ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်စပြီ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကလပ်တိုင်း အလိုရှိနေတဲ့ ချန်ပီယံလိဂ်ဖလား
ရေးသားခဲ့သည်။

ဒီတစ်ပတ်ကတော့ ဥရောပ ချန်ပီယံလိဂ်ပွဲတွေ ကစားဖို့ အချိန်ရောက်လာပါပြီ။ ပြီးခဲ့တဲ့နှစ်က အင်္ဂလန် ကလပ်တွေ ခြေစွမ်းပြပြီး ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ၄သင်းစလုံး ဆီမီးတက်ခဲ့သလို All English Final နှစ်ပွဲအထိ ကစားခဲ့ကြရတာပါ။ စပိန်တွေကတော့ ပြင်ဆင်မှု အသစ်တွေနဲ့ ဥရောပမှာ အောင်မြင်မှု ပြန်ရဖို့ ကြိုးစားလာတာ ဖြစ်သလို ဒီနှစ်ကတော့ ပိုပြီး အကြိတ်အနယ် ရှိမယ့် ရာသီပါ။

၂၀၁၉-၂၀ ဥရောပ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေကို မဲခွဲအပြီးမှာတော့ လက်ရှိချန်ပီယံ လီဗာပူးလ်က အုပ်စု Eမှာ နာပိုလီ၊ ရက်ဘူးလ်ဆဲလ်ဘတ်၊ ဂန့်တို့နဲ့ အတူကျပါတယ်။ ချန်ပီယံလီဗာပူးလ်အတွက် ခက်ခဲတဲ့ အုပ်စုမဟုတ်သလို လီဗာပူးလ်အတွက် နောက်တစ်ဆင့်ကို တက်ဖို့ အခက်အခဲ မရှိနိုင်တဲ့ အုပ်စုပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကျပ်ဆုံး အုပ်စုကတော့ ဘာစီလိုနာ၊ ဒေ့ါမန်၊ အင်တာမီလန်၊ ဆလာဗီးယား ပရာဟာတို့ ပါဝင်တဲ့ အုပ်စု F ပါ။ အအောင်မြင်ဆုံး ရီးယဲယ်ကတော့ ပီအက်စ်ဂျီနဲ့ အတူကျခဲ့ပြီး မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ စပါးက ဘိုင်ယန်နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။

VAR သုံးမယ်

မနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ VAR ကို အုပ်စုအဆင့်တွေမှာ မသုံးခဲ့ဘဲ ရှုံးထွက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အပါအဝင် စပါးနဲ့ မန်စီးတီးတို့ရဲ့ ပွဲတွေက ပြောစရာတွေ ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အကောင်းဆုံးနဲ့ အမှားနည်းအောင် ပြင်ဆင်ထားတယ်လို့ UEFA တာဝန်ရှိသူတွေကတော့ ဆိုပါတယ်။ ဥရောပ ပြိုင်ပွဲတွေ အားလုံးနီးပါးမှာ အသုံးပြုလာပြီ ဖြစ်တဲ့ VAR ဟာ မော်ဒန် ဘောလုံးလောကအတွက် တကယ်လိုအပ်တဲ့ နည်းပညာတစ်ခုဖြစ်တယ်လို့လည်း UEFA ကတော့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆုကြေးငွေ

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကမ္ဘာ့ဖလား၊ ဥရောပ ဖလားလိုပဲ ဝင်ငွေတွေ များစွာရတဲ့ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း UEFA က ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတွေကို နှစ်စဉ် ဆုကြေးငွေတွေကို တိုးပေးလေ့ရှိနေတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ခွင့်ရတဲ့ အသင်းတွေကနေ ဖိုင်နယ်မှာ ချန်ပီယံ ဖြစ်တဲ့ အသင်းအထိ ဆုကြေးငွေ အများကြီး ချီးမြှင့်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲ ဝင်ခွင့်ရတာနဲ့ အသင်းတိုင်း ယူရို ၂.၃သန်း စတင်ရရှိကြပြီး အုပ်စုအဆင့်ကို တက်ရောက်ခွင့်ရပါက ယူရို ၁၅သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာလည်း တစ်ပွဲနိုင်တိုင်း ယူရို ၂.၇သန်း အပိုထပ်ဆောင်းရရှိမှာဖြစ်ပြီး သရေကျပါက ယူရို ၉သိန်း ရရှိမှာပါ။ အဆင့်လိုက် ဆုကြေးငွေတွေအရ ရှုံးထွက်တက်ခဲ့ရင် ယူရို ၉.၅သန်း၊ ကွာတားတက်ခဲ့ရင် ယူရို ၁၀.၅သန်း၊ ဆီမီးရောက်ခဲ့ရင် ယူရို ၁၂သန်းထပ်ပြီး ရရှိမှာ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်တဲ့ အသင်းက ဆုကြေးငွေ ယူရို ၁၉သန်းအထိ ရမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ယူရို ၁၅သန်း ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ချန်ပီယံ လီဗာပူးလ်ဟာ ဆုကြေးငွေ ယူရို ၇၅သန်းနီးပါ ရခဲ့ပါတယ်။

လီဗာပူးလ်နဲ့ စပါး

မနှစ်က ဖိုင်နယ်တက်ခဲ့ကြတဲ့ လီဗာပူးလ်နဲ့ စပါးတို့က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဆုကြေငွေ ယူရိုသန်း ၇ဝလောက် ရခဲ့ကြပါတယ်။ လီဗာပူးလ်က အုပ်စုတွင်းမှာ ၃ပွဲနိုင်ခဲ့လို အပိုဆုကြေးငွေ ယူရို ၈.၁သန်းအပါအဝင် ဗိုလ်စွဲခဲ့တဲ့အတွက် စုစုပေါင်း ၇၄သန်းကျော် ရခဲ့ပြီး ဥရောပ စူပါဖလားပြိုင်ပွဲမှာပါ ချန်ပီယံထပ်ဖြစ်ခဲ့သလို နောက်ထပ် ယူရို ၄.၅သန်း ရခဲ့ပါတယ်။ စပါးကတော့ အုပ်စုတွင်း ၂ပွဲနိုင်၊ ၂ပွဲသရေကျခဲ့လို့ အပိုဆုကြေးငွေ ယူရို ၇.၂သန်းအပြင် ဒုတိယရခဲ့တဲ့အတွက် စုစုပေါင်း ယူရို ၇ဝသန်းနီးပါး ရရှိခဲ့ပါတယ်။ စပါးနဲ့ လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ်ကလည်း ပေါင်သန်း ၁၄ဝကျော်စီ ရရှိထားကြလို့ တစ်နှစ်ထဲနဲ့ ဝင်ငွေတွေအများကြီး တိုးခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဦးချင်း စံချိန်များ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ဦးချင်း စံချိန်တင်ထားတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲမှာ ဂျူဗင်တပ်စ်ရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုကတော့ သမိုင်းတစ်လျောက် ဂိုးအများဆုံး သွင်းထားသူအဖြစ် သွင်းဂိုး ၁၂၆ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့ မဟာပြိုင်ဖက် မက်ဆီကတော့ ၁၁၂ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီးယဲယ်နဲ့ ပေါ်တိုရဲ့ စပိန် ဂိုးသမားဟောင်း ကာစီလက်စ်က ပွဲအများဆုံး ကစားထားတဲ့သူအဖြစ် ပွဲပေါင်း ၁၇၇ ပွဲနဲ့ တင်ထားပြီး ရော်နယ်လ်ဒိုက ၁၆၂ပွဲနဲ့ ဒုတိယ မက်ဆီက ၁၃၅ပွဲနဲ့ တတိယနေရာမှာ ရှိပါတယ်။

ပွဲစဉ် ၁

ဒီတစ်ပတ် ကန်မယ့် ချန်ပီယံလိဂ် ပွဲစဉ် ၁မှာတော့ စိတ်ဝင်စားစရာ ပွဲတွေအများကြီး ပါဝင်ပါတယ်။ အင်္ဂါနေ့မှာ ချန်ပီယံ လီဗာပူးလ်က နာပိုလီရဲ့ ကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး ဘာစီလိုနာကလည်း ဒေါ့မန်ရဲ့ ဂျာမန်မြေမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ် ချန်ပီယံဖြစ်ထားတဲ့ ချယ်လ်ဆီးကတော့ ဗလန်စီယာကို အိမ်ကွင်း လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီနဲ့ ရီးယဲယ်တို့ ထိပ်တိုက် ဆုံတွေ့ပွဲ အပါအဝင် အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပွဲလည်း ရှိပါတယ်။

ATL

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မန်စီးတီးကို ဖလား ၃လုံးရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဂွါဒီယိုလာဟား စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားနေပါတယ်။

ဘယ်အသင်း ရေပန်းစားလဲ

ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘွတ်ကီဒိုင်တွေ အားလုံး တစ်ပေးထားတဲ့ အသင်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းပါ။ သူ့ရဲ့နောက်မှာတော့ ဘာစီလိုနာ၊ လီဗာပူးလ်၊ ရီးယဲယ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ ပတ်ဂွါဒီယိုလာ ကိုယ်တိုင်ကလည်း ၂၀၁၁မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ရခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု ဝေးကွာနေတဲ့ ဒီဆုဖလားကြီးကို ပစ်မှတ်ထားပေမယ့် ဥရောပရဲ့ အကောင်းဆုံး အသင်းတွေကြား လုရမှာဖြစ်သလို စပိန်ကလပ်တွေရဲ့ တစ်ကျော့ပြန်လာနိုင်ဖို့ ရှိလို့ ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ပိုပြီး အကြိတ်အနယ် ရှိမှာတော့ သေချာပါတယ်။

အအောင်မြင်ဆုံး အသင်းများ

၁) ရီးယဲယ်မက်ဒရစ် ( စပိန်) - ၁၃ကြိမ်

၂) အေစီမီလန် ( အီတလီ) - ရကြိမ်

၃) လီဗာပူးလ် ( အင်္ဂလန်) - ၆ကြိမ်

၄) ဘိုင်ယန်မြူးနစ် ( ဂျာမနီ) - ၅ကြိမ်

၅) ဘာစီလိုနာ ( စပိန်) - ၅ကြိမ်

၆) အားယက်စ် ( နယ်သာလန်) - ၄ကြိမ်

၇) အင်တာမီလန် ( အီတလီ) - ၃ကြိမ်

၈) မန်ချက်စတာယူနိုက်တက် ( အင်္ဂလန်) - ၃ကြိမ်

၉) ဂျူဗင်တပ်စ် ( အီတလီ) - ၂ကြိမ်

၁၀) ဘင်ဖီကာ ( ပေါ်တူဂီ) - ၂ကြိမ်

၁၁) နော့တင်ဟမ်ဖောရက်စ် ( အင်္ဂလန် ) - ၂ကြိမ်

၁၂) ပေါ်တို ( ပေါ်တူဂီ) - ၂ကြိမ်

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရော်နယ်လ်ဒိုဟာ ပြိုင်ပွဲသမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းထားသူပါ

သမိုင်းတစ်လျောက် ဂိုးအများဆုံး သွင်းထားသူများ

၁) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၁၂၆ဂိုး

၂) မက်ဆီ ( အာဂျင်တီးနား) - ၁၁၂ဂိုး

၃) ရာအူးလ် ( စပိန်) - ၇၁ဂိုး

၄) ဘန်ဇီမာ ( ပြင်သစ်) - ၆ဝဂိုး

၅) နစ္စတယ်ရွိုင်း ( နယ်သာလန်) - ၅၆ဂိုး

၆) လီဝန်ဒေါ်စကီး ( ပိုလန်) - ၅၃ဂိုး

၇) အွန်နရီ ( ပြင်သစ်) - ၅ဝဂိုး

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၅ နောက်ပိုင်း ချန်ပီယံလိဂ်ဖလားရဖို့ ပစ်မှတ်ထားနေတဲ့ မက်ဆီ

ပွဲအများဆုံး ကစားထားသူများ

၁) ကာစီလတ်စ် ( စပိန်) - ၁၇၇ပွဲ

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၁၆၂ပွဲ

၃) ဇာဗီ ( စပိန်) - ၁၅၁ပွဲ

၄) ရိုင်ယန်ဂစ် ( ဝေးလ်စ်) - ၁၄၅ပွဲ

၅) ရာအူးလ် ( စပိန်) - ၁၄၂ပွဲ

၆) မာလ်ဒီနီ ( အီတလီ) - ၁၃၅ပွဲ

၆) မက်ဆီ ( အာဂျင်တီးနား) - ၁၃၅ပွဲ

၈) အင်နီယေစတာ ( စပိန်) - ၁၃ဝပွဲ

၉) ဆီးဒေါ့ဖ် ( နယ်သာလန်) - ၁၂၅ပွဲ

၁၀) စခိုးလ် ( အင်္ဂလန်) - ၁၂၄ပွဲ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၂မှာ ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဖလားရအောင် ဉီးဆောင်ခဲ့တဲ့ လမ်းပတ်

နောက်ဆုံး ၁ဝနှစ် ချန်ပီယံများ

၂၀၁ဝ) အင်တာမီလန် ၂-၀ ဘိုင်ယန်မြူးနစ်

၂၀၁၁) ဘာစီလိုနာ ၃-၁ မန်ယူ

၂၀၁၂) ချယ်လ်ဆီး ၁-၁ ဘိုင်ယန်မြူးနစ် ( ပင်နယ်တီမှာ ချယ်လ်ဆီးနိုင်)

၂၀၁၃) ဘိုင်ယန်မြူးနစ် ၂-၁ ဒေ့ါမန်

၂၀၁၄) ရီးယဲယ်မက်ဒရစ် ၄-၁ အက်သလက်တီကိုမက်ဒရစ်

၂၀၁၅) ဘာစီလိုနာ ၃-၁ ဂျူဗင်တပ်စ်

၂၀၁၆) ရီးယဲယ်မက်ဒရစ် ၁-၁ အက်သလက်တီကိုမက်ဒရစ် ( ပင်နယ်တီမှာ ရီးယဲယ်နိုင်)

၂၀၁၇) ရီးယဲယ်မက်ဒရစ် ၄-၁ ဂျူဗင်တပ်စ်

၂၀၁၈) ရီးယဲယ်မက်ဒရစ် ၃-၁ လီဗာပူးလ်

၂၀၁၉) လီဗာပူးလ် ၂-၀ စပါး