ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေး

    ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်ဖွဲ့ဝင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေတယ်လို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့က ပြောပါတယ်။ဇန်နဝါရီ ၂၄ ရက် ကစတင်ပြီးတော့ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ထိုးပေးနေပြီဖြစ်ပြီး ဒီကနေ့မှာလည်း ဆက်လက်ထိုးနှံပေးနေတယ်လို့ မြောက်ဦးမြို့နယ် ကျန်းမာရေးဌာန ကာကွယ်ဆေးထိုးနှံရေးအဖွဲ့က ပြောပါတယ်။ လတ်တလောမှာ အေအေတပ်ဖွဲ့ဝင်တွေကို သီးသန့်ထိုးနှံပေးနေတာမဟုတ်ဘဲ အရပ်သားပြည်သူတွေနဲ့ ရောနှောပြီးတော့ စုရပ်အလိုက်ထိုးခွင့်ရှိသူတွေအဖြစ် ထိုးပေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။

    ဘူးသီးတောင်မြို့နယ်မှာတော့ မနေ့က စေတီတောင်စုရပ်မှာထိုးနှံခဲ့ပြီး ဒီကနေ့မှာလည်း ဆက်လက်ထိုးနှံပေးနေတာလို့ဆိုပါတယ်။မြောက်ဦးမြို့နယ်မှာတော့ မနေ့က ဘူးရွက်မညှိုးစုရပ်မှာထိုးနှံပေးခဲ့ပြီး ဒီကနေ့မှာတော့ ပြိုင်းချ စုရပ်မှာ ထိုးနှံပေးနေတယ်လို့ သိရပါတယ်။

    “မြောက်ဦးမြို့နယ်အတွင်းမှာ တပ်ဖွဲ့ဝင် ငါးထောင်ကိုဆေးထိုးဖို့အတွက် ညွှန်ကြားချက်ရထားတယ်။ မနေ့ကစထိုးတယ်။ ဒီကနေ့မှာလည်းထိုးနေတယ်။ စုရပ် ၆ ခုလောက်မှာထိုးနှံသွားမှာဖြစ်တယ်။”လို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့က ပြောဆိုပါတယ်။

    မြောက်ဦးနဲ့ ဘူးသီးတောင်အပြင် ရခိုင်ပြည်နယ်အတွင်း အေအေထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တခြားမြို့နယ်တွေမှာလည်း အခုလို ကာကွယ်ဆေးတွေ ထိုးနှံပေးမှုတွေရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။လက်ရှိမှာတော့ အိန္ဒိယနိုင်ငံထုတ် COVISHIELD အမျိုးအစားကိုထိုးနှံပေးနေတာဖြစ်ပြီး မြောက်ဦးမြို့နယ်မှာ ထိုးပေးသွားမယ့် တပ်ဖွဲ့ဝင်ငါးထောင်အတွက် ကာကွယ်ဆေးခွဲတမ်းရရှိထားတယ်လို့ သိရပါတယ်။

  2. ရွှေဘိုခရိုင် ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်နေ, အိမ်တွေကိုဝင်ရောက်မွှေနှောက်ဖျက်ဆီးတာ ၊ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး အိမ်တွေကိုဝင်ရောက်မွှေနှောက်ဖျက်ဆီးတာ ၊ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားလာပါတယ်။ အဲဒီရွာတွေကို မနေ့ ဇန်နဝါရီ ၂၄ရက်ကစတင်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၂၅ရက် မနက်ပိုင်းမှာလည်း ပေါက်ချိုင်ရွာကို ဝင်ရောက်ပြီး ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။မနေ့က ရွာစိုးရွာအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ရွာသားနှစ်ဦးကို သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    '' ရွာစိုးရွာကိုလည်းတစ်ညလုံးမီးရှို့တယ်။ အိမ်ခြေ၁၈၀ မှာ တဝက်လောက်မီးလောင်သွားတယ်။အကုန်ကုန်လုနီးပါးပဲလောင်သွားတာ။ သူတို့ကတော့ ရွာတွေထဲကို ပစ်ခတ်ပြီးဝင်လာတယ်။ပျူစောထီးတွေက ဒေသကာကွယ်ရေးတပ်တွေရှိတယ်လို့ပြောလို့ဝင်လာလို့သိရတယ်။ရွာက လေးဦးသေသွားတယ် '' လို့ ဒေသံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်အထိ ရွာထဲကိုဝင်လို့မရသေးတာကြောင့် ပစ်ခတ်ခံရလို့သေဆုံးသူတွေရဲ့ အလောင်းကိုကောက်လို့မရသေးသလို၊ နှစ်ရွာပေါင်း လူဦးရေ ၅၀၀၀နီးပါး ထွက်းပြေးနေရတယ်လို့ သိရပါတယ်။

    ဒေသခံအချို့ကတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဝင်ရောက်လာတာလို့ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ရွှေဘိုခရိုင်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

  3. ၂၀၂၂ ဘားကမ့်ကို အွန်လိုင်းကပြုလုပ်မယ်, ဆိုက်ဘာဆိုင်ရာပိတ်ဆို့ကန့်သတ်ခံရမှုတွေနဲ့ပတ်သက်လို့ အသုံးချနိုင်မယ့်ခေါင်းစဉ်တွေဆွေးနွေးမယ်

    အာဏာသိမ်းခံထားရတဲ့အခြေအနေမှာပဲ နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာဆိုင်ရာ ဟောပြောဆွေးနွေးမှုတွေပြုလုပ်မယ့် ဘားကမ့် ၂၀၂၂ ကိုလာမယ့် ဇန်နဝါရီ ၃၀ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်သွားမယ်လို့ စီစဉ်သူတွေက ထုတ်ပြန်လာပါတယ်။

    လူငယ်တွေအများဆုံးတက်ရောက်ကြတဲ့ ဘားကမ့်ကို ၂၀၁၀ ခုနှစ်ကစလို့နိုင်ငံ တဝန်းမြို့ကြီးတွေမှာ နှစ်စဉ်လုပ်လာခဲ့ပေမယ့် ၂၀၂၁ မှာကိုဗစ်နဲ့အာဏာသိမ်းအခြေအနေတွေကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။ ဒီနှစ် ၂၀၂၂ ခုနှစ်မှာတော့ အင်တာနက်ရှိရုံနဲ့ပြည်တွင်း၊ ပြည်ပက လူငယ်တွေပါဝင်ဆွေးနွေးနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ပွဲစီစဉ်သူတချို့ကပြောပါတယ်။

    “ ပြည်တွင်းကလူတွေရဲ့လိုအပ်ချက်ကိုချိတ်ဆက်ပေးနိုင်ဖို့ပါ။တချို့ကျတော့ အလုပ်ကထုတ်ပယ် ခံထားရတာတွေ၊ တချို့ကျတော့ CDM လုပ်ထားတယ်။ဒါပေမယ့် ကျောင်းဆက်မတက်ပဲ ထားရင်ဘာမှလုပ်လို့မရဘူး။ပညာရေးဘယ်လိုရွေးရမယ်။အသက်မွေးဝမ်းကျောင်းအတွက် ဘယ်နိုင်ငံတွေမှာ အလုပ်လျှောက်ပြီးသွားလို့ရမယ်ဆိုတာတွေလည်းရှိတယ်။ အင်တာနက်ကိုအသုံးပြုပြီး အလုပ်လုပ်ကိုင်နိုင်မယ်အရာတွေအလုပ်အကိုင်၊ကျန်းမာရေးစတာတွေကို နည်းပညာတွေကို လက်ရှိအခြေအနေနဲ့မှုတည်ပြီး ဆွေးနွေးသွားမယ့် ခေါင်းစဉ်တွေအများကြီးရှိပါတယ်” လို့ ၂၀၂၂ ဘားကမ့်ပွဲကို ဦးဆောင်သူတွေထဲမှ ပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင်လက်ရှိအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ကို လက်လှမ်းမမှီတဲ့လူငယ်တွေအတွက်လည်း အဲ့ဒီနေ့မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုမှတ်တမ်းတစ်ခုအနေနဲ့သိမ်းဆည်းပြီး ပြန်မျှဝေသွားမယ်လို့လည်း ပွဲဦးဆောင်သူတွေကပြောပါတယ်။

  4. နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်သူတွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

    စစ်တပ်ရဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ရဲ့သားကောင်တွေမဖြစ်စေရေး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်သူတွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇန်နဝါရီလ ၂၄ ရက် ကပြုလုပ်တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာပြောကြားလိုက်ပါတယ်။

    စစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့စစ်ရာဇဝတ်မှုအန္တရာယ်တို့ကနေ အကာအကွယ်ပေးနိုင်ဖို့ ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကုလသမဂ္ဂက တစ်ဆင့် ဖြစ်နိုင်တဲ့နည်းလမ်းစုံကို အသုံးပြုပြီး အချိန်မီပြတ်သားစွာ ကာကွယ်ပေးဖို့တာဝန်ရှိပါကြောင်းပြောကြားခဲ့တာပါ။

    မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထိရောက် မြန်ဆန်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်းလည်းဆိုပါတယ်။

    ဦးကျော်မိုးထွန်းရဲ့ပြောကြားချက်ထဲမှာ ကမ္ဘာပေါ်က ငြိမ်းချမ်းရေး အထူးလိုအပ်နေတဲ့ မတည်ငြိမ်တဲ့ နိုင်ငံတွေ အများ အပြားရှိနေတဲ့အချက်ကို အတွင်းရေးမှူးက မှန်ကန်စွာ ထောက်ပြထားကြောင်း၊ အဲဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံနေနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပါဝင်ပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားနေတာ တစ်နှစ်ပြည့်တော့မှာဖြစ်ပြီး အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော် သေဆုံးခဲ့ပြီး အခြား ထောင်ပေါင်းများစွာသော ပြည်သူတွေလည်း ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း၊ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ပြည်သူတွေရဲ့ဆန္ဒကိုလျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်တဲ့ ပြစ်မှုတွေကိုကျူးလွန်နေကြောင်းလည်း ထည့်သွင်ပြောကြားခဲ့ပါတယ်။

    မြန်မာ့စစ်တပ် ရဲ့ ပိုမိုဆိုးရွားတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကနေ ကာကွယ်နိုင်ဖို့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ နိုင်ငံတကာရဲ့အကူအညီနဲ့အကာအကွယ်ပေးမှုတွေလိုအပ်နေတာ ရှင်းလင်းမြင်သာတယ်လို့လည်း ဆိုပါတယ်။

  5. မြန်မာနိုင်ငံမှာ အိုမီခရွန် ၃၇ ဦးထပ်တွေ့

    ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေထဲက ၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန် ပိုးကူးစက်ခံထားရတာထပ်တွေ့ ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

    လေယာဥ်တွေနဲ့ ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာ မှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလူတွေဟာ မြန်မာနိုင်ငံသား ၃၆ ဦးနဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီပြန်ဝင်လာသူတွေထဲမှာ ယူအေအီးကပြန်လာသူ ၁၅ ဦး၊ မလေးရှားနိုင်ငံက ၇ ဦး၊ ၊အိန္ဒိယက ၆ ဦးနဲ့ ကိုရီးယား ၄ ဦး၊ စင်ကာပူ ၃ ဦး ၊ ထိုင်းနဲ့ ရုရှနိုင်ငံတို့က တစ်ဦးစီဖြစ်တယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံမှာ (ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန် တွေ့ရှိခဲ့ပြီးနောက်ပိုင်း အိုမီခရွန်ကူးစက်ခံရတဲ့သတင်းတွေ ခပ်စိပ်စိပ် တွေ့လာရတာဖြစ်ပါတယ်။

    ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို လေကြောင်းက ပြန်၀င်လာသူ ၄၂ ဦး မှာတွေ့ရှိခဲ့ပါသေးတယ်။

    ဇန်နဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူ ၁၈၃ ဦးရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက တစ်ဆင့်သိရပါတယ်။

  6. မီးဖြတ်ခံရလို့ မန္တလေးမှာ တန်းစီပြီးမီတာဆောင်နေကြ

  7. လွိုင်ကော်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်လုပ်

    ကရင်နီ- ကယားပြည်နယ် လွိုင်ကော်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဒီကနေ့ ဇန်နဝါရီ ၂၄ရက်ညနေပိုင်းမှာ ထပ်မံပြုလုပ်လာတယ်လို့လွိုင်ကော်ဒေသခံတွေကပြောပါတယ်။ ဒါဟာ ၅ ရက်အတွင်း ၂ ကြိမ်မြောက် လွိုင်ကော်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး အခုတစ်ကြိမ်မှာ လွိုင်ကော်အပြင် ဒီမောဆိုပါ ထပ်မံပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူအနည်းဆုံး ၂ဦးရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေထံကသိရပေမယ့် ဆက်လက်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားမှာ ဒီကနေ့လည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

    မနေ့ ဇန်နဝါရီ ၂၃ရက်ကလည်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင်း ၂ ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ တွေတစ်နေ့ကုန်နီးပါးဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းပြန်ကြားရေးက သတင်းထုတ်ပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ပြောပြီး KNDF ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထုတ်ပြန်တာမသိရသေးပါဘူး။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ကလည်း ဟိုဖိတ်ကျေးရွာနှင့် သပြေတော ကျေးရွာအတွင် းနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်တွေဟာ ဟိုဖိတ်၊သပြေတောနဲ့ စိုက်ကွင်း ၂ ကျေးရွာအတွင်းဘက်က နေအိမ်(၉)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံနှစ်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

    ဒါ့အပြင် ဇန်နဝါရီလ (၂၂) ရက်နေ့၊ မနက်ပိုင်း လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက် အနီးအတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို KNDF နဲ့ PDF ပူးပေါင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါ သေးတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်အတွင်း လွိုင်ကော်နဲ့အခြားမြို့နယ်တွေမှာ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ တိုက်ပွဲရှောင်တဲ့ ဒေသခံတွေ ပြန်လည်ဝင်ရောက်လာနေပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

  8. တိုက်ပွဲကာလကြာမြင့်လာလို့ မုံးကိုးဒေသခံစစ်ရှောင်တွေရေရှည်ရပ်တည်ဖို့ခက်ခဲလာ

    ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မုံးကိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAAတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ၅လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအတွက် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

    "မုံးကိုးမြို့ပေါ်ရောက်လာကြတဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့ KBCဘုရားကျောင်းကနေ တာဝန်ယူထားတယ်။၅လကျော်အထိ ဒီမှာဘဲစစ်ရှောင်နေရတာဖြစ်လို့ သူတို့အတွက် စားနပ်ရိက္ခာပြတ်တောက်တော့မယ့်အထိ ကြုံနေရတယ်။ဘယ်ချိန်ထိ စစ်ရှောင်နေမလဲဆိုတာမသိလို့လေ။ ဒီကိုက အကူညီပေးရေးNGO၊ CSOအဖွဲ့တွေလည်းအရောက်နည်းတယ်။အဓိကတော့ ဆန်၊ ဆီ ၊ ဆားနဲ့ ယာယီအဆောက်အအုံတွေ လိုအပ်နေတယ်။" လို့ စခန်းတာဝန်ရှိသူကရှင်းပြပါတယ်။

    တစ်ဖက်မှာလည်း စစ်ရှောင်တွေအတွက် ဆန်အိတ်တွေ ကူညီထောက်ပံ့ပေးဖို့မှာ အလှုရှင်တွေအနေနဲ့လည်း အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ မုံးကိုးမြို့အဝင်က စစ်ကောင်စီတပ်ရဲ့ဂိတ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လကနေ လက်ရှိကာလအထိ စစ်ဆေးမူတင်းကြပ်ထားတာကြောင့် လို့ပြောပါတယ်။

    မုံးကိုးမြို့ ဖောင်းဆိုင်ဒေသအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်MNDAAတပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လဆန်းထဲမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ဩဂုတ်လ ၂၉ရက်မှာ ဖောင်းဆိုင်ဒေသ နမ်ဟာရွာတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့လို့ ကျေးရွာပေါင်း(၇)ရွာ လူဦးရေ ၇၀၀ကျော်ခန့်ဟာ မုံးကိုးမြို့ထဲကနေ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

    မုံးကိုးစစ်ရှောင်စခန်းတွေဟာ တရုတ်ပြည်နဲ့အလွန်နီးကပ်ပြီး တရုတ်ပြည်ဘက်က နယ်ခြားသံဆူးကြိုးတွေ တည်ဆောက်ထားတာလည်းတွေ့ရပါတယ်။လက်ရှိ မုံးကိုးမြို့မှာ စစ်ဘေးရှောင်တွေကို နေရာ၃ခုမှာ ထားရှိပြီး လူဦးရေ (၄၉၇)ဦးနဲ့ ကလေးငယ် (၉၄)ယောက် စစ်ရှောင်ရင်း ကလေးမီးဖွားပြီးစ မိခင် ၁၁ ဦးရှိနေပါတယ်။

  9. လေးကေ့ကော်ဒေသခံတွေ ပိုမိုခက်ခဲတဲ့အခြေအနေတွေနဲ့ဆက်လက်စစ်ဘေးရှောင်နေရ

    လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း စစ်ဘေးရှောင်နေရသူတွေဟာ ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက် မှာ ပိုမိုခက်ခဲတဲ့အခြေအနေတွေနဲ့ အစုအဖွဲ့ အလိုက် ပြန့်ကျဲကာဆက်လက်စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။

    ’’စစ်ရှောင်တွေ က အခြေပြန်ကျဖို့ ခက်သွားပြီ ။အခုက တိုက်ပွဲ ရပ်သွားလို့ နေရပ်ပြန်ကြည့်တော့လည်း စစ်တပ်က ရွာပြန်လာသူကို ပြန်ပေးမထွက်တော့ဘူး ။ စစ်ရှောင်စခန်းကျန်ခဲ့တဲ့သူတွေ ကလည်း နယ်မြေ ရှင်းလင်းရေး ဆိုပြီး စစ်ကြောင်းဆက်တက်လာတာနောက်ပြီး စစ်တပ်ကအင်အားတိုးပြီးစစ်ရှောင်နေရာတွေ လာပြီးဖမ်းဆီးမှာကြောက်ကျတော့ ပိုပြီးဝေးတဲ့နေရာ ၊ပိုပြီးလုံခြုံမယ့်နေရာ ၊သွားလာရေး အဆင်ပြေမယ့် နေရာတွေကိုအစုလိုက်ရွှေ့ကြရင်း၊စစ်ရှောင်အုပ်စုတွေ ပြန့်ကြဲကုန်တာ။ကျွန်တော်တို့လို စားသောက်စရာ ကူညီ နေသူတွေ လည်း လက်လှမ်းမမှီ ဖြစ်ကုန်ပြီ’’ လို့ စစ်ရှောင်တွေကို အစားအသောက် ကူညီနေတဲ့ မဲဆောက်အခြေစိုက်ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ အစုအဖွဲ့ကဦးဆောင်သူတစ်ဦး ရဲ့ ပြောဆိုချက်အရသိရပါတယ်။

    အရင်က တစ်ရက်ကို ထမင်းဘူး ၁ထောင်ကျော်အထိနေ့စဉ် ပို့ကူပေးရတာကနေ လက်ရှိမှာ စစ်ရှောင်တွေပြန့်ကြဲနေထိုင်နေကြလို့ ထမင်းဘူး၄၀၀လောက် သာပို့ရတော့တယ်လို့ ဆိုပါတယ်။

    ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၅ရက် နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ၆ လက်အောက်ခံ KNLA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် လေးကေကော် ဒေသအပါအဝင် ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူ ၁သောင်း၅ထောင်ကျော်ဟာ နေရပ်အိုးအိမ်စွန်ခွာ ထွက်ပြေး နေရတာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။

    လက်ရှိမှာတော့လေးကေ့ကော်ရပ်ကွက်အပါအဝင် ထီးမယ်ဝါးခီး၊ ဘဲဟိကလော် ၊ရသေ့ဂူ ၊ ဖလူးကြီး၊ ဖလူးလေး၊ မဲ့ထော်သလေး၊ သေ့ဘောဘိုး ကျေးရွာ တွေက စစ်ဘေးရှောင်သူအချို့ ဟာ နေရပ်ပြန်လည် နေထိုင်ဖို့ ပြန်သွားကြသူတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေအပစ်လွတ်ရာ အပစ်ရပ် DKBA ထိန်းချုပ်ရာ ကျေးရွာတွေဖြစ်တဲ့ ကျောက်ခက်၊ ဆုံဆည်းမြိုင် ၊ ဝေါလေ ၊ စုကလိ ဒေသ ဘက်တွေမှာ စစ်ဘေးရှောင်သူတွေအနေနဲ့ တောတောင်တွေကြားမှာ စိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့ စစ်ဘေးရှောင်နေသူအချို့ကပြောပါတယ်။

    ’’စစ်ရှောင်တွေကအစုကွဲ ကုန်ပြီ၊ နေရာစုံရောက်ကုန်တာ။ ဒါပေမဲ့ စစ်တပ်ကအင်အားတိုးပြီးတောတိုးရှာ လာရင် ဖမ်းခံရမှာ ၊သတ်ခံရမှာ ကြောက်နေကြတယ်၊ တချို့ ရွာတွေကစစ်ရှောင်တွေလာခိုလှုံမှာလက်မခံ ချင်ကြဘူး၊ စစ်ရှောင်တွေ ရောက်လာနေထိုင်လို့ သူတို့ရွာတွေ ပါ စစ်ဘေးဖြစ်မှာ စိုးရိမ်ကြတယ်။ကျွန်တော်တို့ကတော့ထိုင်းဖုန်းမိပြီး တခုခုဆို အကူအညီ တောင်းလို့ရမယ့် သောင်ရင်းမြစ်ဘေး ကိုင်းတော တွေ မှာ ဘဲ အခြေအနေကြည့်ပြီး ခိုနေရတယ်။အချို့ တောင်ပေါ် ဘက် တက်ရှောင်သူတွေ ကတော့ဘယ်လို နေကြမလဲ မသိဘူး။ရေကလည်းရှားတယ်၊ ရိက္ခာလည်း တစ်နိုင်စာပဲသယ်သွား ကြတာဆိုတော့ ဘယ်လို နေနေကြမလဲ မသိဘူး။အဆက်အသွယ်လည်း ပြတ်နေတယ် ’’ လို့ ရသေ့ဂူ ကျေးရွာ နေထိုင်တဲ့စစ်ဘေးရှောင် သူတစ်ဦးကပြောပြပါတယ်။

    KNU တပ်မဟာ ၆ နယ်မြေ အတွင်း တိုက်ပွဲတွေကြောင့် ဒေါန တောင်အရှေ့ခြမ်း လေးကေကော်-ဝေါလေ ဒေသ မှာ စစ်ဘေးရှောင် ၁သောင်းခွဲကျော်၊ ဒေါနတောင် အနောက်အခြမ်း ကော့ကရိတ် ဒေသမှာ စစ်ဘေးရှောင် ၂သောင်းကျော် ဟာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေကစစ်ဆင်ရေးအင်အားတိုး ချဲ့ကာနယ်ကျော်ဝင်ရောက်ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် လာနိုင်တဲ့အခြေအနေကြောင့် ဆက်လက်ရွှေ့ပြောင်း ခိုလှုံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

    ထိုင်းနိုင်ငံဘက်အခြမ်း စစ်ရှောင်တွေကိုလည်း အခုရက်ပိုင်းအတွင်းနေရပ်ပြန်ဖို့ ပြောဆိုတာတွေရှိလို့ ထိုင်းနိုင်ငံဘက်ရောက် စစ်ရှောင် ၂ထောင်ခန့်မှာ လည်းပြန်လာဖို့အတွက်စိုးရိမ်စိတ်တွေရှိနေတယ်လို့ ဆိုပါတယ်။

  10. တယ်လီနော ကို လက်ဘနွန်အခြေစိုက် M1 အုပ်စုနဲ့အတူ ပြည်တွင်းကရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်မယ်

    လက်ဘနွန်အခြေစိုက် M1 အုပ်စုက တယ်လီနော(မြန်မာ)ကို ဝယ်ယူဖို့ ပြည်တွင်းက နိုင်ငံသားကုမ္ပဏီ တစ်ခုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကို စစ်ကောင်စီကခွင့်ပြုလိုက်တယ်လို့ အဲဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။

    တယ်လီနောဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအတွင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံက သူ့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်အခြေစိုက် M1 အုပ်စုထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချဖို့ ပြီးခဲ့တဲ့နှစ်မှာ သဘောတူညီမှုရထားတာပါ။

    ဒါပေမဲ့စစ်ကောင်စီဘက်က M1 အုပ်စု တစ်ခုတည်းကိုရောင်းချဖို့ ကန့်ကွက်ထားတာကြောင့် အခုလို ပြည်တွင်းက ကုမ္ပဏီပါဝင်လာတာပါ။ အဲဒီအတွက် M1 Group ဟာ ပြည်တွင်းက ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့း ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီအတွက် စစ်ကောင်စီကခွင့်ပြုပေးခဲ့တာလို့ သတင်းရင်းမြစ်တွေဆီကသိရကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။

    သတင်းရင်းမြစ်နှစ်ခုရဲ့ပြောကြားချက်အရ ရွှေဗျိုင်းဖြူဟာရှယ်ယာအများဆုံးရှိနေမယ်လို့လည်းဆိုပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီဟာ တွင်းထွက်သံယံဇာတ တူးဖော်ရောင်းချတဲ့ ကုမ္ပဏီဖြစ်ပြီး ရေနံလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဓာတ်ဆီအရောင်းဆိုင်လုပ်ငန်းတွေကိုလုပ်ကိုင်တယ်လို့ဆိုပါတယ်။

    ရွှေဗျိုင်းဖြူဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းဝင်းဇော်က မဟာရိုးမအများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး မဟာရိုးမဟာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းမှာ ရှယ်ယာထည့်ဝင်ထားတယ်လို့လည်းသတင်းကဖော်ပြပါတယ်။ တယ်လီနောဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Wave Money မှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရိုးမအုပ်စုလက်အောက်ခံ Yoma MFS Holding (YMFS) ကို အမေရိကန်ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချခဲ့တာပါ။

    ဒါ့ကြောင့် အခုလို အခြေအနေတွေဟာ တယ်လီနောကို မြန်မာနိုင်ငံကထွက်ခွာစေဖို့ ပိုပြီးတွန်းအားတွေဖြစ်စေတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူတွေက ပြောဆိုနေကြတာပါ။

  11. ကယားပြည်နယ်မှာ နယ်မြေတည်ငြိမ်နေပြီလို့ စစ်ကောင်စီပြော

    ကယားပြည်နယ်အတွင်း လွိုင်ကော်နဲ့အခြားမြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ တိုက်ပွဲရှောင်တဲ့ ဒေသခံတွေ ပြန်လည်ဝင်ရောက်လာနေပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး အခု လိုထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ပုံမှန်အတိုင်း သွားလာရောင်းဝယ်နေကြေကြောင်းနဲ့ ဇန်နဝါရီလ ၂၂ ရက် ၂၃ ရက်နေ့တို့မှာ လွိုင်ကော်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက တိုက်ပွဲရှောင်ပြည်သူ ၃၁၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။

    ဇန်နဝါရီလ ၂၂ရက်နေ့ က ကယားပြည်နယ် လွိုင်ကော်မြို့ နဲ့ ဒီးမောဆိုမြို့မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လွိုင်ကော်မြို့နယ်ကနေအိမ် တစ်လုံး၊ဒီးမော့ဆိုမြို့နယ်က နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်ခဲ့ပါတယ်။

    လွိုင်ကော်မြို့နယ် ဒေါဥခူအနောက်ဘက်ခြမ်းမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ မနေ့က ဇန်နဝါရီလ ၂၂ရက်နေ့ က ၅နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    အလားတူ ဒီးမော့ဆိုမြို့နယ်၊စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ DMO PDF က ထုတ်ပြန်ခဲ့ပါတယ်။

    ဇန်နဝါရီလ ပထမပတ်ကစပြီးတော့ လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့ခံ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

  12. ကော့ကရိတ်မှာ လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရ

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ၂၃ ရက်အနေ့အထိ စစ်ကောင်စီက နယ်မြေကျူးကျော် ထိုးစစ်ဆင်မှုကြောင့်ကျေးရွာပေါင်း၂၇ ရွာက လူပေါင်းနှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင် က ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက လူနေကျေးရွာများအတွင်းကို လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ရွာသား၁၂ ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    လက်ရှိအချိန်မှာ စစ်ကောင်စီ တပ်တွေဟာ လူနေရွာများအတွင်း တပ်စခန်းချပြီး ရွာသားပိုင် ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်တွေကို မီးရှို့ခြင်းများပြုလုပ်တဲ့ အပြင် ဖမ်းမိတဲ့ ရွာသားတွေကို နှိပ်စက်စစ်ဆေးတာတွေလုပ်လို့ ရွာသားများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်၊

    လက်ရှိအချိန်တွင် ဒေသတွင်း စစ်ရှောင်ဦးရေ နှစ်သောင်းကျော်လာပြီဖြစ်တဲ့အတွက် အရေးပေါ်ထောက်ပံ့ကူညီမှုများ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

    ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ ကျေးရွာတွေက ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ်(မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖကြီး၊ အံဖလေး၊ရွာတန်းရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှုံ၊ အောင်လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား တို့ဖြစ် တယ်လို့ ဒူးပလာယာခရိုင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  13. မြစ်ကြီးနားမြို့ ပမ္ပတီး စစ်ရှောင်စခန်း မြေနေရာ ဆက်မငှားလို့ အခက်တွေ့နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္ပတီးစစ်ရှောင်စခန်းက အိမ်ထောင်စု ၂၆ စု နဲ့ လူဦးရေ ၁၀၀ကျော်ရှိတဲ့ စခန်းမှာ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် မြေပိုင်ရှင်က မြေမငှားတော့ဘူးလို့ ပြောတာကြောင့် မြေနေရာရှာဖို့ အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

    အဲ့ဒီစခန်းက စစ်ရှောင်တွေဟာ မိုးကောင်းမြို့နယ် နမ္မတီး ကဆုန့် ရွာဘက်မှာ ၂၀၁၈ ခုနှစ်က စစ်ကောင်စီနဲ့ ကေအိုင်အေတို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။

    အဲ့ဒီကဆုန့် ရွာဟာ နှစ်ဖက် လက်နက်ကိုင်တွေ အသွားအလာ ရှိတဲ့ နေရာလို့လည်းပြောကြပါတယ်။

    သူတို့စခန်းက စစ်ရှောင်တွေဟာ နမ္မတီး ကဆုန့်မှာ ရှိတဲ့ အခင်းတွေကို သွားရောက်လုပ်ကိုင်တာမျိုးတွေရှိပေမဲ့ အခင်းမအောင်တဲ့သူကများပြီး အခု မုန်ညင်းရိတ်သိမ်းမယ့် ကာလမှာလည်း မုန်ညင်းခင်း မအောင်မြင်တာတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

    သူတို့စခန်းက အလုပ်အကိုင် အခက်အခဲရှိသလို လက်ရှိ စခန်းမြေနေရာ မရှာနိုင်တဲ့အတွက် စစ်ရှောင်စခန်းမှာ နေသူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

  14. တီးတိန်မြို့နယ်ထဲက ဟိန်ဇိန်နဲ့သိုင်းငင်း မှာ စစ်ကောင်စီတပ်စွဲထား

    စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ၂၉ မိုင်လောက်ဝေးတဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက သိုင်းငင်းနဲ့ ဟိန်ဇိန်ရွာ မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ရက်အတန်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဒေသကာကွယ်ရေးတပ်တွေဘက်က ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

    အဲ့ဒီ့နောက်ရွာခံတွေ တိမ်းရှောင်နေရသလို ရွာခံတွေနဲ့ အဆက်အသွယ်မရတော့ကြောင်းနဲ့ အဲ့ဒီရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၂ ရက်နေ့က ဟိန်ဇိန်ကို တီးတိန်မြို့ဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကလေးမြို့က တက်လာတဲ့တပ်တွေ နှစ်ဖက်ညှပ်ပြီးတိုက်ခဲ့သလို အဝေးပစ်လက်နက်တွေ ရဟတ်ယာဉ်တွေ သုံးပြီးတိုက်ခဲ့လို့ အဲ့ဒီနေရာက ဒေသကာကွယ်ရေးတပ်တွေ ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

    ကလေးမြို့ကနေ မိုင် ၂၀ လောက် အကွာမှာရှိတဲ့ ဟိန်ဇိန်ရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်လောက်က ချင်းပြည်နယ်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီးနောက်မှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေက ချင်းတောင်ခြေမှာရှိတဲ့ ကလေးတက္ကသိုလ်ကနေ လက်နက်ကြီးတွေနဲ့ အဲ့ဒီရွာတွေဘက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ပြီး ကလေးမြို့ကနေသူတွေလည်းကြားနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်၊

    သိုင်းငင်းနဲ့ဟိန်ဇိန်ရွာ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  15. VPN သုံးရင် ထောင် ၃ နှစ်ချနိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ စစ်ကောင်စီ ပြင်လာ

  16. ပေါက်မြို့၊ သစ်ညီနောင်ကျေးရွာမှာ နေအိမ်တွေဖျက်ဆီးခံရတယ်လို့ဒေသခံတွေပြော

    မကွေးတိုင်း၊ပေါက်မြို့နယ်ထဲက သစ်ညီနောင်ကျေးရွာကို ဇန်နဝါရီ ၂၂ရက် က စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး နေအိမ်တွေထဲက ပစ္စည်းတွေနဲ့စားသောက်ကုန်တွေကို ယူဆောင်သွားသလို အိမ်တွေအတွင်းမှာလည်း ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားလာပါတယ်။အနည်းဆုံး အိမ်ခြေ ၄၀လောက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

    ပေါက်မြို့နယ်ထဲက တပ်ကုန်း၊ရွာသစ်၊ပျဉ်ထောင်၊ကျောက်ကာ၊ ဒီးဒုတ်ကွင်းရွာတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သစ်ညီနောင်ရွာကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    ’’ အိမ်တိုင်ခြေတွေကို လွှနဲ့ဖျက်တာ၊ အိုးခွက်ပန်းကန်တွေ ဗီရိုတွေကို ဖျက်ဆီးပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်စားသွားတယ်။ဆန်တွေဆီတွေလည်းယူသွားတယ်။ဒီနေ့မနက်ကျမှ ရွာထဲကပြန်ထွက်သွားကြတာ၊ရွာထဲက လူတွေက အရမ်းကြောက်နေကြတယ်။ ဘာလို့ဝင်လာမှန်လည်းမသိကြဘူး’’ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ က နေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးသွားသလို မြိုင်မြို့နယ် ဝယ်တောင် မြောက်ရွာနဲ့ ဝယ်တောင် တောင်ရွာမှာ အင်အားအများအပြားနဲ့တပ်ဆွဲထားပြီး မြိုင်မြို့နယ်ထဲက ရေနံကျင်းတွေကို မီးရှို့တာနဲ့ငွေတောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  17. ချင်းတွင်းမြစ်ဘေး ကနီမြို့နယ်က ရွာအချို့မှာ အိမ်တွေမီးရှို့ခံရ

    ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးမီးရှို့လို့ နေအိမ်၃၁လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကနီ PDF ကထုတ်ပြန်ပါတယ်။

    ဇန်နဝါရီလ ၂၂ ရက်နေ့က ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့စစ်ကောင်စီတပ်တွေကိုဒေသတွင်း PDFအဖွဲ့တွေက နှစ်နေရာခွဲကာ တိုက်ခိုက်ခဲ့ရာမှာ စစ်​​ကောင်စီ​ရေယာဥ်တစ်စီးပျက်စီးခဲ့ပြီး အဲ့ဒီနောက်မု​ဌောအ​ရှေ့ရွာရှိ ​နေအိမ်၁၁လုံးကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီလ၂၃ရက် မနက် ၁၀နာရီ ခန့်မှာ ကနီမြို့နယ် နတ်ကြီးကျေးရွာကိုဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုတွေပြုလုပ်ပြီး နေအိမ် ၃၁ လုံးကို မီးရှိူ့ဖျက်ဆီးခဲ့တာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး၊

    နတ်ကြီးကုန်းရွာနဲ့ မုဌောရွာဟာ ကနီမြို့နယ်ထဲက ချင်းတွင်းမြစ်ဘေးကရွာတွေဖြစ်ပြီး အခုလို မြစ်ကမ်းဘေးက ရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့တာတွေရှိတဲ့အတွက်ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်၊

    ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တွေဟာ အခု နေ့လယ် ၂နာရီမှာတော့ ကနီမြို့ဆိပ်ကမ်းကို ရောက်နေပြီလို့လည်း ကနီဒေသခံတွေက ပြောပါတယ်။

  18. ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့အတွက်သွားရောက်ညှိနှိုင်းခဲ့တာမရှိဘူးလို့ NLD တုံ့ပြန်

    NLD အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့အတွက် မကြာခဏလာရောက်ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့တယ်ဆိုတဲ့ပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ထွေးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်ကပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD အစိုးရဘက်က ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့အတွက် သူ့ထံကို မကြာခဏလာရောက်ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့တယ်လို့ထည့်သွင်းပြောခဲ့တာဖြစ်ပြီး ဘယ်သူတွေကလာရောက်ခဲ့တယ်ဆိုတာကတော့ ထည့်သွင်းပြောခဲ့တာ မတွေ့ရပါဘူး။

    တပ်မတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၁ -၂၀၁၅ ၊ ၂၀၁၅ -၂၀၂၀ ကာလတွေမှာဆောင်ရွက်ခဲ့သလို ခေတ်ကာလနဲ့ကိုက်ညီအောင်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့လည်းအဲဒီမှာပြောခဲ့တာပါ။ဒီအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က အခုလိုတုံ့ပြန်လိုက်တာပါ။

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ထွေးကတော့ ‘’ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီ အပြတ်အသတ်အနိုင်ရပြီးချိန်မှာ သူ့တပ်ချုပ်သက်တမ်းတိုးဖို့နဲ့ သမ္မတဖြစ်ချင်တာတို့အတွက်ကိုပဲ သူ့ဘက်က ၅၉(စ)နဲ့အပေးအယူလုပ်ဖို့ အကြိမ်ကြိမ်လာညှိနှိုင်းတယ်လို့ပဲ ဖြစ်စဥ်မှာပါဝင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပြောတာ ကျွန်တော်တို့ကြားသိထားပါတယ်။ကျွန်တော်တို့ခေါင်းဆောင်တွေအနေနဲ့ ပုဂ္ဂလိကဆန္ဒအတွက် ဖွဲ့စည်းပုံထဲက ဘယ်ပုဒ်မကိုမှပြင်ဖို့ကြိုးစားတာမရှိပါဘူး။ လွှတ်တော်ကနေ ကြိုးစားတာပဲရှိတာပါ။ဒါကလည်းအားလုံးအသိပါ ’’လို့ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ သမ္မတရာထူးတောင်းခဲ့တယ်ဆိုတဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း အာဏာသိမ်းပြီးနောက် ဘီဘီစီကမေးမြန်းမှုမှာ ငြင်းဆိုဖြေကြားထားပါတယ်။

    ဒီအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က အခုလိုတုံ့ပြန်လာတာပါ။ပုဒ်မ ၅၉ (စ) ဟာ နိုင်ငံတော်သမ္မတနဲ့ဆိုင်တဲ့အရည်အချင်း ကန့်သတ်ချက်ဖြစ်ပြီးအဲဒီ ကန့်သတ်ချက်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့်မရခဲ့တာပါ။

    စစ်ကောင်စီဥက္ကဋ္ဌရည်ညွှန်းတဲ့ ၂၀၁၅ -၂၀၂၀ ကာလတွေမှာ အခြေခံဥပဒေပြင်ဆင်ရေးကြောင့် တပ်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ အကြားမှာ သဘောထားကွဲလွဲမှုတွေပိုကြီးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ၂၀၀၈ဖွဲ့စည်းပုံကိုစွဲကိုင်ပြီး လိုသလို ပုံဖော်ဆောင်ရွက်နေသလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကြေညာထားတာပါ။

  19. Total နဲ့ Chevron တို့အနေနဲ့ ဓာတ်ငွေ့ရောင်းရငွေတွေကို စစ်ကောင်စီကို လွှဲမပေးဖို့ NUG ထုတ်ပြန်

    Total နဲ့ Chevron တို့လိုရေနံနဲ့သဘာဝဓါတ်ငွေ့ကုမ္ပဏီကြီးတွေအနေနဲ့ ဓာတ်ငွေ့ရောင်းချရငွေတွေကို လွှဲပြောင်းဖို့နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကရတဲ့အခွန်နဲ့အမြတ်တို့ဟာ စစ်ကောင်စီအတွက် အရေးအပါဆုံး ပြည်ပဝင်ငွေဖြစ်နေတဲ့အတွက် ပိတ်ပင်ရမယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ဒီကနေ့ဇန်နဝါရီ ၂၃ရက် နေ့စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

    ထုတ်ပြန်ချက်အရ ဓာတ်ငွေ့ဝယ်ယူတဲ့ PTTကုမ္ပဏီက စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ MOGE ငွေစာရင်းတွေကို လွှဲအပ်တာမလုပ်ဘဲ NUGရဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ချမှတ်၊ညွှန်ကြားထားတဲ့ ငွေစာရင်းတွေကိုလွှဲ အပ်ပေးဖို့ဆိုပြီး အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

    Total နဲ့ Chevron ကုမ္ပဏီနှစ်ခုဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့်နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားကြတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကတော့ ဒီကုမ္ပဏီနှစ်ခုရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း ပြောထားပါတယ်။

    Total နဲ့ Chevron ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို Total ကုမ္ပဏီက အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပေမယ့် အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့် မြန်မာနိုင်ငံတွင်းမှာ အပြုသဘောဆောင်တဲ့ ကူညီထောက်ပံ့မှုတွေ လုံလုံလောက်လောက် မလုပ်ဆောင်နိုင်တော့ဘူးလို့ Total ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    Total ကုမ္ပဏီဟာ အမေရိကန်အခြေစိုက် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron၊ ထိုင်းကုမ္ပဏီ PTTEP ၊ မြန်မာအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ MOGE တို့နဲ့အတူ ရတနာရေနံမြေလုပ်ငန်းမှာ ၁၉၉၂ ခုနှစ်ကတည်းက စတင်အလုပ်လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီအတွက် အဓိက နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းတခုဖြစ်လို့ အခွန်မပေးဆောင်ကြဖို့နဲ့ စစ်တပ်ကို ပိတ်ဆို့အရေးယူကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေက အဲဒီကုမ္ပဏီကြီးတွေကို တလျှောက်လုံး တောင်းဆိုခဲ့ကြပါတယ်။

  20. ကရင်နီဒေသမှာ ရိက္ခာပြတ်တဲ့အထိဖြစ်လာလို့ အရက်ချက်တဲ့ ပြောင်းကောက်တွေကိုချက်စားနေကြရ

    ကရင်နီဒေသ၊ ဖရူဆိုဒေသထဲမှာ စစ်ဘေးရှောင်ပြည်သူအများစုဟာ စားနပ်ရိက္ခာ ပြတ်လပ်လာတဲ့အတွက် အရက်ချက်တဲ့ ပြောင်းကောက်တွေ ကို ထမင်းအဖြစ် ချက်စားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးလည်းလိုအပ်ချက်ရှိနေတာကြောင့် အလှုရှင်တွေ လိုအပ်နေတယ်လို့သိရပါတယ်။

    ’’ စားရေးသောက်ရေးကမလွယ်ဘူး၊ ဆေးလည်းမရှိဘူး၊စားဖို့အတွက်လည်းဆန်နဲ့ ပြောင်းကောက်ကိုရောချက်စားရတော့ ကလေးတွေ ဗိုက်နာကြတယ်။ ပိုက်ဆံရဖို့လည်းအလုပ်မရှိဘူး။ ပြောင်းကောက်က တပုံးကို ၅ ထောင်၊ တအိတ်ကို တသောင်းခွဲပဲရှိတယ်။ ဆန်က တအိတ်ကို ၅ သောင်းလောက်ရှိတယ်လေ။မဝယ်နိုင်ကြဘူး ’’လို့စစ်ရှောင်တစ်ဦးကပြောတယ်။

    လက်ရှိ ကရင်နီပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးရှောင်သူ ၂သိန်းနီးပါးရှိလာနေပြီး လွိုင်ကော်မြို့ပေါ်မှာဆို မြို့လုံးကျွတ်တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

    မနေ့က ဇန်နဝါရီလ ၂၂ရက်မှာတော့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ နဲ့ ဒီးမောဆိုမြို့မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လွိုင်ကော်မြို့နယ်က နေအိမ် တစ်လုံး၊ ဒီးမော့ဆိုမြို့နယ်က နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်ထားပါတယ်။ တခါ လွိုင်ကော်မြို့နယ် ဒေါဥခူအနောက်ဘက်ခြမ်း မှုံပြာကန်အနီးမှာလည်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ၅နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာဘက်မှာလည်း ထိုးစစ်ဆင်လာသော စစ်ကောင်စီနဲ့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်က အကျအဆုံးရှိတယ်လို့ DMO PDF ကထုတ်ပြန်ထားပါတယ်။

    ကရင်နီဒေသဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။