ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာစစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမှု တူရကီ စတင်

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တူရကီက အရာရှိတွေက စတင်စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီလို့ ယူကေအခြေစိုက် မြန်မာတာဝန်ခံမှုရှိရေးစီမံကိန်း(Myanmar Accountability Project – MAP)အဖွဲ့က ပြောပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေက ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံရပ်ခြား တိုင်းပြည်တခုကနေ စုံစမ်းစစ်ဆေးတာဟာ ဒါဟာပထမဆုံးအဖြစ်ပါ။

    ကုလသမဂ္ဂရဲ့အစီရင်ခံစာတခုအရ စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၅၀၀ ကျော်သေဆုံးခဲ့ရပြီလို့ သိရပါတယ်။ ဒီစာရင်းတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတွေမှာ သတ်ဖြတ်ခံရတာတွေ မပါဝင်သေးတဲ့အတွက် အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးရသူတွေဟာ ဒီထက်မက များမယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။

    စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက်အကျဉ်းထောင်တွေထဲမှာထိန်းသိမ်းခံထားရသူအရေအတွက်၁၁,၀၀၀နီးပါးခန့်ရှိမယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကထုတ်ပြန်ခဲ့ပါတယ်။ဒီအထဲကရာနဲ့ချီတဲ့လူတွေနှိပ်စက်တာခံခဲ့ကြရမယ်လို့ကုလသမဂ္ဂက လက်ခံယုံကြည်ထားပါတယ်။

    MAP ရဲ့ညွှန်ကြားရေးမှူး ခရစ်စ်ဂါးနက်စ်က “ဒီလိုစုံစမ်းစစ်ဆေးတာတွေစတင်လုပ်လာတယ်ဆိုတာဟာ စစ်တပ်က တခြားအဆင့်အရာထမ်းတွေအပါအဝင် စစ်တပ်ခေါင်းဆောင်တွေကို ကမ္ဘာကစောင့်ကြည့်နေတယ်၊ ကျူးလွန်ခဲ့တာတွေအတွက် ပြန်ပြီး အရေးယူခံရမယ်ဆိုတဲ့ သတင်းစကားကိုပါးလိုက်တာ”လို့ဆိုပါတယ်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း တူရကီနိုင်ငံက မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့အရေးကို ပိုပြီးစိတ်ဝင်စားမှု ရှိလာတာပါ။

    တူရကီနိုင်ငံဟာ နှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်ကမြန်မာပြည်သူတွေအပေါ် ကျူးလွန်နေမှုတွေကို အရေးယူပေးဖို့MAP အဖွဲ့က ဒီနှစ်အစောပိုင်းကတည်းက တူရကီမြို့တော်ကတရားရုံးတခုမှာ အမှုစွဲတင်ခဲ့ကြပါတယ်။

  2. ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ်အမိန့်ကို စစ်ကောင်စီအတည်ပြုလိုက်ပြီလို့ပြောလာ, နှစ်ပေါင်း ၃၀ ကျော်အတွင်းပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာနိုင်တယ်လို့ ပြော

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ရဲ့သေဒဏ်အမိန့်ကို အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီဘက်ကပြောလာပါတယ်။ သူတို့ကို ကြိုးမိန့်ပေးလိုက်ရင် ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာမှာပါ။

    အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့ကို ဇန်နဝါရီ ၂၁ ရက်ကထဲက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လ တုန်းကနောက်ဆုံးဖြစ်ပြီး အဲ့ဒီနောက်ပိုင်း သေဒဏ်စီရင်ချက်တွေကို ကြိုးပေးသတ်တာမျိုး မလုပ်တော့ပါဘူး။ လက်ရှိပြန်လည်ကျင့်သုံးတဲ့အပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

    ''အရင်ကတော့ သေဒဏ်အမိန့်ချမှတ်ခံရသူတွေဟာ ပြင်ဆင်ချက်ကို လျှောက်ရပါတယ်။ ပြင်ဆင်ချက်ကိုပယ်မှ အသနားခံစာ တင်ပါတယ်။ ဘာမှဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့လိုက်တဲ့အခါမှာ လက်တွေ့အကောင်အထည်မဖော်တော့ဘူးပေါ့။ ခုကတော့ အဲဒီအသနားခံစာကို ပလပ်လိုက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ တကယ်သေဒဏ်ချမှာပါ '' လို့ ပြောပါတယ်။

    ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောဘဲ အကျဥ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ အရပ်ဘက်တရားရုံးကသေဒဏ်ချမှတ်ရင် ကြိုးမိန့်ပေးတဲ့အဆင့်ရောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိကြာတတ်ပြီး စစ်ခုံရုံးကချမှတ်ရင်တော့ မြန်ဆန်တတ်တယ်လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီလက်ထက်ပြန်လည်ကျင့်သုံးလိုက်တဲ့သေဒဏ်ကိုကြိုးမိန့်ပေးမှုမှာ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့သာမက ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နှစ်ဦးကိုလည်း ကြိုးပေးမှာဖြစ်ပါတယ်။ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် ဟာ လှိုင်သာယာမှာ ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုနဲ့ သေဒဏ်ပေးထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)က ပြောလာပါတယ်။

    လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာတာလို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

  3. ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦး၀င်းမြင့်နဲ့ ၀န်ကြီးဟောင်း ဦးမင်းသူတို့ကို ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီး‌ဟောင်း ဦးမင်းသူတို့ ၃ ဦးကို ရွေးကောက်ပွဲကောမရှင်အပေါ်မလျော်သြဇာသုံးမှုနဲ့ ဒီနေ့ ဇွန်၃ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ရုံးချိန်းမှာ စွဲချက်တင်အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကတစ်ဆင့်သိရှိရပါတယ်။

    ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က အမှုဖြစ်ပြီး တရားလို အဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး က တရားလိုပြုလုပ်ပြီးစွဲဆိုထားတာဖြစ်ပါတယ်။

    ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ငွေဒဏ်အပြင် အမြင့်ဆုံးထောင် ၃ နှစ် ချမှတ်ခံရနိုင်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရော ဦး၀င်းမြင့်က ကျန်းမာရေးကောင်းမွန်တယ်လို့ဆိုပါတယ်။

    ဒီနေ့စွဲချက်အမိန့်အပေါ် NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့၀င် ဦးကျော်ထွေးကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် အငြင်းပွားမှုရှိရင် ‌ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြဠာန်းထားတဲ့အတိုင်းဆောင်ရွက်ရမှာကိုကျော်လွန်ပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဥပ‌‌ဒေနဲ့မညီညွတ်ဘဲ မတရားအမှုဆင်ညစ်ပတ်တဲ့လုပ်ရပ်လို့ တုံ့ပြန်ပါတယ်။

    တကယ်တမ်းအမှားအယွင်းရှိခဲ့ရင် ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကိုအကောင်အထည်ဖော်တဲ့နေရာမှာ တာ၀န်အရှိဆုံး ညွန်ကြားရေးမှူးချုပ်ကိုကျ အရေးမယူဘဲ အဲဒီညွန်ကြားရေးမှူးချုပ်ကို ကော်မရှင်အဖွဲ့၀င်အဖြစ် ခန့်ထားတာ ရိုးဖြောင့်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာထင်ရှားတယ်လို့ ဦးကျော်ထွေးက ဆက်ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အမှု ၆ မှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ် ကို စစ်ကောင်စီက ချမှတ်ထားပြီး လက်ကျန် ရင်ဆိုင်ရမယ့်အမှုတစ်ဒါဇင်ကျော်ကျန်ရှိတဲ့အထဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့အဂတိအမှု ၄ မှုကိုလည်း စွဲချက်တင်ခံထားရပါတယ်။

  4. JOOX Music မြန်မာပြည်မှာ ရပ်ဆိုင်းတော့မယ်လို့ထုတ်ပြန်လာ

    ပြည်တွင်း ဂီတချစ်သူတွေကြား ရေပန်းစားတဲ့ မိုဘိုင်းအပလီကေးရှင်း JOOX Music Myanmar ဟာ မြန်မာပြည်ကနေပြန်ထွက်ခွာတော့မယ်လို့ ထုတ်ပြန်လာပါတယ်။

    လာမယ့် ဇူလိုင် ၆ ရက်နေ့ကနေစပြီး လုပ်ငန်းလည်ပတ်မှုအားလုံးကိုရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ထုတ်ပြန်လာပြီး မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့စျေးကွက်အခြေအနေတွေကြောင့် ရပ်ဆိုင်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ပြည်တွင်းပြည်ပ သီချင်းပေါင်း ၄၅ သန်းကျော်လောက် နားထောင်နိုင်တဲ့ ဒီမိုဘိုင်းအပ်ဟာတရုတ်နည်းပညာကုမ္ပဏီ Tencent က တည်ထောင်ထားတာဖြစ်ပြီးမြန်မာပြည်ကို ပြီးခဲ့တဲ့ ၂၀၁၅ လောက်ကစတင်ဝင်ရောက်ခဲ့တာပါ။

    ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အာဏာသိမ်းမှုဖြစ်စဥ်အပေါ် တရုတ်အစိုးရရဲ့သဘောထားတွေကိုဆန့်ကျင်တဲ့အနေနဲ့တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုမသုံးစွဲဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းခဲ့ကြပြီး JOOX Music အပါအဝင် မိုဘိုင်းဂိမ်းတွေနဲ့ Tiktok စတဲ့ အပလီကေးရှင်းတွေကို သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သုံးစွဲသူတချို့က ဒီအပလီကေးရှင်းကို ဖုန်းတွေကနေပြန်ဖယ်ရှားခဲ့တာတွေရှိသလိုပြည်တွင်းမှာရှိတဲ့ အဆိုတော်တချို့ကလည်းဒီအပလီကေးရှင်းမှာ တင်ထားတဲ့ သူတို့သီချင်းတွေကို ပြန်ဖြုတ်တာတွေလည်းလုပ်ခဲ့ကြပါတယ်။

    မြန်မာပြည်ကနေ နောက်လဆန်းမှာထွက်ခွာတော့မယ့် JOOX Music ကတော့ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှားနဲ့ထိုင်းနိုင်ငံတို့မှာဆက်လက်လည်ပတ်သွားမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

  5. မန္တလေးစျေးချိုတော်ကဆိုင်တွေ ဇွန်လ ၈ရက်မတိုင်ခင်နောက်ဆုံးထားဖွင့်ဖို့ စစ်ကောင်စီပြော, မဖွင့်တဲ့ဆိုင်တွေကိုပိတ်သိမ်းမယ်လို့ဆို

    မန္တလေးစျေးချိုတော်မှာဖွင့်ထားတဲ့ဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၈ရက်မတိုင်ခင်နောက်ဆုံးထားပြီးဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ကစည်ပင်ကော်မတီကကြေညာချက်ထုတ်ထားတယ်လို့ ဆိုင်ရှင်တွေကပြောပါတယ်။ ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးကတည်းကစျေးချိုတော်အပါအဝင်မန္တလေးမြို့မှာရှိတဲ့ လက်ကားစျေးကြီး ၇ခုလုံးပိတ်ခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ စျေးချိုအတော်အပါအဝင်ရတနာပုံစျေးစတာတွေကိုစစ်ကောင်စီခန့်စည်ပင်ကော်မတီကပြန်ဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် စျေးဆိုင်ခန်းပိုင်ရှင်တွေဟာဆိုင်ခန်းအခွန်နဲ့ မီတာကြေးတွေ ပေးဆောင်ရတဲ့စျေးတွေမတတ်နိုင်တာကြောင့် ဆိုင်တွေမဖွင့်ခဲ့ကြဘူးလို့ဆိုင်ရှင်တွေကပြောပါတယ်။

    အဲဒီနောက်မှာ စည်ပင်ကော်မတီကပြန်မဖွင့်တဲ့ ဆိုင်ခန်းတွေကို ယာယီပိတ်သိမ်း ထားရှိတဲ့အကြောင်း အသိပေးဗီနိုင်းစာတွေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကပ်ခဲ့ပါတယ်။ဒါပေမဲ့ ဆိုင်ခန်း ပြန်ဖွင့်မှု နည်းတာကြောင့် ဒီလ ၈ ရက်နေ့မှာ ပြန်မဖွင့်ရင် ကော်မတီပိုင်ဆိုင်ခန်းတွေကို သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်လာတာပါ။

    ‘’ အရင်တုန်းကဆိုရင်တော့ စျေးရုံတခါးပိတ်တဲ့အထိစျေးကရောင်းနေရတုန်း။ရုံတံခါးသမားကို တံခါးလေးတပေါက်ဖွင့်ထားပါအုံးဆိုပြီးပြောရတယ်။ ရုံတံခါးပိတ်တဲ့လူကစောင့်ပိတ်ရတဲ့အနေအထားက အခုဒါတွေပြန်ပြောရင် ဟုတ်မှဟုတ်ပါ့မလားတောင်ဖြစ်ခဲ့ရပြီ။မန္တလေးရဲ့အသက်ရူသံတစ်ခုရပ်ဆိုင်းသွားတယ်လို့တွေးတယ်။ တချို့ဆိုင်ခန်းအဌားတွေလည်းပြန်အပ်လိုက်ကြရပြီ” လို့ စျေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ပြည်တွင်း ပြည်ပထုတ် စားသောက်ကုန်၊ လူသုံးကုန်၊ ဒေသထွက် သီးနှံတွေကစ လက်လီ၊လက်ကားရောင်းချတဲ့ ဈေးချိုတော်၊ မန်းမြန်မာ၊ ရတနာပုံစတဲ့ ဈေးကြီးတွေမှာ ကိုဗစ်ဖြစ်ချိန်နှစ်က ကိုဗစ်စည်းကမ်းနဲ့အညီ ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချ ခဲ့တာတွေ ရှိပါတယ်။

    အဲဒီနောက်မှာ စည်ပင်ကော်မတီကပြန်မဖွင့်တဲ့ ဆိုင်ခန်းတွေကို ယာယီပိတ်သိမ်း ထားရှိတဲ့အကြောင်း အသိပေးဗီနိုင်းစာတွေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကပ်ခဲ့ပါတယ်။ဒါပေမဲ့ ဆိုင်ခန်း ပြန်ဖွင့်မှု နည်းတာကြောင့် အခုဇွံန်လ၈ ရက်နေ့မှာ ပြန်မဖွင့်ရင် ကော်မတီပိုင်ဆိုင်ခန်းတွေကို သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်လာတာပါ။

    ဈေးချိုတော်၊ မန်းမြန်မာ၊ ရတနာပုံဈေးစတဲ့ မန္တလေးမြို့က လက်ကားဈေး ခုနှစ်ခုမှာ အရင်လို အရောင်းအဝယ် မဖြစ်တာ နှစ်နှစ်ကျော်ရှိခဲ့ပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  6. စစ်ကောင်စီရဲ့ စကခမှူးကို KNU သတိပေး

    စစ်ကောင်စီရဲ့ စကခ (၂၀) မှူး ဗိုလ်မှူးကိုကိုလွင်အနေနဲ့ KNU ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်စွက်ဖက်နှောက်ယှက်တာတွေ ရပ်တန့်ဖို့ အထူးသတိပေးတယ်လို့ ဇွန် ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ကေအန်ယူရဲ့ တပ်မဟာ (၂) ၆ လပတ်တပ်မှူးများအစည်းအ‌ဝေး ထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါ၀င်ပြီး အဲဒီမှာ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူးကို သတိပေးတာလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။

    တောင်ငူခရိုင်တပ်မဟာ ၂ နယ်မြေအတွင်း ‌ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ သဘာ၀ပတ်၀န်းကျင်အပါအ၀င် ဌာနဆိုင်ရာ လုပ်ငန်းတွေကို စစ်ကောင်စီက ၀င်ရောက်စွက်ဖက်နှောင့်ယှက်တာမပြုလုပ်ဖို့၊ လူထုရဲ့ လုပ်ငန်းခွင်သွားလာမှုနဲ့ ကုန်စည်ရိက္ခာသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်စွက်ဖက်ဟန့်တား စစ်ဆေးတာတွေကိုရပ်တန့်ဖို့နဲ့ ဒါတွေကို ဆက်လုပ်နေမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ကို တာ၀န်မယူဘူးလို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

  7. စာသင်ကျောင်းတွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ကလုပ်လုပ် လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ NUG ထုတ်ပြန်

    လက်ရှိစာသင်နှစ်ရဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေလုပ်တာကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်သည်ဖြစ်စေ လုံးဝလက်ခံမှာမဟုတ်ဘဲရှုတ်ချသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၃ ရက် မှာထုတ်ပြန်လာပါတယ်။

    လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ပြည်သူ့ခုခံတော်လှန်စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့်ကျင့်ဝတ်တွေကိုလည်းNUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထုတ်ပြန်ထားပြီးဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုတင်းကျပ်စွာလိုက်နာဖို့ထပ်လောင်းတောင်းဆိုတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချပြီး စာသင်ကျောင်းတွေကို ကြိုးပမ်းဖွင့်လှစ်နေတာဖြစ်ပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူအများစုဟာတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာဆက်လက်ပါဝင်နေဆဲဖြစ်ပြီး စာရင်းရှိကျောင်းသား၊ကျောင်းသူအရေအတွက်ရဲ့ အနည်းငယ်သာ ကျောင်းတက်ဖို့ စာရင်းသွင်းထားတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒါ့အပြင် မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့လယ် ဘားလမ်းမှတ်တိုင် ဗုံးပေါက်ကွဲမှုဟာလည်း စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာကအထင်အမြင်လွဲစေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း NUG က တုံ့ပြန်ပြောဆိုပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကလည်း ဖောက်ခွဲမှုလုပ်သူဟာ မြို့ပြပြောက်ကျားတစ်ဦးဖြစ်တယ်လို့ စွပ်စွဲထားတာကြောင့် ဘားလမ်း ကားမှတ်တိုင်က ပေါက်ကွဲမှုဟာ အပြန်အလှန်စွပ်စွဲချက်တွေရှိနေတဲ့အနေအထားဖြစ်ပါတယ်။

    NUG ကတော့ အလားတူဖြစ်ရပ်မျိုးတွေကို စစ်ကောင်စီက ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ကလေးငယ်တွေရှိရာစာသင်ကျောင်းတွေမှာလုပ်ဆောင်မှာကို စိုးရိမ်တယ် လို့ပြောဆိုပြီး ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့ မေလ ၃၁ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာရှိတဲ့ ပညာရေးမှူးရုံးမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ဆရာမတစ်ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ဒါဟာ ဒေသကာကွယ်ရေး PDF တွေရဲ့လုပ်ရပ်လို့စွပ်စွဲထားပါတယ်။

    မြို့ပြပြောက်ကျားတွေကတော့ ပြည်သူတွေရှိတဲ့နေရာတွေကိုပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့သူတို့ရဲ့စစ်ရေးထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေရှိပါတယ်။

    လက်ရှိစာသင်နှစ်ကျောင်းဖွင့်ရာသီမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြားကာလပညာရေးအစီအစဥ်တွေသင်ကြားပေးနေတာတွေကိုလည်းထုတ်ပြန်ထားပြီး အင်တာနက်၊ အွန်လိုင်းကနေသင်ကြားပေးနေတဲ့ ဒီအစီအစဥ်ကိုလက်လှမ်းမှီနိုင်သူတွေအနေနဲ့ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေကို ဆက်လက်သပိတ်မှောက်ပေးဖို့ တောင်းဆိုတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ အခုနှစ်ပညာသင်နှစ်မှာ နိုင်ငံတဝန်းမှာ ကျောင်းအပ်နှံသူ ၅.၂ သန်းအထိရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုထားပါတယ်။

  8. ကယားပြည်နယ်မှာ မေလတစ်လတည်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်, တိုက်ပွဲတွေဆက်ဖြစ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေ

    ကယား(ကရင်နီ) ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မေလတစ်လတည်းမှာတင် စစ်ကောင်စီနဲ့ကရင်နီဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပေါင်း ၆၁ကြိမ်ဖြစ်ခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကမနေ့ ဇွန် ၂ရက်က ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ဖယ်ခုံမြို့နယ်တွေဘက်မှာ စစ်ကြောင်းထိုးနေပြီး ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ မိုးဗြဲနဲ့လွိုင်ကော်နယ်စပ်အပြင် ဖယ်ခုံအရှေ့ဘက်အခြမ်းကို နယ်မြေစိုးမိုးရေးအတွက်အပြင်းအထန်ထိုးစစ်ဆင်နေခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်လာတာပါ။

    ဒီတိုက်ပွဲတွေကြားမှာ စစ်ကောင်စီဘက်ကကျေးရွာနေအိမ်တွေနဲ့ဘာသာရေးရုပ်ထုတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့သလို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့KNDF ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    တိုက်ပွဲပေါင်း ၆၀ ကျော်အထိဖြစ်ခဲ့တဲ့ မေလမှာတော့ စစ်ကောင်စီတပ်သား ၁၀၇ ဦးသေဆုံးပြီး၅ ဦးတော့ ဖမ်းဆီးရမိခဲ့ကာ စစ်ကောင်စီတပ်မ (၆၆) က တပ်သား (၁) ဦးလက်နက်နဲ့ KNDF ကိုလာရောက်ပူးပေါင်းခဲ့တယ်လို့ KNDF ကစစ်ရေးသတင်းအဖြစ်ထုတ်ပြန်ခဲ့ပါတယ်။

    အခုဇွန်လမှာလည်း နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီး မနေ့ဇွန်လ ၂ရက်နေ့မှာလည်းလွိုင်လင်​လေးမြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စုအနီးကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီးလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့်ကျေးရွာနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ထီးစဲခါးကျေးရွာအုပ်စုထဲက အမျိုးသား တစ်ဦးနဲ့အမျိုးသမီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး လင်ဖုံကြီး​ကျေးရွာ​က အမျိုးသားတစ်ဦးကတော့လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  9. ကယားစစ်ရှောင်တွေအတွက် ထောက်ပံ့ရေးလုပ်ငန်းတွေစတင်နေပြီလို့ WFP ထုတ်ပြန်, လိုအပ်နေသူတွေဆီအထောက်အပံ့တွေမရောက်ဘဲ စစ်ကောင်စီက နိုင်ငံရေးအရအမြတ်ထုတ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ‌ပြောဆို

    ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ရဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေ ကယားပြည်နယ်ကို ပြီးခဲ့တဲ့လပိုင်းမှာ စတင်ရောက်ရှိခဲ့ပြီး ဒုက္ခသည် ၈၀၀၀၀ ခန့်ကို ‌စတင်‌ကူညီနေပြီလို့ WFP က ဇွန် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ရှုပ်ထွေးတဲ့လုံခြုံရေးအခြေအနေကြောင့် အကူအညီပေးခွင့်ကန့်သတ်မှုတွေရှိတဲ့ကြား တကယ်လိုအပ်နေသူတွေထံ ရိက္ခာတွေထောက်ပံ့ဖို့ ကြိုးစားဖြန့်‌ဝေနေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ WFP စာတန်းပါ ဆန်အိတ်တချို့ကို အရပ်ထဲ ရောင်းချမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းမီဒီယာတချို့က ဖော်ပြလာတဲ့နောက် WFP ဘက်က သူတို့ရဲ့ထောက်ပံ့ရေးအစီအစဥ်တွေကို ခုလိုထုတ်ပြန်လာတာတွေ့ရပါတယ်။

    WFP ရဲ့ အခုလိုအထောက်အပံ့တွေကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကို လုံးဝလက်သင့်မခံကြောင်းလည်းပါရှိပြီး အကူအညီတကယ်လိုအပ်နေသူတွေ ဆက်သွယ်ကြဖို့လည်း WFP က ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းထုတ်ပြန်လာပါတယ်။

    ဒါနဲ့ပတ်သက်လို့ WFP ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပြီး WFP ဘက်ကလည်းမကြာမီ ပြန်လည်ဖြေကြားပေးမယ်လို့ တုံ့ပြန်ပြောကြာထားပါတယ်။

    တဖက်မှာလည်းလက်ရှိဖြန့်ဝေနေတဲ့ WFP ရဲ့ထောက်ပံ့ရေးအစီအစဥ်တွေဟာ ပြည်နယ်တွင်းက အမှန်တကယ်လိုအပ်နေသူတွေဆီကိုမရောက်ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

    ‘’လွိုင်ကော်မြို့ အနီးတဝိုက်ကကျေးရွာတွေ၊ ရပ်ကွက်တွေအနီးမှာတော့ ဖြန့်ဝေတာတွေရှိတယ်။တချို့တွေပြောတာကျတော့ တကယ့်လိုအပ်နေတဲ့နေရာတွေဖြစ်တဲ့ ဒီးမော့ဆိုလို ဖရူဆိုလိုနေရာတွေမရောက်ဘူးပြောကြတယ်။ သူတို့ရဲ့လုံခြုံရေးကြောင့်ပဲလား၊ စစ်ကောင်စီကန့်သတ်ထားလို့ပဲလားတော့မသိဘူး’’ လို့ လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။

    ပြည်နယ်လူဦးရေရဲ့တစ်ဝက်ကျော်လောက်က စစ်ရှောင်ဖြစ်နေတဲ့ ကယားပြည်နယ်ထဲမှာအခုလိုအမှန်တကယ်လိုအပ်နေတဲ့နေရာတွေကို ထောက်ပံ့ရေးအစီအစဥ်တွေမရောက်တာဟာစစ်ကောင်စီက နိုင်ငံရေးအရအမြတ်ထုတ်နေတာြဖစ်တယ်လို့လည်းကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေကထောက်ပြဆိုကြပါတယ်။

    ‘’နှစ်ပေါက်နီးပါးအထိပြေးနေခဲ့တဲ့ တောထဲတောင်ထဲမှာ ဒီးမောဆိုအနောက်ခြမ်း၊အရှေ့ခြမ်းနဲ့ဖရူဆိုအရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာရှိတဲ့ လူထုလိုအပ်ချက်ကအမြင့်ဆုံးဖြစ်နေတယ်။အဲ့ဒီလူထုရဲ့လိုအပ်ချက်ကိုလက်လှမ်းမမှီဘူး။ စစ်ကောင်စီခွင့်ပြုတဲ့ စစ်ကောင်စီယန္တယားအောက်မှာရှိတဲ့ လူ တစ်ထောင်၊ နှစ်ထောင်လောက်ကိုပဲဖြန့်ဝေနေတာဟာလက်ခံရအရမ်းခက်တယ်။ အခုလုပ်တဲ့လုပ်ရပ်ဟာ တကယ်လိုအပ်တဲ့လူတွေရမှာမဟုတ်ဘဲစစ်ကောင်စီကိုသက်ဆိုးရှည်အောင် ကူညီရာရောက်တယ်လို့ပဲပြောချင်ပါတယ်’’ လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်မေလတည်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးလက်ရှိမှာလည်း နယ်မြေစိုးမိုးဖို့ကြိုးစားနေတဲ့ကရင်နီပြည်နယ်ထဲ စစ်ရှောင်က ၂ သိန်းကျော်ရှိနေတာပါ။

    WFP အနေနဲ့တော့ ကယားပြည်နယ်အတွင်းမှာ လိုအပ်တဲ့နေရာတွေကို ဆက်လက်ကူညီသွားမှာဖြစ်ပြီး ရှေ့ဆက်ပြီး ဦးစားပေးအနေနဲ့ စစ်ဘေးရှောင်တွေ အများဆုံးရှိတဲ့ နေရာတွေထဲမှာ ပါတဲ့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်းတွေဘက်ကိုလည်း WFP ဘက်က ဆက်လက်ကူညီသွားမယ်လို့ပြောဆိုထားပါတယ်။

  10. အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ နှစ်သောင်းကျော်မီးရှို့ဖျက်ဆီး ခံခဲ့ရ, စစ်ကိုင်းတိုင်းထဲကနေအိမ် ၁၅၀၀၀ ကျော်နဲ့အများဆုံးဖြစ်နေ

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေအကြား နိုင်ငံတဝန်းကနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် စုစုပေါင်း ၂၂,၂၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP မြန်မာကထုတ်ပြန်ပါတယ်။

    မီးရှို့ဖျက်ဆီးခံရတဲ့ အထဲမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးကနေအိမ် ၁၅,၅၃၀ ပါဝင်နေတဲ့အတွက်နေအိမ်အဆောက်အအုံမီးရှို့ဖျက်ဆီးခံရတဲ့ ဒေသတစ်ခုဖြစ်နေတာပါ။

    မကွေးတိုင်းဒေသကြီးကတော့ မီးရှို့ခံရတဲ့ နေအိမ် ၄,၈၂၂ လုံးအထိရှိနေတဲ့အတွက် ဒုတိယဆုံးရှုံးမှု အများဆုံးဖြစ်နေတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်နေတယ်လို့ ISP Myanmar က ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေကဆိုပါတယ်။

    စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ ယင်းမာပင်၊ ရေဦး၊ ခင်ဦး စတဲ့မြို့နယ်တွေနဲ့ မကွေးတိုင်းထဲက ကနီမြို့နယ်ချင်းတွင်းမြစ်ကြောင်းတလျှောက်က ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ မေလကစပြီး စစ်ကောင်စီက တောက်လျှောက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာတွေ ရွာစဥ်လှည့်မီးရှို့ခံရတာတွေ၊ မြစ်ကြောင်းတလျှောက်က ကျေးရွာတွေမီးရှို့ခံရတာတွေရှိတဲ့အကြောင်းဒေသခံတွေကဘီဘီစီကိုဆက်သွယ်ပြောပြထားတာတွေလည်းရှိနေပါတယ်။

    ဒီအခြေအနေတွေကြောင့် မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံးထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီလိုမျိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာတော့ စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်က အလုံး ၁၁၀၊ မန္တလေးတိုင်းက အလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်ပါတယ်လို့ ISP Myanmar ကထုတ်ပြန်တဲ့အချက်အလက်တွေကဆိုပါတယ်။

    ဒီအရေအတွက်ဟာဆိုရင် စစ်အာဏာသိမ်းပြီးတဲ့ ကာလတလျှောက် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်နေတာပါ။ အခုလိုကျေးရွာနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာဟာ စစ်ကောင်စီတပ်တွေကျေးရွာတွေအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ နှစ်ဖက်တိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီဘက်က ကျေးရွာတွေအတွင်း နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေရှိသလို တိုက်ပွဲတွေမရှိဘဲ မီးရှို့ဖျက်ဆီးခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရွာအနီးမှာတိုက်ပွဲတွေမရှိဘဲ နေအိမ်တွေမီးရှို့ခံနေရတာတွေပိုများနေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အခုမေလထဲမှာပဲ အရပ်သားသေဆုံးမှုတွေလည်းရှိနေတဲ့အကြောင်းကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ဘီဘီစီကို ပြောဆိုထားပါတယ်။ ဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ ပြီးခဲ့တဲ့ မေ ၂၆ ရက်ကစလို့ ချင်းတွင်းမြစ်ကြောင်းကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ်နှစ်စင်းကို စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဗိုလ်နဂါးအဖွဲ့နဲ့ တခြားပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေတွေကြောင့် စစ်ဘေးရှောင်သိန်းနဲ့ချီရှိတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်ဘေးရှောင်အများစုဟာ ကိုယ်ထူကိုယ်ထ အခြေအနေနဲ့ သာရပ်တည်နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာဒေသခံတွေဟာ စစ်ရှောင်ဖို့နေရာသတ်မှတ်ချက်မရှိတာတွေ၊ လူသားချင်းစာနာမှုအကူအညီတွေရဖို့ အလှမ်းဝေးနေပြီး အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ပြောပါတယ်။

  11. အဝေးသင်စာမေးပွဲပြုလုပ်နေတဲ့ မအူပင်တက္ကသိုလ်ဝင်းထဲ ဗုံးပေါက်ကွဲ

    အဝေးသင်တက္ကသိုလ်စာမေးပွဲ ကျင်းပနေတဲ့ မအူပင်တက္ကသိုလ်ဝင်းထဲမှာ မေလ ၃၁ ရက်ညပိုင်းတုန်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ‘‘ပေါက်တဲ့နေရာက စတုတ္ထနှစ်အဝေးသင်ကျောင်းသားတွေကို စာမေးပွဲ လုပ်နေတဲ့ အယ်လ် အဆောင်ဘက်မှာဖြစ်ခဲ့တာပါ။ ညဘက် ၁၁ နာရီ မိနစ် ၃၀ လောက်မှာ ပေါက်သွားတာဆိုတော့ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိရတယ်’’ လို့ ဖြစ်စဥ်ကို သိရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

    ဧရာဝတီတိုင်းထဲက တက္ကသိုလ်ဝင်းတစ်ခုထဲမှာ အခုလိုဗုံးပေါက်ကွဲမှုဖြစ်တာဟာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

    မအူပင်အခြေစိုက်လှုပ်ရှားတဲ့ သေမင်းလက်ရာပြောက်ကျားအဖွဲ့ကတော့ ဒီဗုံးခွဲမှုကို သူတို့လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြောသလို စျေး၊ စာသင်ကျောင်း၊ သာသနာအဆောက်အဦနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေဖြစ်လာတယ်ဆိုရင် စစ်တပ်၊ ရဲနဲ့ ပျူစောထီးတို့ လက်ချက်ဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ မအူပင်တက္ကသိုလ်ထဲ အင်္ဂလိပ်စာ၊ ပထ၀ီ၊ အရှေ့တိုင်း စတဲ့ စတုတ္ထနှစ်အဝေးသင်တန်းစာမေးပွဲ ကျင်းပနေသလို နေ့သင်တန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။

  12. နယ်နိမိတ်မှတ်တိုင်တွေအနီးက အဆောက်အဦဆောက်လုပ်မှုတွေ ဖျက်သိမ်းရေး မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် ဆွေးနွေး

    နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်တွေအနီးမှာ အဆောက်အဦတွေ ဆောက်လုပ်တာတွေကို ဖျက်သိမ်းဖို့ အပါအဝင် နတ်မြစ်ကို ဖြတ်ကျော်သွားလာပြီး နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဖော်ထုတ်တားဆီးရေးအတွက် မြန်မာနဲ့ဘင်္ဂလား‌ဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ ဇွန်လ ၁ ရက်မှာတွေ့ဆုံဆွေးနွေးထားပါတယ်။

    နှစ်နိုင်ငံနယ်ခြားစောင့်တပ်တွေကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကို မောင်တောမြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    မြန်မာနယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်ထက်လွင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ‌‌ဒေသကွပ်ကွဲမှု ဌာနချုပ်(ကော့ဘဇ္ဇား)က ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm Us Sakib တို့ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

    နယ်စပ်ကနေ တရားမဝင် ဝင်ရောက်တာတွေတားဆီးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး လုပ်ငန်းစဥ်တွေ အကောင်အထည်ဖော်ရေးတွေလည်း အဲဒီအစည်းအဝေးပွဲမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

  13. ဘုတလင်-မုံရွာ-ရေဦးကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဘုတလင်-မုံရွာ-ရေဦးကားလမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်ကို အတွဲလိုက်ပစ်တဲ့ရှော့တိုက်ဒုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

    ကားလမ်းပေါ်မှာရှိတဲ့ တောင်ပိုင်းတောရ ဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ ဇွန်လ ၁ ရက်နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဒုံးပျံဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

    ''မနက်ဆို ငါးနာရီလောက်ဆို သူတို့ စစစ်ပြီ။ နယ်မြေအေးချမ်းရေးအတွက် စစ်ဆေးတာမဟုတ်ဘဲ မနက်ခင်းစျေးသည်တွေဆီကနေ နောက်ကြည့်မှန်မပါရင်ဘယ်လောက်တို့၊ နံပါတ်ပြားမပါရင် ဘယ်လောက်တို့ဆိုပြီးတောင်းရမ်းတာတွေရှိတယ်။ ငွေပါရင်လည်း တဝက်ဖြတ်ယူခဲ့တာမျိုးရှိတယ်။ အဲဒါကြောင့် တိုက်ခိုက်တာ'' ဆိုပြီး ဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

    ခြောက်လုံး ဆက်တိုက်ပစ်နိုင်တဲ့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပေမဲ့ အဲဒီထဲက လေးလုံးဟာ စစ်ဆေးရေးဂိတ်အနီးကျခဲ့တယ်လို့လည်း ဆိုပါတယ်။

    ရှော့တိုက်ဒုံးတွေထဲက နောက်ထပ် ၂ လုံးကတော့ ဘတ္တရီအားကြောင့် ကျည်မထွက်ခဲ့ဘူးလို့လည်း ဒေသကာကွယ်ရေးဘက်က သတင်းထုတ်ပြန်ပါတယ်။

    တိုက်ခိုက်ရာမှာသုံးတဲ့ အတွဲလိုက်ရှောတိုက်ဒုံးဟာ အခုရက်ပိုင်းအတွင်း တီထွင်ခဲ့တာလို့ အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

  14. ရခိုင်ပြည်နယ်မှာ ကျောင်းစဖွင့်တဲ့နေ့ မူလတန်းကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ကာကွယ် ဆေးထိုးပေး, ပြည်နယ်အတွင်းမှာကျောင်းအပ်သူ ကျောင်းသား ၃သိန်း၆သောင်းကျော်တယ်လို့ ထုတ်ပြန်ထား

    နိုင်ငံတဝန်းက ကျောင်းတွေစဖွင့်တဲ့ ဒီကနေ့ ဇွန်လ ၂ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်းက မူလတန်းကျောင်းသူကျောင်းသားတွေကိုကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

    အခုလိုကာကွယ်ဆေးထိုးနှံပေးမှုတွေကို ရခိုင်ပြည်နယ်အတွင်းက မြို့ပေါ်မှာရှိတဲ့ ကျောင်းတွေမှာ ထိုးနှံပေးနေတာဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေထပ်ဖြစ်လာရင် ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

    “ကျွန်တော်တို့ရခိုင်ပြည်နယ်မှာတော့ ကျောင်းသားကလေးတွေကို ဒီနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပါတယ်။ အဓိကကတော့ အသက် ၅ နှစ်ကနေ ၁၂ အကြားကလေးတွေကိုထိုးပေးနေတာပါ။ ဆေးအမျိုးအစားကတော့ ဆိုင်နိုဖန်းဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာတော့ မူလတန်းအဆင့်ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၃သိန်း၅သောင်းကျော်ရှိနေပြီး ကျေးရွာကျောင်းတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးတာ ဆက်လုပ်သွားမယ်လို့သိရပါတယ်။

    အခုလိုကာကွယ်ဆေးထိုးပေးတာတွေအတွက် ကျောင်းသားမိဘတွေရဲ့ခွင့်ပြုချက်ရယူတယ်လို့လည်း သူကဆက်ပြောပါတယ်။ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမရှိသေးပေမယ့် အခုလို ကျောင်းတက်ကြရမယ့်ကလေးတွေကို ကာကွယ်ဆေးတွေထိုးပေးတဲ့အတွက် ဝမ်းသာမိတယ်လို့ ကျောင်းသားမိဘတစ်ဦးကလည်းပြောပါတယ်။

    “ကျွန်တော့်သားလေးကတော့ Grade – 3 တက်နေတာပါ။ ကာကွယ်ဆေးထိုးထားတယ်ဆိုတော့ စိတ်ချရတာပေါ့နော်။ကျောင်းသားတွေလည်း ကျောင်းတက်ရတာအဆင်ပြေသွားတာပေါ့။ ဒီလိုဆေးထိုးထားတော့ ရောဂါကူးစက်မှုကလည်း အကာကွယ်ဖြစ်တာပေါ့”လို့ ရဲနွယ်စုရပ်ကွက်က ကျောင်းသားမိဘ ဦးအေးချမ်းက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာတော့ အသက် ၁၂ နှစ်အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေကတော့ ယခင်နှစ်ကတည်းက ထိုးနှံပေးပြီးသားဖြစ်ကာ အခုနှစ်မှာတော့ ဆေးတစ်ကြိမ်မှမထိုးရသေးတဲ့ ကလေးတွေကိုဦးစားပေးထိုးနှံနေတာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာတော့ အခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ ကျောင်းသား ၃သိန်း၆သောင်းကျော်ရှိတယ်လို့လည်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံးက ပြောဆိုထားပါတယ်။

  15. ရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီထုတ်ပြန်လာ

    ရုပ်ရှင်မှတ်တမ်းဖန်တီးသူတစ်ဦးဖြစ်တဲ့ ကိုဖေမောင်စိမ်းကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ကစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇွန် ၁ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    ရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းကို တော့ ကယားပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားပါတယ်။

    ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သား ဖြစ်တဲ့ ရုပ်ရှင်ဖန်တီးသူ၊ ဒါရိုက်တာ ကိုဖေမောင်စိမ်းဟာ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းကနေ ရုပ်ရှင်မှတ်တမ်းပေါင်းများစွာရိုက်ကူးခဲ့ပြီး ဖခင်ဖြစ်သူ ကာတွန်းဆရာကြီး ဦးဖေသိန်းအကြောင်း ရိုက်ကူးထားတဲ့ "ရယ်စရာလိုတော့ မထင်နဲ့” ရုပ်ရှင်မှတ်တမ်းအပြင် The River our Ayeyarwaddy စတဲ့ထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးခဲ့သူဖြစ်ပါတယ်။

    ဒါ့အပြင်ရုပ်ရှင်မှတ်တမ်းရိုက်ကူးမှုတွေကို မျိုးဆက်သစ်လူငယ်တွေကိုသင်ကြားပေးနေသူလည်းဖြစ်ပြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်းထင်ရှားသူတစ်ဦးဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကပြောပါတယ်။

  16. မေလအတွင်း စစ်ကောင်စီနဲ့ ကေအဲန်ယူတို့ကြား တိုက်ပွဲတွေ အကြိမ် ၄၀ ကျော်ဖြစ်ပွား တိုက်ပွဲတွေအတွင်း နှစ်ဖက်အကျအဆုံးစာရင်းကို KNU ထုတ်ပြန်, အရပ်သားသေဆုံးမှုတွေဖမ်းဆီးခံရတာတွေလည်းရှိ

    ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲက ဒူးသထူခရိုင်ထဲမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA/KNDO) တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ၄၁ ကြိမ်အထိဖြစ်ခဲ့တယ်လို့ KNU က ဒီကနေ့ ဇွန်လ ၂ ရက်မှာထုတ်ပြန်လာပါတယ်။

    မေလ တစ်လတည်းမှာဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲအကြိမ် ၄၀ ကျော်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ၇၁ ဦး သေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကား ၅ စီးပျက်စီးခဲ့ပြီးKNLA/KNDO ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၁ ဦးထိခိုက်ဒဏ်ရာရပြီး ၂ဦး သေဆုံးကြောင်းထုတ်ပြန်လာတာပါ

    ။ဒါ့အပြင် ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်ခဲ့ပြီးဒေသခံ နေအိမ် ၁၁ လုံးနဲ့ ရာဘာခြံ ၁၃ ဧက မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံအရပ်သား ၂၄ ဦးကိုလည်း ဖမ်းဆီးသွားကာ ဒေသခံတွေဆီက ငွေကြေးနဲ့ရိက္ခာတွေကိုလည်း ယူဆောင်သွားမှုတွေလည်းရှိတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒါ့အပြင် မေလအတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ မေလအတွင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  17. စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်း အပေးအယူမှန်သမျှ တရားမဝင်ဘူးလို့ NUG ပြော

    စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှဟာ တရားမဝင်သလို အဲဒီလို အပေးအယူလုပ်တာတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သာမက နောင်ဆက်ခံမယ့် ဘယ်အစိုးရကမှ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးဆိုပြီး NUG က ဇွန်လ ၁ ရက်မှာ ပြောလာပါတယ်။

    လက်ရှိမှာ နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ အချုပ်အခြာဟာ ရွေးကောက်ပွဲကတဆင့် လူထုက တရားဝင်အာဏာအပ်နှင်းတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရမှာ တည်တာ၊ နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ဟာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းသားအဖွဲ့အစည်းတွေကြားချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုအစိုးရလို စာချုပ်မှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်ခွင့် မရှိဘူးလို့လည်း NUG က ပြောပါတယ်။

    အင်အားကြီး တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့ဖြစ်တဲ့ ''ဝ''ပြည်ကိုယ်စားလှယ်တွေက စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး လက်ရှိပြည်တွင်းရေးမှာ ဘယ်ဘက်မှမပါဝင်ဘဲ ''ဝ''ပြည်နယ်ကို တခြားတိုင်းရင်းသားပြည်နယ်နဲ့တန်းတူရည်တူတဲ့''ဝ''အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ရေး တောင်းဆိုခဲ့တယ်လို့ ပြောဆိုလာအပြီးမှာ NUG ဘက်က အခုလိုပြောလာတာပါ။

    တစ်ဖက်မှာလည်း စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ် ပြီး တစ်ဖွဲ့ကို သုံးရက်ကြာစီတွေ့ဆုံနေတာဖြစ်ပါတယ်။

    စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့ နောက်ထပ် သုံးဖွဲ့တို့ တက်ရောက်ဖို့ရှိနေပါတယ်။

    နိုင်ငံရေးအကဲခတ်တွေကတော့ အခုဆွေးနွေးပွဲဟာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေမပါဝင်တဲ့ဆွေးနွေးပွဲဆိုပြီး မှတ်ချက်ပြုပါတယ်။

  18. မြန်မာမှာ စစ်ရှောင် ၁ သန်းကျော်လာပြီ

    မြန်မာနိုင်ံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် စစ်ဘေးရှောင်ဖြစ်လာတဲ့ လူပေါင်း ခုနှစ်သိန်း အပါအဝင်ဆိုရင် စစ်ရှောင်တစ်သန်းကျော်လာပြီဆိုပြီး ကုလသမဂ္ဂက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ မုတ်သုန်မိုးဝင်လာတာကြောင့် ရခိုင်၊ ကချင်၊ ရှမ်းတောင်နဲ့ ကရင်ပြည်နယ်တွေမှာ လေပြင်းနဲ့မိုးသည်းထန်စွာရွာပြီး စစ်ရှောင်တွေခိုလှုံရာနေရာတွေ ပျက်စီးနေတယ်လို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ရန်ပုံငွေရရှိမှု အကန့်အသတ်နဲ့ အကူအညီပေးနိုင်တဲ့နေရာတွေအထိရောက်အောင် သွားနိုင်တဲ့အကန့်အသတ်တွေရှိနေပေမဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေဟာ အကူအညီတွေဆက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း အစားအသောက်နဲ့ ‌လောင်စာဆီစျေးလို ကုန်စျေးနှုန်းတွေ မြင့်တက်နောဟာလည်း အကူအညီပေးရေးမိတ်ဖက်အဖွဲ့အစည်းတွေ အတွက် လိုအပ်နေသူတွေကို အကူအညီရောက်အောင် ပေးတဲ့နေရာမှာ တွေးပူရတဲ့ကိစ္စဖြစ်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

    လက်ရှိမှာ အခုနှစ်လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ဆိုပြီး ကုလသမဂ္ဂက ရန်ပုံငွေ ဒေါ်လာ သန်း ၈၀၀ ကျော်လျာထားပေမဲ့ အလှူငွေရရှိမှုဟာ သန်းဆယ်ဂဏန်းသာရှိနေသေးတာကြောင့် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ ကုလသမဂ္ဂဘက်က နှိုးဆော်နေပါတယ်။

  19. ရခိုင်ပြည်နယ် ဂွမြို့ အနီးပင်လယ်ပြင်ကို ဗဟိုပြုပြီး ငလျင်လှုပ်

    ရခိုင်ပြည်နယ် ဂွမြို့ အနီးပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅ . ၄ အဆင့်ရှိ ငလျင်တစ်ခု ဇွန်လ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီ ၁၃ မိနစ်မှာ လှုပ်ခတ်သွားတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    ဂွမြေငလျင်စခန်းကနေ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ (မြန်မာ့ ပင်လယ်ပြင်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၁၄)ကီလိုမီတာကို ဗဟိုပြုတယ်လို့လည်း ထုတ်ပြန်ချက်ကရေးပါတယ်။

    ရန်ကုန်မှာတော့ ငလျင်လှုပ်တာကို သိရှိခံစားရသူ အချို့ရှိသလို အချို့လည်း မသိရှိကြကြောင်း ဘီဘီစီကိုပြောပါတယ်။

    ပုသိမ်မြို့မှာတော့ အိမ်မှာ အိပ်နေသူတွေ ငလျင်လှုပ်လို့ လန့်နိုးလာကြကြောင်း အိမ်နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေ ယိမ်းထိုးနေတာတွေ့ခဲ့ရကြောင်း ဘီဘီစီကို ပြောပါတယ်။

    ငလျင် ကိုမြန်မာတစ်နိုင်ငံလုံး နီးပါးခံစားရပြီးတော့ အိမ်တွင်းပစ္စည်းတွေယိမ်းထိုးနိုင်တယ်လို့ မိုးဇလက ဆိုပါတယ်။

  20. နတ်မြောင်းရွာမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ထိမှန်လို့ စစ်ရှောင်ကလေးငယ်တစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်မြောင်းကျေးရွာဘုန်းကြီးကျောင်းဝင်းထဲက စစ်ရှောင်တွေရဲ့ ယာယီစခန်းထဲ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် စစ်ရှောင်ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    ‘’လက်နက်ကြီးကျည် ထိမှန်တာက ကလေးရယ်၊ သူ့အမေရယ်နဲ့ အဖိုးရယ်ပေါ့။ ကလေးက လည်ပင်းထိတယ်။ စိုးရိမ်ရပေမဲ့ သတိတော့ရနေသေးတယ်။ အမေဖြစ်သူကတော့ ခြေထောက်နှစ်ဖက်ထိတယ်။ အဖိုးဖြစ်သူကတော့ လက်မောင်းထိတယ်။ နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်တာ’’လို့ နတ်မြောင်းစစ်ရှောင်တွေကို အကူအညီပေးနေသူက ပြောပါတယ်။

    အခုတော့ ဒဏ်ရာရသူတွေကို ကလေးမြို့ဆေးရုံကို တင်ထားတယ်လို့လည်း သိရပါတယ်။

    နတ်မြောင်းရွာနဲ့ဆက်လျက် နတ်ချောင်းရွာ စာသင်ချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာြဖစ်ပြီး အဲဒီတပ်ဖွဲ့ဟာ မနေ့ မေလ ၃၁ ရက်ကတည်းက အဲဒီစာသင်ကျောင်းထဲ တပ်စွဲနေတာလို့ သိရပါတယ်။

    အခုတော့ လက်နက်ကြီးကျည် ကျရောက်တာကြောင့် နတ်မြောင်းဘုန်းကြီး ကျောင်းထဲက ရာနဲ့ချီတဲ့စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းထဲ ဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာ ဆက်ပြီးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

    နတ်‌မြောင်းရွာ ဘုန်းကြီးကျောင်း စစ်ရှောင်စခန်းထဲကို လက်နက်ကြီး ကျရောက်တာဟာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပြီး လူထိခိုက်မှုရှိတာကတော့ ပထမဆုံးဖြစ်ပါတယ်။