ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရွေးကောက်ပွဲ - အကြိတ်အနယ်ပြည်နယ်တွေနဲ့ စာတိုက်မဲတွေ အရေးပါလာ

အမေရိကန်ရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၄၁ ပြည်နယ် ရလဒ်အပြီး

    ကျန်နေသေးတဲ့ ပြည်နယ်တွေနဲ့ အဲဒီမှာ စာတိုက်မဲတွေလည်း ရေတွက်ဖို့လိုနေပါသေးတယ်။ ဒါကြောင့် နောက်ဆုံး ရလဒ်အတိအကျသိရဖို့ကတော့ အချိန်ကြာနိုင်ပါသေးတယ်။

  2. မဲရလဒ်ပြမြေပုံ

    အပြာရင့်က ဒီမိုကရက် ဂျိုးဘိုင်ဒန်အနိုင်ရတဲ့နေရာတွေပါ။အပြာနုကတော့ ရလဒ်အတိအကျမထွက်သေးပေမဲ့ ဘိုင်ဒန်နိုင်နိုင်တဲ့ ဒါမှမဟုတ် ရှေ့ကပြေးနေတဲ့ ပြည်နယ်တွေပါ။ အဲဒီထဲမှာ အရီဇိုးနား၊ နီဗားဒါးနဲ့ မိန်းတို့ ပါပါတယ်။

    အနီရင့်ကတော့ သမ္မတထရမ့် နိုင်တဲ့ ပြည်နနယ်တွေပါ။ ပန်းရောင်ကတော့ သူ နိုင်နိုင်တဲ့ ပြည်နယ်တါေပါ။ အဲဒီထဲမှာ ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ မီရှီဂန်နဲ့ ဝစ္စကွန်ဆင်တို့ပါပါတယ်။ စုစုပေါင်း မဲ ၂၇၀ ရသူက သမ္မတအဖြစ် အရွေးခံရမှာပါ။ အခုအထိတော့ ရလဒ်က တစ်ဘက်နဲ့ တစ်ဘက် မပြတ်ပဲ သိပ်ကို ကပ်နေပါသေးတယ်။

  3. လမ်းတွေပေါ်က ဆန္ဒပြပွဲတွေ

    မဲရလဒ်တချို့ထွက်လာပြီး တချို့ ပြည်နယ်တွေရဲ့ မဲတွေ ရေတွက်နေဆဲအချိန်မှာပဲ ဝါရှင်တန်ဒီစီနဲ့ တခြားနေရာတချို့မှာတော့ သမ္မတထရမ့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

    ဝါရှင်တန်က လမ်းတွေပေါ်မှာ ရာချီတဲ့ လူအုပ်က ကြွေးကြော်ပြီး ချီတက်ခဲ့ကြလို့ လမ်းပိတ်ဆို့မှုတချို့ ဖြစ်ခဲ့ပါတယ်။ "ငါတို့ တရားမျှတမှုမရရင် မင်းတို့လည်းအေးအေးဆေးဆေး မနေရဘူး" ဆိုပြီး တချို့က ကြွေးကြော်ခဲ့ပါတယ်။

    ဆန္ဒပြပွဲတွေဟာ အများအားဖြင့် အေးချမ်းပေမဲ့ အိမ်ဖြူတော်ရှေ့မှာတော့ ရုန်းရင်းဆန်ခတ်တွန်းထိုးမှုတွေ ရှိခဲ့ပြီး လူသုံးယောက်အဖမ်းခံရတယ်လို့ NBC Washington သတင်းဌာနက ခရစ္စတီနာ ရုဖီနီက ဆိုပါတယ်။လော့စ်အိန်ဂျလိစ်၊ပို့တ်လန်း၊ နယူးယောက်စီတီတို့မှာလည်း ကြိုကြားကြိုကြား ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

  4. တရားရုံးချုပ်အထိ တက်မယ်လို့ ထရမ့်ပြော

    ရွေးကောက်ပွဲမှာ မဲ သန်းပေါင်းများစွာ ရေတွက်ဖို့ ကျန်နေသေးချိန်မှာပဲ သမ္မတထရမ့်က သူ အနိုင်ရတယ်လို့ ဆိုလိုက်ပြီး အခု ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒီအချက်ကတော့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာ မရှိပါဘူး။

    ဒါဟာ နိုင်ငံအတွက် ရှက်စရာဖြစ်တယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တရားရုံးချုပ်ကိုတက်ပြီး အဆုံးအဖြတ်ခံဖို့လည်း အစီအစဉ်ရှိတယ်လို့ မစ္စတာထရမ့်က ပြောပါတယ်။

    မဲတွေ အများကြီး ရေတွက်ဖို့ ကျန်နေသေးတဲ့အတွက် အခုအချိန်မှာ သမ္မတက သူ အနိုင်ရပြီလို့ ပြောတာတရားဝင်လည်း မဟုတ်ပါဘူး။

  5. အိမ်ဖြူတော်ကနေ ထရမ့်စကားပြော

    သမ္မတထရမ့်ဟာ သူ့ကို ထောက်ခံသူတွေကို ကျေးဇူးတင်စကား အိမ်ဖြူတော်ကနေ စကားပြောခဲ့ပါတယ်။

    သူက အောင်ပွဲခံဖို့ အဆင်သင့်ဖြစ်နေပြီ။ သူအနေနဲ့ ကြီးကြီးမားမားအနိုင်ရနေတယ်လို့ ပြောပါတယ်။ ဖလော်ရီဒါမှာ သူနိုင်သွားတာကို ညွှန်းဆိုပြီး နိုင်ရုံနိုင်တာမဟုတ်ဘူး၊ အများကြီး ပြတ်ပြတ်သားသားကို နိုင်တာလို့ ပြောပါတယ်။ ပင်ဆယ်ဗေးနီးယားမှာလည်း သူနိုင်နေတယ်လို့ ဆိုပေမဲ့ ဂျိုးဘိုင်ဒန်ကလည်းသူ အဲဒီမှာ နိုင်နေတယ်လို့ ပြောထားပါတယ်။ ဘယ်သူ နိုင်မယ်ဆိုတာ အတိအကျ ထွက်လာတာမျိုးတော့ မရှိသေးပါဘူး။

  6. အာရှစျေးကွက်မှာ ဒေါ်လာပြန်ခိုင်လာ

    အစောပိုင်းစျေးကွက်စဖွင့်ချိန်မှာ ဒေါ်လာစျေးကျသယောင်ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်တက်လာခဲ့တယ်လို့ စင်္ကာပူကဘီဘီစီစီးပွားရေးသတင်းထောက်ကရစ်ရှ်မာဗာဆွာနီကပြောပါတယ်။အစောပိုင်းမှာဂျိုးဘိုင်ဒန်ပဲနိုင်သွားတော့မယ်ဆိုတဲ့ထင်ကြေးနဲ့စျေးကွက်ကိုစဖွင့်ပြီးအခုတော့ရလဒ်အဖြေဟာမပြတ်သားသေးဘူးဆိုတာ သိလာရတာရယ်၊ ထရမ့်ဘက်က မဲတွေ ပြန်တက်လာတာရယ်ကြောင့် ဒေါ်လာစျေးပြန်တက်လာတာလို့ ဆိုပါတယ်။

  7. မဲလိမ်မှုတွေ ရှိတယ်လို့ ပြောနေမှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုသလဲ

    ရွေးကောက်ပွဲကို ခိုးဖို့ လူတွေ ကြိုးစားနေတယ်ဆိုပြီး ထရမ့်က သူ့ရဲ့ တွစ်တာပေါ်ကနေ ယောင်ဝါးဝါး ပို့စ်တစ်ခု အခုလေးတင် တင်ခဲ့ပါတယ်။ အထောက်အထားနဲ့ ပြတာမျိုး မရှိပေမဲ့ သူက “ မဲရုံပိတ်ပြီးမှမဲတွေပေးလို့မရပါဘူး” လို့ထရမ့်ကရေးထားပါတယ်။

    ဒါပေမဲ့ အခုနှစ်မှာ ကပ်ရောဂါကြီးကြောင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု တချို့ ရှိခဲ့ပြီး စာတိုက်ကနေ မဲထည့်သူ ပိုများခဲ့တာကြောင့် မဲရေတွက်မှုက ပိုကြာမှာ ဖြစ်ပါတယ်။

    နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့် လေ့လာချက် အများအပြားအရ သီးခြားအမှု တချို့တလေ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ မဲလိမ်မှုက အတော်လေး နည်းတယ်လို့ သိရပါတယ်။

    မဲလိမ်မှု ရှိသလားဆိုတဲ့ ဒီမေးခွန်းတွေနဲ့ စာတိုက်ကနေ မဲထည့်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ Reality Check အချက်အလက် စိစစ်ရှာဖွေရေးအဖွဲ့က လေ့လာစိစစ်ခဲ့ရာမှာ သမ္မတထရမ့်ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ တင်တဲ့ ပို့စ် ၇၀ ကျော်မှာ စာတိုက်ကနေ မဲထည့်တာအပေါ် သင်္ကာမကင်းတာတွေ၊ ဝေဖန်တာတွေ ရေးထားသလို မဲလိမ်မှုအကြောင်း ထည့်ရေးထားတာမျိုး ဒါမှမဟုတ် မဲရလဒ် အကွက်ဆင်မှုအကြောင်း ကိုးကားရေးထားတာမျိုးတွေ တွေ့ရပါတယ်။

  8. ထရမ့်တွိ ကို သတိထားဖို့ တွစ်တာပြော

    သမ္မတထရမ့်က သူတို့ဘက်က အများကြီးတက်လာနေတယ်၊ ဒါပေမဲ့ တစ်ဘက်က ရွေးကောက်ပွဲကို “ခိုးဖို့” ကြိုးစားနေတယ်ဆိုပြီး ရေးတင်ခဲ့တဲ့ ပို့စ်နဲ့ပတ်သက်ပြီး တွစ်တာကလည်း အဲဒီပို့စ်မှာ လူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရှာပြီးကြည့်ကြပါဆိုတဲ့ မှတ်ချက်ကို တွဲတင်ခဲ့ပါတယ်။ ထရမ့်ဟာ မဲဆွယ်ကာလတစ်လျှောက်မှာလည်း တစ်ဘက်က မဲခိုးဖို့လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အထောက်အထားမရှိဘဲ ပြောခဲ့ဖူးပါတယ်။ အခုတော့ မစ္စတာထရမ့်က တစ်ဘက်က ရွေးကောက်ပွဲကို ခိုးဖို့လုပ်နေတာ သူတို့ခွင့်မပြုနိုင်ဘူး။ မဲရုံတွေပိတ်ပြီးမှ မဲပေးနေတယ်ဆိုတာ လုပ်လို့မရဘူးလို့ ရေးတင်ထားတာပါ။ ပြိုင်ဘက် ဂျိုးဘိုင်ဒန်က ဒယ်လာဝဲမှာ စကားပြေနေပြီး ထရမ့်လည်း မကြာခင် စကားပြောဖို့ရှိတယ်လို့ သိရပါတယ်။

  9. စာတိုက်ကနေ ထည့်တဲ့မဲတွေကြောင့် မဲရလဒ် နှောင့်နှေးနိုင်သလား

    စာတိုက်ကနေ မဲထည့်တဲ့အကြောင်း အခုနှစ်မှာ အတော်များများ ကြားကြရမှာပါ။

    စာတိုက်ကနေ မဲထည့်တာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းက ဆန္ဒမဲ စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံဟာ စာတိုက်ကနေ မဲပေးခဲ့ကြတာပါ။ ဒါပေမဲ့ ကိုဗစ်-၁၉ရောဂါကူးမှာကိုစိုးရိမ်ကြတဲ့အမေရိကန်ပြည်သူအတော်များများကြောင့်စာတိုက်ကနေမဲပေးတာတွေအခုနှစ်မှာ ပိုများခဲ့ပါတယ်။

    ပြည်နယ်တချို့မှာ စာတိုက်ကထည့်တဲ့မဲတွေ ရောက်လာလာချင်းမှာပဲ စရေတွက်ခဲ့ကြပါတယ်။ တချို့ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲရေဖို့ အချိန်ကာလတစ်ခု သတ်မှတ်ခဲ့ကြပြီး တချို့ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲနေ့ မရောက်မချင်း မဲရေတွက်တာမျိုး မလုပ်ခဲ့ကြပါဘူး။

    မဲရလဒ် ပြောင်းသွားနိုင်တဲ့ ပြည်နယ်တွေမှာတော့ ဒီလို စာတိုက်က ထည့်တဲ့ မဲတွေကို အစိစစ်ဆုံး စောင့်ကြည့်နေခဲ့တာပါ။ ဘိုင်ဒန်ရော ထရမ့်ပါ ပစ်မှတ်ထား အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင် ပြည်နယ် နှစ်ခုမှာ ရွေးကောက်ပွဲနေ့မှာမှ မဲတွေ စရေတွက်ခဲ့ပါတယ်။ စာတိုက်ထည့်တဲ့ မဲတွေကို ရေတွက်ရတာဟာ လူကိုယ်တိုင်ထည့်တဲ့ မဲတွေကို ရေတွက်ရတာထက် ပိုကြာပါတယ်။

  10. ဒယ်လာဝဲမှာ ဘိုင်ဒန် မကြာခင် မိန့်ခွန်းပြောတော့မယ်

    ဒီမိုကရက်သမ္မတလောင်းဂျို;ဘိုင်ဒန်ဟာမကြာခင်မိနစ်ပိုင်းအတွင်းမှာပဲဒယ်လာဝဲပြည်နယ်ဝေလ်မင်တန်မြို့မှာမိန့်ခွန်းပြောမယ်လို့မျှော်လင့်ရပါတယ်။

    မဲရလဒ်တွေကို ထဲထဲဝင်ဝင် စစ်ဆေးနေဆဲ ဖြစ်ပြီး အကြိတ်အနယ်ပြိုင်ရမယ့်ပြည်နယ်အတော်များများမှာ မဲရလဒ်အနိုင်အရှုံးဆုံးဖြတ်ဖို့လိုနေဆဲဖြစ်တာမို့ ဘိုင်ဒန်အနေနဲ့ ရွေးကောက်ပွဲနိုင်သွားပြီ ဒါမှမဟုတ်ရှုံးသွားပြီလို့ ထုတ်ဖော်ကြေညာမယ့်ပုံမရှိပါဘူး။

    ထရမ့်ကလည်းဒီညမှာပဲမိန့်ခွန်းပုံစံမျိုးတစ်ခုခုပြောမယ့်ပုံရှိနေပါတယ်။သမ္မတထရမ့်ဟာ အိမ်ဖြူတော်မှာလူ ၄၀၀ လောက်ဖိတ်ပြီး မဲရလဒ်စောင့်ကြည့်တဲ့ပါတီပွဲတစ်ခုဆင်နွှဲဖို့စီစဉ်ထားပါတယ်။

  11. အများထင်ထားတာထက် ဒီရွေးကောက်ပွဲမှာ မဲမကွာမှုတွေ ပိုရှိနိုင်

    ဒီရွေးကောက်ပွဲဟာ လူအတော်များများ ထင်ထားတာထက် မဲမကွာမှုတွေ ပိုဖြစ်နိုင်တယ်လို့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်း ဘရိုင်ယန် လန်ဇာ က ဘီဘီစီကို ပြောပါတယ်။

    ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဖလော်ရီဒါပြည်နယ် တစ်ခုတည်းကပဲ အဆုံးအဖြတ် ပေးသွားခဲ့တာ ဖြစ်ပေမဲ့ အခုဒီရွေးကောက်ပွဲမှာတော့ ပြည်နယ် ၅ ခုက အဆုံးအဖြတ် ပေးကောင်း ပေးနိုင်တယ်လို့ ဆိုပါတယ်။

    “မဲတွေ ကွာမှာမဟုတ်ဘူးလို့ အကဲခတ်တွေနဲ့ စစ်တမ်းကောက်သူတွေ ပြောနေတာထက်တောင် အများကြီး ပိုပြီး သူမသာ၊ ကိုယ်မသာ အခြေအနေမျိုး တွေ့နေရပါတယ်။ ဒါကလည်း အံ့သြစရာ မဟုတ်ပါဘူး”လို့သူကပြောပါတယ်။

    “ဒီရွေးကောက်ပွဲဟာ ထရမ့် မဲဆွယ်စည်းရုံးရေးအဖွဲ့အတွက် အာဘောင်အာရင်းသန်သန် ပြောနေတာတွေ ဘေးဖယ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကို တကယ့်ကို အာရုံစိုက်လုပ်ရမယ့် ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။”

  12. အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်တွေအတွက် ခန့်မှန်းချက်တွေ

    သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၅၅ မဲ ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အတွက် နိုင်ခြေ ခန့်မှန်းချက်တွေ ထွက်လာပါပြီ။ အများမျှော်လင့်ထားကြတဲ့အတိုင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ဂျိုးဘိုင်ဒန် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပြည်နယ်ဟာ တချိန်က ရီပတ်ဘလီကန်ပါတီ အမာခံ ပြည်နယ် ဖြစ်ခဲ့ပေမဲ့ ၁၉၉၂ ခုနှစ်ကတည်းကစလို့ ဒီမိုကရက်တွေကိုပဲ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

    အော်ရီဂွန်နဲ့ ဝါရှင်တန် ပြည်နယ် နှစ်ခုစလုံးကလည်း ဘိုင်ဒန်ကိုပဲ ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ ခန့်မှန်းပါတယ်။

    အော်ရီဂွန်ပြည်နယ်ဟာ ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရက်တွေကို မဲပေးခဲ့ကြတာပါ။ အော်ရီဂွန်ပြည်နယ်ဟာ အခုနှစ်မှာ ရဲတွေကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားခဲ့ရာ နေရာ ဖြစ်ပြီး ဒီကိစ္စဟာ ရွေးကောက်ပွဲ ကာလအတွင်း အကြီးအကျယ် သဘောကွဲလွဲစရာ ကိစ္စရပ်ကြီး ဖြစ်လာခဲ့တာပါ။

    အမေရိကန်နိုင်ငံရဲ့ အနောက်မြောက်အကျဆုံး ပြည်နယ် ဖြစ်တဲ့ ဝါရှင်တန်ပြည်နယ်မှာ ဒီမိုကရက်တွေဟာ ၁၉၈၈ ခုနှစ်ကတည်းက စလို့ ရွေးကောက်ပွဲတိုင်းမှာ ထောက်ခံမဲ အကြီးအကျယ် ပိုရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့ အဲဒီပြည်နယ်ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲတွေထဲက ၄ ခုက ကတိပြုထားခဲ့သလို ဟီလာရီ ကလင်တန်ကို မဲမထည့်ခဲ့ပါဘူး။

  13. ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်းမှာ မွေးတဲ့ အမတ် ပထမဆုံးအကြိမ် အရွေးခံဖို့ ရှိတယ်လို့ AP ခန့်မှန်း

    အခုနှစ် နွေရာသီမှာ ရီပတ်ဘလီကန်ပါတီ ညီလာခံမှာ မိန့်ခွန်းပြောခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မက်ဒီဆန် ကောသောန် ဟာ ထရမ့်ရဲ့ထိပ်တန်းလက်ထောက် မာ့ခ် မယ်ဒိုးစ်ရဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က လစ်လပ်နေရာကို အနိုင်ရမယ်လို့ AP က ခန့်မှန်းချက် ထုတ်ပြန်လိုက်ပါတယ်။

    ခန့်မှန်းချက် ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ ကောသောန်က တွစ်တာကနေ တုံ့ပြန်ခဲ့ပါတယ်။

    ရီပတ်ဘလီကန်ပါတီရဲ့ တက်သစ်စ ကြယ်တစ်ပွင့်အဖြစ် ရှုမြင်ထားကြတဲ့ ကောသောန် ဟာ အဒေါ့ဖ် ဟစ်တလာ နေခဲ့တဲ့ အိမ်ကို ၂၀၁၇ ခုနှစ်က သွားခဲ့တဲ့ ပုံတွေ ပေါ်ထွက်လာခဲ့တဲ့ အခုနှစ် နွေရာသီ အစောပိုင်းလောက်တုန်းက အကြီးအကျယ် ဝေဖန် ခံခဲ့ရပါတယ်။ နာဇီခေါင်းဆောင် ဟစ်တလာကို “ခေါင်းဆောင်ကြီး” အဖြစ် သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်ညွှန်း ရေးခဲ့ပါတယ်။ တခါဟစ်တလာကို “ဧရာမ မကောင်းဆိုးဝါးကြီး”အဖြစ်လည်း သူက ဖော်ညွှန်းခဲ့ပါတယ်။ သူအလုပ်ချင်ဆုံး စာရင်းထဲမှာ ဟစ်တလာရဲ့ အိမ်ကို သွားလည်ဖို့ ပါတယ်လို့ ဆိုပါတယ်။

    ကောသောန် ဟာ ကွန်ဂရက်လွှတ်တော် အမတ်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ ၁၉၉၀ ပြည့်လွန်နောက်ပိုင်း မွေးတဲ့ ပထမဆုံး အမတ် ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် တက်သစ်စ လူငယ်အမတ် နောက်တစ်ဦးကတော့၁၉၈၉ ခုနှစ်မှာ မွေးပြီး အခု အသက် ၃၁ နှစ်အရွယ် ဒီမိုကရက်အမတ် အလက်ဇန်းဒရီးယား အိုကာဆီယို ကောတက်ဇ် ဖြစ်ပါတယ်။

  14. လူဝီဆီယားနာ၊ နီဘရားစကား၊ ယူတာ ပြည်နယ်တွေမှာ ထရမ့် နိုင်ခြေရှိ

    နောက်ထပ်ပြည်နယ် ၃ ခုမှာ ထရမ့် နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီပြည်နယ်တွေကတော့ လူဝီဆီယားနာ၊ နီဘရားစကားနဲ့ ယူတာ ပြည်နယ်တွေ ဖြစ်ပါတယ်။

    အဲဒီပြည်နယ်တွေ အားလုံးကို ၂၀၁၆ ခုနှစ်တုန်းက ထရမ့် နိုင်ခဲ့ဖူးတာမို့ သိပ်တော့ အံ့သြစရာ မရှိပါဘူး။

    တောင်ပိုင်းပြည်နယ် ဖြစ်တဲ့ လူဝီဆီယားနာ ပြည်နယ်ဟာ ၁၉၉၀ ပြည့်လွန် နှစ်ပိုင်းတွေမှာ ဘေလ်ကလင်တန်ကို နှစ်ကြိမ် ထောက်ခံမဲ ပေးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၅ ခုမှာတော့ ရီပတ်ဘလီကန် သမ္မတလောင်းတွေကိုပဲ မဲပေးခဲ့ကြပါတယ်။

    ထရမ့်ဟာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ ယူတာပြည်နယ်က မဲစုစုပေါင်းရဲ့၄၆ ရာခိုင်နှုန်း ထောက်ခံမဲနဲ့ အနိုင်ရခဲ့ပါတယ်။