တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ပြော
လက်ရှိမြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေ ကြေးစျေးကွက်က တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ပြော
မြန်မာနိုင်ငံ စစ်ကောင်စီ ဗဟိုဘဏ်က လက်ရှိမြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေ ကြေးစျေးကွက်က တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဘယ်လို အစီအစဥ်နဲ့ ဘယ်နေ့ကစပြီး ထောက်ပံ့ပေးသွားမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ချက်မှာ ရေးမထားပါဘူး။
စစ်ကောင်စီဗဟိုဘဏ်က မနေ့က သြဂုတ်လ ၃၀ ရက်နေ့ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို တရားဝင်ရောင်းဝယ်ခွင့်ရှိတဲ့ (Authorized Dealer) AD ဘဏ်တွေက တစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းရာမှာ မိမိကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ၊ အခြားသူများသို့ လွှဲပြောင်းခြင်းကို ဖြစ်စေ၊ ဘဏ်ကိုရောင်းချခြင်းကို ဖြစ်စေ လွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းက သွင်းကုန်လုပ်မယ့်ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေလည်း လုပ်ငန်းအတွက်ဆိုရင် ဒီပြန်လွဲတဲ့ဒေါ်လာကို ဝယ်လို့ရပြီး မသုံးဖြစ်ရင်တော့ အပြင်ကို ပြန်မရောင်းဘဲ ၂၁ ရက်အတွင်း ဘဏ်ကို ပြန်ရောင်းရမယ်လို့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီမှာတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာ ကျပ် ၄၂၀၀ နဲ့ ၄၄၀၀ ကြားရှိနေပြီးတော့ အမေရိကန်ဒေါ်လာကို အခြေခံပြီးတွက်တဲ့ အကယ်ဒမီ မီးလင်းရွှေစျေးနှုန်းကတော့ တစ်ကျပ်သား ၃၄ သိန်းနဲ့ ၃၅ သိန်းကြား ဒီကနေ့ စျေးပိတ်သွားတယ်လို့ ရန်ကုန်မြို့ခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Screen shot
ရခိုင်မှာ တိုက်ပွဲကြောင့် လူသောင်းနဲ့ချီ ထွက်ပြေး
မြဝတီ- ဝေါလေ လမ်းမှာ တိုက်ပွဲ ဆက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, ကော်ဘရာကော််လံ
ဓာတ်ပုံ ပုံစာ, မြဝတီ-ဝေါလေ ကားလမ်းပေါ်က ကျော်ဝါးဘိုးဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်ထဲက မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ဒီနေ့မှာလည်း ထိတွေ့မှုဖြစ်ပွားနေတယ်လို့သိရပါတယ်။
''ဒီနေ့လည်း ထိတွေ့မှုရှိတယ်။ စစ်ကောင်စီတပ်ဘက်က ရှေ့တိုးဖို့ လုပ်နေတယ်။ ရှေ့တက်လာတဲ့အဖွဲ့တွေနဲ့ ဖြစ်နေပါတယ်။ ကျွံလာတဲ့အဖွဲ့တွေနဲ့ ဖြစ်ပွားတာမျိုးပေါ့။ တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ဖြစ်ပွားနေတာပါ'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းတို့ဟာ မနေ့တုန်းကလည်းမြဝတီ-ဝေါလေ လမ်းပိုင်းက သရက်တစ်ပင်ဂိတ်အနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ ကော်ဘရာစစ်ကောင်းဘက်က မနေ့တုန်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်ညပိုင်းတုန်းကလည်း မြဝတီ-ဝေါလေ ကားလမ်းပေါ်က ကျော်ဝါးဘိုးဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းနေတဲ့ ဖက်ဒရယ်ဝင်းစ် ဒရုန်း အဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ထဲကမြဝတီအပါအဝင် ကော့ကရိတ်၊ ဖာပွန်၊ သံတောင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပွားနေပြီး မြဝတီ-ဝေါလေ လမ်းပိုင်းအပါအဝင် ကော့ကရိတ်-ကြာအင်းဆိပ်ကြီး၊ ဖားအံ-ဝါးဘိုးတော-ကမမောင်း-ကတိုင်တိ လမ်းပိုင်းတွေမှာ အသွားအလာ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ရေစကြိုမြို့ ယာယီစျေးပစ်ခတ်မှုမှာ သေနတ်တွေ သိမ်းဆည်းရရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပြောလာ

ဓာတ်ပုံ ရင်းမြစ်, ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဓာတ်ပုံ ပုံစာ, သိမ်းဆည်းမိတယ်ဆိုတဲ့သေနတ်တွေထဲက တချို့ မကွေးတိုင်း၊ ရေစကြိုမြို့ ဘောလုံးကွင်း ယာယီစျေးမှာ ဩဂုတ်လ ၂၉ ရက်နေ့ကဖြစ်တဲ့ ပစ်ခတ်မှုအတွင်း သေနတ် ၅ လက်သိမ်းဆည်းမိခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။
ယာယီစျေးကို စျေးကောက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင်တွေရဲ့ ကားကို ပစ်ခတ်မှုအပြီးမှာ အဲဒီသေနတ်တွေကို သိမ်းမိခဲ့တာလို့လည်းဆိုပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားတစ်ဦး၊ ဒေသခံတွေအပြောအရ ရေစကြိုမှာ ပျူစောထီးခေါင်းဆောင်လို့နာမည်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့နောက်လိုက်အဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့သူတွေကိုတော့ မနေ့က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စျေးအနီးပစ်ခတ်မှုဟာ ဩဂုတ်လ ၂၉ ရက် မနက် ရှစ်နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၉ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ စျေးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုအစောပိုင်းကတည်းကပြောထားပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီက ပစ်ခတ်သွားသူတွေကို ရှာဖွေဖို့ ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်ကို ခြားထားတဲ့ ချင်းတွင်းမြစ်မှာရော၊ ကုန်းကြောင်းမှာပါ ပိတ်ဆို့ရှာဖွေတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
ဒီနေ့ အထိလည်း စစ်ကောင်စီတပ်ဘက်က ရေစကြိုမှာ စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ်လုပ်နေသေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
နဝဒေးတံတားပေါ်က ခုန်ချခဲ့သူ သားအမိရုပ်အလောင်းကို ရှာဖွေရေး ဆက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း
ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးတံတားပေါ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ခုန်ချခဲ့တဲ့ သားအမိနှစ်ဦး ရုပ်အလောင်းကို ဒီနေ့ အထိ ရှာဖွေရေး ဆက်လုပ်နေတယ်ဆိုပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုဆို ရှာဖွေကယ်ဆယ်ရေးလုပ်နေတာ ၄ ရက်မြောက်ဖြစ်တယ်လို့ ပြည်မြို့ ပရဟိတပါရမီ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
''ရေငုပ်တဲ့အဖွဲ့ကလည်း ရေငုပ်အဖွဲ့တွေနဲ့ ဆက်ရှာနေတယ်။ ရေကလည်း အရင်ထက်တော့ နည်းနည်းလေး တက်နေတယ်။ ရုပ်အလောင်း ပေါ်နိုင်ချေရှိတဲ့ ကျွန်းတွေဘက်မှာပါ ရှာနေပါတယ်'' လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
ပြည်မြို့ ၊ မြို့သစ်ရပ် ဘက်မှာနေတဲ့ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ အသက် ၃နှစ်အရွယ်သူ့ရဲ့ သမီးနဲ့အတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက် နေ့လယ်ပိုင်းက တံတားပေါ်ကနေ ခုန်ချသွားတာလို့ ကယ်ဆယ်ရေးမှာ ပါဝင်သူတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။
အမျိုးသမီးတစ်ဦးနဲ့ ကလေးခုန်ချတာကို အနီးမှာအလုပ်လုပ်နေသူတချို့ မြင်တွေ့ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့ပြီး အခုလို ရှာဖွေရေးတွေလုပ်နေကြတာပါ။
ဒလမှာ အမျိုးသား၄ ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, MDN
ဓာတ်ပုံ ပုံစာ, ကမာကသွယ် စက်တပ်သမ္ဗန်ကူးတို့ဆိပ်၌ ခရီးသည်သွားလာမှုကို တွေ့ရစဉ် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်က စျေးလမ်းမှာ မနေ့ ဩဂုတ်လ ၃၀ ရက် ညနေပိုင်းမှာ ပစ်ခတ်မှုတစ်ခုအတွင်း အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အဲဒီအမျိုးသားတွေကို အမည်မသိအမျိုးသား ၃ ဦးက ပစ်ခတ်ခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် စိုးမင်းဦးဆိုသူ အမျိုးသားဟာ ကျောဘက်ကို ကျည်ဖောက်ဝင်တဲ့ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့သလို နောက်ထပ်အမျိုးသား ၃ ဦးဟာလည်း စိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တယ်လို သိရပါတယ်။
NUG ကာကွယ်ရေးအောက်က ရန်ကုန်တိုင်းတပ်မဟာကတော့ ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်တာ ဖြစ်ပြီး ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ သမ္မတကမ်းခြေရပ်ကွက် ရာအိမ်မှူး စိုးမင်းဦးဟာ စစ်ကောင်စီသတင်းပေး ဖြစ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စိုးမင်းဦးဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်ဖြစ်စဥ်မှာ အပြစ်မဲ့ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးမှုကနေ စပြီး စစ်တပ်နဲ့ပူးပေါင်းကာ ရပ်ကွက်နေပြည်သူတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတာကြောင့်လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၂၆ ရက်နေ့တုန်းကသမ္မတကမ်းခြေရပ်ကွက်ရှိ အမျိုးသမီးငယ်၂ ဦး အဖမ်းခံရပြီးနောက် ပြန်လွှတ်ပေးဖို့တောင်းဆိုရာက ရဲစခန်းအနီးလူစုလူဝေးနဲ့ဖြစ်ပေါ်ခဲ့ပြီး ရဲနဲ့တပ်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် တမင်ရွှေထီးရပ်ကွက်က လူငယ်အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဥ်ဟာ စစ်အာဏာသိမ်းပြီးနောက် ဒလမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး ကြိုးပမ်းနေလို NUG ပြော
သိန်း ၃၀ အထက် ရွှေစျေး၊ တစ်ဒေါ်လာ ကျပ် ၃၆၅၀နဲ့ ဒိုင်ဗင်ထိုးဆင်းလာတဲ့ မြန်မာ့ငွေတန်ဖိုး
ရေစကြို ယာယီစျေးပစ်ခတ်မှုမှာ တပ်ကြပ်ကြီးတစ်ဦးနဲ့ ပျူစောထီးတွေအပါအဝင် ၅ ဦးသေဆုံး, ဒီနေ့ စျာပနလုပ်ချိန် ကုန်းလမ်းရေလမ်းတွေကို စစ်တပ်က လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုအပြီး မနေ့မနက် ကိုးနာရီခွဲခန့်မှာ ယာယီစျေး မီးရှို့ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့ ဘောလုံးကွင်းထဲက ယာယီစျေးမှာ မနေ့ သြဂုတ်လ ၂၉ ရက် မနက်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားတစ်ဦးနဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီး လက်နက်ကိုင် သုံးဦးသေဆုံးပြီး သူတို့ကို ဒီနေ့ သင်္ဂြိုဟ်လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ယာယီစျေးထဲ စျေးကောက်လာတဲ့ သူတို့ ငါးဦးရဲ့ကားကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် အဲဒီစစ်သားတွေနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တာလို့လည်း မြို့ခံတွေ ကဆိုပါတယ်။
‘‘ဟိုက်ဂျက်အမိုးဖွင့်ကားနဲ့လာတဲ့သူတို့ကို အမည်မသိသေနတ်သမားတွေက အရှေ့အနောက် ညှပ်ပစ်တာ။ ငါး ဦးစလုံး ပွဲချင်းပြီးသေသွားတယ်။ ဒီနေ့တော့ တစ်မြို့လုံးသုံးတဲ့နာကူကားတွေနဲ့ သယ်ပြီး အလောင်းတွေကို သင်္ဂြိုဟ်လိုက်တယ်။ ကျွန်တော်တို့ ရေစကြိုက ကုန်းလမ်းရော၊ ရေလမ်းပါ ဆက်နေတာလေ။ ဒီနေ့တော့ စစ်တပ်က ကုန်းလမ်း ရေကုန်း အကုန်လုံခြုံရေးတင်းကျပ်ထားတယ်။ မြို့ထဲမှာဆို အရင်က ကားသွားလို့ရတဲ့ သူတို့ရဲ့စုပေါင်းရုံးရှေ့လမ်းဆို လုံးဝ ပိတ်ထားလိုက်တယ်’’ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူတွေထဲမှာ ရေစကြိုမြို့ထဲမှာ ပျူစောထီးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်လို့ နာမည်ကြီးသူ အမျိုးသား တစ်ဦးလည်း ပါဝင်တယ်လို့ မြို့ခံတွေက ပြောပေမဲ့ အဲဒီလူပုဂ္ဂိုလ်ဟာ ပျူစောထီးဟုတ်မဟုတ်ကို ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
မနေ့က ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်က ပျံကျစျေးကို မီးရှို့ခဲ့သလို ပစ်ခတ်သူတွေကို ရှာဖွေဖို့ ရေစကြိုကနေ ကူးတို့သင်္ဘောကူးတဲ့နေရာတွေနဲ့ ရေလမ်းကိုပိတ်ဆို့တာ၊ ရေစကြိုဘက်ကနေ ချင်းတွင်းမြစ်တစ်ဖက်ကမ်း မြိုင်မြို့နယ်ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြစ်ထဲ စက်လှေနဲ့ကူးတဲ့သားအဖ ၂ ဦးထဲက အမျိုးသမီးငယ်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
‘‘ရေစကြိုကနေ မြစ်ကူးတဲ့နေရာတွေမှာ ပိတ်ဆို့ပြီးရှာတယ်။ ချစ်သူရွာမှာ ပိတ်ဆို့ပြီးရှာတယ်။ စက်လှေကူးလာတဲ့သာမန်သားအဖနှစ်ဦးကို ပစ်ခတ်တာ ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေတယ်။ ပခုက္ကူဆေးရုံပို့လိုက်ပေမဲ့ အသက်မမီဘဲ ဆုံးတာ။ အမှတ် ၈ သုခဝတီရပ်ကွက်ထဲက သံတိုသံစရောင်းတဲ့သူတွေ ဟိုဘက်ကမ်းကူးဖို့ စောင့်နေတဲ့အချိန် ကမ်းစပ်က အဲဒီသားအမိရဲ့ သုံးဘီးကို ရေထဲ မျှောပစ်လိုက်တယ်။ ဆုံးရှုံးမှုတွေက အဲဒီလိုဖြစ်ခဲ့တယ်’’ လို့ သူက ဆက်ပြောပြပါတယ်။
တစ်ဖက်မှာလည်း ဒီလိုဖြစ်စဥ်တွေကြောင့် မြို့ခံတွေဟာ မနေ့တစ်နေ့လုံးနဲ့ ညဘက်ကို လုံခြုံရေးအတွက် စိုးရိမ်စိတ်ကြီးစွာနဲ့ ဖြတ်ကျော်ခဲ့ကြရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ရင်ဖွင့်ထားကြပါတယ်။
မြန်မာဆန် တန်ချိန် ၂ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမယ်
ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာပြည်က ဆန်တွေကို သူတို့နိုင်ငံထဲ တန်ချိန် နှစ်သိန်းအထိ တင်သွင်းသွားဖို့ ရှိတယ်လို့ ဒါကာမြို့တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။
အဲဒီလို မြန်မာဆန်တွေ ဝယ်ယူ တင်သွင်းဖို့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာ ကိုယ်စားလှယ်တွေကြား ဩဂုတ်လ ၂၉ ရက်၊ တနင်္လာနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာ ဝန်ကြီးဌာနထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒါကာ အခြေစိုက် နေ့စဥ် စီးပွားရေး သတင်းစာ တီဘီအက်စ် က ရေးပါတယ်။
မကြာခင် အပြီးသတ် သဘောတူမှု လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး၊ လာမယ့် စက်တင်ဘာထဲ တင်သွင်းမယ်လို့ ဆိုပါတယ်။ လူဦးရေ ၁၆၅ သန်း ဝန်းကျင် ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဆန်စျေးကြီးနေပြီး ဆန်တွေကို အစိုးရ လျှော့စျေးနဲ့ရောင်းချ ပေးနိုင်ဖို့ရာ ရှိတ်ခ်ဟာဆီနာ အစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။ဗီယက်နမ်နဲ့ အိန္ဒိယက ဆန်တွေကို တင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ လောလောလတ်လတ်မှာပဲ ဆုံးဖြတ်ချက် ချထားပါတယ်။
ဒါ့အပြင် ရုရှားဆီက ဂျုံတွေလည်း တန်ချိန် ၅ သိန်း ဘင်္ဂလားဒေ့ရှ်ထဲ တင်သွင်းမှာ ဖြစ်ပါတယ်။ အခု တင်သွင်းမယ်ဆိုတဲ့ ဆန်နဲ့ဂျုံ အဝယ်အားလုံးဟာ သက်ဆိုင်ရာ နိုင်ငံ အသီးသီးက အာဏာပိုင်တွေနဲ့ကြား G2G လို့ ခေါ်တဲ့ အစိုးရခြင်း သဘောတူမှု ရယူ တင်သွင်းတာ ဖြစ်ပါတယ်။
တင်သွင်းတဲ့ ဆန်နဲ့ဂျုံတွေကို အစိုးရ သတ်မှတ်စျေးနှုန်း အတိုင်းသာ နိုင်ငံတဝန်း ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို တနိုင်ငံလုံးအနှံ့ လွှမ်းခြုံဖို့ ရည်ရွယ်တဲ့ သက်သာချောင်ချိရေး အစီအစဥ်အတွက် ဆန်နဲ့ဂျုံတွေ ပိုပြီး သိုလှောင်ထားဖို့ လိုတယ်လို့ စားနပ်ရိက္ခာဌာနက အတွင်းဝန် အမ်ဒီ အစ္စမေးလ် ဟိုစိန်က တီဘီအက်စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty ပုံဟောင်း
ဓာတ်ပုံ ပုံစာ, မြန်မာဆန်နဲ့ ရုရှားဂျုံတွေ တန်ချိန် သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ဖို့ ရှိ ကမ္ဘာဒီးယားနဲ့ မြန်မာကြား အခွန်နှစ်ထပ်ကနေ သက်ညှာရေး သဘောတူမှုရလာဖို့ နီးစပ်နေ
ကမ္ဘောဒီးယားနဲ့ မြန်မာ နိုင်ငံနှစ်ခုမှာ အခွန် နှစ်ခါ ပေးရတာကနေ လျှော့ပေါ့ သက်ညှာစေမယ့် အခွန်နှစ်ထပ်ဆိုင်ရာ သဘောတူမှု (DTA) ရရှိကာနီး အခြေအနေမှာ ရှိတယ်ဆိုပြီး ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်းကို ကိုးကားလို့ ဖနွမ်းပင်မြို့တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။
ဒီလို သဘောတူမှုသာ ရရှိပြီ ဆိုရင် လက်ရှိမှာ ကုန်သွယ်မှု အပြန်အလှန် အားမကောင်းသေးတဲ့ ဒေသတွင်းနှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစေနိုင်ပြီး နှစ်နိုင်ငံ စီးပွားရေး အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်း တာဝန်ရှိသူတွေ မျှော်လင့်ထားပါတယ်။
ကမ္ဘောဒီးယား စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ အခွန်ဌာနက တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်ဦးစီးက ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖနွမ်းပင် မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မူကြမ်းပါ စာပိုဒ်အားလုံးရဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပြီး၊ အချက်အများစု အပေါ်မှာ သဘောတူနိုင်ခဲ့ကြတဲ့ အတွက် ဆက်လက် ညှိနှိုင်းဖို့ရာ အနည်းငယ်သာ လိုတော့တယ်လို့ ဆိုပါတယ်။
“အခု DAT သာ အသက်ဝင်လာပြီ ဆိုရင် တစ်ဘက်တိုင်းပြည်မှာ သွားပြီး ရင်းနှီးမြှုပ်နှံ စီးပွားရှာကြသူတွေ အနေနဲ့ အမြတ်အစွန်းကို ကိုယ့်ပြည်တွင်းကို ပြန်ပို့တဲ့အခါ အခွန် ၁၀% ပဲ ဆောင်စရာလိုတော့မယ်။ DAT သာ မရှိဘူး ဆိုရင် ဝင်ငွေခွန်ဟာ ၁၄ % လောက် အထိ ပေးရဖွယ်ရှိတယ်။ ဒီတော့ ကမ္ဘာဒီးယား အနေနဲ့ တတ်နိုင်သမျှ နိုင်ငံတွေ များများနဲ့ကြား DAT ယူထားနိုင်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုပြီး ပွင့်စေမယ်”လို့ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်းရဲ့ ဒုဥက္ကဋ္ဌ လင်မ်ဟင်က ဖနွမ်းပင် အခြေစိုက် စီးပွားရေး စာစောင်တွေကို ပြောပါတယ်။
ကမ္ဘာဒီးယားနဲ့ မြန်မာကြား အခုလို အခွန်နှစ်ထပ်ဆိုင်ရာ သဘောတူမှု ရဖို့ သာမက အရှိန်မြှင့် ဆွေးနွေးနေတဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူမှု မူကြမ်းတွေ နောက်ထပ် အနည်းဆုံး ၂ ခု ရှိတယ်လို့လည်း ကမ္ဘောဒီးယား စီးပွားရေး စာစောင်တွေက ရေးကြပါတယ်။
ကမ္ဘောဒီးယားရဲ့ ကုန်သွယ်ရေး ဝန်ကြီး ပန်ဆိုရာဆပ်ကလည်း မြန်မာနဲ့ကြား သဘောတူမှုတွေ ရလာနိုင်ဖို့ အားပေး တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနဲ့ မြန်မာကြား ကိုဗစ်မတိုင်ခင် ၃ နှစ် အပြန်အလှန် ကုန်သွယ်မှုဟာ စုစုပေါင်း ဒေါ်လာ သန်း ၂၀ တန်ဖိုးသာ ရှိပါတယ်၊ ၂၀၂၀ စာရင်းဇယားတွေအရတော့ ဒေါ်လာ ၂၈ သန်း အထက် ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cambodia’s General Department of Taxation
ဓာတ်ပုံ ပုံစာ, အချက်အများစု အပေါ်မှာ သဘောတူနိုင်ခဲ့ လှည်းကူးမြို့နယ်တရားသူကြီးရဲ့ ကား အင်းစိန်ထောင်အနီး ပစ်ခတ်ခံရ, အတူပါတဲ့ မြို့နယ်ဥပဒေအရာရှိဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ရှေ့ဖြတ်သန်းသွားလာနေကြသူတွေ(ပုံဟောင်း) ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဥ်းထောင် အထူးတရားရုံးကိုလာတဲ့ လှည်းကူးမြို့နယ်တရားသူကြီးရဲ့ ကား ပစ်ခတ်ခံရမှု ဒီနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အတူပါတဲ့ မြို့နယ် ဥပဒေအရာရှိလည်း ဒဏ်ရာရသွားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပစ်ခတ်မှုဟာ အင်းစိန်ကုန်းကျော်တံတားပေါ်အတက် မာလာမြိုင်ရုပ်ရှင်ရုံလမ်းအနီး လှိုင်မြစ်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
‘‘ကုန်းတံတားနားက ဆံပင်ဆိုင်တန်းနားမှာ သူတို့ကားကို ကားနဲ့လာပစ်သွားတာ။ ပစ်ခတ်မှုမှာ ဘေးနားက လူတစ်ယောက်လည်း ဒဏ်ရာရသွားတယ်။ ၁၀ ချက်လောက် ပစ်သွားတယ်။ အကုန်လုံး ပြေးကြ ပုန်းကြပေါ့။ ပစ်တဲ့အချိန် ကုမ္ပဏီကားမောင်းတဲ့လူငယ်တစ်ယောက်လည်း ထိသွားတယ်’’လို့ အင်းစိန်စျေးထဲက ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး အင်းစိန်စျေးထဲအထိ စစ်ဆေးတာတွေလုပ်ခဲ့လို့ စျေးသူစျေးသားတွေ ပိတ်မိတဲ့အခြေအနေလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားတွေက မာလာမြိုင်ရုပ်ရှင်ရုံလမ်းထဲကို စစ်ကားလေးစီးနဲ့ ဝင်လာပြီး စစ်ဆေးတာတွေလုပ်ချိန် ဆိုင်ကယ် ၇ စီးထက်မနည်းကို ဟိုက်ဂျက်ကား ၂ စီးနဲ့ သိမ်းဆည်းသွားတယ်လို့လည်း လမ်းထဲမှာနေထိုင်သူတွေက ပြောပါတယ်။
အခုတော့ စစ်ကောင်စီတပ်သားတွေ လှိုင်မြစ်လမ်းပေါ်နဲ့ အင်းစိန်စျေးထဲမရှိတော့ပေမဲ့ ပစ်ခတ်မှုကြောင့် စျေးထဲက ဆိုင်တစ်ချို့နဲ့ လမ်းပေါ်မှာ ဖွင့်ထားတဲ့ဆိုင်တစ်ချို့ ပိတ်နေကြပြီလို့သိရပါတယ်။
မဲဆောက်က သဘာဝတရားရိပ်သာကို ထိုင်းရဲတွေ ဝင်ရောက်စီးနင်း, ဖမ်းဆီးခံရသူတွေထဲ ထောက်လှမ်းရေးပါတယ်ဆိုတဲ့သတင်းကို ရိပ်သာဘက်က ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Matichon Online
ထိုင်းနိုင်ငံ၊ တခ့်ခရိုင်၊ မဲဆောက်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို ထိုင်းရဲတပ်ဖွဲ့က မနေ့ သြဂုတ်လ ၂၉ ရက် ညပိုင်းမှာ ဝင်ရောက်စီးနင်းချိန်အတွင်း မြန်မာ ၃၈ ဦးဖမ်းဆီးခံလိုက်ရပါတယ်။
မဲဆောက်ရဲတပ်ဖွဲ့က မယ်ပမြို့နယ်ခွဲထဲက ၃ ထပ်အဆောက်အအုံတစ်လုံးကို စီးနင်းရှာဖွေမှုအတွင်း မြန်မာဘုန်းကြီးတွေအပါအဝင် လူပေါင်း ၃၈ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
စီးနင်းရှာဖွေခံရတဲ့နေရာဟာ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ထဲက သဘာဝတရားရိပ်သာဆရာတော်က အခုနှစ်ဆန်းပိုင်းမှာ မဲဆောက်မှာ သွားရောက်ဖွင့်လှစ်ထားတဲ့ ရိပ်သာ ၂ ခုထဲက တစ်ခုဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာစစ်တပ်သတင်းပေး ထောက်လှမ်းရေးတစ်ယောက်လည်း ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပေမဲ့ အဲဒီဖော်ပြချက်တွေကိုတော့ သဘာဝတရားရိပ်သာဆရာတော်အနီးမှာ အနီးကပ်နေထိုင်တဲ့ တပည့်တစ်ဦးက ငြင်းဆိုပါတယ်။
‘’အဲဒီစင်တာမှာက စီဒီအမ်အချို့ရော၊ နေထိုင်ဖို့ ဒုက္ခရောက်နေကြသူအချို့ရော ရှိတယ်လေ။ အခုလက်ရှိ အခြေအနေအရ မဆန်းပါဘူး။ သူက ဘာလို့လဲဆိုတော့ တရားမဝင်နေတဲ့သူတွေကို ဝင်ဖမ်းတာပါ။ တရားဝင်တဲ့သူတွေလည်း ရှိပါတယ်။ ၁၀ ယောက် ၁၂ ယောက်လောက် အဖမ်းမခံရပါဘူး။ ရိပ်သာကိုတော့ သဘာဝစင်တာထိုင်းလန့်ဖောင်ဒေးရှင်းအောက်ကနေ တရားဝင်ဖွင့်ထားတာပါ။ ဆရာတော့်ကိုလာကူတဲ့ သံဃာနဲ့ သီလရှင်တွေရှိတယ်။ သွားပြီးကူညီကြတဲ့အချိန် လက်ရှိနယ်စပ်ကလည်း ဟိုဘက်ရော ဒီဘက်ရော ပိတ်ထားတဲ့အခြေအနေဆိုတော့ ကျွန်တော်တို့က တရားဝင်ထွက်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့က အဆင်ပြေသလို ဖြတ်ပြီး သွားကူညီရတယ်။ အဲဒီလိုသဘောမှာ ဒီတရားမဝင် ကိစ္စက ပေါ်လာတာ။ ကူညီရေးလုပ်နေတာကို သူတို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ အခုက တရားမဝင်လူဝင်မှုခေါင်းစဥ်အောက်ရောက်သွားလို့ ဒီကိစ္စပေါ်လာတာ’’ လို့ သူက ရှင်းပြပါတယ်။
အခုတော့ ရိပ်သာကနေ ဖမ်းဆီးထားတဲ့သူတွေကို ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် -၂ အနီးက လူဝင်မှူကြီးကြပ်ရေးရုံးမှာ ခေတ္တထိန်းသိမ်းထားတယ်လို့ သိရပြီး မြန်မာပြည်ကို မကြာခင်မှာ ပြန်ပို့ခံရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
သဘာဝတရားရိပ်သာဆရာတော်ဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း သဘောပါတဲ့ ဟောပြောချက်တွေကို အစောပိုင်းမှာ ပြောဆိုထားတာကြောင့် စစ်တပ်နဲ့ နီးစပ်တယ်ဆိုတဲ့အမြင်တွေ လူထုကြားထဲ ရှိထားပါတယ်။
ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေမှာ မိမိအစီအစဉ်နဲ့ပညာသင်ကြားမယ်ဆိုရင် ငွေကျပ်သိန်း၆၀၀ ကုန်ကျခံရမယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေမှာ မိမိအစီအစဉ်နဲ့ပညာသင်ကြားမယ်ဆိုရင် ငွေကျပ်သိန်း၆၀၀ ကုန်ကျခံရမယ်လို့ စစ်ကောင်စီပြော (ပုံဟောင်း) စစ်ကောင်စီလက်အောက်မှာဖွင့်လှစ်သွားမယ့် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်တွေမှာ ဝင်ခွင့်ရပြီဆိုရင် နိုင်ငံတော်အစီအစဉ် ဒါမှမဟုတ် မိမိအစီအစဉ်နဲ့ ပညာသင် ကြားခွင့်တွေကို ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဒီကနေ့ ဩဂုတ် ၃၀ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အစီအစဉ်နဲ့ ဆေး တက္ကသိုလ်တွေ တက်ခွင့်ရမယ်ဆိုရင် တစ်လကို ငွေကျပ် ၈၀၀ သာ ပေးသွင်းရမှာဖြစ်ပြီး မဖြစ်မနေ အနည်းဆုံး ငါးနှစ်နိုင်ငံဝန်ထမ်းအဖြစ် ထမ်းဆောင်ရမယ်လို့ဆိုပါတယ်။
မိမိအစီအစဉ်နဲ့ ပညာသင်မယ်ဆိုရင်တော့ ပညာသင်ကာလအားလုံးပြီးဆုံးတဲ့အချိန်အထိ ဆေးတက္ကသိုလ်တွေမှာဆိုရင် ငွေကျပ်သိန်း ၆၀၀ အကုန်အကျခံရမှာဖြစ်ပြီး သွားဆေးတက္ကသိုလ် တွေမှာတော့ ငွေကျပ်သိန်း ၇၀၀ ကျခံရမယ်လို့ စစ်ကောင်စီဘက်က သတ်မှတ်ထားပါတယ်။
ဒီလို မိမိအစီအစဉ်နဲ့ တက်သူတွေဟာ နိုင်ငံဝန်ထမ်းတာဝန်မဖြစ်မနေ ထမ်းဆောင် ဖို့ မလိုသလို ဘွဲ့လွန်လည်း တက်ခွင့်ရမှာမဟုတ်ပါဘူး။ ဘွဲ့လွန်တက်မယ်ဆိုရင်တော့ မည်သူမဆို နိုင်ငံဝန်ထမ်းအဖြစ် မဖြစ်မနေ ၁၀နှစ် တာဝန် ထမ်းဆောင် ရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Ministry of Health
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီအောက် ဖွင့်လှစ်ထားတဲ့ ဆေးတက္ကသိုလ် ၁ မြင်ကွင်း။ ဒါ့အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အမှတ်ပေါင်း ၄၅၀ အထက်ရရှိထားပြီး အင်္ဂလိပ်၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွေမှာ ထူးချွန်ထားသူတွေဝင်ခွင့်ရမှာဖြစ်ပြီး ဆရာဝန်တစ်ယောက်ရဲ့ ဆေးပညာရပ်အပေါ်ထားရှိရမယ့် စိတ်နေသဘောထားအပါအဝင် ကျင့်ဝတ်သိက္ခာနားလည်မှုတွေကိုပါ လူတွေ့နှုတ်မေးစစ်ဆေးမှာဖြစ်ပြီး စိတ်ပိုင်းဆန်းစစ်မှု ရေးဖြေစာမေးပွဲတွေလည်း စစ်မေးသွားမယ်လို့ ဆိုပါတယ်။
"ဆေးအသိုင်းအဝိုင်းမှာ အမြဲပြောလေ့ရှိတဲ့ Quality Control ဆိုတဲ့သူတို့ပြောနေကျစကားနဲ့ အခုဝင်ခွင့်တွေမှာ အမှတ်လျော့ပြီးခေါ်နေတာက ဆန့်ကျင်ဘက်ပဲလေ။ ဆေးကျောင်းတွေမှာ ပြန်တက်သူတွေ တော်တော်များများရှိလာပေမဲ့ သူတို့အတွက် လူအင်အားလိုအပ်ချက်ကတော့ အများကြီး ရှိနေသေးတယ်" လို့ CDM ပါဝင်ထားတဲ့ ဆေးတက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွေကို ဆေးပညာအသိုင်းအဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနဟာ အစိုးရဝန်ထမ်းတွေထဲ ဒုတိယ CDM ပါဝင်မှုအများဆုံးလည်းဖြစ်ပါတယ်။
စက်သုံးဆီစျေး ၁လီတာကို ကျပ် ၂၆၀၀ကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စက်သုံးဆီစျေး ၁လီတာကို ကျပ် ၂၆၀၀ကျော်ပြီ ဒီကနေ့ ဩဂုတ် ၃၀ရက်နေ့ မှာတော့ စက်သုံးဆီ ၉၂အောက်တိန်း ၁လီတာကို ၂၅၇၀ကျပ်နဲ့ ၉၅ အောက်တိန်း ၁လီတာကို ၂၆၁၅ကျပ်အထိ စျေးတက်လာတာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ တရားဝင်ထုတ်ပြန်အရ တွေ့ရပါတယ်။
"ဒီနေ့ဆိုစက်သုံးဆီစျေးတက်တယ်။ စီးတဲ့ ပြည်သူကိုကလည်း စျေးအများကြီး မတောင်းချင်ဘူး၊ တဖက်က ဆီစျေးကဆက်တိုက်တက်တော့ တစ်နေ့ကားမောင်းလို့ရတဲ့ငွေက ဆီစရိတ်နဲ့တင် ၃ပုံ ၂ပုံလောက် ကုန်နေပြီ" လို့ ရန်ကုန်မြို့ထဲ အငှားယာဉ်မောင်းသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့ဩဂုတ် ၂၉ရက်မှာ ၉၂ အောက်တိန်း ၁လီတာကို ၂၄၉၅ ကျပ်နဲ့ ၉၅ အောက်တိန်း ၁လီတာကို ၂၅၆၀ကျပ်သာရှိခဲ့တာကြောင့် တစ်ရက်အတွင်း ငွေကျပ် ၁၀၀ နီးပါး စျေးတက်လာတာပါ။
စစ်ရေးပြင်းထန်နေတဲ့ ကယားနဲ့ ချင်းပြည်နယ်တွေထဲက မြို့ကြီးတွေဖြစ်တဲ့ လွိုင်ကော်မှာဆိုရင်၉၂ အောက်တိန်း ၁လီတာကို ၂၆၅၅ ကျပ်၊ ၉၅ အောက်တိန်း ၁လီတာကို ၂၇၂၀ ကျပ်နဲ့ ဟားခါးမြို့မှာဆိုရင်တော့ ၉၂ အောက်တိန်း ၁ လီတာကို ၂၈၇၅ကျပ်၊ ၉၅ အောက်တိန်း ၁လီတာကို ၂၉၄၀ ကျပ်အထိ ပေါက်စျေးရှိနေပါပြီ။
မြန်မာနိုင်ငံအရှေ့ပိုင်းက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာတော့ ၉၂ အောက်တိန်း ၁လီတာကို ၃၂၀၅ကျပ်နဲ့ ၉၅ အောက်တိန်း ၁လီတာကို ၃၂၇၅ ကျပ်ရှိတယ်လို့ တရားဝင်စက်သုံးဆီထုတ်ပြန်ချက်စျေးနှုန်းအရ သိရပါတယ်။
အခုဩဂုတ်လအတွင်း စက်သုံးဆီစျေးနှုန်းတွေ လျင်လျင်မြန်မြန်စျေးတက်လာခဲ့သလို တချို့မြို့တွေမှာ စက်သုံးဆီတန်းစီဝယ်ယူရတဲ့အနေအထားအထိ ရင်ဆိုင်နေရတာပါ။
စစ်ကောင်စီကတော့ ပြည်တွင်းမှာ စက်သုံးဆီလုံလုံလောက်လောက်ရှိအောင် ဖြည့်တင်းထားပြီး စျေးနှုန်းကျအောင်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
နိုင်ငံရဲ့ သုံးပုံတစ်ပုံရေကြီးခဲ့တဲ့ ပါကစ္စတန်မှာ လူတစ်ထောင်ကျော်သေဆုံးခဲ့, ပျက်စီးဆုံးရှုံးမှု အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိရှိ
နိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိရှိတယ်လို့ ပါကစ္စတန် စီမံကိန်းဝန်ကြီးက မနေ့က ပြောကြားခဲ့ပါ။
တနင်္လာနေ့မှာတော့ ပါကစ္စတန်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံကဒေါ်လာ ၁.၁ ဘီလီယံ ထောက်ပံ့ငွေ ရရှိထားပါတယ်။
ပါကစ္စတန်နိင်ငံရဲ့ သုံးပုံတပုံဟာ ရေလွှမ်းခံထားရတယ်လို့ ရာသီဥတု ဆိုင်ရာ၀န်ကြီးက ပြောထားပါတယ်။နိုင်ငံတလွှား ရေကြီးမှုကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ရပြီး လမ်းတံတား အိုးအိမ်နဲ့ ကောက်ပဲသီးနှံတွေ ပျက်ဆီး ဆုံးရှုံးခဲ့ရပါတယ်။
အကုန်လုံး သမုဒ္ဒရာ ရေပြင်ကြီးလို ဖြစ်သွားပြီး ရေစုတ်ထုတ်ဖို့တောင်နေရာရှာမတွေ့ သလောက်ဘဲ ၊ ထင်မှတ်မထားလောက်တဲ့ သဘာဝဘေးဆိုးနဲ့ကြုံရတာပါလို့ ရှာရီ ရိုက်မန်က ပြောပါတယ်။
သမိုင်းဝင်မုတ်သုံမိုးရွာသွန်းမှုကြောင့် မကြုံစဖူး ရုတ်တရက် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၁၃၆ ဦး သေဆုံးပြီး ၃၃ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အကုန်လုံး သမုဒ္ဒရာ ရေပြင်ကြီးလို ဖြစ်သွားပြီး ရေစုတ်ထုတ်ဖို့တောင်နေရာရှာမတွေ့ သလောက်ဘဲ ၊ ထင်မှတ်မထားလောက်တဲ့ သဘာဝဘေးဆိုးနဲ့ကြုံရတာပါလို့ ရှာရီ ရိုက်မန်က ပြောပါတယ်။ လောက်ကိုင်မြို့ပေါ်ရပ်ကွက်က တန်းလျားနေအိမ်တွေဖျက်ဆီးခံရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လောက်ကိုင်မြို့ပေါ်ရပ်ကွက်က တန်းလျားနေအိမ်တွေဖျက်ဆီးခံရတယ်လို့ဆို ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသမှာ ပါဝင်တဲ့ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ပေါ် (၂)ရပ်ကွက်၊ စျေးဟောင်းအနီးက တန်းလျားနေအိမ် ၃လုံးကို မနေ့ဩဂုတ် ၂၉ရက်နေ့မှာ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က အင်အားသုံးဖြိုဖျက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတန်းလျားနေအိမ်တွေတည်ဆောက်ထားတဲ့မြေနေရာဟာ ၂၀၁၅ခုနှစ်ကတည်းကမြေယာအငြင်း ပွားမှု ရှိနေခဲ့တာလို့ ဆိုပါတယ်။
"စျေးနဲ့နီးလို့ဆိုပြီး ၂၀၁၅ထဲက ပိုက်ဆံပေးပြီး ကိုးကန့်အုပ်ချုပ်ခွင့်ရတာဝန်ရှိသူတစ်ဦးက လာဝယ်ခဲ့တယ်။ ကျွန်တော်တို့က ဒီစျေးနဲ့အဆင်မပြေဘူးဆိုပြီး အငြင်းပွားမှုဖြစ်တာကနေ ၂၀၂၀ မှာကျတော့ ခုံရုံးကနေ ကျွန်တော်တို့ဆက်ရှိနေဖို့ ဆုံးဖြတ်တယ်။ တဖက်မှာကျတော့ သူတို့က ဂရမ်နာမည်ပေါက်တွေ ပြောင်းထားလို့၊ ကျွန်တော်တို့ဘက်က ပြောပေမဲ့ ဘာမှဆက်မဖြစ်ခဲ့ ဘူး။ အခုကျ ၃ရက်အတွင်းဖယ်ပေးပြောပြီး ဘူဒိုဇာတွေနဲ့ ရောက်လာတော့တာပဲ" လို့ အိမ်အဖျက်ခံခဲ့ရတဲ့ လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လောက်ကိုင်မြို့ပေါ်ရပ်ကွက်က တန်းလျားနေအိမ်တွေဖျက်ဆီးခံရတယ်လို့ဆို ဒီလို နေအိမ်အဖျက်ဆီးခံရချိန် သက်ဆိုင်ရာ မြို့နယ်ရုံးတွေကို သွားရောက်တိုင်ကြားပေမဲ့ အရပ်သားတင်ပြချက်တွေဖြစ်ပြီး ရုံးစာမဖြစ်တာကြောင့် လက်မခံခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
အခုလို စျေးဟောင်းအနီးက တန်းလျားတွေကို ဖြိုဖျက်ချိန် ပြည်သူ့စစ်အဖွဲ့ဝင်တွေပါ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး နေအိမ်နေထိုင်သူတွေကို အတင်းအဓမ္မဆွဲချတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကြိုးစားနေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, NUG
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဥ်အောက်မှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ရမှု ၅ နှစ်ပြည့်မှာ အခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာပါ။ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်လာနိုင်ရေး ကြိုးပမ်းနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောလာပါတယ်။
NUG နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ရိုဟင်ဂျာတွေ မနေ့ညပိုင်းတုန်းက အွန်လိုင်းကနေ တွေ့ဆုံပွဲမှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကောင်းမွန်သင့်တော်တဲ့အခြေအနေတွေ ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် ကုလသမဂ္ဂ ရိုဟင်ဂျာပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေနဲ့အတူ ကြိုးပမ်းနေတယ်လို့လည်း NUG ဝန်ကြီးချုပ်က ပြောသွားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတည်ဆောက်တာ၊ နေရပ်ပြန်နိုင်ဖို့ အထောက်အကူအပြု အခြေအနေတွေဖန်တီးတာ၊ ဥပဒေနဲ့လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရေး ကြိုးပမ်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်က ရိုဟင်ဂျာပြည်သူတွေ ပျောက်ပျက်သွားစေဖို့ အကြမ်းဖက် ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက အဲဒီတွေ့ဆုံပွဲမှာပြောထားပါတယ်။
လက်နက်ကြီး အပစ်ခံရတဲ့ ကင်းဆိပ်ရွာ တစ်ရွာလုံး မြောက်ဦးကို ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူဦးရေ ၇၀၀ ခန့်ထိ ဝါဈေးရပ်ကွက်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြ 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လက်နက်ကြီးပစ်ခတ်တာခံခဲ့ရပြီး ရွာသားသုံးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြ ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာခံခဲ့ရပြီး ရွာသားသုံးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြတဲ့ ကင်းဆိပ်ကျေးရွာတစ်ရွာလုံး ထွက်ပြေးလာခဲ့ကြပြီး မြောက်ဦးမြို့ပေါ်ကို ရောက်ရှိနေကြပြီလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတဲ့ မနေ့ကညနေပိုင်းကတည်းက လူဦးရေ ၁၀၀ ကျော် ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အများအပြားရောက်ရှိလာခဲ့ကြကာ အိမ်ထောင်စု ၁၆၅ စု၊ လူဦးရေ ၇၀၀ ခန့်ထိ ဝါဈေးရပ်ကွက်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ ကျောင်းဒကာ ဦးသန်းထွန်းက ပြောပါတယ်။
အဲ့ဒီကျေးရွာမှာ အိမ်ခြေ ၂၈၀ ခန့်ရှိပြီး မနေ့ကဖြစ်စဉ်လိုမျိုး နောက်ထပ်ဖြစ်မှာကိုစိုးရိမ်ကြောက်လန့်ပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြတာဖြစ်တယ်လို့ ရွာသားတွေကပြောဆိုကြပါတယ်။
လက်ရှိခိုလှုံနေကြတဲ့ ဝါဈေးဘုန်းတော်ကြီးကျောင်းမှာ လူတွေပြွတ်သိပ်ပြီးနေထိုင်နေကြရတာကြောင့် တချို့မိသားစုတွေက မြို့တွင်းက အသိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာ တည်းခိုနေကြသူတွေလည်း ရှိနေတယ်လို့ ဦးသန်းထွန်းက ပြာပါတယ်။
ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ လူတွေကိုတော့ ဆရာတော်က ကျွေးမွေးထားပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
“အဲ့ဒီလူတွေအကုန်လုံးက ကင်းဆိပ်တစ်ရွာတည်းကလူတွေပါ။ လောလောဆယ်တော့ လူဦးရေ ၇၀၀ လောက်ကို ဆရာတော်က ကျွေးထားတယ်။ ငါးနဲ့တော့မကျွေးနိုင်ဘူး။ ဒီမနက်က မျှစ်နဲ့ကျွေးတယ်လို့ပြောတယ်။ ကျပ်ငါးသောင်းလောက်နဲ့ လောက်ငှအောင် ကျွေးထားတယ်လို့ပြောတယ်။ စားဖို့သောက်ဖို့အတွက် အလှူတွေလိုအပ်နေပါတယ်။”လို့ ကျောင်းဒကာ ဦးသန်းထွန်းက ပြောပါတယ်။
လတ်တလောမှာတော့ ရွာက အလှူငွေတွေကောက်ခံထားသလို တချို့အလှူရှင်တွေဆီကလည်း လှူဒါန်းထားတဲ့အလှူငွေနည်းနည်းပါးပါးနဲ့ ကျွေးမွေးလို့ရနေပေမယ့် နေရပ်ပြန်မယ့်နေ့က ကြာသွားနိုင်တာကြောင့် အကူအညီတွေပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ရှောင်ရွာသားတွေ နေရေးစားရေးနဲ့ တကိုယ်ရေးသန့်ရှင်းနဲ့ အရေးတကြီးလိုအပ်နေတဲ့ အိမ်သာလိုအပ်ချက်တွေအတွက် အလှူငွေလှူဒါန်းမယ့်သူတွေအနေနဲ့ /ဆရာတော်ကြီး (၀၉၂၅၃၀၈၅၅၈၉),ဦးအောင်ထွန်းအေး (၀၉၄၀၉၇၁၃၆၆၉),ဦးသန်းထွန်း (၀၉၂၅၄၆၉၂၇၀၃),Wave&Kpay (၀၉၂၅၄၆၉၂၇၀၃)U Than Tun,Kbz spacial account 19251119200117701 တွေကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။
