မြင့်မားတဲ့ အပူချိန်တွေကြားက ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံရှစ်

ဓာတ်ပုံ ရင်းမြစ်, AFP
အရှေ့အလယ်ပိုင်းက ကာတာနိုင်ငံ၊ ဒိုဟာ မြို့မှာတော့ ၂၀၁၉ ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ရရက်နေ့ကနေ အောက်တိုဘာ ၆ရက်နေ့အထိ ကျင်းပနေပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀၉ နိုင်ငံက အားကစားသမားပေါင်း ၁၉၇၂ ယောက်အထိ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲဟာ ပြေးခုန်ပစ်ပြိုင်ပွဲ သမိုင်းတစ်လျောက် ၁၇ ကြိမ်မြောက် ကျင်းပတာလည်း ဖြစ်ပါတယ်။
ပြေးခုန်ပစ်ပြိုင်ပွဲသမိုင်း
ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ် IAAF ရဲ့ ပြေခုန်းပစ်ပြိုင်ကို ၁၉၈၃ခုနှစ်မှာ တရားဝင် စတင်ကျင်းပခဲ့တဲဖြစ်ပြီး ဖင်လန်နိုင်ငံက ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့ တာပါ။ အဲ့ဒီတုန်းက နိုင်ငံပေါင်း ၁၅၃ နိုင်ငံက အားကစားသမားပေါင်း ၁၃ဝဝကျော်အထိ ပါဝင်ခဲ့ပြီး အရှေ့ ဂျာမနီက ရွှေတံဆိပ် ၁ဝခုနဲ့ ပထမရခဲ့ပါတယ်။ အမေရိကန်က ဒုတိယ၊ ဆိုဗီယက်ယူနီယံက တတိယ ရခဲ့ပါတယ်။ ၂နှစ်တစ်ကြိမ် ကျင်းပလာခဲ့တဲ့ ဒီပြိုင်ပွဲမှာ အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၁၅၈ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၃၅၆ခုနဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ထိပ်ဆုံမှာ ရပ်တည်နေပါတယ်။ အမေရိကန်ရဲ့ နောက်မှာတော့ တာဝေး အပြေးချန်ပီယံတွေ ပေါများတဲ့ ကင်ညာနိုင်ငံက ဒုတိယ၊ ရုရှားက တတိယ အအောင်မြင်ဆုံး နိုင်ငံတွေလည်း ဖြစ်ပါတယ်။
၂၀၁၇ လန်ဒန် ပြိုင်ပွဲ
ပြီးခဲ့တဲ့ ၂၀၁၇ ပြိုင်ပွဲကိုတော့ လန်ဒန်မြို့က အိုလံပစ်ကွင်းကြီးထဲမှာ ပြုလုပ်ခဲ့ပြီး အမေရိကန်အသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ အမေရိကန်ဟာ တာတို အပြေးပြိုင်ပွဲတွေ ကနေ ရွှေတံဆိပ် ၆ခုအထိ ရခဲ့ပြီး အမျိုးသား၊ အမျိုးသမီ မီတာ ၁၀၀၊ အမျိုးသမီး မီတာ ၄ဝဝနဲ့ အခြားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ကြတာပါ။ ဂျမေကာရဲ့ ဂန္ထဝင်တာတို အပြေးချန်ပီယံ ယူစိန်ဘော့ရဲ့ နောက်ဆုံးပြိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး မီတာ ၁ဝဝမှာ တတိယသာ ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အမေရိကန် နာမည်ကျော် ဂျပ်စတန် ဂတ်လင်းက ချန်ပီယံဖြစ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၉ ပြိုင်ပွဲ
ကာတာနိုင်ငံ၊ ဒိုဟာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတဲ့ ပြေးခုန်ပစ် ပြိုင်ပွဲမှာတော့ ပရိသတ် ကြည့်ရှု့သူ အရမ်းနည်းခဲ့လို့ ကမ္ဘာ့တစ်ဝှမ်းလုံးက အားကစား ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရပါတယ်။ ပြေးခုန်ပစ်ပြိုင်ပွဲတွေရဲ့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲကိုပင် ကွင်းအတွင်း ထိုင်ခုံလွတ်တွေ များစွာရှိခဲ့သလို ပရိသတ်လည်း အရမ်းနည်းခဲ့တာပါ။ ဒါ့အပြင် အရမ်းပူလွန်တဲ့ ကာတာနိုင်ငံမှာ ညနေဖက်ပိုင်း ကိုပင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေလို့ ပရိသတ်တွေ အားပေးဖို့ ခက်ခဲတဲ့ အနေထားတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
သေချာပြင်ဆင်ထားတဲ့ အအေးပေးစနစ်
ဒိုဟာမှာ ပြုလုပ်နေတဲ့ အားကစားပြိုင်ပွဲတွေအတွက် အဓိက ကျင်းပတဲ့ ခါလီဖာ အိုလံပစ်ကွင်းကြီးမှာတော့ အားကစားသမားတွေနဲ့ ပရိသတ်တွေအတွက် အပူချိန်လျော့ချဖို့ကို သေချာပြင်ဆင်ထားပါတယ်။ ညနေ ၆နာရီ အပြင်ဖက်မှာ အပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိပေမယ့် ခါလီဖာ ကွင်းကြီးထဲမှာတော့ သေချာပြုလုပ်ထားတဲ့ လေအေးပေးစနစ်တွေကြောင့် အပူချိန် ၂၅ ဒီဂရီအထိသာရှိပါတယ်။ ပြေးလမ်းကြောင်း တစ်လျောက်မှာ လေအေးပေးမယ့် ပိုက်တွေကို တတ်ဆင်ထားသလို ပရိသတ်တွေကြည့် တဲ့ ထိုင်ခုံတွေအောက်မှာလည်း ပန်ကာ အသေးလေးတွေကို တတ်ဆင်ပေးထားပါတယ်။ ဒီလိုသေချာပြင်ဆင်ထားပြီး အအေးလျော့ချ ထားခဲ့ပေမယ့် ပရိသတ် အားပေးမှုအပိုင်းက တော့ စိတ်ပျက်စရာဖြစ်နေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
အမျိုးသမီး မာရသွန်
အပူချိန် အရမ်းမြင့်လွန်းတာကြောင့် အမျိုးသမီး မာရသွန်ပြိုင်ပွဲဆိုရင် ဒေသစံ တော်ချန် ည ၁၂နာရီမှာ စတင်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး ကင်ညာက Ruth Chepngetich ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အမျိုးသမီး ၆၉ယောက်အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး တာထွက်ချိန်မှာ အပူချိန် ၃ဝ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။ Ruth Chepngetich ဟာ ပန်းဝင်ချိန်မှာ နံနက် ၂နာရီ ခွဲကျော်ရှိနေပြီဖြစ်ပြီး စံချိန် ၂နာရီ ၃၂မိနစ်နဲ့ ရွှေတံဆိပ် ရခဲ့တာပါ။ ၂၀၁ရခုနှစ် လက်ရှိ ချန်ပီယံ ဘာရိန်းက ရို့စ် ချီလီမိုက ဒုတိယသာ ရခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမား မီတာ ၁၀၀
ပြီးခဲ့တဲ့ ၁၂လအတွင်း တားမြစ်ဆေး စစ်ဖို့ ၃ကြိမ်အထိ ပျက်ကွက်ခဲ့ သူ အသက် ၂၃နှစ် အရွယ် အမေရိကန်နိုင်ငံသား တာတိုချန်ပီယံ ခရစ္စတီယန် ကိုးလ်မန် က ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဂျပ်စတန် ဂတ်လင်းရဲ့ နောက်မှာ ဒုတိယရခဲ့တဲ့ ကိုးလ်မန်ဟာ အမြန်ဆုံးပြေးနိုင်ခဲ့ပြီး စံချိန် ၉.၇၆ စက္ကန့်နဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့တာပါ။ ၃၇ နှစ် အရွယ်ရှိတဲ့ လက်ရှိ ချန်ပီယံ ဂျပ်စတန် ဂတ်လင်းကတော့ ၉.၈၉ စက္ကန့်နဲ့ ဒုတိယရခဲ့ပြီး ပြီးခဲ့တဲ့ အိုလံပစ်မှာ တတိယရခဲ့တဲ့ ကနေဒါ နိုင်ငံသား ဒီဂရက်စီက ၉.၉၀ စက္ကန့်နဲ့ တတိယရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Sport
ဒုတိယအနေ့အပြီး
ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ဒုတိယနေ့အပြီးအထိ အမေရိကန်က မီတာ ၁၀၀ မှာ ကိုလ်းမန်၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲမှာ ဒီအန်နာ ပရိုက်တို့ ချန်ပီယံဖြစ်ခဲ့ကြပါတယ်။ အမျိုးသမီး ၅၀ ကီလို လမ်းလျောက်ပြိုင်ပွဲမှာ တရုတ်က Liang Rui ချန်ပီယံဖြစ်ပြီး အမျိုးသမီး ၁ သောင်းမှာ နယ်သာလန်က ဆီဖန် ဟတ်ဆန် ဗိုလ်စွဲပါတယ်။ အမျိုးသား ၅၀ ကီလို လမ်းလျောက်ပြိုင်ပွဲမှာ ဂျပန်က ယူဆူကီ ဆူဇူကီး ချန်ပီယံဖြစ်ခဲ့ပြီး အလျားခုန်ပြိုင်ပွဲမှာ ဂျမေကာက တာဂျေ ဂေးလ် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အအောင်မြင်ဆုံး နိုင်ငံများ
၁) အမေရိကန် - ရွှေ ၁၅၈၊ ငွေ ၁၀၈၊ ကြေး ၉၀ ( စုစုပေါင်း ၃၅၆ခု)
၂) ကင်ညာ - ရွှေ ၅၆၊ ငွေ ၄၈၊ ကြေး ၃၈ ( စုစုပေါင်း ၁၄၂ခု)
၃) ရုရှား - ရွှေ ၄၃၊ ငွေ ၅၂၊ ကြေး ၄၈ ( စုစုပေါင်း ၁၄၃ခု)
၄) ဂျာမနီ - ရွှေ ၃၆၊ ငွေ ၃၆၊ ကြေး ၄၃ ( စုစုပေါင်း ၁၁၅ခု)
၅) ဂျမေကာ - ရွှေ ၃၃၊ ငွေ ၄၄၊ ကြေး ၃၉ ( စုစုပေါင်း ၁၁၆ခု)
၆) ဂရိတ်ဗြိတိန် - ရွှေ ၂၈၊ ငွေ ၃၃၊ ကြေး ၃၈ ( စုစုပေါင်း ၉၉ခု)
၂၀၁၉ ဆုတံဆပ် ရပ်တည်မှု
၁) အမေရိကန် - ရွှေ ၂၊ ငွေ ၂၊ ကြေး ၀
၂) တရုတ် - ရွှေ ၁၊ ငွေ ၁၊ ကြေး ၁
၃) ကင်ညာ - ရွှေ ၁၊ ငွေ ၀၊ ကြေး ၁
၄) ဂျမေကာ - ရွှေ ၁၊ ငွေ ၀၊ ကြေး ၀
၄) ဂျပန် - ရွှေ ၁၊ ငွေ ၀၊ ကြေး ၀
၄) နယ်သာလန် - ရွှေ ၁၊ ငွေ ၀၊ ကြေး ၀








