တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်၊ကျောက်ဖြူက တောင်မော်ဦးရေတပ်စခန်းကို အေအေထိုးစစ်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ် ကျောက်ဖြူမြို့နယ်ထဲက တောင်မော်ဦး ရေတပ်စခန်းကို အာရက္ခတပ်တော်(အေအေ) က ဒီနေ့ ဇွန်လ ၈ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေကို အေအေ က ဇွန်လ ပထမသီတင်းပတ်အတွင်း အေအေက ထိန်းချုပ်လိုက်ပြီးနောက်မှာပဲ ရေတပ်စခန်းကို ထိုးစစ်ဆင်နေတာလို့ သူကဆက် ပြောပါတယ်။
အေအေက ပြီးခဲ့တဲ့ မေလကတည်းက ထိုးစစ်ဆင်နေခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ကျောက်ဖြူ၊ တောင်မော်ဦးရေတပ်အနီး တိုက်ပွဲပြင်းထန်နေတဲ့ ဇွန်လ ပထမပတ်ကစပြီး တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်က ရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းဟာ မဒေးကျွန်းနှင့် စနဲမြို့ကြားမှာရှိပြီး မဒေးကျွန်းကတော့ ကျောက်ဖြူရေနက်စီမံကိန်းဖြစ်တဲ့ ရေနံတင်သင်္ဘောတွေ ဆိုက်ကပ်တဲ့ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်တွေအပြင် တရုတ်ရေနံပိုက်လိုင်းကုမ္ပဏီများ အခြေစိုက်ရာနေရာတစ်ခုဖြစ်ပါတယ်။
ကျောက်ဖြူမြို့ပေါ်နဲ့ တောင်မော်ဦးရေတပ်စခန်းဟာ မိုင် ၄၀ ဝန်းကျင်ကွာဝေးပါတယ်။
အာရက္ခတပ်တော်(အေအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ ကျောက်ဖြူမြို့အပါအဝင် ရခိုင်က ကျန်နေတဲ့ မြို့ ၃ မြို့ကို ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာ အပြီးသတ် သိမ်းနိုင်အောင်လုပ်မယ်လို့ ဒီပလိုမက် သတင်းဌာနနဲ့ မေလတုန်းက မေးမြန်းခန်းမှာ ထုတ်ပြောထားပါတယ်။
အလားတူ ကျောက်ဖြူအနီးက ရမ်းဗြဲမြို့နယ်ထဲကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ရက်ဆက်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
ဇွန်လ ၅ ရက်က စစ်တပ်က ဒရုန်းနဲ့ ကြဲလိုက်တဲ့ ဗုံးဟာ ရမ်းဗြဲ၊ လေးတောင်မြို့ပေါ်က အမှတ် ၂ တောလယ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရမ်းဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။
ဇွန်လ ၁ ရက်တုန်းကလည်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲ၊ ကြောက်ချတွင်းရွာက အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ တောင်မော်ဦးရေတပ်စခန်းတိုက်ပွဲနဲ့ ပတ်သက်လို့ ဇွန်လ ၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။








