ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် အရန်အင်အား အပို့ခံရ

    စစ်ကောင်စီရဲ့ပြည်ထဲရေးဒုတိယဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ တပ်မတော်အရန်အင်အားဘက် ရွှေ့ဆိုင်းခံထားရတယ်လို့ ဘီဘီစီက သိရပါတယ်။

    အရန်အင်အားဘက်ကို ရွှေ့ပြောင်းခံရတဲ့ တပ်မတော်အရာရှိကြီးတွေဟာ ရာထူးသက်သက်သာရှိတော့ပြီး ယခင်သူတာဝန်ထမ်းဆောင်ချိန်တုန်းကလို သူ့လက်အောက်မှာ သက်ဆိုင်ရာ စစ်ဘက်ဌာနနဲ့ အင်အားမရှိတော့ဘူးလို့ ဆိုလိုရာလည်းရောက်ပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် သူ့ကို စစ်ကောင်စီက ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို ပူးတွဲခန့်အပ်ခဲ့ပေမဲ့ အခုနှစ်မေလမှာတော့ စစ်ဘက် မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်စေတာဖြစ်ပါတယ်။

    စစ်ဘက်တာဝန်တွေဆီ ပြန်ခေါ်တာက ရာထူးတိုးပေးဖို့လား အရန်အင်အားပို့ဖို့လားဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ရဘဲ တစ်လနီးပါးကြာမှသာ အရန်အင်အားပို့လိုက်တာလို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။

    သူဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို နှိမ်နင်းဖို့ စစ်ဆင်ရေးတာဝန်တွေကို စစ်တိုင်းမှူးတွေရဲ့ အထက်ကနေပြီး ကွပ်ကဲစီမံဖို့ တာဝန်ပေးခံခဲ့ရပြီး အဲဒီက အခြေအနေတွေကို မထိန်းနိုင်လို့ သူ့ဟာ ဖယ်ရှားလိုက်တာလို့ သုံးသပ်မှုတွေရှိနေပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်တက္ကသိုလ်အပတ်စဥ် ၂၉ (DSA 29) သင်တန်းဆင်းဖြစ်ပြီး အသက် ၅၇ နှစ်ရှိပြီဖြစ်ပါတယ်။

  2. ပလက်ဝမှာ နောက်ထပ်မြို့ခံတစ်ဦးဖမ်းဆီးခံရ ထွက်ပြေးနေရသူတွေလည်းရှိနေ

  3. သရက်ချောင်းမြို့နယ်မှာ လက်နက်ကြီးမှန်ပြီး လူနှစ်ဦးသေဆုံး, သေဆုံးသူထဲက တစ်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့သမီးဖြစ်သူလို့ဆို

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာမှာ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့တုန်းက စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး ထိမှန်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဆယ်ကျော်သက်သမီးတစ်ဦးနဲ့ နောက်အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မွန်မြေလူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်။

    သေဆုံးသူ ဆယ်ကျော်သက်အမျိုးသမီးငယ်ဟာ ၈ တန်းကျောင်းသူ မလဲ့လဲ့ဝင်းဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ်- ၄၀၄ ခြေမြန်တပ်ရင်းက ပစ်ခတ်တဲ့လက်နက်ကြီး ထိမှန်ခဲ့တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

    မလဲ့လဲ့ဝင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သမီးဟုတ် မဟုတ်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

    နောက်တစ်ဦးကတော့ အသက် ၃၀ ကျော်အရွယ် ကိုသက်ထွေးဆိုသူ အမျိုးသားဖြစ်ပါတယ်။

    သရက်ချောင်းမြို့နယ်ထဲက သဲချောင်းကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဝင်တိုက်ရာကနေ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဖြစ်တဲ့တိုက်ပွဲအတွင်း စုံစင်ဖျားရွာထဲကို လက်နက်ကြီးကျည်ကျခဲ့တာဖြစ်ပါတယ်။

    ကိုသက်ထွေးဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မလဲ့လဲ့ဝင်းကတော့ ဆေးရုံပို့ခဲ့ပေမဲ့ အဲဒီနေ့ ဇွန်လ ၃ ရက် ညနေပိုင်းမှာပဲ သေဆုံးခဲ့ပါတယ်။

    လက်ရှိတနင်္သာရီတိုင်းအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေဆက်တိုက်မြင့်တက်လာနေတယ်လို့ Southern Monitor အဖွဲ့က မနေ့ကသတင်းထုတ်ပြန်ထားပြီး တိုက်ပွဲတွေနဲ့အတူ ဖမ်းဆီး‌ထိန်းသိမ်းခံရသူတွေနဲ့ ‌နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်း အများအပြားရှိနေတာပါ။

  4. ပါကစ္စတန်လေတပ်နည်းပညာရှင်အဖွဲ့ မြန်မာလာဖို့ရှိနေ

    မြန်မာစစ်တပ်ရဲ့ လေတပ်လေယာဥ်မှူးတွေကို တရုတ်လုပ် JF-17 တိုက်လေယာဥ်ပိုင်းဆိုင်ရာသင်တန်းပေးဖို့ ပါကစ္စတန်လေတပ်က နည်းပညာရှင် ၁၅ ဦး မြန်မာပြည်ကို လာဖို့ရှိနေတယ်လို့ အိန္ဒိကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

    အဲဒီအဖွဲ့ဟာ မြန်မာသင်တန်းသားလေယာဥ်မှူးတွေကို JF-17 ပုံစံတူမောင်းနှင်မှုသင်တန်းပေးဖို့ မိတ္ထီလာလေတပ်ကို လာဖို့ရှိနေတာလို့ အိန္ဒိယသတင်းဌာန အီးတီက သတင်းဖော်ပြပါတယ်။

    သူတို့ဟာ မြေပြင်မှာရပ်နားထားတဲ့အဲဒီလေယာဥ်တွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်နေသူတွေ ကြုံနေရတဲ့ နည်းပညာပိုင်း အခက်အခဲတွေကို ကူညီဖို့ မင်္ဂလာဒုံလေတပ်စခန်းကိုလည်း သွားဖို့ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။

    မြန်မာဟာ ပါကစ္စတန်လေယာဥ်ထုတ်လုပ်ရေး PAC နဲ့ တရုတ်ချန်ဒူး လေယာဥ် လုပ်ငန်းတို့ ပူးတွဲထုတ်လုပ်တဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဥ် JF-17 ကို ၂၀၁၅ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပါတယ်။

    စစ်ကောင်စီကတော့ ပါကစ္စတန်နဲ့ သူတို့ကြား အဆက်အသွယ်ရှိတယ်လို့ပြောထားပေမဲ့ အသေးစိတ်ကိုတော့ မပြောထားပါဘူး။

  5. မန္တလေး အင်းဝဘဏ်အနီးပေါက်ကွဲမှု မဟာမိတ်အဖွဲ့တွေလုပ်တာလို့ထုတ်ပြန်

    ဇွန် ၄ ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်၊ ၇၈ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ စစ်တပ်ပိုင် အင်း၀ဘဏ် လက်ပစ်‌ဗုံးနဲ့ တိုက်ခိုက်ခံရမှုကို Mother Son Mandalay Force နဲ့ Myanmar Revolution Force မဟာမိတ်အဖွဲ့တွေကလုပ်ခဲ့တာလို့ အဲဒီအဖွဲ့တွေကထုတ်ပြန်လာပါတယ်။

    မြို့ခံတွေရဲ့ပြောပြချက်အရ လုံခြုံရေးတပ်ဖွဲ့တွေရှိနေတဲ့နေရာကို ဆိုင်ကယ်နဲ့လာတဲ့ လူ ၂ဦးက ပစ်ခဲ့တာဖြစ်ပြီး ပစ်ပေါက်ချိန်မှာ ပေါက်ကွဲမှုမဖြစ်ခဲဘဲ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးချိန်ကျမှပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဖြစ်စဥ်ကြောင့် အဲဒီလမ်းကိုပိတ်ဆို့စစ်ဆေးတာတွေကိုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။

    စစ်ကောင်စီဘက်ကသတင်းအချက်အလက်တွေကို ဝါဒဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လက်ပစ်ဗုံးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရပ်နေတဲ့အနီးက ကားတစ်စီးရဲ့ နောက်ခန်းအတွင်းကျရောက်ခဲ့ပြီးပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ဆိုပါတယ်။

  6. တနင်္သာရီ၊ လယ်သစ်ကျေးရွာမှာ အရပ်သား ၄ ဦးဖမ်းဆီးခံရ, တနင်္သာရီတိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်တွေမြင့်တက်လာတယ်လို့ စစ်တမ်းဖော်ပြ

    ဒီကနေ့ ဇွန် ၅ရက်မနက်ပိုင်းမှာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းက လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းဝင်ရောက်လာခဲ့ပြီး အရပ်သားလေးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီနောက် လယ်သစ်အနောက်ဘက်ခြမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းကို ဖျက်ဆီးမှုတွေလုပ်ဆောင်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ဆိုပါတယ်။

    “လယ်သစ်ဘက်ခြမ်းက ကာကွယ်ရေးအဖွဲ့တွေလှုပ်ရှားရာနယ်မြေတွေဖြစ်တော့ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေးပုံစံနဲ့ ဝင်လာတာမျိုးထင်တယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေကြရပြီ” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

    ဒီလယ်သစ်အနောက်ရွာကို ဇွန် ၃ရက်ကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာလို့ လည်း သိရပါတယ်။

    ဒါ့အပြင် တနင်္သာရီမြို့နယ်အတွင်းကပဲ တကူ၊ သာရဘွင်ကျေးရွာဘက်ကို မေလ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးခဲ့တာကြောင့် ရွာသားတစ်သောင်းကျော်စစ်ရှောင်ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

    လက်ရှိတနင်္သာရီတိုင်းအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေဆက်တိုက်မြင့်တက်လာနေတယ်လို့ Southern Monitor အဖွဲ့က မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ အထူးသဖြင့်ထားဝယ်ခရိုင်အတွင်းမှာ ဖြစ်ပွားတာများပြီး မြိတ်ခရိုင်အတွင်းက ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာလည်း ထိတွေ့မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီး‌ထိန်းသိမ်းခံရသူတွေနဲ့ ‌နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်း အများအပြားရှိနေတာပါ။

  7. စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျောင်းတွေမှာကျောင်းအပ်တာမလုပ်ဖို့ CDF Mindat ထုတ်ပြန်လာ

    ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေကို မအပ်ဖို့နဲ့ ကျောင်းအပ်ရင်ဖြစ်လာမယ့်ဆိုးကျိုးတွေကိုတာဝန်မယူဘူးဆိုပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Mindat ကသတိပေးထုတ်ပြန်တာတွေ့ရပါတယ်။

    ထုတ်ပြန်ချက်အရ ဝန်ထမ်းအချို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းနေသလို အခုနှစ်မှာကျောင်းဖွင့်ဖို့ကြိုးစားနေကြတဲ့အတွက် လက်တွေ့ကျကျအရေးယူတာတွေလုပ်သွားမယ်ဆိုပါတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေကိုအကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ဆက်လက်ပူးပေါင်းနေတာတွေရှိလို့ အခု၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး စစ်ကောင်စီရဲ့ ကျောင်းတွေမှာပညာသင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်မယ်လို့ဆိုပါတယ်။

    သတိပေးထုတ်ပြန်ချက်ထဲ မိဘတွေအနေနဲ့လည်း ကျောင်းအပ်တာမလုပ်ကြဖို့နဲ့ ဖြစ်လာမယ့်ဆိုးကျိုးတွေအပေါ် CDF-Mindatအနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်းရေးသားထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ လက်ရှိစာသင်နှစ်ရဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်သည်ဖြစ်စေ လုံးဝလက်ခံမှာမဟုတ်ဘဲ ရှုတ်ချသွားမယ်လို့ ဇွန်လ ၃ ရက် မှာထုတ်ပြန်လာပါတယ်။

    လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ပြည်သူ့ခုခံတော်လှန်စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့်ကျင့်ဝတ်တွေကိုလည်းNUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထုတ်ပြန်ထားပြီးဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုတင်းကျပ်စွာလိုက်နာဖို့ထပ်လောင်းတောင်းဆိုတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ချင်းပြည်နယ်အတွင်း ကြားကာလပညာရေးတွေအားကောင်းနေပြီး မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေမှာ ကျောင်းအပ်တာမလုပ်ဖို့နဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်တဲ့ ပြည်သူ့စာသင်ကျောင်းတွေမှာသာ ကျောင်းအပ်ဖို့တိုက်တွန်းထားတာပါ။

  8. မေလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ကြီး၊ငယ် အကြိမ်ရေ ၄၅၀ နီးပါးဖြစ်ခဲ့တယ်လို့ KNU ပြော

    ပြီးခဲ့တဲ့မေလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၄၄၈ ကြိမ်ဖြစ်ခဲ့တယ်လို့ ကေအဲန်ယူဘက်က ဒီနေ့ ဇွန်လ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ပူပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နောက် သူ့လက်အောက်က နယ်ခြားစောင့်တပ် (BGF)တို့ကြား မေလအတွင်း နေ့စဥ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

    ကေအဲန်ယူနယ်မြေထဲ တစ်လအတွင်းဖြစ်တဲ့ တိုက်ပွဲ‌တွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေဘက်က ၃၀၃ ဦးသေဆုံးပြီး ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    စစ်ကောင်စီရဲ့ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    လက်ရှိမှာ ကေအဲန်ယူနယ်မြေအများစုမှာတိုက်ပွဲတွေရှိနေပြီး စစ်‌ဘေးရှောင်ဦးရေသိန်းချီရှိနေပါတယ်။

  9. တပတ်အတွင်း‌ မြန်မာပြည်တွင်းနေရာအချို့မှာမြေငလျင်လှုပ်မှုတွေဆက်တိုက်ဖြစ်

    ဒီကနေ့ ဇွန် ၅ရက် မနက်အစောပိုင်း ၁၂နာရီကျော်အချိန် မှာ ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့ရဲ့ အ‌ရှေ့ ၊အ‌‌‌‌ရှေ့မြောက်ဘက် ၉မိုင်ခန့်အကွာ အနက် ၈၃ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၂အဆင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခဲ့ပါတယ်။

    မနက်၁နာရီကျော်အချိန်မှာတော့ ရှမ်းမြောက် ၊မိုင်းပြင်းမြို့ အရှေ့မြောက်ဘက် မိုင်၂၀ ခန့်အကွာ အနက် ၁၀ကီလိုမီတာ ကိုဗဟိုပြုပြီး အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၈အဆင့်ရှိ အင်အားအနည်းငယ်ရှိမြေငလျင်တွေလှုပ်သွားခဲ့တာပါ။

    ဒီအချက်အလက်တွေကိုိုးလေးဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဘက်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီနေ့တရက်ထဲ အချိန်သိပ်မကွာဘဲဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

    တပတ်အတွင်း မြေငလျင်လှုပ်ခတ်ခဲ့မှုတွေကို ပြန်ကြည့်ချက်အရဆိုရင် မေ ၂၉ရက်ကနေ ဇွန် ၅ရက် ဒီကနေ့အထိ မြန်မာပြည်တွင်းနေရာအချို့မှာ မြေငလျင်လှုပ်မှုတွေ ဆက်တိုက်ရှိနေတာကိုတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကြားမတည်မငြိမ်ဖြစ်တဲ့ဒေသတွေများနေချိန်မှာ ငလျင်တွေနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန် ခန့်မှန်းဖို့ နဲ့ အသိပညာပေးတာတွေဆက်လုပ်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ပြင်ပငလျင်ပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

    '' လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ပြင်းအား၊ ဒီငလျင်တွေကြောင့် ရွေ့သွားတဲ့ အနည်အနှစ် တွေကို နည်းပညာတွေအသုံးပြုကာ လေ့လာတာ၊ ပြတ်ရွေ့တွေရဲ့ ရွေ့လျားမှုနှုန်း အလျား အနက်တွေကို တိုင်းတာ‌တဲ့ကိစ္စတွေလုပ်ကြဖို့က အခုဆက်လုပ်ဖို့ဆိုတာကအရမ်းခက်သွားပြီ'' လို့ပြင်ပငလျင်ပညာရှင်တစ်ဦးကပြောပါတယ်။

    မေလ ၂၉ရက်မှာ ကွန်ဟိန်းမြို့ ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ မှာ အနက် ၃၁ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ဒသမ၂ အဆင့်ရှိငလျင်၊ သပိတ်ကျင်းမြို့ရဲ့ မြောက်ဘက် ၃၆မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၃ဒသမအဆင့်ရှိ မြေငလျင်၊ ဇွန်လ၁ ရက်မှာ ဂွမြို့ ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာ အနက် ၁၄ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာစကေး ၅ဒသမ၄အဆင့်ရှိ မြေငလျင်၊ ဇွန်လ ၂ရက်မှာ ကွန်ဟိန်းမြို့ရဲ့ အနောက်မြောက်ဘက် ၂၁ မိုင်ခန့်အကွာ အနက် ၁၀ကီလိုမီတာကို ဗဟိုပြုတဲ့အင်အားရစ်ခ်တာ စကေး ၄ဒသမ ၁ အဆင့်ရှိမြေငလျင် ၊ ဇွန်လ၃ ရက်မှာ မန္တလေး ၊မတ္တရာမြို့ ရဲ့ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ အနက် ၆၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ဒသမ၄ အဆင့်ရှိ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာပါ။ လှုပ်ခတ်ခဲ့တဲ့မြေငလျင်အင်အားတွေက ၃ဒသမ ၂အဆင့်ကနေ ၅ဒသမ၄အဆင့်ကြားရှိနေပါတယ်။

    ဒီလိုခပ်စိပ်စိပ်လှုပ်ရှားမှုရှိလာတဲ့အပေါ်ငလျင်တွေ အပေါ် သတိထားစောင့်ကြည့်တာ‌တွေရှိလာပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့အပါအဝင် ပြတ်ရွေ့ အတော်တော်များများရှိနေတဲ့ အတွက် ငလျင် အန္တရာယ်များတဲ့ နိုင်ငံလို့ ပြောလို့ရနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် အသင်း က အသိပေးမှုတွေလည်းတောက်လျှောက်ရှိထားတာပါ။

    စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးကနေ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက် ကနေ တောင်အထိ ရှိတဲ့ အရှည်လျားဆုံး ငလျင်ပြတ်ရွေ့ကြောဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက် တွန်းတင်နေတဲ့ ပြတ်ရွေ့ အမြောက် အမြား ရှိနေပြီး ဒီအထဲမှာ စစ်ကိုင်း၊ ကဘော်၊ ဂွေးချို၊ အနောက် ပဲခူးရိုးမ၊ ကျောက်ကြမ်း၊ နမ့်ပွန်၊ မိုးမိတ်၊ နမ့်မ စတဲ့ ပြတ်ရွေ့တွေက ထင်ရှားပါတယ်။ မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံတွေစာရင်းတွင် ပါဝင်သလို အင်အားကြီးငလျင်တွေလှုပ်ခတ်နိုင်တဲ့ အဓိက မြေငလျင်ကြောကြီး ငါးခုရှိပါတယ်။

  10. မိုင်းလားအဖွဲ့ နဲ့ စစ်ကောင်စီဆက်ဆွေး‌နွေးနေ

    နှစ် ၃၀ကျော် အပစ်ရပ်ထားတဲ့ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ NDAA (မိုင်းလား)အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဇွန် ၄ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။

    သူ့ဒေသကိုကိုယ်ပိုင်တပ်၊ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေနဲ့ အုပ်ချုပ်နေတဲ့ မိုင်းလားအဖွဲ့ကလည်း နိုင်ငံတော်ကနေခွဲမထွက်ဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲ ထိန်းသိမ်း လိုက်နာနေဆဲအခြေအနေတွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်ကထုတ်တဲ့သတင်းမှာဖော်ပြပါတယ်။

    မိုင်းလားဘက်က သီးသန့်ထုတ်ပြန်မှုကတော့မရှိသေးဘဲ ဒီကနေ့ ဇွန် ၅ရက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ရော ဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နဲ့ပါ မိုင်းလားအဖွဲ့တို့ ဆက်ဆွေးနွေးဖို့ရှိနေတာလည်းဖြစ်ပါတယ်။

    မိုင်းလားမြို့ဟာ NDAA အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ထဲရှိပြီးသူ့လက်အောက်မှာ မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသဆိုပြီး ဒေသ ၃ ခု ပါတာပါ။ အဲဒီဒေသတွေကို အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ မရှိဘဲ NDAA က အပြည့်အဝ အုပ်ချုပ်နေတာလည်းဖြစ်ပါတယ်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ အစဉ်တစိုက်တောင်းဆိုမှုတွေရှိတဲ့မိုင်းလားအဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဘယ်လိုဆွေးနွေးချက်တွေထွက်လာမလဲဆိုတာကိုလည်း နိုင်ငံရေးအကဲခတ်တွေက စောင့်ကြည့်နေကြတာပါ။

  11. သေဒဏ်စီရင်မှုက 'နောင်တချိန် ခွင့်မလွှတ်နိုင်မယ့် အမှား' လို့ KIA ဗိုလ်ချုပ်ပြော

    ဦးဂျင်မီ (ခ) ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မယ်လို့ စစ်ကောင်စီက ပြောတဲ့အပေါ် "နောင်တချိန်မှာ ခွင့်မလွတ်နိုင်လောက်မယ့် အမှားမျိုး" အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက်ပြီး ဒါတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြုတဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။​

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို ဇန်နဝါရီလက သေဒဏ်အမိန့်ချခဲ့ပြီး အဲဒီအမိန့်ကို အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။​

    အဲဒီအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာရှိတဲ့ ပြင်သစ်သံရုံးကလည်း စစ်ကောင်စီရဲ့ ကွပ်မျက်ရန် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

    "တရားမဝင်သော စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွား" မယ်လို့ ပြင်သစ်သံရုံးက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

  12. ကျောက်တော် ဝါးတောင်စစ်ရှောင်စခန်း မြေနေရာဆက်မငှားတော့လို့ စစ်ဘေးရှောင်တွေအခက်ကြုံနေ

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတည်ရှိတဲ့ မြေနေရာကို မြေပိုင်ရှင်က ဆက်မငှားတော့တဲ့အတွက် စစ်ဘေးရှောင်တွေ အခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။​

    အဲ့ဒီစခန်းဟာ ဝါးတောင်ကျေးရွာအနီးက ဥယျဉ်ခြံတစ်ခုမှာ တည်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကတည်းက မြေအသုံးပြုခပေးပြီး ငှားရမ်းနေထိုင်နေကြတာ ဖြစ်ပါတယ်။​

    ဝါးတောင်စခန်းဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေထဲ အရင်ဆုံးတည်ဆောက်တဲ့စခန်းတစ်ခုဖြစ်ပြီး နေအိမ်ပေါင်း ၁၅၇ ဆောင်ရှိကာ လူဦးရေ ၈၉၃ ဦးခိုလှုံနေတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။

    အခုနှစ်မိုးဦးရာသီမှာ ဒုက္ခသည်တွေနေထိုင်နေကြတဲ့ နေအိမ်အများစုက ပျက်စီးနေပြီး ပြန်ဆောက်ဖို့ ပြင်ဆင်ကြတဲ့အချိန်မှာတော့ မြေပိုင်ရှင်နှစ်ဦးအနက် တစ်ဦးက မြေဆက်မငှားတော့တာကြောင့် နေအိမ်တွေအသစ်မဆောက်ကြဖို့ တားမြစ်ခဲ့တာဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက ပြောပါတယ်။

    မြေပိုင်ရှင်ကတော့ သူ့ဥယျဉ်ခြံထဲမှာ အမှိုက်တွေနဲ့ သန့်ရှင်းမှုမရှိတော့တဲ့အတွက် ဆက်မငှားတော့တာလို့ ပြောဆိုကြောင်း သိရပါတယ်။

    “ထွက်သွားဖို့အတွက်လည်းကျွန်တော်တို့မှာ တခြားနေရာမရှိဘူး။ အခုလက်ရှိနေတဲ့နေရာမှာကလည်း တစ်ဖက်နဲ့တစ်ဖက် တာဝန်ယူမှုတာဝန်ခံမှုမရှိတော့ အခုကျွန်တော်တို့ အိမ်မဆောက်ဘဲ နေနေရတယ်”လို့ ဦးနိုင်ထွန်းဝင်းက ပြောပါတယ်။

    အဲ့ဒီစခန်းကနေအိမ်တွေဟာ ပြိုပျက်နေပြီး ဆက်လက်နေထိုင်လို့မရတော့တဲ့အခြေအနေကြောင့် ပြန်လည်ဆောက်လုပ်ဖို့ အတွက် UNHCR ကနေ လိုအပ်တဲ့သစ်ဝါးနဲ့ အမိုးအကာအတွက် တာပေါ်လင်စတွေကို ထောက်ပံ့ပေးထားပြီးဖြစ်ပေမယ့် မြေနေရာအခက်အခဲကြောင့် မဆောက်လုပ်ရသေးဘူးလို့ သိရပါတယ်။

    “အခုလက်ရှိနေထိုင်နေကြတဲ့အိမ်တွေက မီးဖိုချောင်တွေမှာ ထမင်းချက်စားလို့မရတော့ဘူး။ မိုးယိုနေတဲ့အတွက် မိုးရေတွေ စိုပြီး နေနေကြရတယ်။ အမိုးအကာတွေလည်းပျက်စီးနေပြီ။ နေထိုင်ဖို့ လုံးဝအဆင်မပြေတော့ဘူး။ တကယ်ဒုက္ခရောက်နေတယ်”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၆ သောင်းနီးပါးရှိနေသေးပြီး စခန်းပေါင်း ၁၄၀ ကျော်ရှိကာ စခန်းအားလုံးနီးပါးဟာ ကိုယ်ထူကိုယ်တည်ဆောက်ထားကြတဲ့စခန်းတွေဖြစ်ပြီးတော့ အဲ့ဒီအနက် စခန်းတချို့မှာ အခုလို မြေနေရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

  13. ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အတည်ပြုမှုကို NUG ကန့်ကွက်

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နဲ့ လူပုဂ္ဂိုလ် (၂) ဦး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ သေဒဏ် အတည်ပြုခြင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ တရားရုံးတွေက ချမှတ်တဲ့ ပြစ်ဒဏ်တွေ အားလုံးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေး၀န်ကြီးဌာနက ဇွန် ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီဟာ တရားစီရင်ရေးကို ဥပဒေမဲ့ အညှိုးအတေး အာဃာတတွေနဲ့ စိတ်ထင်ရာ တဖက်သတ် လုပ်ဆောင်နေတယ်လို့ NUG တရားရေး၀န်ကြီးဌာနက ပြောကြားထားပြီး သေဒဏ်ကို အတည်ပြုလုပ်ဆောင်တာဟာ ကြီးလေးတဲ့ပြစ်မှုကြီးကို ကျူးလွန်တာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

    စစ်ကောင်စီ အလိုကျ အမှုတွေကို စစ်ဆေးစီရင်နေတဲ့ တရားရုံးတွေနဲ့ အဲဒီတရားရုံးတွေက ချမှတ်တဲ့စီရင်ချက်၊ အမိန့်တွေဟာ တရားဝင်မှု လုံးဝ မရှိဘူးလို့ လည်း ဆက်လက်ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ တရားစီရင်မှုတွေ၊ သေဒဏ်အတည်ပြုတာတွေနဲ့ နည်းမျိုးစုံနဲ့ ဥပဒေချိုးဖောက်နေတာတွကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ သက်ဆိုင်သူများအားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးအတွက် စစ်ကောင်စီက လုံးဝ တာဝန်ခံရလိမ့်မယ်လို့လည်း NUG က ဆိုထားပါတယ်။

  14. အေအေအတွက် ရန်ပုံငွေကောက်ခံတယ်ဆိုပြီး ဖမ်းဆီးထားသူနှစ်ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်

    ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ဒေသခံ နှစ်ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အတွက် အမျိုးသားရန်ပုံငွေ ကောက်ခံသူတွေဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) နဲ့ ကျောက်ဖြူမြို့နယ်တရားရုံးမှာ တရားစွဲထားတယ်လို့ မိသားစုက ပြောပါတယ်။

    ကျောက်ဖြူမြို့ပေါ်က စျေးဆိုင်တစ်ဆိုင်ကနေ ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ကို မေလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလရ ၃၄ တပ်ရင်းကအရပ်ဝတ်ဝတ်ထားတဲ့ စစ်သားတွေဖြစ်ကြပြီး ULA/AA အတွက် အမျိုးသားရန်ပုံငွေကောက်ခံသူတွေလို့ဆိုကာ ဖမ်းဆီးသွားတာဟာ စွပ်စွဲတာသာဖြစ်တယ်လို့ ဒေါ်ခင်အုန်းနွဲ့ရဲ့ သမီးဖြစ်သူက ပြောပါတယ်။

    “အမှန်တရားတစ်ခုတော့ လိုချင်တယ်။ သူတို့မှာ သက်သေအထောက်အထားဘာမှလည်းတွေ့တာမဟုတ်ဘဲ လမ်းမှာသွားနေတဲ့လူကို ဖမ်းတယ်ဆိုတော့ မတရားဘူးလို့တော့ထင်တယ်”လို့ သူက ပြောပါတယ်။ လက်ရှိမှာ သူတို့နှစ်ဦးကို ကျောက်ဖြူအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားကြောင်းသိရပေမယ့် မိသားစုတွေနဲ့တော့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

    သူတို့နှစ်ဦးကို မေ ၂၇ ရက်နေ့မှာ ရုံးထုတ်ရမန်ယူခဲ့ကာလာမယ့် ဇွန်လ ၈ ရက်နေ့မှာ ဒုတိယအကြိမ်ရုံးထုတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ရခိုင်ပြည်နယ် တောင်ဘက်ခြမ်းမြို့နယ်တွေမှာ ULA/AA အတွက် အကူအညီပေးနေသူတွေဆိုပြီး ဒေသခံတွေကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေတာတွေ၊ ဖမ်းဆီးတရားစွဲဆိုမှုတွေအပြင် ကျေးရွာတွေနီး စခန်းချနေထိုင်တာတွေပြုလုပ်လာနေတာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့အခုလို လုပ်ဆောင်မှုတွေအပြင် စစ်အင်အားတိုးမြှင့်တာတွေလည်း ပြုလုပ်လာနေတဲ့အတွက် စစ်ရေးတင်းမာမှုတွေမြင့်တက်နေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ အေအေဘက်က ပြောဆိုထားပါတယ်။ မေလ ၂၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းက အေအေတပ်စခန်းရှိတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့တာကြောင့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

  15. ကန့်ဘလူ၊ ကိုးတောင်ဘို့ကျေးရွာနားမှာ‌ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်, လက်နက်ကြီးထိမှန်တာ‌ကြောင့် အသက်၈နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့ရွာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား မနေ့ ဇွန်လ ၃ရက်နေ့စကပြီး တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့မနက် ၅နာရီလောက်စဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲမှာတောနေ့လယ်ပိုင်းလောက်မှာ စစ်ကောင်စီဘက်က‌ ကလေကြောင်းပစ်ခတ်မှုတွေလည်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။

    ‘’တိုက်ပွဲက မနက် ၅နာရီလောက်မှာစဖြစ်တာ၊ နေ့လယ် ၂ နာရီလောက်မှာ လေယာဥ် ၄စီးနဲ့လာပစ်တယ်။ ၂စီးက လေကြောင်းကပစ်ပြီး ၂စီးက မြေပြင်ကိုလူချတယ်။လေကြောင်းရော၊မြေပြင်ရောပါတိုက်ခိုက်တာ။ ဒီကနေ့မနက်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတပ်ဖွဲ့ဝင် ၂ဦးရဲ့အလောင်းကိုပြန်တွေ့တယ်”လို့ ဒေသကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာလည်း ကိုးတောင်ဘို့ကျေးရွာအတွင်း စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် နေအိမ်တစ်အိမ်ကို လက်နက်ကြီးထိမှန်ပြီးနေအိမ်ထဲမှာရှိနေတဲ့ အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ဦးသေဆုံးခဲ့တယ်လို့လည်း ကန့်ဘလူဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့Kotaungbo Revolution KTB-Rကဓါတ်ပုံမှတ်တမ်းတွေနဲ့တကွထုတ်ပြန်ထားပါတယ်။

    မနေ့က တိုက်ပွဲအပြီးမှာလည်း စစ်ကောင်စီတပ်တွေဟာ ကိုးထောင့်ဘိုရွာအတွင်းဝင်ရောက်ပြီးတအိမ်တက်ဆင်းရှာဖွေတာတွေဆက်လုပ်နေတယ်လို့ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်အင်အား ၄၀ လောက်ဟာ ကိုးထောင်ဘို့ရွာအနီးကပေါက်ကုန်းကျေးရွာအတွင်းကို ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၃၁ရက်မှာလည်း ကန့်ဘလူမြောက်ဘက်အခြမ်းက ချပ်သင်းဒေသ ကံကြီးရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့်ကင်းစောင့်နေတဲ့ ပကဖအဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး ဒေသခံတချို့လည်းဖမ်းဆီးခံခဲ့ရတာတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကန့်ဘလူနယ်ထဲကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  16. ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်စီရင်မယ့်ဆုံးဖြတ် တစ်ချိန်မှာ နိုင်ငံရေးအရပြန်ဖြေရှင်းရမှာကိုဆက်စပ်စဥ်းစားသင့်တယ်လို့ ဦးကိုကိုကြီးပြော, အမှန်တကယ်သေဒဏ်ချဖို့မဖြစ်နိုင်ဘူး လို့ဆို

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီကချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်တော့မယ်ဆိုတဲ့ပြောကြားချက်ဟာတစ်ချိန်မှာနိုင်ငံ‌ရေးအရပြန်ဖြေရှင်းရမယ့်ဖြစ်စဥ်နဲ့ဆက်စပ်ပြီးဆုံးဖြတ်သင့်တယ်လို့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးကပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရပါ အငြင်းပွားစရာဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက် တရားဥပဒေအရ ဆောင်ရွက်ချက်မယ်ဆိုရင်အလေးအနက်စဥ်းစားသင့်တာဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

    ‘’ပဋိပက္ခဖြစ်စဥ်မှာထိခိုက်သေဆုံးတာတွေရှိခဲ့တယ်။ အရပ်သားသေကြေပျက်စီးတယ်ဆိုတာက တရားဥပဒေအရဖြစ်ပေါ်တာမဟုတ်ဘူး။ အခုလို သေဒဏ်စီရင်တယ်တို့အယူခံတို့က ဥပဒေ‌ကြောင်းအရဖြစ်စဥ်ထဲမှာထည့်စဥ်းစားရမှာဖြစ်တယ်။ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကာလ‌ဟာ ဥပဒေကြောင်းအရရော နိုင်ငံရေးအရရောအင်မတန်အငြင်းပွားစရာတွေပြည့်နေတဲ့အချိန်မှာ တရားဥပဒေအရ ဆောင်ရွက်ချက်ဆိုရင်တော့ ဒီဟာက အလေးအနက်စဥ်းစားသင့်တယ်။ ၈၈ ပြီးကတည်းက သေဒဏ်ကိုအမှန်တကယ်စီရင်တယ်ဆိုတာမရှိခဲ့ဘူး။ဒါကြောင့်မို့ သမ္မတ အယူခံနောက်ဆုံးအဆင့်ငြင်းပယ်ခံရမှ သေဒဏ်အတည်ဖြစ်တာဆိုတော့ ဒီကာလဟာ ဥဒေအရရော နိုင်ငံရေးအရရောအငြင်းပွားစရာဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်တစ်ဖက်ကလည်းတစ်ချိန်မှာနိုင်ငံရေးအရပြန်လည်ဖြေရှင်းရမယ့်ဖြစ်စဥ်နဲ့ဆက်စပ်ပြီးဆုံးဖြတ်သင့်တယ်။အလေးအနက်စဥ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဒါကတော့ ဥပဒေပိုင်းနဲ့ နိုင်ငံရေးအရပြောတာပေါ့။” လို့ သူက ဆိုပါတယ်။

    ပုဂ္ဂိုလ်ရေးအရပြောရရင်တော့ ဦးဂျင်မီဟာ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက် အနေနဲ့သူယုံကြည်ရာ ကိုသူလုပ်တယ်ဆိုပေမဲ့တစ်ဖက်က သမီးလေးရှိတဲ့ ဖခင်တစ်ယောက်အနေနဲ့ စိတ်ထဲမာနင့်နင့်နဲနဲခံစားရတယ်လို့ ဦးကိုကိုကြီးက ဆက်ပြောပါတယ်။

    “ဒါကြောင့်မို့ လို့ ဒီလိုအဖြစ်နဲ့မဆုံစေချင်ဘူး’’လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဘီဘီစီပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်ထားပေမဲ့ အမှန်တကယ်သေဒဏ်စီရင်ဖို့မဖြစ်နိုင်ဘူးလို့လည်း သူရဲ့ နိုင်ငံရေးအတွေ့အကြုံအရ သုံးသပ်ပြောဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ လက်နက်ပစ္စည်းတွေနဲ့အတူသိမ်းဆည်းရမိတယ်၊အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲထုတ်ပြန်ချက်တွေနဲ့ဦးဂျင်မီနဲ့ ဦးဇေယျာသော်တို့ကို အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မတွေနဲ့ စစ်ခုံရုံးတင်စစ်ဆေးပြီး ဇန်နဝါရီ ၂၁ရက်က သေဒဏ်အမိန့်တွေချမှတ်ထားတာပါ။

    မနေ့ဇွန်လ ၃ ရက်နေ့မှာတော့ ဦးဂျင်မီတို့ ၂ ဦးအပါအဝင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်က စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရတဲ့ ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်တဲ့အမှုနဲ့စွပ်စွဲခံရတဲ့ ကိုလှမျိုးအောင်နဲ့ကိုအောင်သူဇော်တို့ကို ချမှတ်ထားတဲ့ သေဒဏ်ကို အကောင်အထည်ဖော်တော့မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

  17. စစ်ကောင်စီရဲ့သေဒဏ်စီရင်မိန့်အပေါ် အလွန်အမင်း စိတ်ပူပန်နေတယ်လို့ ကုလပြောလာ

    သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်မယ့် မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပူနေတယ်လို့ ကုလသမဂ္ဂက ပြောလာပါတယ်။

    ဇွန် ၃ ရက်နေ့ကပြုလုပ်တဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မြန်မာ့အရေးနဲ့ပတ်သက်လို့ ခုလို ပြောကြားသွားတာဖြစ်ပါတယ်။

    ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    ကုလအထွေထွေအတွင်းရေးမှူးချုပ်က လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာရန် ထပ်လောင်းပြောကြားခဲ့တဲ့အပြင်အခြေခံလွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ တရားစွဲဆိုခံထားရမှုတွေ အားလုံးကို ရုပ်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

    အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက် တရားစီရင်ခြင်းမရှိခင် အပြစ်ကင်းသူအဖြစ် သတ်မှတ်ပိုင်ခွင့်ရှိပြီး ‌တန်းတူညီမျှတဲ့တရားစီရင်ခွင့်မူ၀ါဒတွေ၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့တရားခွင်မှာ တရားမျှတတဲ့ အများပြည်သူ့ကြားနာခွင့်နဲ့ လူတစ်ဦးချင်းရဲ့ ခုခံကာကွယ်မှုအတွက် လိုအပ်တဲ့ အာမခံချက်အားလုံးကို ပြဋ္ဌာန်းထားတယ်လို့လည်းဆိုပါတယ်။

    ဒ့ါ အပြင် ကုလအထွေထွေအတွင်းရေးမှူးချုပ်သေဒဏ်ဟာအသက်ရှင်သန်ခွင့်ကိုမလေးစားတဲ့လုပ်ရပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးနဲ့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သေဒဏ်ကို ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက လွှတ်‌တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့နှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ဇန်န၀ါရီလထဲမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

    အဲဒီသေဒဏ်အမိန့်နဲ့ပတ်သက်လို့ နောက်ဆုံးအဆင့် အယူခံတွေကို ပလပ်လိုက်ပြီဖြစ်လို့တကယ်‌သေဒဏ် စီရင်တော့မယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန် ၃ ရက်မှာ ထုတ်ပြောလာတာပါ။

  18. ဘားလမ်းမှတ်တိုင်ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်လူငယ် နှလုံးနဲ့အဆုတ်ထိခိုက်ခဲ့ပြီး ခွဲစိတ်မှုခံယူထားရ

    ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့က ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ ဘားလမ်းမှတ်တိုင်မှာ ဖြစ်ခဲ့တဲ့ ‌ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲမှာပါဝင်ခဲ့တဲ့အသက် ၂၃ နှစ်အရွယ်ချင်းအမျိုးသားလူငယ်ဟာ ဝမ်းဗိုက်ဒဏ်ရာရခဲ့ပြီး နှလုံးနဲ့အဆုတ်ကို ထိခိုက်ခဲ့တယ်လို့မိသားစုဝင်တွေကပြောပါတယ်။

    အသက် ၂၃ နှစ်အရွယ် ချင်းတိုင်းရင်းသား ကိုကျင်ဆန်စွမ်းဟာ ကလေးမြို့မှာနေထိုင်သူ ဖြစ်ပြီး အခုဇွန်လမှာ စင်ကာပူနိုင်ငံကိုသွားရောက်ဖို့ ရန်ကုန်မှာစောင့်ဆိုင်းနေတုန်း အခုလိုပေါက်ကွဲမှုနဲ့ကြုံခဲ့ရတာပါ။ လက်ရှိမှာတော့ ကိုကျင်ဆန်စွမ်းဟာ နှလုံးကိုခွဲစိတ်မှုခံယူပြီးဖြစ်တယ်လို့ ကိုကျင်ဆန်စွမ်းရဲ့ မိသားစုဝင်တွေကပြောပါတယ်။

    ‘’နှလုံးခွဲစိတ်မှုကအောင်မြင်တယ်ပြောတယ်။ အဆုတ်ကတော့ ဘာဆက်လုပ်ရမယ်မသိဘူး။ နေပြန်ကောင်းဖို့ပဲ မျှော်လင့်ထားတယ်။ နိုင်ငံခြားသွားတာတွေဘာတွေလည်းဘာမှမလုပ်နိုင်တော့ဘူး’’ လို့ကိုကျင်ဆန်စွမ်းရဲ့အစ်ကိူက ဘီဘီစီကိုပြောပါတယ်။

    ဘားလမ်းမှတ်တိုင်ဗုံးပေါက်ကွဲမှုမှာတော့ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူဟာ ပေါက်ကွဲမှုရဲ့ တရားခံဖြစ်တယ်လို့ မှတ်တိုင်အနီးအနားက စီစီတီဗီကင်မရာမှတ်တမ်း‌နဲ့ သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းပါ အချက်အလက်တွေအပေါ်မူတည်ပြီး ‌စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    တဖက်မှာလည်း အမျိူးသားညီညွတ်ရေးအစိုးရ NUG က ဒီပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာကအထင်အမြင်လွဲစေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း NUG က တုံ့ပြန်ပြောဆိုပါတယ်။ ဒါကြောင့် ဘားလမ်း ကားမှတ်တိုင်က ပေါက်ကွဲမှုဟာ အပြန်အလှန်စွပ်စွဲချက်တွေရှိနေတဲ့အနေအထားဖြစ်ပါတယ်။

  19. ဧရာဝတီလင်းပိုင်ထိန်းသိမ်းတဲ့ ကျေးရွာတချို့မီးရှို့ခံရပြီး ဒေသခံရေလုပ်သား‌တွေတိမ်းရှောင်နေရ, လင်းပိုင်ထိန်းသိမ်းရေးအတွက်ကွင်းဆင်းမှတ်တမ်းကောက်တာတွေလည်းမလုပ်နိုင်တော့ဘူးလို့ဆို

    စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်းထဲကကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးတာတွေလုပ်နေပြီး အဲဒီကျေးရွာတွေထဲမှာဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်တဲ့ ကျေးရွာတချို့လည်းပါသလို ရေလုပ်သားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စဥ့်ကူး၊ မတ္တရာမြို့နယ်တွေထဲက ကျေးရွာတွေကို ဒေသကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ဝင်ရောက်မီးရှို့တာတွေလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

    ဒီရွာတွေထဲက ရွာပေါင်း ၉ ရွာလောက်ဟာဆိုရင် လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်တဲ့ကျေးရွာတွေဖြစ်ပြီး ပြည်တွင်း၊ပြည့်ပခရီးသွား ဧည့်သည်တွေအတွက် ဧရာဝတီလင်းပိုင်လေ့လာရေး အစီအစဉ်အဆင်ပြေဖို့ ဆယ်စုနှစ်ကျော်ကြာ ကျေးရွာအခြေပြုလမ်းကြောင်းတွေ ပြုလုပ်အောင်မြင်ခဲ့ပါတယ်။

    ဒါပေမဲ့ လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်တဲ့ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့ယူဆချက်နဲ့ ရွာတွေကိုမီးရှို့ဖျက်ဆီးခံရတာတွေကြုံနေရပြီးမြစ်ကမ်းအနီးက ကျေးရွာတွေမှာ လင်းပိုင်နဲ့ အကျိုးတူ ရေလုပ်သားတွေ အဖမ်းမခံရဖို့နဲ့ အသတ်မခံရဖို့ နေ့စဉ် စိုးရိမ်စွာပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘’ဘာကြောင့်မှမဟုတ်ဘူး၊ ကျေးရွာတွေမှာ PDF တွေရှိတယ်လို့ပြောလို့ပြော။ဘာပြောလိုပြောနဲ့ အဲဒီလိုနဲ့အကြောင်းပြချက်မရှိဘဲလုပ်တာ။ မီးရှို့တာ အိမ်ခြေ ၄၀ကျော်သွားပြီ ဘာတစ်ခုမှမကျန်ဘူး။ လင်းပိုင်တွေထိန်းသိမ်းနိုင်သွားပြီ။ ရှော့တွေထိန်းနိုင်သွားပြီ။လမ်းကြောင်းပေါ်ရောက်သွားမှ အကုန်ပျက်စီးသွားတယ်။

    အခုကစားဖို့နေနေသာသာ မနက်လင်းရင်ဘယ်ပြေးရမလဲတွေးနေရတယ်။ ဘာအလုပ်မှကိုမလုပ်ရဘူးလို့’’ ကျေးရွာကို သုံးခါလာရောက်မီးရှို့ပြီး နေအိမ်မီးထဲပါသွားတဲ့ လင်းပိုင်ထိန်းသိမ်းရေး ရေလုပ်သားက ဘီဘီစီကိုပြောပါတယ်။

    လင်းပိုင်နဲ့ ရေလုပ်သား အကျိုးတူအလုပ်လုပ်တာ ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိတာပါ။

    ဒီလို တစ်နှစ်ကျော်ကြာ နိုင်ငံရေးအခြေနေ မတည်ငြိမ်တာနဲ့ လင်းပိုင်ထိန်းသိမ်းရေး ကျေးရွာတွေ မီးရှို့ခံရတာဟာ လင်းပိုင်တွေရဲ့ သဘာဝစံနူန်းတွေ အလေ့အကျင့် ပျောက်သွားနိုင်သလို ခရီးသွားစံနူန်း တန်ဖိုးသတ်မှတ်ချက်ပါ အဆင့်လျှောနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူတွေကလည်းပြောပါတယ်။

    ‘’သက်ရောက်မှုက လင်းပိုင်သဘောသဘာဝတွေပျက်စီးနိုင်တယ်။ ကျွန်တော်တို့ဆီကလူနဲ့လင်းပိုင်ပူးပေါင်းမှုတစ်ခု ယဥ်ကျေးမှုတစ်ခုလိုဖြစ်နေတာ။ ကမ္ဘောဒီးယားမှာဆိုလူသပ်သပ်၊ လင်းပိုင်သပ်သပ်။ လင်းပိုင်ကြည့်ချင်ရင် လင်းပိုင်တစ်ကောင်ရေကူးနေတာကြည့်ရတယ်။ ဒီမှာက အပြန်အလှန်သက်ရောက်ဆက်နွယ်မူရှိတာ ဒါက ဧရာဝတီလင်းပိုင်ရဲ့အလွန်ထူးခြားတဲ့အားသာချက်ပဲ။ ဒါကလူကအမြဲထိတွေ့နေမှလေ။ ဒီအစဥ်အဆက်ကိုမလုပ်ရင်တော့ဘူး လူသပ်သပ်လင်းပိုင်သပ်သပ်ဖြစ်သွားပြီဆို အဆင့်ရှုံးသွားပြီ‘’လို့ သဘာဝပတ်ဝန်းကျင်နဲ့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဧရာဝတီလင်းပိုင်တွေကို အကောင်ရေစစ်တမ်းကောက်ယူတာ ၂၀၂၀ခုနှစ်မှာ ၇၉ကောင်ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဧရာဝတီလင်းပိုင် တိုးတာ လျော့တာတွေကို ယနေ့အချိန်ထိ ကွင်းဆင်း မှတ်တမ်းကောက်ယူတာ တွေအရင်လိုထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့် လက်ရှိအကောင်အရေအတွက်ကို အတိအကျမပြောနိုင်သေးဘူးလို့ မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနဘက်ကပြောပါတယ်။

  20. ပုလဲမြို့နယ်သရက်ကျေးရွာမီးရှို့ခံရပြီး အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးသေဆုံး, ကျေးရွာနေအိမ်တစ်ဝက်နီးပါးမီးလောင်ပျက်စီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်ထဲက သရက်ကျေးရွာကိုမနေ့ ဇွန်လ ၃ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံတွေဘေးလွတ်ရာပြေးခဲ့ကြရတယ်လို့ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက်ပိုင်းမှာတော့ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခံပြီး ဒီကနေ့(ဇွန်လ၄ရက်) ရွာထဲကို ပြန်ရောက်ချိန်မှာတော့နေအိမ် အလုံး ၇၀ နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရသလို လေဖြတ်ထားတဲ့ အသက် ၇၀ အရွယ်သက်ကြီးအိုတစ်ယောက် မီးလောင်သေဆုံးနေတာကိုတွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ရွာထဲကိုပစ်ခတ်ဝင်ရောက်လာလို့အကုန်ပြေးတယ်။ ပစ်ခတ်နေတဲ့ကြားကဘေးလွတ်ရာပြေးကြရတော့လွတ်တဲ့နေရာလေးမှာထားခဲ့တာ အဖိုးကလေလဲဖြတ်နေတော့။ ရွာထဲပြန်ရောက်တော့ မီးလောင်သေဆုံးနေတာတွေ့ရတာပါ။ အိမ်ခြေ ၇၀ လောက်မီးလောင်သွားတယ်။မနေ့ညနေကတည်းကဝင်ငြှိမ်းတာ၊ ပြေးလိုက်ငြှိမ်းလိုက်ဆိုတော့အကုန်လည်းမငြှိမ်းနိုင်ခဲ့ဘူး။မီးကတညလုံးလောင်နေတာ၊ ကျွဲတွေနွားတွေလည်းလောင်တယ်။ အရင်ကတော့ ရွာနားတိုက်ပွဲဖြစ်တာတွေရှိပါတယ်။ အခုမှသူတို့ဝင်လာရှို့တာ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင်စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက်ပိုင်းမှာ ထွက်မပြေးနိုင်တဲ့ဒေသခံတချို့ကိုလည်း ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းထဲမှာဖမ်းဆီးထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပုလဲနယ်ထဲကသရက်ကန်ကျေးရွာဟာဆိုရင် အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ကျေးရွာဖြစ်ပြီး လက်ရှိမှာတော့ အိမ်ခြေ ၇၀ နီးပါးလောက်မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။