ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရွေးကောက်ပွဲ - အကြိတ်အနယ်ပြည်နယ်တွေနဲ့ စာတိုက်မဲတွေ အရေးပါလာ

အမေရိကန်ရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှုကို ဒီမှာပဲ ရပ်နားပါမယ်။ နောက်ထပ် ဖြစ်ပေါ်တိုးတက်မှုတွေကို www.bbcburmese.com စာမျက်နှာနဲ့ ဘီဘီစီမြန်မာပိုင်းဖေ့စ်ဘုတ်တို့မှာ ဆက်လက်တင်ဆက်ပေးသွားမှာပါ။ ဖတ်ရှု၊ ကြည့်ရှု၊ အားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

  2. ပြည်နယ် တချို့မှာ ပြန်စိစစ်ပေးဖို့ ထရမ့် အဖွဲ့တောင်းဆို

    ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒန် တို့ရဲ့ ယှဥ်ပြိုင်ပွဲမှာမဲရလဒ်ပြောင်းသွားနိုင်တဲ့ ပြည်နယ်တွေမှာ အကြိတ်အနယ် ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မှ ရွေးကောက်ပွဲ နိုင်ပြီလို့ အတိအကျ ထုတ်ပြောတာမျိုး မရှိသေးပေမဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေပြီလို နှစ်ယောက်စလုံးရဲ့ အောင်နိုင်ရေး အဖွဲ့တွေက ဆိုထားပါတယ်။ ဂျိုးဘိုင်ဒန် ဦးဆောင်နေတဲ့ ပြည်နယ်နှစ်ခုမှာ မဲတွေပြန်ရေတွက် ပေးဖို့ ထရမ့်ဘက်က ဥပဒေကြောင်းအရ တောင်းဆိုထားပါတယ်။ အရေးပါတဲ့ ပြည်နယ်ကြီး တချို့ထဲက ရလဒ်တွေကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပေမယ့် ရလဒ် အားလုံးထုတ်ပြန်ဖို့ ရက်အတန်ကြာနိုင်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲဟာ ရာစုနှစ်အတွင်း မဲပေးသူ အများဆုံးလို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကြိုတင်မဲပေးမှု သန်း၁၀၀ ကျော် ရှိခဲ့ပြီး၊ အင်္ဂါနေ့မှာ လုပ်တဲ့ ရွေးကောက်ပွဲနေ့မှာလည်း မဲပေးသူက သန်းနဲ့ချီ ရှိခဲ့ပါတယ်။

  3. အကြိတ်အနယ် ရှိဆဲ အမေရိကန် ရွေးကောက်ပွဲ

    ယခင်ရွေးကောက်ပွဲတွေတုန်းက အမေရိကန်မှာ ဘယ်သူ သမ္မတ ဖြစ်မလဲ ဆိုတာကို ရွေးကောက်ပွဲပြီး နောက်တစ်ရက် အကြာမှာ သိနိုင်ပေမဲ့ ဒီနှစ် ရွေးကောက်ပွဲမှာတော့ ရလဒ်တွေ ထွက်လာဖို့ မျှော်မှန်းထားတာထက် ပိုကြန့်ကြာ နိုင်ပါတယ်။

    ဒါကလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သန်းနဲ့ချီတဲ့ လူတွေဟာ စာတိုက်ကနေ မဲပေးခဲ့ကြတဲ့အတွက်၊ ဒါတွေကို ရေတွက်ဖို့ အချိန်ယူရနိုင်ပါတယ်။ တချို့ဒေသတွေက မဲရေတွက်မှုတွေဟာ အနည်းဆုံး ၃ ရက် လောက်ကြာနိုင်တယ် လို့လည်း ပြောကြပါတယ်။

    မဲလက်မှတ်တွေကို ရေတွက်နေဆဲဖြစ်တာကြောင့် နောက်ဆုံးရလဒ်တွေ ထုတ်ပြန်လာချိန်မှာ အပြောင်းအလဲရှိကောင်း ရှိနိုင်ပါတယ်။ မဲပြန်ရေဖို့ တရားဥပဒေကြောင်းအရ တောင်းဆိုမှုတွေ ရှိလာနိုင်တဲ့ အတွက် မဲရလဒ် ထုတ်ပြန်ဖို့ အချိန်ကြန့်ကြာခဲ့ရတဲ့ သာဓကတွေလည်း ရှိပါတယ်။

    ဒါ့အပြင် ပြည်နယ် တစ်ခုနဲ့ တစ်ခုရဲ့ ရွေးကောက်ပွဲ ဥပဒေ စည်းမျဥ်း စည်းကမ်းတွေက မတူညီတာကြောင့် ပုံသေတွက်လို့ မရပါဘူး။ လက်ရှိ အချိန်မှာတော့ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန် က သမ္မတရွေးချယ်ရေး ၂၂၇ မဲ နဲ့ ဦးဆောင်နေပြီး ဒေါ်နယ် ထရမ့်က ၂၁၄ မဲ ရရှိထားပြီး မကြာခင်မှာ နောက်ဆုံးမဲရလဒ်တွေကို ထပ်မံ တင်ဆက်ပေးဖို့ရှိတာကြောင့် စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်။

  4. ဝစ္စကွန်ဆင်မှာ ဂျိုးဘိုင်ဒန် အနိုင်ရတယ်လို့ သတင်းဌာနတွေပြော

    စီအန်အန်၊ စီဘီအက်စ် နဲ့ ဖောက်စ် သတင်းဌာနတွေရဲ့ ပြောဆိုချက် အရ ဝစ္စကွန်ဆင်ပြည်နယ်မှာ ဂျိုးဘိုင်ဒန် အနိုင်ရတယ်လို့ သိရပါတယ်။ ဘီဘီစီ အနေနဲ့ မဲရေတွက်မှုတွေ နဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

    ဒီပြည်နယ်ဟာ သမ္မတလောင်းရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၁၀ မဲ ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။

  5. အမေရိကန်ပြည်ထောင်စုမှာ နောက် ၄ နှစ်မှာ ဘာတွေ ကြုံရနိုင်သလဲ

    အမေရိကန် သမ္မတ ရွေးကောက်ပွဲကနေ ဘယ်လို ရလဒ်မျိုးပဲ ထွက်လာသည် ဖြစ်စေ အမေရိကန် ပြည်ထောင်စု အတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

    လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက် ဂျိုးဘိုင်ဒန် တို့အကြား ဘယ်သူပဲ နိုင်နိုင် သူတို့ ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပြီး အမေရိကန် စီးပွားရေး အပေါ်မှာလည်း ဆယ်စုနှစ်တွေနဲ့ ချီပြီး သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

    တဘက်မှာတော့ မတူညီတဲ့ မူဝါဒတွေကြောင့် ကမ္ဘာ့နိုင်ငံတွေနဲ့ ကမ္ဘာ့အရေးတွေအပေါ် ကိုင်တွယ် ဖြေရှင်းကြပုံတွေကလည်း တူကြမှာ မဟုတ်ပါဘူး။ ဒီတော့ သူတို့ထဲက ဘယ်သူပဲ တက်တက် နောက် ၄ နှစ်မှာ ဘာတွေ ကြုံလာရနိုင်မလဲ ဆိုတာ ကြည့်ရအောင်ပါ။

  6. ဝစ္စကွန်ဆင်မှာ မဲပြန်ရေဖို့ ထရမ့်အဖွဲ့ တောင်းဆိုနိုင်

    ၀စ္စကွန်ဆင်မှာ မဲပြန်လည်ရေတွက်ဖို့ တောင်းဆိုမယ်လို့ ဒေါ်နယ် ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ပြောပါတယ်။

    အဲဒီမှာ သူနိုင် ကိုယ်နိုင် အခြေအနေကနေပြီး ပုံမှန်မဟုတ်တဲ့ အနေအထားတွေကို ခရိုင် အတော်များများမှာ တွေ့ရတာကြောင့် မဲရလဒ်အပေါ်မှာ စိုးရိမ်မိတယ်လို့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ မန်နေဂျာ ဘေလ် စတီဖန် က ပြောပါတယ်။

    မဲရေတွက်ဖို့ သမ္မတက တောင်းဆိုလာရင် သူတို့ အဖွဲ့က အမြန်ဆုံးဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီပြည်နယ်မှာ မဲရလဒ် ကွဲပြားမှု ၁ ရာခိုင်နှုန်း ရှိရင် ပြန်လည်ရေတွက်ဖို့ ကိုယ်စားလှယ်လောင်း တွေက တောင်းဆိုနိုင်ပါတယ်။

    ဒါပေမယ့် မဲရေတွက်မှုတွေ အဆင်ပြေချောမွေ့ပြီး အားလုံးကောင်းမွန်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် က ပြောကြားထားပါတယ်။

  7. နီဗားဒါး က မဲရေတွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

    နီဗားဒါး ပြည်နယ်က မဲရေတွက်မှု၊ မဲရလဒ် ထုတ်ပြန်မှုတွေကို ကြာသပတေးနေ မနက်ပိုင်းအထိ ရပ်နားထားမယ်လို့ ပြည်နယ် အတွင်းရေးမှူးက ပြောပါတယ်။ တိကျတဲ့ မဲရလဒ်တွေ ထုတ်ပြန် နိုင်ဖို့ အတွက် အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    အဲဒီမှာ လောလောဆယ် အချိန်အထိ ဒီမိုကရက် ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန် က ဦးဆောင်နေပြီး မဲ ၈၅ ရာခိုင်နှုန်းလောက် ရေတွက်ပြီးဖြစ်ပါတယ်။ ဒေါ်နယ် ထရမ့် ရဲ့ အောင်နိုင်ရေး အဖွဲ့ကတော့ နီဗားဒါးပြည်နယ်မှာ အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်လို့ စွပ်စွဲပေမယ့် ခိုင်လုံတဲ့ သက်သေတော့ မပြနိုင်ပါဘူး။။

  8. ၂၂၇ မဲ နဲ့ ဘိုင်ဒန် ဦးဆောင်

    ဂျိုးဘိုင်ဒန် က သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် ၂၂၇ မဲ အထိ ရရှိထားပြီး သမ္မတ ထရမ့် ကတော့ ၂၁၃ မဲသာ ရရှိထားပါတယ်။ အရေးပါတဲ့ မီချီဂန် ၊ ဝစ္စကွန်ဆင်နဲ့ ဂျော်ဂျီယာ ပြည်နယ်တွေက မဲရလဒ်တွေ မကြာခင် ကြေညာ နိုင်တော့မလား။

  9. မီချီဂန် ပြည်နယ် မဲရလဒ် မကြာခင် ကြေညာနိုင်တော့မလား

    မီချီဂန် ပြည်နယ်မှာ မဲလက်မှတ် တစ်သိန်းလောက် ရေတွက်ဖို့ ကျန်နေသေးတယ်လို့ ပြည်နယ် အတွင်းရေးမှူး က ပြောပါတယ်။

    ဒီနေ့မှာ အပြီးရေတွက်နိုင်ဖို့ မျှော်လင့်ထားတယ် လို့လည်း ဂျိုးဇက်လင်း ဘန်ဆန် က ဆိုပါတယ်။

    လောလောဆယ်မှာ လူနေထူထပ်တဲ့ ဝိန်း ခရိုင်က မဲတွေကို ရေတွက်နေတာ ဖြစ်ပါတယ်။

    ဒီမိုကရက် ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က ဦးဆောင်နေပြီး မဲပေးခဲ့သူတွေရဲ့ မဲလက်မှတ်တွေ ရေတွက်ပြီးမပြီး ဆိုတာကိုလည်း ပြည်နယ် အစိုးရ ရဲ့ ဝက်ဆိုက်ဒ်မှာ စစ်နိုင်တယ်လို့ သူက ပြောပါတယ်။

  10. မဲရေတွက်နေရဆဲ ဖြစ်တဲ့ အမေရိကန် ရွေးကောက်ပွဲ

    အမေရိကန် သမ္မတ ရွေးကောက်ပွဲကအကြိတ်အနယ်ယှဉ်ပြိုင်နေရဆဲ ဖြစ်ပါတယ်။ သမ္မတထရမ့်ကတော့ သူနိုင်တယ်လို့ ပြောနေသလို မစ္စတာ ဘိုင်ဒန်ကလည်း အနိုင်ရဖို့ ယုံကြည်မှုရှိနေတယ်လို့ ဆိုပါတယ်။

    နောက်ပြီး မစ္စတာ ဘိုင်ဒဲန်က သမ္မတ ထရမ့်ရဲ့ပြောဆိုချက်က မမှန်ဘဲ မဲရေတွက်နေဆဲကာလမှာ ဒီလိုပြောတာက အမေရိကန်တွေရဲ့ ဒီမိုကရေစီအခွင့်အရေးကို ဖယ်ရှားရာရောက်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲနောက်ဆုံး အခြေအနေက ဘယ်လို ရှိနေပါသလဲ။ မရီရီအောင်က ပြောပြပေးမှာပါ။

  11. ဝစ္စကွန်ဆင် မှာ မဲရလဒ်တွေကို သုံးကြိမ်စစ်

    • မဲရုံစောင့်ကြည့်သူတွေအတွက် ရှည်လျားတဲ့ ညဖြစ်သလို၊ မဲရေတွက်နေသူတွေ အတွက်က ပိုတောင် ရှည်လျားတဲ့ ညတွေ ဖြစ်နေပါတယ်။
    • ဝစ္စကွန်ဆင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆိုအရ မဲရေတွက်မှုတွေ ပြန်လည် လုပ်ဆောင်နေပါပြီ။
    • မြို့နယ် နဲ့ ခရိုင် ကောင်စီ ဝန်ထမ်းတွေဟာ မမောနိုင်မပန်းနိုင်ပဲ မဲရေတွက်မှုတွေ လုပ်နေ ပါပြီ။ ရလဒ်ကို တိတိကျကျ ထုတ်ပြန်နိုင်ဖို့ မဲလက်မှတ် အစောင်တိုင်းကို ရေတွက် နေပါတယ်။ မကြေညာရသေးတဲ့ ရလဒ်တချို့ကိုလည်း ကောင်စီ ဝက်ဆိုက်ဒ်မှာကြည့် နိုင်ပါတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ မီဂန် ဝို့ဖ် က ပြောပါတယ်။
    • မဲရလဒ်တွေကို သုံးကြိမ် သုံးခါ စစ်ဆေးဖို့ အတွက် ကောင်စီ ဝန်ထမ်းတွေက ကူညီ သွားမှာ ဖြစ်ပါတယ်။
    • ၀စ္စကွန်ဆင်ဟာ ၂၀၁၆ မှာတုန်းက ဒေါ်နယ် ထရမ့်ကို မဲပေးခဲ့ကြတဲ့ အတွက် လူတွေကြားမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ သမ္မတလောင်း နှစ်ယောက်ကြားက မဲရရှိမှုဟာ အပြိုင်အဆိုင် ဖြစ်နေတဲ့ ပြည်နယ်ပါ။
    • ၂၀၁၆ တုန်းက သမ္မတလောင်း ရွေးချယ်ရေး ကိုယ်စားလှယ် ၁၀ နေရာ အထိ ဒေါ်နယ် ထရမ့်က ရရှိခဲ့ပြီး ရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်ကို ကျော်ဖြတ်ပြီး သမ္မတ ဖြစ်ခဲ့တဲ့ အရေးပါတဲ့ ပြည်နယ်ပါ။
  12. မဲရလဒ်တွေ ဘယ်အချိန် သိရမလဲ

    ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အမေရိကန် နိုင်ငံသား သန်းနဲ့ချီ စာတိုက်ကနေ တဆင့် မဲပေးခဲ့ကြတဲ့အတွက် မဲတွေ အားလုံး ရေတွက်ဖို့က အချိန်ပိုကြာနိုင်ပါတယ်။ ဒါတွေ အားလုံးကို ဘယ်အချိန်မှာ ရေတွက်ပြီးစီးနိုင်မလဲ။

  13. သမ္မတ ဘယ်သူဖြစ်မလဲ အဖြေအတွက် အရေးပါတဲ့ ပြည်နယ်တွေ

    အမေရိကန် ရွေးကောက်ပွဲဟာ ပြည်နယ်အလိုက် သမ္မတလောင်း ရွေးချယ်ရေး ကိုယ်စားလှယ် မဲရရှိမှု အပေါ်မူတည်ပြီး ဆုံးဖြတ်တာပါ။ တစ်နိုင်ငံလုံးမဲရရှိမှုနဲ့ ဆုံးဖြတ်တာ မဟုတ်တဲ့ အတွက် လက်ရှိအချိန်မှာ ဘယ်သူ သမ္မတ ဖြစ်ပြီဆိုတာမျိုး ယတိပြတ်ပြောဖို့စောနေပါသေးတယ်။

    အရေးကြီးတဲ့ ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါ၊ အိုဟိုင်းအို နဲ့ တက္ကဆက်ပြည်နယ် တွေမှာ ဒေါ်နယ် ထရမ့် နိုင်ခြေရှိတယ်လို့ ခန့်မှန်းပါတယ်။ သို့သော် နောက်ထပ် ၄ နှစ်ထပ်မံ တာဝန်ထမ်းဆောင်ဖို့ အတွက်ဆိုရင် အခြားအရေးပါတဲ့ ပြည်နယ်တွေရဲ့ မဲတွေကို နိုင်ဖို့ လိုအပ်နေပါတယ်။

    ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာလည်း အိမ်ဖြူတော်သို့ချီရာလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပေမယ့် အရေးကြီးတဲ့ပြည်နယ်တွေရဲ့ မဲရလဒ် အပေါ်မှာ မူတည်နေလို့ အာမခံချက် ရှိပြီလို့ မဆိုနိုင်သေးပါဘူး။

    လောလောဆယ်မှာ အရေးပါတဲ့ ပြည်နယ် တချို့ရဲ့ ရလဒ်တွေကို ထုတ်ပြန် ကြေညာခြင်း မရှိသေးတဲ့အတွက်ဖြစ်ပါတယ်။

    • အရီဇိုးနား ပုံမှန်အားဖြင့်တော့ ရီပက်ဘလီကန်တွေသာ မဲရလေ့ရှိတဲ့ ပြည်နယ်ပါ။ ဒီနှစ်မှာတော့ အရေးပါတဲ့ ပြည်နယ် ဖြစ်ပြီး လက်ရှိအချိန်မှာ မဲ၈၃ရာခိုင်နှုန်းကို ရေတွက်ပြီးပါပြီ။ တချို့ခန့်မှန်းချက်တွေအရ ဂျိုးဘိုင်ဒန်က အနိုင်ရရှိတယ်လို့ ခန့်မှန်းပါတယ်။ ဘီဘီစီ အနေနဲ့သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
    • ဂျော်ဂျီယာ ရီပက်ဘလီကန်တွေသာ မဲရလေ့ရှိတဲ့ပြည်နယ် ဆိုပေမယ့် ဒီနှစ်မှာတော့ နှစ်ဘက်စလုံးအတွက် ကျဥ်းမြောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်အထိ သမ္မတ ထရမ့်က ကျဥ်းမြောင်းတဲ့ ရလဒ် နဲ့ ဦးဆောင်နေပါတယ်။ ဒါပေမယ့် အတ္တလန်တာ နဲ့ ဒေသတဝိုက်က မဲတွေကတော့ ဆက်လက် ရေတွက်နေဆဲပါ။
    • နီဗားဒါး ဂျိုးဘိုင်ဒန် အနေနဲ့ ဒီမှာ နိုင်မယ်လို့လုံးဝ မျှော်မှန်းထားတာထက်ကို ပိုခက်ခဲ နေတဲ့ အနေအထားပါ။ လက်ရှိ အချိန်အထိတော့ နှာတဖျားဦးဆောင် နေတယ်လို့ ဆိုနိုင်ပါတယ်။
    • ၀စ္စကွန်ဆင် သမ္မတလောင်း နှစ်ဦးစလုံး မဲ တွေရနေတဲ့ပြည်နယ်ပါ။ဆယ်စုနှစ်၂ခုလောက် ဒီမိုကရက်တွေကို ထောက်ခံလာပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဒေါ်နယ် ထရမ့်ကို ပြောင်းလဲ ထောက်ခံခဲ့တဲ့ ပြည်နယ်ပါ။ အခုချိန် မဲအားလုံးနီးပါး ရေတွက်ပြီးချိန် အထိ ဂျိုးဘိုင်ဒန်က အနည်းငယ်အသာရနေပါတယ်။
    • မီချီဂန် သူမသာ ကိုယ်မသာ ပြိုင်နေရတဲ့ အနေအထားဖြစ်ပါတယ်။ဒါပေမယ့် ဒီမိုကရက်တွေကိုသာ မဲပေးလေ့ရှိတဲ့ လူနေထူထပ်မှုများတဲ့ ဒတ်ထရွိုက်လို့ မြို့တွေက မဲတွေကို မရေတွက်ရသေးပါဘူး။
    • ပင်ဆယ်ဗေးနီးယား သမ္မတလောင်း ရွေးချယ်ရေး ကိုယ်စားလှယ် ၂၀ နေရာ ရှိတဲ့ ပြည်နယ်ပါ။ ဒါကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပြည်နယ် ဖြစ်ပါတယ်။ ဒီမှာ ဒေါ်နယ် ထရမ့်က ဦးဆောင်နေတယ်ဆိုပေမယ့် စာတိုက်ကနေ ပေးခဲ့တဲ့ ကြိုတင်မဲတွေ ကို မရေတွက်ရသေးပါဘူး။ လာမယ့် သောကြာနေ့မှာ အဖြေထွက်နိုင်ဖို့ကို မမျှော်မှန်း နိုင်သေးတဲ့ အနေအထား ဖြစ်နေပါတယ်။ မဲရေတွက်မှုကို ရီပတ်ဘလီကန် ဘက်က တရားဥပဒေ အရ စိန်ခေါ်မှုတွေ လုပ်မယ်ဆိုတဲ့ အတွက် လူတွေရဲ့ အာရုံက ဒီပြည်နယ် အပေါ်မှာ ကျရောက်နေပါတယ်။
  14. စတော့စျေးတွေ ကျ

    အမေရိကန်ရွေးကောက်ပွဲရလဒ် မသေချာမှုတွေကြောင့် စတော့စျေးကွက်တွေမှာ စျေးကျဆင်းခဲ့ပါတယ်။

    မဲလိမ်မှုစွပ်စွဲချက်တွေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်က တရားရုံးချုပ်ကတစ်ဆင့် ကန့်ကွက်မယ်လို့ ပြောပြီးနောက်မှာ လန်ဒန်၊ ပဲရစ်၊ ဖရန့်ဖွတ်စျေးကွက်တွေအတွင်း စျေးစဖွင့်တဲ့အချိန်မှာ အညွှန်းကိန်းတွေဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

    နေ့လယ်ပိုင်းမှာ နည်းနည်းပြန်တက်လာပေမယ့် ဒေါ်လာစျေးကတော့ ယူရိုနဲ့ယှဉ်ရင် စျေးကျနေပါတယ်။

  15. ဘယ်ပြည်နယ်တွေမှာ အကြိတ်အနယ် ဖြစ်နေလဲ

    အရီဇိုးနား၊ ဝစ္စကွန်ဆင်၊ မီရှီဂန်၊ ပင်ဆယ်လ်ဗေးနီးယားတို့မှာ မဲ ဘယ်နှမဲ ရှိသလဲ။ ဒီပြည်နယ်တွေ ဘာကြောင့် အရေးကြီးသလဲ။

  16. ဘယ်သူမှ အပြတ်အသတ်မနိုင်သေးတဲ့ အမေရိကန်ရွေးကောက်ပွဲ, အခုချိန်ထိ ဖြစ်ပျက်သမျှ…...

    • အမေရိကန်သမ္မတဖြစ်ဖို့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၂၇၀ လိုပါတယ်။ ၄၁ ပြည်နယ်အပြီးမှာ ဂျိုးဘိုင်ဒန်က၂၂၄ မဲရပြီး သမ္မတထရမ့်က ၂၁၃ ရနေပါတယ်။ မဲတွေရေတွက်ဖို့ ကျန်နေသေးပြီး စာတိုက်ကနေပို့တဲ့ ကြိုတင်မဲတွေက ဒီရွေးကောက်ပွဲမှာ အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။
    • မဲရေဖို့ ကျန်နေသေးတဲ့၊ အကြိတ်အနယ်ပြိုင်ရတဲ့ မီရှီဂန်နဲ့ ဝစ္စကွန်ဆင် ပြည်နယ်တို့က မဲတွေကလည်း ပိုအရေးကြီးလာပါတယ်။
    • ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်လို့ သမ္မတထရမ့်က စွပ်စွဲပြီး တရားရုံးချုပ်တက်မယ်ပြောတာကြောင့် ဒီရွေးကောက်ပွဲက လွယ်လွယ်နဲ့ပြီးမသွားဘဲ တရားရေးကိစ္စကြီးတစ်ခုတောင် ဖြစ်လာနိုင်တယ်လို့ အမေရိကန်က ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။
    • မဲရေတွက်မှုတွေ မပြီးခင် သမ္မထရမ့်က သူအနိုင်ရပြီလို့ ပြောထားပေမယ့် ဒုတိယသမ္မတ မိုက်ပန့်စ်ကတော့ အနိုင်ရပြီလို့ ပြောဖို့ ငြင်းဆိုထားပါတယ်။
    • ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်အဖွဲ့ဘက်ကတော့ မဲရေတွက်လို့မပြီးခင် သမ္မတထရမ့်က မဲရလဒ်တွေအပေါ် မေးခွန်းထုတ်တာက ဒေါသထွက်စရာဖြစ်သလို မမှန်ကန်ဘူးလို့ ပြောပါတယ်။
    • ဂျိုးဘိုင်ဒန်ကတော့ မဲတွေရေတွက်ပြီးတဲ့အထိ စောင့်ဆိုင်းကြဖို့နဲ့ သူဟာ အနိုင်ရဖို့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောပါတယ်။
    • ဝါရှင်တန်ဒီစီအပါအဝင် တချို့နေရာတွေမှာ သမ္မတထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
  17. ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲက ဘယ်လို ထူးခြားလဲ။

    စာတိုက်မဲတွေက ဒီရွေးကောက်ပွဲရဲ့အဖြေ ဖြစ်လာတော့မလား။

  18. မဲလိမ်မှုတွေရှိတယ်လို့သမ္မတထရမ့်ကစွပ်စွဲလိုက်ပြီးဒီအတွက်တရားရုံးချုပ်ထိတက်မယ်လို့ပြောပါတယ်။ပြည်နယ် ၅၀ မှာ ၄၁ပြည်နယ်ရေတွက်ပြီးသလောက်ဂျိုးဘိုင်ဒန်ကအသာရနေပါတယ်။ဒါပေမယ့်မဲရလဒ်တွေကသိပ်မကွာပါဘူး။

  19. ထရမ့်နဲ့ ဘိုင်ဒန် အကြိတ်အနယ်ဖြစ်နေ

    သမ္မတလောင်း ၂ ဦးရဲ့ မဲရလဒ်တွေက အခုအချိန်အထိ သိပ်မကွာသေးဘဲ အကြိတ်အနယ်ဖြစ်နေပါတယ်။

    လောလောဆယ် ကျန်နေသေးတဲ့ အဓိက ပြည်နယ်တွေထဲမှာ အရီဇိုးနား၊ ဂျော်ဂျီယာ၊ ၀စ္စကွန်ဆင်၊ မီရှီဂန် နဲ့ ပင်ဆယ်လ်ဗေးနီးယားတို့ ပါဝင်ပါတယ်။

    အရီဇိုးနားမှာတော့ လောလောဆယ် မဲရေတွက်ပြီးသလောက် ဂျိုးဘိုင်ဒန်က ရှေ့က ရောက်နေပါတယ်။

    ပင်ဆယ်လ်ဗေးနီးယားမှာတော့ မဲ တစ်သန်းကျော် ရေတွက်ဖို့ ကျန်နေပါသေးတယ်။

    ဂျော်ဂျီယာမှာတော့ အစောပိုင်းတုန်းက ထရမ့်က ရှေ့ပြေးနေပေမယ့် ဘယ်သူနိုင်မယ်ဆိုတာ ပြောဖို့ခက်တဲ့ ပြည်နယ်ဖြစ်နေပါတယ်။

  20. အမေရိကန် ပြည်သူတွေလည်း ရလဒ်ကို စောင့်မျှော်ဆဲ

    ရလဒ်အတိအကျ သိရဖို့က အချိန်ယူရဦးမှာဖြစ်ပါတယ်။