော်ထက်က ပြောပါတယ်။

လမ်းချော်သွားတဲ့ ခရီးသည်တင် ကားကို လမ်းဘေးဆွဲချနေတဲ့အချိန် ပေ ၁၅၀ အကွာလောက်မှာ ရပ်တန့်နေတဲ့ အိမ်စီးကားတွေကို အနောက်မှာမောင်းလာတဲ့ သိန်းသန်းကုဋေ ခရီးသည်တင်ကား နဲ့ ဇေယျာမြိုင်ကြီး ခရီးသည်တင်ကားတွေက ထပ်ဆင့်တိုက်မှုဖြစ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

"ဇေယျာမြိုင်ကြီး ခရီးသည်တင်ယာဉ်မှာ ယာဉ်မောင်းက ခေါင်းခန်းမှာ ညပ်နေပါတယ်။ သူ့ကို ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခေါင်းခန်းညပ်နေတဲ့ လူနာကလည်း ဘယ်ဘက် ခြေထောက်ကျိုးတယ်။ ညာဘက်ခြေဖနောင့် ကွဲတယ်" လို့ ဦးဇော်ထက် က ပြောပါတယ်။

ဇေယျာမြိုင်ကြီးခရီးသည်တင်ယာဉ်က ခရီးသည် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သိန်းသန်းကုဋေ ခရီးသည်တင်ယာဉ်က အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ သေဆုံးသူ မရှိဘူးလို့လည်း သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ် နဲ့ အိမ်စီးကား ၃ စီးမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်နေပြီလို့လည်း မီးသတ်တပ်ဖွဲ့ဘက်က ပြောပါတယ်။

ပဲခူးမြစ်ရေ တရှိန်ထိုးတက်လာမှု စောင့်ကြည့်ရမယ်လို့ မိုးဇလပြော

၂၀၂၄ ခုနှစ်တုန်းက စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ကြောင့် မိုးအဆက်မပြတ်ရွာပြီး ရေကြီးခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်တုန်းက စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ကြောင့် မိုးအဆက်မပြတ်ရွာပြီး ရေကြီးခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့ (ပုံဟောင်း)

ပဲခူးမှာ မိုးများခဲ့လို့ ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာခဲ့လို့ ပဲခူးမြစ်ရေအခြေအနေကို ဆက်လက်စောင့်ကြည့်ရမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

ပဲခူးမြို့မှာ ပဲခူးမြစ်ရေအမှတ်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာအထိ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ကိုရောက်ဖို့ ၆ ပေကျော်အလိုမှာ ရှိနေပါတယ်။

"ပဲခူးက မြစ်သေးတယ်။ မိုးကဆက်တိုက်များနေရင်တော့ ရေတက်တာမြန်တယ်။ ဒီနေ့ဆိုရေတက်သွားတာ ၆ ပေခွဲ၊ ၇ ပေလောက်ရှိတယ်။ တက်နေပေမဲ့ ပင်လယ်နဲ့ နီးတဲ့အတွက် ချက်ချင်းကျသွားတာတွေလည်းရှိတယ်။ နည်းနည်းတော့စောင့်ကြည့်ရမဲ့ အနေအထားရှိတယ်" လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

ပဲခူးမြစ်ဟာ မိုးဇလရဲ့ မှတ်တမ်းတွေအရ ၆ လပိုင်းမှာ စိုးရိမ်ရေအမှတ်ရောက်တာမရှိခဲ့ပေမယ့် ဩဂုတ်လ နှောင်းပိုင်းမှာတော့ စိုးရိမ်ရေအမှတ်ရောက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။

မိုးလေဝသအခြေအနေ လေ့လာ စောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ ပဲခူးမြစ်ရေဟာ ဇွန်လ ၆ ရက်နောက်ပိုင်းကစလို့ သိသိသာသာကိုမြင့်တက်လာပြီး ဇွန်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ ရေစီးဆင်းမှုပမာဏဟာ ပထမဆုံးအကြိမ်အမြင့်ဆုံးအခြေအနေကိုရောက်ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒါအပြင် ရေကြီးမှုအန္တရာယ်ဟာ အလယ်လတ်ကနေ အမြင့်ဆုံးအခြေအနေရောက်နိုင်တယ်လို့ ကမ္ဘာ့ရေကြီးမှုစောင့်ကြည့်ရေးစနစ် (GloFAS / Global Flood Monitoring System) ကို ကိုးကားပြီး သူက လူမှုကွန်ရက်မှာ ရေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်ခဲ့တာကြောင့် လူပေါင်း ၅ သောင်းနီးပါး ရေ ဘေးသင့်ခဲ့ဖူးပါတယ်။

မိုးလေဝသ ဌာနကတော့ ပဲခူးတိုင်းအပါအဝင် ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်၊ ကရင်နဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းကပဲ ခန့်မှန်းထားပါတယ်။

စစ်တပ်က မင်းတပ်မြို့ကို တစ်မနက်တည်းမှာတင် လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲ

ဇွန်လ ၇ ရက်နေ့ က မင်းတပ်မြို့ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး အပျက်အစီးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, HKL Mindat

ဓာတ်ပုံ ပုံစာ, ဇွန်လ ၇ ရက်နေ့ က မင်းတပ်မြို့ ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီး အပျက်အစီးမြင်ကွင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ရှိနေချိန် စစ်တပ်က ဇွန်လ ၇ မနက်ခင်းမှာ မင်းတပ်မြို့ပေါ်က နေရာအချို့ကို လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

ဇွန်လ ၇ ရက် မနက် ၁ နာရီမှာ တစ်ကြိမ်၊ မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်ကြိမ် စုစုပေါင်း လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတာခဲ့တာလို့ သူက ပြောပါတယ်။

ဗုံးကြဲခံရလို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ကနဦးသိထားရပေမဲ့ ထိခိုက်ပျက်စီးမှု နောက်ဆုံးအခြေအနေတော့ မသိရသေးပါဘူး။

စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ကို အခုသီတင်းပတ်တွေအတွင်း လေကြောင်းကနေ ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေပါတယ်။

မြေပြင်အခြေအနေသိရှိတဲ့မင်းတပ်ဒေသခံ နောက်တစ်ဦးကတော့ "စစ်တပ်က တိုက်ပွဲမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ လက်နက်ကြီး၊ ဒရုန်းတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်" လို့ ပြောပါတယ်။

နေပြည်တော်ဘက်ကတော့ အခုလေကြောင်းဗုံးကြဲမှုတွေအပါအဝင် မင်းတပ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ကို ချင်းတော်လှန်ရေး တပ်ပေါင်းစု ချင်းညီနောင်အဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ သိမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်တပ်ဟာ မင်းတပ်မြို့ကို ဦးတည်တဲ့ စစ်ကြောင်းထိုးနေတယ်လို့ ချင်းကာကွယ်ရေးတပ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။

လက်ရှိ စစ်တပ် ရဲ့ ထိုးစစ်တွေဟာ မင်းတပ်မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေသူ အခုဆိုရင် ၁၇,၀၀၀ လောက်အထိ ရှိလာပြီလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီ က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး စစ်တပ်ဟာ မင်းတပ်မြို့ကို စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ဖြတ်လေးဖြတ် ပြုလုပ်ထားတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီအဖွဲ့ကပြောထားပါတယ်။