မတ္တရာနားက ရွှေကြောကို အန္တရာယ်များလို့ လုပ်ခွင့်ပိတ်

ရေးသားခဲ့သည်။

မတ္တရာမြို့နယ်ထဲက ကင်းရွာ အရှေ့ဘက်မှာ ရှိတဲ့ ဒေသခံတွေ တူးနေတဲ့ ရွှေကြောကို လုပ်ငန်းခွင် ပြိုကျနိုင်တဲ့ အန္တရာယ်ရှိလို့ သက်ဆိုင်ရာက ပိတ်လိုက်ပြီလို့ အဲဒီနေရာကို သွားစစ်ဆေးခဲ့ မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ဘီဘီစီကို ပြောပါတယ်။

"ကျောက်တောင်ကို ကလိုင်ဖောက်ပြီးတူးနေကြတာ။ ပြိုကျနိုင်တဲ့ အန္တရာယ်ရှိလို့ တူးနေတဲ့ ရွာကအဖွဲ့တွေကို သတိပေးပြီး သတ္တုတွင်း ညွှန်မှူးလည်းပါတယ်၊ ခံဝန်ထိုးခိုင်းပြီး ပိတ်လိုက်တာ။ နိုဝင်ဘာ ၁၂ ရက်နေ့ မှာ သတိပေးဗီနိုင်းစာတွေ ကပ်ပါမယ်"လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ လာပြီးတူးနေတယ်ဆိုတာကို တွေ့ခဲ့တာမရှိဘူးလို့လည်း ဦးမင်းမင်းက ပြောပါတယ်။

အဲဒီရွှေကြောနဲ့ အနီးတဝိုက်မှာရှိတဲ့ ကျောက်တံတားရွာခံ ကိုဒေါင်းလန်း ပြောတာကတော့ တရုတ်နိုင်ငံသားတချို့ လာတူးနေတာ ရှိပြီး ရွာခံတွေလည်း တူးနေတာရှိတယ်လို့လည်း ဘီဘီစီကို ပြောပါတယ် ။

ရွှေကြောက ဘယ်နားမှာလဲ

မန္တလေးမြို့ မြောက်ဘက် မတ္တရာလမ်းကြောအတိုင်း သွားလိုက်ရင် လမ်းတဝက်လောက်မှာ ကျောက်တံတားရွာဆိုတာရှိပါတယ်။ အဲဒီကနေဆက်သွားရင် ကင်းရွာကို ရောက်ပါတယ်

ကင်းရွာကနေတောင်ဘက်ကိုသွားရင် မိနစ်ပိုင်းလောက်ဆိုရင် ရွှေကြောကိုရောက်ပါတယ်။

ကျောက်တံတား ရွာသား ကိုဒေါင်းလန်းက ဒီရွှေကြောဟာ ၂၀၁၃ လောက်ကတည်းက စတင်တွေ့ခဲ့တဲ့ ရွှေကြောဖြစ်ပြီး ရွာသားတွေ တစ်နိုင်တစ်ပိုင်တူးနေကြတာဖြစ်ကြောင်းနဲ့ စီးပွားဖြစ်ရတယ် ဆိုတာမျိုး မကြားဖူးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီရွှေကြောမှာ ရွှေတူးသူတွေ လာတူးလိုက် ပြန်သွားလိုက်နဲ့ ဖြစ်ပြီး စီးပွားဖြစ်ရတယ်လို့ မကြားကြောင်းနဲ့ ဒီနယ်ထဲက ရွှေကြောတွေ လုပ်ပိုင်ခွင့်တွေ ပိတ်ထားလို့ တချို့ လာစမ်းပြီး တူးနေကြတာလို့လည်း ကိုဒေါင်းလန်းက ပြောပါတယ်။

ဘယ်လိုတူးကြတာလဲ

ဒေသခံတွေ လက်ရှိတူးနေတာတွေက အစိုးရဆီကို တရားဝင်လုပ်ကွက် လျှောက်ပြီး တူးတာတော့ မဟုတ်သေးပါဘူး။

နိုဝင်ဘာလ ၁၁ ရက်နေ့ က အဲဒီရွှေကြောနားမှာရှိတဲ့ ကင်းရွာကိုရောက်ခဲ့တဲ့ မတ္တရာမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကတော့ ဒေသခံတွေ တူးချင်ရင် လိုင်စင်လျှောက်ပြီး စနစ်တကျ တူးဖို့ ပြောဆိုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အဲဒီမှာ တရုတ်တွေ ဝင်တူးနေတာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့ တက်လာခဲ့လို့ ဒေသအာဏာပိုင်တွေဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ သွားရောက်ပြီး စစ်ကြတာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကတော့ တရုတ်တွေတူးတာ မတွေ့ရကြောင်းနဲ့ ဒေသခံတွေက အဲဒီက ရွှေတူးလုပ်ငန်းခွင်ကို ရွာခံတွေက နေ့စားနဲ့ ဝင်တူးနေတာ တွေ့ရတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

တရုတ်တွေကို ဘယ်လိုကြောင့်တွေ့ရတာလဲ

တရုတ်တွေကို ရွှေကြောနားမှာတွေ့တာနဲ့ ပတ်သက်လို့က အဲဒီနားမှာ ဂေါ့ဘရားသားလို့ခေါ်တဲ့ ထုံးကျောက် အလှဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အဲဒီမှာ တရုတ်တွေ အဝင်အထွက်ရှိသလို မန္တလေးဘက်က တရုတ်တွေ ရောက်ပြီးလာတူးတာ ဖြစ်နိုင်တယ်လို့လည်း ကျောက်တံတား ရွာသားကို ဒေါင်းလန်းက ပြောပါတယ်။

အခုနှစ်တွေမှာ ရွှေတောလုပ်ကွက်တွေ ရပ်ထားတာကြောင့် ဒီနေရာကို ရွှေ့ပြောင်းရောက်လာကြတာ ဖြစ်နိုင်ပြီးတော့ ၂၀၁၉ ထဲမှာ အရင်ထက် ပိုများလာတယ်လို့လည်း ကိုဒေါင်းလန်းက ပြောပါတယ် ။

အခုရွှေထွက်တဲ့နေရာဟာ ကျောက်တွေကို ကျိတ်ပြီး အင်ဝိုင်းနဲ့လှည့် ပြဒါးနဲ့ ဖမ်းရတဲ့ ရွှေမျိုးမဟုတ်ဘဲ ကျောက်တွေကို ကျိတ်ပြီး ချက်ကန်ထဲမှာ ထည့်ချက်ရတဲ့ရွှေ အမျိုးစားဖြစ်တာကြောင့် ရွှေသမားတွေ သိပ်မကြိုက်ကြဘူးလို့လည်း ကိုဒေါင်းလန်းက ပြောပါတယ်။

ဘယ်လိုကြောင့်ပိတ်တာလဲ

အဲဒီရွှေကြောကို ရောက်ခဲ့တဲ့သူတွေ အပြောအရ အခုတူးတာက မြေကြီးအောက်ကို ဒေါင်လိုက် ဖောက်တူးနေတာမျိုး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကတော့ ကလိုင်ပေါက်ဖောက်ပြီး တူးနေကြတာမျိုးဖြစ်တယ်လို့လည်းဘီဘီစီကို ပြောပါတယ်။

"ရွာကလူတွေက အဲဒီကျောက်နဲ့ရောနေတဲ့ မြေကို ထော်လာဂျီတစ်စီးကို ငါးသောင်း ခြောက်သောင်းနဲ့ တူးပြီး ရောင်းနေကြတယ်၊ အဲဒီတူးတဲ့နေရာက ကျွန်တော်တို့ ဝင်တဲ့ အခါ ဖျောကနဲ ဖျောကနဲ့ ကျနေလို့ တားလိုက်တာ၊ မြေကြီးက ခိုင်တဲ့မြေကြီးမဟုတ်လို့ တားရတာပါ" လို့လည်း မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။