ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘားလမ်းမှတ်တိုင်ပေါက်ကွဲမှုမှာ သေဆုံးသူဟာ မိုင်းဖောက်ခွဲသူလို့ စစ်ကောင်စီပြော

    မေလ ၃၁ရက် ညနေ ၃နာရီလောက်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက် ဘားလမ်းမှတ်တိုင် ဗုံး‌ပေါက်ကွဲမှုဖြစ်စဥ်မှာ သေဆုံးခဲ့သူဟာ ကိုယ်တိုင်ဖောက်ခွဲခဲ့သူဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလာပါတယ်။

    သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် အောင်ကြီး(ခေါ်)ထိန်လင်းထွန်းဆိုသူဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဇွန်လ ၁ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

    ''ကျန်ခဲ့တဲ့သူ့ဖုန်းကို စစ်ဆေးတဲ့အခါမှာ မိုင်းဖောက်ဖို့ စေခိုင်းထားတဲ့ပြောဆိုချက်တွေကိုတွေ့ရတယ်။ သူကိုယ်တိုင်လည်း PDF သင်တန်းဆင်းသူတစ်‌ယောက်ဖြစ်တယ်။ ကျောက်တံတားက ကွန်ပြူတာဆိုင်ဝန်ထမ်းဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ထပ်မံစိစစ်နေဆဲဖြစ်ပါတယ်''လို့ စစ်ကောင်စီပြောခွင့်ရသူကပြောပါတယ်။

    မနေ့တုန်းက ပေါက်ကွဲမှာ အမျိုးသားတစ်ဦးသေဆုံးပြီးနောက်ထပ် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒဏ်ရာရသူတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနကို ပို့ပေးခဲ့ပါတယ်။

    မှတ်တိုင်အနီးနားက စီစီတီဗီကင်မရာမှတ်တမ်း‌နဲ့ သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းပါ အချက်အလက်တွေအပေါ်မူတည်ပြီး ‌စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာတာပါ။

    စစ်ကောင်စီထုတ်ပြလာတဲ့ စီစီတီဗီမှတ်တမ်းအရ ဗုံးထောင်စဥ်ပေါက်ကွဲတာ ဟုတ် မဟုတ်နဲ့ ပေါက်ကွဲတဲ့နေရာဟာ ‌ဗုံး‌ထောင်ဖို့ ပစ်မှတ်ထားတဲ့နေရာဟုတ် မဟုတ်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

    အဲဒီပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ရန်ကုန်က စစ်အာဏာသိမ်းမှုလှုပ်ရှားတဲ့အဖွဲ့တွေဘက်က ဗုံးပေါက်တဲ့ဖြစ်စဥ်က သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုတာတွေလည်းရှိနေပါတယ်။

  2. ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ နေအိမ် ၇၀ ကျော် မီးရှို့ခံရ, ရက်ပိုင်းအတွင်းပြန်ဝင်လာမယ်ဆိုတဲ့ခြိမ်းခြောက်မှုကြောင့် ရွာထဲ ပြန်မဝင်ရဲကြသေး

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သရက်ကုန်းကျေးရွာမှာ ပြီးခဲ့တဲ့မေလ ၂၉ ရက်တုန်းက စစ်ကောင်စီတပ်ဝင်ရောက်ခဲ့ပြီးနောက်မှာ မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၇၀ ကျော် မီးထဲ ပါသွားခဲ့တယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။

    ရေဦးမြို့နယ်နဲ့ ပျဉ်ထောင်ရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးလာခဲ့ပြီးနောက်မှာ ကျေးရွာအတွင်းမှာ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

    ‘’ရွာမှာက အင်တာနက်မရတော့ လိုင်းပေါ်မှာ ဘာတွေ တက်နေလဲဆိုတာမသိရဘူး။ မန္တလေးဘက်က မိတ်ဆွေတွေနဲ့ ဖုန်းရတော့ သူတို့ပြောတာက ရွာက ဘုန်းကြီးကျောင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်တွေလုပ်နေတယ်၊ တပ်စွဲနေတယ်ဆိုပြီး တစ်ဖက်က သတင်းတွေ ဖြန့်နေတယ်ဆိုတာမျိုးသိရတယ်။ အမှန်တော့ ရွာမှာ ပီဒီအက်ဖ်က တပ်စွဲတာမရှိဘူး။ ရွာလုံခြုံရေးကင်းစောင့်တာမျိုးပဲရှိတယ်။ သူတို့ဝင်လာတော့လည်း လက်နက်ချင်းမမျှလို့ မတတ်နိုင်ဘဲ ထွက်ပြေးခဲ့ကြတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်က ကင်းမြစ်ရွာကနေ သရက်ကုန်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာခံတစ်ထောင့်ငါးရာနီးပါးအပြင် အနီးနားကျေးရွာ ၅ ရွာခန့်က ဒေသခံတွေဟာလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

    ကျေးရွာအတွင်းမှာ မပြေးလွှားနိုင်တဲ့လူကြီးတွေရဲ့ ပြောစကားအရဆိုရင် စစ်ကောင်စီတပ်တွေဟာ ၃ ရက်အတွင်းပြန်လာမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသခံအများစုဟာ ကျေးရွာအတွင်းကို ဝင်ရောက်ဖို့ စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  3. နိုင်ငံတဝန်းကျောင်းအပ်နှံမှုအများဆုံးမှာ ဧရာဝတီတိုင်းဖြစ်ပြီး ချင်းပြည်နယ်မှာ အနည်းဆုံးလို့ စစ်ကောင်စီထုတ်ပြန်

    နိုင်ငံတဝန်းအခြေခံပညာကျောင်းတွေမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကျောင်းအပ်လက်ခံမှု စတင်ခဲ့ရာမှာ ဧရာဝတီတိုင်းဒေသကြီးဟာ ကျောင်းအပ်သူ ကိုးသိန်း‌ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ ဇွန်လ ၁ ရက်မှာပြောပါတယ်။

    နိုင်ငံတဝန်းတိုင်းဒေသကြီးတွေရဲ့ကျောင်းအပ်နှံမှုစာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးက အခုစာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၇ သိန်းနီးပါးနဲ့ ဒုတိယကျောင်းအပ်နှံမှုအများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကျောင်းအပ်နှံမှုအနည်းဆုံးတိုင်းဒေသကြီးကတော့ လက်ရှိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်ဖြစ်ပြီး ကျောင်းအပ်သူ နှစ်သောင်းကျော်သာရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုထုတ်ပြန်သွားတဲ့အချက်အလက်တွေကဆိုပါတယ်။

    ဒါ့အပြင် ကျောင်းအပ်လက်ခံတဲ့ မေလ ၂၆ ရက်နေ့ကနေစပြီး ဒီကနေ့ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတဝန်းကျောင်းအပ်နှံမှု ၅.၂ သန်းရှိတယ်လို့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။

    အခုနှစ်ကျောင်းဖွင့်ရာသီနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလပညာရေး အစီအစဥ်တွေလုပ်နေသလို တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာလည်း ကိုယ်ထူကိုယ်ထပညာရေး အစီအစဥ်တွေလုပ်နေကြပါတယ်။

    NUG ရဲ့ကြားကာလပညာရေးအစီအစဥ်တစ်ခုဖြစ်တဲ့ သင့်အတွက်ကျောင်း (Kaung For You)အွန်လိုင်းစာသင်ကျောင်းတစ်ခုကတော့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့ မှာ စတင်ကျောင်းအပ်လက်ခံခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ကျောင်းအပ်နှံသူ ၁သိန်းကျော်အထိရှိခဲ့တဲ့အကြောင်းသက်ဆိုင်ရာကျောင်းကထုတ်ပြန်လာပါတယ်။

    တဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့ အခုကာလမှာတော့ စစ်ကောင်စီလက်အောက်က စာသင်ကျောင်းတွေမှာ မတက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်နေပါတယ်။

  4. ဆုံးရှုံးခဲ့တဲ့ သေ့ဘောဘိုး စခန်းပြန်ရဖို့ စစ်တပ်နဲ့ BGF ပူးပေါင်း စစ်ဆင်နေတယ်လို့ဆို

    ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာရှိနေတဲ့ သေ့ဘောဘိုးစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်တပ်နဲ့ BGF ပူးပေါင်း စစ်ဆင်နေတယ်လို့ဆို ဒေသမြေပြင်သိရှိသူတွေထံကသိရပါတယ်။

    ကရင်နယ်ခြားစောင့်တပ် BGF တပ်တွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ ပူးပေါင်းထားတဲ့ အင်အား ၃၀၀ ကျော်အဖွဲ့က မနေ့က မေလ ၃၁ရက်၊ ညပိုင်း ၇နာရီ‌ကျော်ကစလို့ လေးကေကော်၊ ရသေ့ဂူကျေးနယ် စတဲ့ နေရာတွေကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ တိုက်ခိုက်တာတွေလုပ်နေတယ်လို့ မြေပြင်သိရှိ သူတွေ ကပြောကြပါတယ်။

    ဒီနေ့ ဇွန်လ ၁ရက်နေ့ မနက်ပိုင်းအထိ စစ်တပ်၊ BGF ပူးပေါင်းအဖွဲ့နဲ့ သေ့ဘောဘိုး စခန်းကိုသိမ်းယူထားတဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် - KNLA တို့ ဆက်လက်တိုက်ပွဲဖြစ် နေတယ်လို့ သိရပါတယ်။

    “ညက ၇နာရီ ကျော်လောက်မှာလက်နက်ကြီး ၆လုံး လောက်ပစ်တယ်။ စက်သေနတ် ၃တွဲလောက်ပစ်တယ်၊ ပြီးတော့ငြိမ်နေပြီး ည ၁၀ နာရီကျော်ကနေ ၁၂ နာရီ လောက်အထိ လေးကေကော်အမြှောက်ကုန်း၊ ထီးမယ်ဝါးခီး ပြောင်းစိုက်ခင်းဘက်ကနေ၂နေရာပေါ့ ၊ ကရင် ပူးပေါင်းအဖွဲ့ တွေ ရှိနေမယ်ထင်တဲ့ ရသေ့ဂူ ရွာဘက်နဲ့ လေးကပေါ် ရေတံခွန်တောင်ဘက်ကို အလုံးကြီးတွေပစ်ထုတ်ပေးနေပြီး မြေပြင်ကစစ်ကြောင်း ထိုးတက်လာတယ်၊ အခု မနက်အထိ့တော့ လက်နက်ငယ် ပစ်လိုက်ငြိမ်လိုက်” လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီစခန်းချထားတဲ့ သေ့ဘောဘိုးစခန်းကို KNLA /KNDO ပူးပေါင်းအဖွဲ့တွေက မေလ ၁၈ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

    KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် (ကော့ကရိတ်ခရိုင်)ထဲက လေးကေကော်၊ ဘလယ်ဒို၊ ဝေါလေ ဒေသတွေဘက်က စစ်ကောင်စီစခန်းတွေနဲ့ ဖလူးကြီး၊ မေတ္တာလင်းမြိုင်၊ လက်ခပ်တော်ဘုရားကုန် စတဲ့ BGF စခန်းတွေဘက်နေ KNLA /KNDO ပူးပေါင်းအဖွဲ့တွေရှိနေတယ်လို့ ယူဆတဲ့ သေ့ဘောဘိုး စခန်းကို လက်နက်ကြီးနဲ့‌ အဆက်မပြတ်ပစ်ခတ်နေတာလို့ စစ်ရေးရင်းမြစ်တွေထံကသိရပါတယ်။

  5. မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဒုက္ခသည် ၇၀ ကျော်ကို ဂျပန်လက်ခံ

    ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဒုက္ခသည် အယောက် ၇၀ ကျော်ကို လက်ခံခဲ့ပြီး အဲဒီထဲက ၃၀ ကျော်ဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်အသိအမှတ်ပြုရေးအက်ဥပဒေအရ ၂၀၂၁ ခုနှစ်အတွင်း အခုလို လက်ခံလိုက်တာဖြစ်တယ်လို့ ဂျပန်သတင်းဌာန နီပွန်ကနေသတင်းဖော်ပြပါတယ်။

    ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနရဲ့ စာရင်းဇယားတွေကဆိုရင် အခုပမာဏဟာ အရင်နှစ်က လက်ခံတဲ့ ဒုက္ခသည်ပမာဏထက် သုံးနီးပါး မြင့်တက်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ ဂျပန်နိုင်ငံဟာ စက်မှုအင်အားကြီးထိပ်သီး ၇ နိုင်ငံထဲမှာ ဒုက္ခသည်လက်ခံမှု အနည်းဆုံးနိုင်ငံဖြစ်ပေမဲ့ အခုနှစ်မှာ ဒုက္ခသည်တွေကို အများဆုံးလက်ခံတာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

  6. ပြည်တွင်းမှာ အေးချမ်းတဲ့အနေအထားရောက်လာပြီလို့ စစ်ခေါင်းဆောင်ပြော, လုယက်မှု၊ ဓားပြတိုက်မှုနဲ့ပြန်ပေးဆွဲမှုတွေဆက်တိုက်ဖြစ်နေချိန်မှာ စစ်ခေါင်းဆောင် ခုလိုပြောလာ

    ပြည်တွင်းမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် ဆူပူမှုနဲ့ အကြမ်းဖက်မှုတွေပေါ် ခဲ့ပေမဲ့ အခုအခါ အေးချမ်းတဲ့အနေအထားကို ရောက်လာပြီဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

    မနေ့ မေလ ၃၁ ရက်မှာပြုလုပ်တဲ့ စစ်ကောင်စီ ဝန်ကြီးတွေနဲ့တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောလာတာပါ။

    စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ဝန်ကြီးတွေ ဒီနှစ်ထဲ ၄ ကြိမ်မြောက်အဖြစ်တွေ့ဆုံကြတဲ့ အဲဒီအစည်းအဝေးမှာ တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်မှု ဆိုတဲ့ခေါင်းစဥ်အောက်ကနေ စစ်ကောင်စီဥက္ကဋ္ဌက အခုလိုပြောဆိုခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ လူစည်ကားတဲ့ဘတ်စ်ကားမှတ်တိုင်ဗုံးပေါက်ကွဲမှုလို ဖြစ်ရပ် မနေ့တုန်းက ရန်ကုန်မြို့မှာဖြစ်ခဲ့တာ၊ နောက်လူမြင်ကွင်းမှာ လုယက်မှုတွေဖြစ်နေတာတွေကြောင့် မလုံခြုံမှုတွေ တိုးပြီးခံစားနေရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ရင်ဖွင့်ထားပါတယ်။

  7. မြန်မာစစ်တပ်က ကယားနဲ့ကရင်ပြည်နယ်တို့မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ အေအိုင်အဖွဲ့ ပြော

    အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကယား(ကရင်နီ)နဲ့ ကရင်ပြည်နယ်တို့မှာမြန်မာစစ်တပ်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေ ပါဝင်နေပြီး လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်တွေပါ ပါဝင်နိုင်ချေရှိနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(အေအိုင်)က ပြောလာပါတယ်။

    စစ်တပ်ဟာ အဲဒီပြည်နယ် ၂ ခုမှာ ပြီးခဲ့တဲ့လတွေအတွင်း တရားမဲ့သတ်ဖြတ်တာ၊ အကြောင်းမဲ့ဖမ်းဆီးတာနဲ့ အရပ်သားတွေမနေနိုင်အောင်လုပ်တာလို ရက်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့လည်း အေအိုင်အဖွဲ့က မေလ ၃၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာရေးသားဖော်ပြပါတယ်။

    ''သတ်ဖြတ် လုယက်မှုတွေနဲ့ မီးရှို့တာတွေ ဆက်ဖြစ်နေတာဟာ နိုင်ငံတဝန်းက တိုင်းရင်းသား လူနည်းစုတွေအပေါ် အကြိမ်ကြိမ်သုံး‌နေကျ စုပေါင်းဒဏ်ခတ်တဲ့အနေနဲ့လုပ်တတ်တဲ့စစ်တပ်ရဲ့နည်းလမ်းဖြစ်သလို သတိပေးတပ်လှန့်ရမယ့်အဆင့်ကို ရောက်နေတယ်''လို့ အေအိုင်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ အဲဒီပြည်နယ်တွေမှာ ကျေးရွာတွေ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ဖြစ်စဥ်တွေကြောင့်လည်း စစ်ရှောင်ဖြစ်သွားတဲ့ပြည်သူ တစ်သိန်းခွဲကျော်အထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

    မြန်မာစစ်တပ်ဘက်ကတော့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ အခုလို စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုပယ်ချလေ့ရှိပါတယ်။

  8. အတိုင်ပင်ခံအပေါ် အဂတိစွပ်စွဲချက်အမှုမှာ လုပ်ငန်းရှင်ဦးမောင်ဝိတ်သက်သေထွက်ဆို

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်လာသိန်းချီ ပေးခဲ့တယ်ဆိုတဲ့အဂတိစွပ်စွဲချက်အမှု နှစ်ခုကို မေလ ၃၁ ရက်မှာ နေပြည်တော်မှာ ကြားနာခဲ့ချိန် ဦးမောင်ဝိတ် ကိုယ်တိုင်လာရောက် သက်သေထွက်ဆိုသွားပါတယ်။

    စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်က ၂၀၁၈ ခုနှစ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ဆိုပြီး ဒေါ်လာတစ်သိန်းကို ဒေါ်‌အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ၊ အဲဒီနောက် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေသိန်းချီပေးခဲ့တယ်ဆိုတဲ့ အဂတိစွပ်စွဲချက်အမှုတွေကို နေပြည်တော် အထူးတရားရုံးမှာကြားနာချိန် လာရောက်ထွက်ဆိုသွားတာလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

    အဲဒီထွက်ဆိုချက်မှာ ဦးမောင်ဝိတ်က ပြီးခဲ့တဲ့နှစ်မေလတုန်းက စစ်ကောင်စီရုပ်မြင်သံကြားကနေ ထွက်ဆိုသွားတဲ့အတိုင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သိရှိခဲ့ရတာ၊ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေ လှူဒါန်း ပေးအပ်ခဲ့တာတွေကို ထွက်ဆိုသွားတယ်လို့လည်း ဆိုပါတယ်။

    ဦးမောင်ဝိတ်ဟာ သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့တယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းတုန်းကတော့ အဲဒီအမှုတွေအတွက် တရားလိုအဖြစ်တိုင်တန်းသူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရေးမှူးဦးရဲထက်က စစ်မေးချက်တွေကိုလာရောက်ထွက်ဆိုတယ်လို့သိရပါတယ်။

  9. ရန်ကုန်မြို့လယ်ပေါက်ကွဲမှုမှာ ၁၀ ဦး ဒဏ်ရာရ

    ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅လမ်းအလယ်ဘလောက်မှာရှိတဲ့ ဘားလမ်းမှတ်တိုင်နားမှာ ဒီနေ့ မေလ ၃၁ ရက် မွန်းလွဲပိုင်း သုံးနာရီကျော်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပေါက်ကွဲမှုကြောင့် အနီးနားက လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးစိုးရိမ်ရတယ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီး အရေးပေါ် လူနာဌာနကို ပေးပို့ထားတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့မှာ အရပ်သားတွေ အသွားအလာရှိတဲ့ဘတ်စ်ကားမှတ်တိုင်လို နေရာတစ်ခုကို ပစ်မှတ်ထား ဖောက်ခွဲခံရတာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

    လက်ရှိမှာ ဒီပေါက်ကွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

  10. လက်ရှိပြည်တွင်းရေးမှာ ဘက်လိုက်မှာမဟုတ်ဘူးလို့ ဝပြည်နယ်ကိုယ်စားလှယ်တွေပြော

    လက်ရှိပြည်တွင်းရေးမှာ ဘယ်သူပဲ အုပ်ချုပ်ချုပ် ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပိုမဖြစ်စေလိုတာကြောင့် ဘယ်ဘက်မှလိုက်မှာမဟုတ်ဘူးဆိုပြီး "ဝ"ပြည်နယ်ကိုယ်စားလှယ်တွေဘက်ကပြောလာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ချိန် "ဝ"ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က အခုလိုတင်ပြပြောဆိုခဲ့တာလို့ ဆိုပါတယ်။

    လက်ရှိပဋိပက္ခဖြစ်နေတဲ့ သက်ဆိုင်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးတာ၊ လူမှုအသိုင်းအဝိုင်းနဲ့လူမျိုးတွေကြား ကွဲပြားမှုနဲ့အမုန်းတရားတွေ ရှောင်ရှားဖို့ တွေ့ဆုံဆွေးနွေးရေးမှုကနေ အမြန်ဆုံးဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့တို့ မနေ့ မေ ၃၀ရက်မှ ာနေပြည်တော်မှာတွေ့ဆုံကြတာဖြစ်ပါတယ်။

    ဒါ့ပြင် ကိုယ်စားလှယ်အဖွဲ့ ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ "ဝ"ပြည်နယ်ကို ခွဲထွက်မှာမဟုတ်တဲ့အကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့သံတမန်ရေးရာကလွဲပြီး စီမံအုပ်ချုပ်မှုအပိုင်းကိုတော့ ဆက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ "ဝ"အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

    "ဝ" တပ်ဖွဲ့ ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့ ဖြစ်ပေမယ့် တပ်နဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်ပါတယ်။

  11. ထန်တလန်မြို့ပေါ်က နေအိမ် ၁၃၀ ကျော် ထပ်မံမီးရှို့ခံရ

    ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က လူနေအိမ် ၁၃၀ ကျော်ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့တို့မှာ ထပ်မံ မီးရှို့ခံရတယ်ဆိုပြီး ထန်တလန်စစ်ရှောင်ကူညီရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်က ထန်တလန်မြို့ပေါ်မှာ မီးရှို့တာတွေလုပ်နေတာ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုရင် ၂၈ ကြိမ် အထိရှိနေပြီလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထန်တလန်မြို့ပေါ်မှာ မီးခိုးလုံးတွေတက်လာတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အကူအညီပေးရေးအဖွဲ့က အခုလိုသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    ထန်တလန်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး လူနေအိမ်နဲ့ဘုရားကျောင်းတွေမီးလောင်ပျက်စီးခဲ့ပြီး သင်းအုပ်ဆရာတစ်ဦးလည်း သေဆုံးခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး မြို့ကနေထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    အဲ့ဒီနောက် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း လူနေအိမ်တွေထပ်မံမီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင် မီးလောင်ဆုံးရူံးခဲ့တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောဆိုထုတ်ပြန်ထားပါတယ်။

    အဲဒီတုန်းက မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒေသကာကွယ်ရေး တပ်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့စွပ်စွဲထုတ်ပြန်ခဲ့ပြီး ဒေသခံတွေနဲ့ချင်းလူမှုအဖွဲ့အစည်းတွေကတော့မီးလောင်နေတဲ့အချိန်မှာ ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ဒရုန်းနဲ့ရိုက်ယူထားပြီး စစ်ကောင်စီဘက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့တုံ့ပြန်ခဲ့ပါတယ်။

  12. ‌ကျောက်တော်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲကာ အသက် ၇၀ ကျော် အမျိုးသမီး သေဆုံး

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ရုပ်သကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

    သေဆုံးသူအမျိုးသမီးမှာ ဒေါ်မတင်သိန်းဖြစ်ပြီး၊ မေလ ၃၁ ရက်၊ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်က ရွာရဲ့ မြောက်ဘက် တောင်ကုန်းပေါ်ကို ဟင်းရှာသွားစဉ် မြေမြှုပ်မိုင်းကို နင်းမိခဲ့တာလို့ သိရပါတယ်။

    မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မတင်သိန်းရဲ့ ညာဘက်ခြေထောက်ဒူးဆစ်အောက်နေရာက ပြတ်ထွက်သွားခဲ့ပြီး ဘယ်ခြေထောက်မှာလည်း ပြတ်လုမတတ်ထိခိုက်သွားကာ အဲ့ဒီဒဏ်ရာနဲ့ဘဲ သွေးထွက်လွန်ပြီး ကျောက်တော်ဆေးရုံကို ပို့ဆောင်စဥ် လမ်းခရီးမှာ သေဆုံးသွားခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

    “မိုင်းပေါက်တဲ့နေရာက ရွာနားက တောင်ကုန်းမှာပါ။ အဘွားက ဟင်းရှာသွားတာ။ အဲ့ဒီမှာ မိုင်းနင်းမိတယ်။ လွန်ခဲ့တဲ့ နှစ်က ကျွန်တော်တို့ရွာကို စစ်တပ်ကဝင်လာပြီးတော့ ဘုန်းကြီးကျောင်းမှာစခန်းချနေခဲ့တယ်။ ရွာသားတချို့ကိုလည်း ဖမ်းသွားတယ်။ အဲ့ဒီတုန်းက ထောင်ထားခဲ့တာဖြစ်နိုင်တယ်။”လို့ရုပ်သကျေးရွာသားတစ်ဦးက ပြောပါတယ်။

    အခုမေလ ၂၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ငရှားကျေးရွာက လူငယ်တစ်ဦး ရွာရဲ့အရှေ့ဘက် တစ်မိုင်ခန့်အကွာ တောင်ယာကအပြန်လမ်းမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ခြေထောက်ပြတ်တဲ့ဒဏ်ရာနဲ့ စစ်တွေဆေးရုံမှာ တက်ရောက် ကုသမှုခံယူနေရပါသေးတယ်။

    ရုပ်သကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျေင်းမှာ စခန်းချနေထိုင်ခဲ့တဲ့ ကာလဟာ ရခိုင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့ကာလမဟုတ်ဘဲ ရွေးကောက်ပွဲအလွန် ၂၀၂၀ နှစ်ကုန်ပိုင်းကာလ အပစ်ခတ် ရပ်စဲထားတဲ့ အချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။

    ကျောက်တော်မြို့နယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ခုနှစ်အတွင်း ရခိုင်နဲ့ပလက်ဝတို့မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွား ခဲ့တဲ့နေရာတွေဖြစ်ပေမယ့် အခုမိုင်းပေါက်ကွဲခဲ့တဲ့ရုပ်သကျေးရွာအနီးဝန်းကျင်မှာတော့တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

    ရုပ်သကျေးရွာအနီးဝန်းကျင်က အဆိုပါတောင်ကုန်းမှာ မိုင်းတွေ ဘယ်လောက်ရှိနေလဲဆိုတာ မသိနိုင်ပေမယ့် ယခင်နှစ်ကလည်းတစ်ကြိမ် အခုလိုမိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျွဲတစ်ကောင် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ၂၀၁၉ ခုနှစ်ကတည်းက ရခိုင်စစ်ပွဲအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ အခုအချိန်ထိ ဆက်တိုက်ရင်ဆိုင်နေကြရပါတယ်။

  13. ကလေးမြို့ပေါ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ CNO ပြော

    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မေလ ၂၈ ရက်ညပိုင်းမှာဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ (CNO)က သတင်းထုတ်ပြန်လာပါတယ်။

    တိုက်ပွဲဖြစ်အပြီး ၂ ရက်အကြာ မေလ ၃၀ ရက်မှာ CNO ဘက်က အခုလို သတင်းထုတ်ပြန်လာတာဖြစ် ပါတယ်။

    အဲဒီတိုက်ပွဲကို ချင်းအမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

    တိုက်ပွဲဖြစ်တဲ့မေလ ၂၈ ရက်ညပိုင်းတုန်းကတော့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ချိန်မှာ ကလေးမြို့၊ တာဟန်းရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ကလေးမိခင်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ နယ်မြေစီးနင်းရှာဖွေဖို့ အင်အားရာနဲ့ချီတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ် ကလေးမြို့ အနောက်ဘက်ပိုင်းကို စေလွှတ်ထားတယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

  14. ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း စစ်ကောင်စီရေငုပ်သင်္ဘောရောက်နေ

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်းမှာ စစ်ကောင်စီရဲ့ရေငုပ်သင်္ဘောတစ်စီး ဒီကနေ့ မေလ ၃၁ ရက် မနက် ၇ နာရီခွဲလောက်မှာ မြင်တွေ့လိုက်ရတယ်လို့ ကျောက်ဖြူဒေသခံ တွေကပြောပါတယ်။

    အဲဒီမတိုင်ခင်ကလည်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ ရေငုပ်သင်္ဘောဓါတ်ပုံ တစ်ပုံဟာ မနက်ပိုင်းကတည်းက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

    အဲ့ဒီရေငုပ်သင်္ဘောဟာ ရခိုင်ပင်လယ်ပြင်အတွင်း ဘယ်နေ့ကတည်းကရောက်ရှိနေတယ်ဆိုတာ မသိရ ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာတော့ ပင်လယ်ပြင်အတွင်းကနေဖြတ်ဝင်လာခဲ့ပြီး သံဇစ်မြစ်အတွင်း ရေပေါ်ပေါ်ပြီးခုတ်မောင်း နေတာတွေ့ရသလို သင်္ဘောပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတာကို မြင်တွေ့လိုက်ရတယ်လို့ ကိုယ်တိုင်ဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

    “ရေငုပ်သင်္ဘောက မနက်ပိုင်းက တွေ့လိုက်ရတယ်။ အဲ့ဒီမြစ်ထဲမှာသွားနေတာကို မြို့ကနေမြင်ရတယ်။ အပေါ်မှာလည်း လူတွေကိုမြင်ရတယ်။ ရှေ့ကနေဗီကသွားတယ်။ အဲ့ဒီသင်္ဘောကနောက်ကပေါ့။ အုန်းဂျွိန် ဘက်ကိုသွားတာတွေ့တယ်”လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

    သံဇစ်မြစ်ဟာ ပင်လယ်ပြင်ကနေ ရွှေသဘာဝဓါတ်ငွေ့နဲ့ ရေနံစိမ်း ပို့လွှတ်စက်ရုံတည်ရှိတဲ့ မြဒေး (မဒေး) ကျွန်းဘက်ကို ကျောက်ဖြူကနေ သွားတဲ့ မြစ်ကြောင်းဖြစ်ပြီး မြဒေးကျွန်းရဲ့ အရှေ့ဘက်မှာတော့ အုန်းဂျွိန်လို့ခေါ်တဲ့ကျွန်းမှာ စစ်ကောင်စီက ရေငုပ်သင်္ဘော ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားတစ်ခုတည်ဆောက်နေတာရှိပြီး အဲ့ဒီနေရာကို လာရောက်တာဖြစ်နိုင် တယ်လို့ ကျောက်ဖြူမြို့ခံ ဦးထွန်းကြည်ကပြောပါတယ်။

    စစ်ကောင်စီ ရေငုပ်သင်္ဘော ရခိုင်ပြည်နယ်အတွင်း ရောက်နေတာက စစ်‌ရေးပြင်ဆင်မှုလည်း ဖြစ်လာနိုင် တယ်လို့ ယူဆပြောဆိုနေတာတွေလည်းရှိနေပါတယ်။ အဲဒီအပေါ် ဘီဘီစီဘက်က သီးခြားအတည်ပြု နိုင်တာမျိုးမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ရေငုပ်သင်္ဘောအပါအဝင် စစ်ဘက်ဆိုင်ရာလှုပ်ရှားမှု များကို ထုတ်ပြန်တာမျိုးတော့မရှိပါဘူး။

    ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်အပစ်ခတ်ရပ်စဲထားတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား စစ်ကောင်စီ ကနေ အခုလိုစစ်ရေးပြင်ဆင်မှုတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ အေအေအမာခံတွေကို ရှာဖွေတာတွေအပြင် ကုန်စည်စီးဆင်းမှုတွေကိုကန့်သတ်ပိတ်ဆို့ထားမှုတွေကြောင့်စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာလို့ ‌ဒေသခံတွေကပြောပါတယ်။

    အပစ်ခတ်ရပ်စဲထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာတစ်ကြိမ်၊ မြေပုံ မြို့နယ်မှာ တစ်ကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြပြီး အခုမေလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲပုံစံ ပြန်လည်ဖြစ်ပွားမှုတစ်ခု ရှိခဲ့ပါတယ်။

  15. ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစာအုပ်ရောင်းချတဲ့ စာပေတိုက် အပိတ်ခံရ

    ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းရေးသားထားတဲ့စာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ရောင်းချလို့ ဆိုပြီး လွင်ဦးစာပေကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်။

    လွင်ဦးစာပေဟာ စာရေးသူ ရိုနန်လီရဲ့ Myanmar's Rohinyga Genocide စာအုပ်ကို အင်တာနက်စာမျက်နှာကနေတဆင့် ဖြန့်ဖြူးရောင်းချတာကြောင့် မေလ ၂၈ ရက်နေ့မှာ ထုတ်ဝေခွင့်ပိတ်သိမ်းတယ်လို့ ဆိုပါတယ်။

    အဲဒီစာအုပ်ဟာ ရိုဟင်ဂျာတွေဆိုတာ ဘယ်သူတွေလဲ၊ နောက်သူတို့သမိုင်းကြောင်း၊ ယဥ်ကျေးမှုအပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးဖြတ်ခံရတယ်ဆိုတဲ့သက်သေအချက်အလက်တွေကို လေ့လာဖော်ပြထားတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းကစလို့ လွင်ဦးစပေနည်းတူ အခြားစာပေထုတ်လုပ်ရေးလုပ်ငန်းအချို့ကိုလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ စစ်ကောင်စီဘက်က ပိတ်သိမ်းခဲ့ပါသေးတယ်။

  16. KNDF ကို အကူအညီတွေပေးမယ်လို့ အေအေ ပါဝင်တဲ့ညီနောင်သုံးဖွဲ့‌ပြောလာ

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကို တတ်နိုင်သမျှအကူအညီတွေပေးသွားမယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီနေ့ မေလ ၃၁ ရက်မှာပြောလာပါတယ်။

    KNDF တပ်ဖွဲ့ ထူထောင်တဲ့တစ်နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မြောက်ပိုင်းညီနောင်မဟာ မိတ် ၃ ဖွဲ့လို့သိကြတဲ့ အေအေ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့က အခုလိုပြောလာတာဖြစ်ပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်ရာကနေ ထွက်ပေါ်လာတဲ့ KNDF တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အားထုတ်မှုကို ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ အလေးထား အသိအမှတ်ပြုတယ်လို့လည်း အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာ ကယား(ကရင်နီ)ပြည်နယ်ထဲ KNDF အပါအဝင် ကရင်နီတပ်(KA)၊ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

  17. မဟာမုနိဘုရားအနီး သေနတ်ပစ်ခတ်သံတွေကြားရတယ်လို့ဒေသခံတွေပြော

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးဝန်းကျင်ကနေ မေလ၃၀ရက် အခုည ၉ နာရီလောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ အဲ့ဒီအနီးမှာရှိတဲ့ ကျေးရွာသားတွေက ပြောပါတယ်။

    အဓိကပစ်ခတ်သံတွေကြားနေရတဲ့နေရာဟာ မဟာမုနိ ဘုရားရင်ပြင်တော် အရှ့ဘက် ရဟတ်ယာဉ်ကွင်းတည်ရှိတဲ့ တောအုပ်ကနေ လက်နက်ငယ်နဲ့ပစ်ခတ်နေတာဖြစ်ပြီး ဘာကြောင့်အခုလို ပစ်ခတ်ရတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    မဟာမုနိဘုရားအနီးဝန်းကျင်မှာ မဟာမုနိကျေးရွာ၊ ရွာမပြင်ကျေးရွာ၊ ကျားနက်ကန်ကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ တောင်ဦးကျေးရွာနဲ့ စေတီတောင်ကျေးရွာတို့ရှိပါတယ်။ ''ပစ်ခတ်သံတွေကြားရတာက ၉ နာရီလောက်ကကြားရတာပါ။ လက်နက်ငယ်အသံတွေရော၊လက်နက်ကြီးအသံဆို ၃ချက်လောက်ကြားရတယ်။ အဲဒီနားမှာ စစ်တပ်ကတပ်စွဲထားတာရှိတယ်။ စစ်ပွဲဖြစ်တဲ့အသံတော့မဟုတ်ဘူး။ အချက်သုံးလေးဆယ်လောက်တော့ ကြားရတယ်။ ဆက်ပစ်မလား နားစွင့်နေကြတယ်''လို့ ရွာမပြင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    လက်ရှိသေနတ်ပစ်ခတ်နေတဲ့နေရာနဲ့ မဟာမုနိ ဘုရားရင်ပြင်တော်တို့ဟာ စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားတာရှိနေပြီး အကြောင်းမဲ့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ သရက်တပင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    မဟာမုနိ ဘုရားတည်ရှိရာနေရာဟာ ကျောက်တော်-ပလက်ဝ အဝေးပြေးလမ်းမဆုံရာနေရာဖြစ်ပြီး အဲ့ဒီနေရာတွေဟာ ရက္ခိုင့်တပ်တော်အေအေက စိုးမိုးမှုရရှိထားတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။

    ကျောက်တော်မြို့နယ်ဟာ စစ်ကောင်စီရဲ့ တပ်မတည်ရှိရာနေရာဖြစ်သလို ၂၀၂၀ ခုနှစ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်အေအေတို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

    အခုလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်တွေရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။

  18. ကျောင်းသားလေးသန်းခွဲကျောင်းလာအပ်ထားပြီလို့ စစ်ကောင်စီပညာရေးဘက်ကပြော, စစ်ကိုင်း၊မကွေးနဲ့ တိုင်းရင်းသားဒေသတွေဘက်မှာတော့ ကျောင်းအပ်တဲ့နှုန်းထားတွေမရှိသလောက်နည်း

    စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းအပ်ရာသီဖြစ်တဲ့ မေ ၂၆ရက်ကနေ ၂၉ရက်အထိ လေးရက်အတွင်း ကျောင်းသား လေးသန်းခွဲကျောင်းလာအပ်ထားပြီလို့ အခြေခံပညာဦးစီးဌာနကသိရပါတယ်။

    ဒီကနေ့မေလ ၃၀ရက်မှာလည်း ကျောင်းလာအပ်သူတွေဆက်ရှိနေသေးပြီး လာမယ့်ဇွန်လကျောင်းဖွင့်ချိန်အတွင်းမှာလည်း ကျောင်းအပ်လက်ခံမယ်လို့ ဆိုပါတယ်။

    ရန်ကုန်အပါအဝင် မြို့ကြီးအများစုမှာကျောင်းအပ်ရာသီအစ မေ ၂၆ရက်ထဲက ကျောင်းအပ်နှံနေကြပေမဲ့ နေအိမ်တွေမီးရှို့ခံနေရ၊ တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်း၊မကွေးနဲ့ တိုင်းရင်းသားဒေသတွေဘက်မှာတော့ ကျောင်းအပ်တဲ့နှုန်းထားတွေက မရှိသလောက်နည်းပါး‌တယ်လို့ ဒေသခံပညာရေးအသိုင်းအဝိုင်းတွေကနေသိရပါတယ်။

    ကိုဗစ်နဲ့ အာဏာသိမ်းမှု မဖြစ်ခင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာသင်ယူနိုင်တဲ့ကျောင်းသားဦးရေ ၁၀သန်းအထိရှိတာပါ။

    ဒါကြောင့်ဒီနှစ်မှာလည်း စစ်ကောင်စီအခြေခံပညာကျောင်းတွေကို မတက်ကြသူ က ထက်ဝက်လောက်ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ခန့်မှန်းပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစမှာဖွင့်လှစ်တဲ့ ၂၀၂၁-၂၀၂၂ခုနှစ်ပညာသင်နှစ်မှာတော့ ကျောင်းသား ၅.၃သန်းသာကျောင်းအပ်ခဲ့ပြီး စစ်ကောင်စီပညာရေးကိုသပိတ်မှောက်ဆန့်ကျင်ကျသူအများစုရှိခဲ့တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

    အခုနှစ်မှာတော့ ကျောင်းအပ်နေကြတဲ့နှုန်းကို အများကြီးတွေ့လာရတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီထဲကအများစုကတော့ အမျိုးသားညီညွတ်ရေးအစိုးရအောက်က ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေမှာ လိုက်ပါနေသူတွေလည်းရှိသလို မိသားစုကြောင့်စီးပွားရေးလုပ်ကိုင်နေကြရသူတွေ ၊ ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ ပါဝင်နေတယ်လို့ဆိုပါတယ်။

  19. ရန်ကုန်မြို့ပြပြောက်ကျားသပိတ်လှုပ်ရှားမှုအပြီး ကျောင်းသား ၅ဦးဖမ်းဆီးခံရ

    ဒီကနေ့ မေ ၃၀ရက်၊ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေကနေ ပြောက်ကျားသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

    အဲ့ဒီလှုပ်ရှားမှုအပြီးမှာ တောင်ဥက္ကလာမြို့နယ်ဘက်မှာ အရပ်ဝတ်နဲ့မောင်းလာတဲ့ အိမ်စီးကားတစ်စီးနဲ့ တိုက်ပြီး သပိတ်ပါဝင်သူ ငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဗကသဘက်ကပြောပါတယ်။

    "ကားနဲ့တိုက်ခံရတဲ့အတွက် ဦးခေါင်း၊ နောက်ကျော၊ လက်၊ ခြေထောက် အဲ့နေရာတွေမှာ ပွန်းပဲ့ထိခိုက်ပြီးဒဏ်ရာရသူတွေရှိတယ်။ ဖမ်းဆီးခံရသူတွေကိုလည်း သေနတ်ဒင်နဲ့ ထုရိုက်နှိပ်စက်ပြီး ၅ဦး ဖမ်းခံရတယ်။ တစ်ယောက်ကအဆက်အသွယ်မရသေးဘူး"လို့ ဗကသ၊ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုဖမ်းဆီးခံရသူ ငါးဦးဟာ အခြေခံပညာကျောင်းသားတွေဖြစ်တဲ့အတွက် အကုန်လုံးနီးပါးဟာ အသက်မပြည့်ကြသေးဘဲ အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့ပြပြောက်ကျားသပိတ်ဖမ်းဆီးခံရသူတွေကို ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာကိုမသိရသေးသလို စစ်ကောင်စီဘက်ကလည်း ကားနဲ့တိုက်သပိတ်ဖြိုခွင်းတယ်လို့ဆိုတဲ့အပေါ် တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  20. ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ "ဝ"ဘက်က သဘောတူညီတယ်လို့စစ်ကောင်စီထုတ်ပြန်

    စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် နဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့တို့ ဒီကနေ့ မေ ၃၀ရက်မှာနေပြည်တော်မှာတွေ့ဆုံကြပါတယ်။

    ငြိမ်းချမ်းရေးရှိမှ ဒေသတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကိုပိုပြီးသွက်သွက်လက်လက်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်‌ရေးဦးတည်ဆောင်ရွက်နေတဲ့အခြေအနေအပြင် ပြည်သူ့ဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်တဲ့ကိစ္စတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တည်ဆောက်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်း‌ဆောင်ဘက်က ပြောခဲ့တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်လာပါတယ်။

    ဒါ့အပြင် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီဘက်ကလည်း ပါတီစုံဒီမိုကရေစီကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကို သဘောတူညီတဲ့အပြင် သဘောထားတူညီချက်အမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

    "ဝ" အဖွဲ့ဟာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။

    "ဝ" တပ်ဖွဲ့ ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့ ဖြစ်ပေမယ့် တပ်နဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်ပါတယ်။

    ဒါဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့တက်ရောက်လာတဲ့ စတုတ္ထမြောက်အဖွဲ့ဖြစ်ပြီး တွေ့ဆုံပြီးခဲ့တဲ့အဖွဲ့သုံးဖွဲ့လုံးကတော့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး၊ ပါတီစုံဒီမိုကရေစီစနစ်အကောင်အထည်ဖော်ရေးစတဲ့ ယေဘုယျဆန်တဲ့အချက်တွေကိုသာ စစ်ခေါင်း‌ဆောင်နဲ့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

    နိုင်ငံရေးအကဲခတ်တွေကတော့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက မြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ဆွေးနွေးတာမဟုတ်လို့ ရခိုင်၊ ချင်း၊ ကရင်စတဲ့ လက်နက်ကိုင် အဖွဲ့တွေအပြင် ဒေသခံကာကွယ်ရေးတပ်တွေကို ဖိတ်ခေါ်နိုင်မှသာ တကယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်နိုင်မယ်လို့ပြောဆိုထားကြတာပါ။