ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်သုံးဆီဈေးတက်ချိန် ကုန်ကားအချို့ပြေးဆွဲနေပေမဲ့ ဆီဈေးထပ်တက်လာရင် တန်ဆာခတိုးယူရဖို့ရှိတယ်လို့ဆို

    ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာပြီးတဲ့နောက်ပိုင်းကုန်ပစ္စည်းတင်သွင်းသူတွေနည်းလာပြီး ဒေသတချို့မှာကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ကုန်ကားတွေရပ်နားလာပေမဲ့ အခြေနေအရပ်ရပ်ကြောင့် ကားတွေထွက်နေရဆဲ ကုန်ကားတွေလည်း ရှိနေတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်သူတွေကပြောပါတယ်။

    "ကျွန်တော်တို့ကမကိုက်ဘူးဆိုပေမဲ့ ဝန်ထမ်းတွေရဲ့ခံစားခွင့်တွေ၊ ပုံမှန်သွားနေတဲ့စာချုပ်တွေရှိတော့ ဘာပဲဖြစ်ဖြစ်ဝိုင်းပြီးတော့အလုပ်လုပ်ပေးရတာပေါ့။ ရပ်ထားရင် ယာဉ်မောင်းတွေ နောက်လိုက်တွေအများကြီးပိုခက်သွားမယ်။ တချို့ကားတွေကလည်းအရစ်ကျနဲ့ဝယ်ထားတဲ့ကားတွေလည်းရှိတယ်ဆိုတော့ တွက်ချေမကိုက်လည်း သွားနေရတာပေါ့ " လို့အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးကျင်သိန်းက ဘီဘီစီကိုပြောပါတယ်။

    အခုလိုကားတွေဆက်ထွက်နေပေမဲ့ အရင်က ကား ၅စီးလောက် ထွက်နိုင်ရင် လက်ရှိမှာ ကား ၂ စီးလောက်ပဲ ထွက်နိုင်တော့ပြီး စက်သုံးဆီဈေးနှုန်းတွေဆက်တက်နေမယ်ဆိုရင်တော့ အခုထက်ပိုပြီး ခက်ခဲနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

    ဒါ့အပြင်ဈေးကွက်ထဲမှာ စက်သုံးဆီဈေးနှုန်းတွေ အခုထက်ပိုပြီးတက်လာမယ်ဆိုရင်တော့ ကုန်စည်ပို့ဆောင်တဲ့ကားတွေဘက်က တန်ဆာခပိုယူရတဲ့အခြေအနေတွေ ရှိလာမှာဖြစ်သလို ကုန်သည်တွေဘက်ကလည်း ကုန်စည်ဝယ်ယူရတဲ့ ဈေးနှုန်းတွေအပြင် တန်ဆာခနဲ့တွက်ချက်လာမှာ ဖြစ်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ကုန်ဈေးနှုန်းမြင့်တက်မှုတွေဆက်ဖြစ်နိုင်တယ်လို့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကသုံးသပ်ပါတယ်။

    ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်စပြီး ဈေးနှုန်းတက်လာရာကနေ ရန်ကုန်စက်သုံးဆီဆိုင်အချို့မှာတော့ဒီဇယ် တစ်လီတာကို ၁၅၀၀ ကျပ်နဲ့ ဒီဇယ်ပရီမီယမ် တစ်လီတာ ၁၅၀၅ ကျပ်နဲ့ အောက်တိန်း 92 တစ်လီတာ ၁၅၀၀ ကျပ်နဲ့အောက်တိန်း 95 တစ်လီတာကို ၁၅၂၅ ကျပ်ဈေးနှုန်းတွေ ဒီကနေ့အောက်တိုဘာ ၅ရက်အတွက် ပေါက်ဈေးရှိနေပါတယ်။

  2. ပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ကိုယ်တိုင် သက်သေထွက်ဆိုမယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ဟာ သူတို့ တစ်ပေါင်းတည်းစွပ်စွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ကိုယ်တိုင်ပဲ သက်သေထွက်ဆိုကြမယ်လို့ဆိုပြီး အမှုအတွက်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ပြောလာပါတယ်။

    ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်တဲ့ ရုံးချိန်းကို နေပြည်တော်ကောင်စီနယ်မြေထဲက ဇမ္ဗူသီရိအထူးတရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ''ကျွန်တော်တို့ဘက်က ခံပြစာရင်း(စွပ်စွဲခံရသူတွေဘက်က သက်သေ)တင်ဖို့ပါ။ ခံပြစာရင်း သီးခြားမတင်တော့ပါဘူး။ စွပ်စွဲခံရသူတွေကို ရုံးချိန်းတစ်ချိန်းဆီ စစ်ဖို့ ရုံးက အတည်ပြုပေးလိုက်ပါတယ်။ အဲဒီတော့ ၁၂ ရက်နေ့ကျရင် စွပ်စွဲခံရသူ ၁ ကို သက်သေအဖြစ် အစစ်ခံပါမယ်။ ၂၆ ရက်နေ့ကျတော့ စွပ်စွဲခံရသူ ၂ ကို သက်သေအဖြစ်စစ်ပါမယ်။ ၂ ရက်နေ့ကျတော့ စွပ်စွဲခံရသူ ၃ ကို သက်သေအဖြစ်စစ်ပါမယ်။'' လို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

    ဒါဟာ အမှုမှာ စွပ်စွဲခံရသူဘက်က အမှုကို စပြီးတော့ စီစဉ်မှု (CMP) လုပ်တာဖြစ်တယ်လို့လည်း ရှေ့နေအဖွဲ့က ပြောပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ကျန်းမာရေးကြောင့် အမှုကို တစ်ပတ်ခြားတစ်ခါသာ စစ်ပေးဖို့ တရားရုံးကို လျှောက်လွှာတင်ခဲ့တာကြောင့် လာမယ့်တစ်ပတ် အောက်တို ဘာလ ၁၂ ရက်နေ့ကျရင် အဲဒီလျှောက်လွှာတင်တဲ့ကိစ္စအတွက် အမိန့်ချဖို့ရှိတယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ဟာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာထုတ်ပြန်တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ တာဝန်ရှိတယ်ဆိုပြီး အခုလို ပူးတွဲစွဲဆိုခံထားရတာဖြစ်ပါတယ်။

  3. မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူဦးစိုးဌေးရဲ့ သားအကြီး ထပ်မံဖမ်းဆီးခံရ, ဦးစိုးဌေးကိုဝရမ်းထုတ်ပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့မိသားစုဝင် ၃ ဦးအထိရှိလာ

    မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူ ဦးစိုးဌေးရဲ့သားအကြီးဖြစ်သူ ကိုဥက္ကာစိုးကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ ရက်နေ့ကသူအလုပ်လုပ်ကိုင်တဲ့ရုံးခန်းအတွင်းဝင်ရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုအထိအဆက်အသွယ်ပြတ်တောက်နေဆဲလို့မိသားစုတွေကပြောပါတယ်။

    "ကျွန်တော့်သားက ဒလီဗရီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေတာပါ။ အစောပိုင်းက ရှောင်နေပေမဲ့ ထောင်ကျနေတဲ့အမေနဲ့အစ်မကို ထောက်ပံ့ဖို့ အဲ့ဒီအလုပ်ကိုလည်းဆက်လုပ်နေရတာ။ မနက် ၄ နာရီလောက် သူ့ရုံးခန်းကို ဝင်ဖမ်းသွားတာ၊ အတူတူနေတဲ့လူငယ်အချို့လည်းဖမ်းဆီးခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ အစောပိုင်း ကျွန်တော့်ကို အိမ်မှာလာဖမ်းကတည်းက သူက မရှိလို့ လွတ်သွားပြီး အမျိုးသမီးနဲ့သမီးတွေကိုဖမ်းသွားတာ။ အခုဖမ်းတာလည်းကျွန်တော့်သားဖြစ်နေလို့လည်းပါမယ်။ သူတို့ကအခုအချိန်လူငယ်တွေကိုဆိုရင် PDF ထောက်ပံ့နေတယ်လို့ ထင်နေတာလည်းပါမယ်" လို့ဦးစိုးဌေးက ဘီဘီစီကိုပြောပါတယ်။

    ဦးစိုးဌေးကို ပြီးခဲ့တဲ့ ဇွန်လထဲမှာစစ်ကောင်စီတပ်တွေက ဝရမ်းထုတ်စာတွေကပ်ပြီး ရှာဖွေဖမ်းဆီးဖို့နေအိမ်ကိုဝင်ရောက်ရာမှာ မတွေ့တာကြောင့် အမျိုးသမီးနဲ့ ၅နှစ်အရွယ်သမီးဖြစ်သူအပါအဝင် သမီးအကြီးကိုပါဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

    ၅ နှစ်အရွယ်သမီးဖြစ်သူ မစုထက်ဝိုင်းကိုတော့ နှစ်ပတ်အကြာဖမ်းဆီးထိန်းဆီးထိန်းသိမ်းပြီးပြန်လွတ်လာပေမဲ့ ဇနီးနဲ့သမီးအကြီးဖြစ်သူတို့ကတော့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ် ၅၀၅(က) နဲ့ထောင်သုံးနှစ်စီ ချမှတ်ခံလိုက်ရပါတယ်။

    အခုသားအကြီးဖြစ်သူ ကိုဥက္ကာစိုးကိုထပ်မံဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘယ်ပုဒ်မတွေတပ်ပြီးတရားစွဲဆိုတာတွေလုပ်မယ်ဆိုတာကိုမသိရသေးဘူးလို့ ဦးစိုးဌေးကပြောပါတယ်။

  4. လူမှုကွန်ရက်၀န်ဆောင်မှု ပြတ်တောက်ခဲ့မှုကို ဖေ့ဘွတ်ခ်တောင်းပန်, ဖေ့ဘွတ်ခ်ပိုင် မက်ဆင်ဂျာ၊ အင်စတာဂရမ်နဲ့ WhatsApp တို့ ပြတ်တောက်မှုကို မြန်မာသုံးစွဲသူတွေလည်းကြုံခဲ့ရ

    လူမှုကွန်ရက် ကုမ္ပဏီကြီး ဖေ့ဘွတ်ခ်က သူ့ရဲ့လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့ဘွတ်ခ်၊ မက်ဆင်ဂျာ၊ အင်စတာဂရမ်နဲ့ WhatsApp တို့ မနေ့ အောက်တိုဘာလ ၄ ရက်မှာ နာရီပိုင်းရပ်တန့်မှုကြောင့် ထိခိုက်မှုကြုံရတဲ့ လုပ်ငန်းတွေနဲ့ သုံးစွဲသူတွေကို တောင်းပန်စကားပြောလာပါတယ်။

    အခုတော့ ဖေ့ဘွတ်ခ် အင်ဂျင်နီယာအဖွဲ့တွေက ဒီလိုဝန်ဆောင်မှုပြတ်တောက်ရတဲ့အကြောင်းရင်းသိပြီဖြစ်လို့ ဝန်ဆောင်မှုတွေ အလုံးစုံပြန်ရအောင် ကြိုးပမ်းနေပြီဆိုပြီး သတင်းထုတ်ပြန်လာပါတယ်။

    ဖေ့ဘွတ်ခ်ရဲ့အချက်အလက်သိုလှောင်စင်တာတွေကြား ကွန်ပျူတာကွန်ရက်ထဲအချက်အလက်ဝင်ရောက်မှုပမာဏကို ချိန်ညှိပေးတဲ့ ပင်မရောက်တာ တွေမှာ အစီအစဉ်စနစ်အပြောင်းအလဲကြောင့် ချိတ်ဆက်သွယ်မှုပိုင်းမှာ ကမောက်ကမဖြစ်စေခဲ့တာဆိုပြီး ဖေ့ဘွတ်ဘက်က ပြောပါတယ်။

    ဒီလိုဖြစ်စဉ်ကြောင့် အချက်အလက်သိုလှောင်စင်တာတွေချိတ်ဆက်မှုအပိုင်းကို ဖြန့်ကြက်သက်ရောက်မှုရှိခဲ့သလို ဝန်ဆောင်မှုတွေအားလုံးလည်း ရပ်တန့်ခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ဝန်ဆောင်မှုတွေကို ပြန်သုံးလို့ရပြီဖြစ်သလို အပြည့်အဝပြန်လည်ပတ်နိုငေ်အာင်လည်း လုပ်ဆောင်နေပြီလို့ပြောပါတယ်။

    အခုဖြစ်ရပ်ကြောင့် ဝန်ဆောင်မှုတွေကျနေချိန်အတွင်း သုံးစွဲသူအချက်အလက်တွေ တပါးသူဆီပါသွားတဲ့အခြေအနေတော့ မတွေ့ထားရသေးဘူးလို့ ဖေ့ဘွတ်ခ်ဘက်က ပြောပါတယ်။ အခုလို စနစ်ချို့ယွင်းမှုကြောင့် လူတွေရဲ့ဘဝအပေါ် ရိုက်ခတ်မှုကို သိရှိပြီးနောက်နောင် ဒီလို မဖြစ်အောင်ကြိုးပမ်းနေတယ်လို့လည်း ဖေ့ဘွတ်ခ်ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။

    မနေ့ အောက်တိုဘာလ ၄ ရက်ညပိုင်းတုန်းက ဖြစ်ခဲ့တဲ့ အခုလိုနည်းပညာချို့ယွင်းမှုကြောင့် မြန်မာပြည်တွင်းက လူမှုကွန်ရက်သုံးစွဲသူတွေကြား ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုခဲ့သလို ဖေ့ဘွတ်ခ်ရုံးစိုက်ရာအမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း သုံးစွဲသူ သန်းချီအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

    ဒါပေမဲ့ ဖေ့ဘွတ်ခ်ဘက်ကတော့ အခုလိုနည်းပညာပြတ်တောက်ချိန် သုံးစွဲသူဘယ်လောက်အများများအထိ သက်ရောက်မှုရှိစေခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောထားတာမျိုး မရှိသေးပါဘူး။

  5. အိန္ဒိယအမျိုးသမီးလိဂ်လက်ရှိချန်ပီယံအသင်းကမြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းတိုက်စစ်မှူးကိုခေါ်ယူ, ပထမဆုံးပြည်ပထွက်ကစားရမယ့် အမျိုးသမီးဘောလုံးကစားသမားဖြစ်လာ

    မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကိုအိန္ဒိယအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ Gokulam Kerala FC (GKFC) အသင်းက ကာလတို စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။အာရှဘောလုံးအဖွဲ့ချုပ်(AFC)က လာမယ့် နိုဝင်ဘာလမှာကျင်းပဖို့ရှိတဲ့ AFC Women’s Club Championship ပြိုင်ပွဲအတွက် ခေါ်ယူတာဖြစ်တယ်လို့သိရပါတယ်။ “ အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့နည်းပြ၊ လက်ရွေးစင်အဆင့်ကစားသမားတွေရှိနေတဲ့ အသင်းကို ပြောင်းရွေ့ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အိန္ဒိယရဲ့ အမျိုးသမီးဘောလုံး တိုးတက်မှုက တကယ်ကို မြန်ဆန်ပါတယ်။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစားကစားသွားမှာပါ” လို့ ဝင်းသိင်္ဂီထွန်းက ပြောပါတယ်။ အသက် ၂၆နှစ်အရွယ် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းဟာ မြန်မာနိုင်ငံကနေ ပထမဆုံး ပြည်ပထွက်ကစားခွင့်ရလာတဲ့ အမျိုးသမီးဘောလုံးကစားသမားလည်းဖြစ်ပါတယ်။

  6. အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အမေရိကန်သတင်းထောက် အမှုထပ်တိုး ရင်ဆိုင်ရ

    ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ လနဲ့ချီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီ ဖန်စတာဟာ မတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ အမှုတစ်ခု ထပ်တိုးရင်ဆိုင်နေရတယ်ဆိုပြီး သူ့ရဲ့ရှေ့နေက အောက်တိုဘာလ ၄ ရက်မှာ ပြောပါတယ်။

    ဒန်နီဖန်စတာ ဖရွန်းတီးယားမြန်မာသတင်းတိုက်ရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာဖြစ်ပြီး မိသားစုနဲ့တွေ့ဖို့နဲ့ ကိုဗစ်ဆေးထိုးဖို့ အမေရိကန်နိုင်ငံကို အားလပ်ရက် ခေတ်ပြန်ဖို့ ပြင်ချိန် ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်တုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီနောက် အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်တွင်းတရားရုံးမှာ အမှုရင်ဆိုင်နေရတာဖြစ်ပေမဲ့ သူ့ကို ဘာ့ကြောင့် ဖမ်းတယ်ဆိုတာကို အာဏာပိုင်တွေဘက်က ထုတ်မပြောထားသေးပါဘူး။

    အခုတော့ အောက်တိုဘာလ ၄ ရက်တုန်းက ပြုလုပ်တဲ့ တရားရုံးကြားနာမှုမှာ ဒန်နီဖန်စတာဟာ မတရားအသင်းဆက်သွယ်မှု ပုဒ်မတစ်ခု ထပ်တိုးရင်ဆိုင်ရတယ်ဆိုတာ သိခဲ့ရတယ်လို့ သူ့ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောတယ်ဆိုပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့သတင်းသမား ၁၀၀ နီးပါးရှိပြီး သူတို့ထဲက တစ်ဝက်နီးပါး ပြန်လွတ်လာပြီဖြစ်ပေမဲ့ ဒန်နီဖန်စတာဟာ အာဏာသိမ်းအပြီးတဲ့နောက် ဖမ်းဆီးခံ၊ အမှုရင်နိုင်နေရတဲ့ တစ်ဦးတည်းသော နိုင်ငံခြားသားသတင်းထောက်ဖြစ်ပါတယ်။

  7. အာဆီယံအထူးကိုယ်စားလှယ်ရဲ့မြန်မာခရီးစဉ်အတွက် နှစ်ဖက်ဆွေးနွေးနေဆဲ

    မြန်မာ့အရေးအတွက် အာဆီယံက ကြားဝင်ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်မြန်မာနိုင်ငံအတွင်းကို လာရောက်ရေးကိစ္စကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေဆဲဆိုပြီး စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးက ပြောလာပါတယ်။

    မနေ့ အောက်တိုဘာလ ၄ ရက်တုန်းက အွန်လိုင်းကနေတဆင့်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တက်ရောက်ချိန် အခုလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    မနေ့က အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိစ္စအကောင်အထည်ဖော်နေတဲ့အခြေအနေဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကြား အဓိကဆွေးနွေးကြတဲ့အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

    မြန်မာ့အရေးကို အာဆီယံက ကြားဝင်ဖြေရှင်းနိုင်ရေး အားထုတ်မှုတစ်ရပ်အနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေးအပါအဝင် သဘောတူညီချက် ၅ ချက်ကို အာဆီယံခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့ဧပြီလတုန်းက ရရှိခဲ့ပါတယ်။

    အဲဒီနောက် ၄ လနီးပါးအကြာ သြဂုတ်လဆန်းပိုင်းရောက်မှ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး- ၂ ကို ခန့်အပ်နိုင်ခဲ့ပါတယ်။

    အဲဒီလိုခန့်အပ်ပြီး ၂ လနီးပါးထဲရောက်လာခဲ့ပေမဲ့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မပေါ်ပေါက်လာသေးသလို အာဆီယံကိုယ်စားလှယ်ကလည်း သူ့တာဝန်ပေးအပ်ထားမှုထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့တွေ့ဆုံခွင့်ရရေး တောင်းဆိုနေပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ဘုံသဘောတူညီချက်တွေကို တိုးတက်မှုမရှိရင် စစ်ကောင်စီဥက္ကဋ္ဌကို အခုလနှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်ပေးဖို့ ခက်လိမ့်မယ်ဆိုပြီး လူသိရှင်ကြားပြောဆိုထားပါတယ်။

  8. ဖေ့ဘွတ်ခ် မက်ဆင်ဂျာ အင်စတာဂရမ် whatsApp တို့ အဆက်အသွယ်ပြတ်တောက်

    မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့က ဖေ့ဘွတ်ခ် မက်ဆင်ဂျာ အင်စတာဂရမ် နဲ့ whatsApp အပလီကေးရှင်းတွေ ပြတ်တောက်နေကြောင်း ရန်ကုန် မန္တလေး မုံရွာဒေသခံတွေက ပြောပါတယ်။

    ရန်ကုန်က အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုကလည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အခုလိုပြတ်တောက်နေပြီး တကမ္ဘာလုံးအခုလိုပြတ်တောက်နေတယ်လို့ သိရကြောင်း မြန်မာပြည်အင်တာနက်ပြဿနာမဟုတ်ကြောင်းဘီဘီစီကို ပြောပါတယ်။

    မြန်မာနိုင်ငံအပြင်အခြား နိုင်ငံက မြန်မာတွေလည်းအဆက်အသွယ်ပြတ်နေတယ်လို့ ဘီဘီစီက လက်တလော စုံစမ်းသိရှိထားပါတယ်။

    ဖေ့ဘွတ်ခ် မက်ဆင်ဂျာ အင်စတာဂရမ် whatsApp မြန်မာနိုင်ငံက စတင်အဆက်အသွယ်ပြတ်တဲ့ အချိန်က အောက်တိုဘာလ ၄ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲခန့်က စဖြစ်တာလို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

  9. ပြောင်းဆံ ပြည်ပစျေးကွက် အဝယ်ရှိလို့စျေးကောင်းရ

    ပြည်ပက အဝယ်ရှိနေတဲ့ ပြောင်းဆံတွေစျေးကောင်းရနေပြီးတော့ အဝယ်လိုက်နေတယ်လို့ မန္တလေးကုန်စည်ဒိုင်က ကုန်သည်တစ်ဦးကပြောပါတယ်။

    မြန်မာငွေဈေး ကျလို့ ပြောင်းဆံတွေ စျေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး သုံးလအတွင်း ကုန်ကြမ်းပြတ်သွားနိုင်တယ်လို့ ပဲနှမ်းကုန်စည်ဒိုင်ကုန်သည်တွေက ပြောပါတယ်။

    "ငွေဈေးကြောင့်ပဲ ဟိုဘက်က ဝယ်လိုအားကောင်းတာပေါ့။ အိတ်စပို့စ်ဆွဲအားက အခုလိုဆွဲမယ်ဆို တစ်လပိုင်းဆို ပြတ်သွားမယ်။ ထွက်နူန်းနဲ့ မမျှလို့ ပစ္စည်းပြတ်မြန်မှာ "လို့ ပြောင်းဆံတွေကို ပြည်ပတင်ပို့နေတဲ့ လက်ကားကုန်သည်တစ်ဦးက ပြောပါတယ်။

    စီပီပြောင်း၊ ရှမ်းပြောင်း၊ ဗမာပြောင်း သုံးခုလုံးဟာ တစ်ပိသာ ကျပ် ၆၀၀ကျော်ကနေ စက်တင်ဘာ ၂၈ရက်က ငွေဈေးနူန်းမြင့်တက်လို့ ပြောင်းဈေးတွေ ကျပ် ၇၇၀ ထိရောက်ရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ ငွေဈေးအနည်းငယ်ကျဆင်းပေမဲ့ တစ်ပိသာ ကျပ် ၇၀၀ အောက်မရောက်ခဲ့ပါဘူး။

    ၂၀၂၀ ခုနှစ် အောက်တိုဘာလတုန်းက ပြောင်းဈေးနူန်ူးတွေဟာ တစ်ပိသာကို ကျပ် ၄၅၀ ထိသာ ဈေးရခဲ့တာဖြစ်ပါတယ်။

    မန္တလေး ပဲနှမ်းကုန်စည်ဒိုင် ဒါမှမဟုတ် ပြောင်းထွက်ရှိရာ ဒေသကနေ နေ့စဉ်ပြောင်း တန်ချိန်ပေါင်း ၁၂၀၀ ကျော်ကို တင်ပို့ပေးရတာဖြစ်တယ်လို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်း ပဲနှမ်းကုန်စည်ဒိုင် ကနေ သိရပါတယ်။

    " တောက်လျှောက်ဝယ်နေမှာ။ တက်တာ ကျတာက ငွေပေါ်ပဲ မူတည်နေမှာ။ အခုရက်ပိုင်းများတယ်။ တစ်ရက်ကို တွဲကား အစီး သုံး၊ လေးဆယ်ဆိုတာ အောက်ထစ်ပေါ့။ ပြောင်းဈေးအနေနဲ့ ဒေါ်လာဈေးမပြောင်းပေမဲ့ ငွေဈေးအတက်အကျနဲ့ အရောင်းဝယ်ဖြစ်တယ်"လို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်း ပဲနှမ်းကုန်စည်ဒိုင် က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပြောင်းဆံတွေကို လက်ရှိမှာ ရေကြောင်းနဲ့ ကုန်တင်ယာဉ်တွေ အသုံးပြုပြီး ရန်ကုန်က တဆင့် အိန္ဒိယ၊ လစ်ပိုင်၊ ဗီယက်နမ် တို့ကို တင်ပို့ပေးရတာဖြစ်ပါတယ်။

    လက်ရှိမှာ ရှမ်း၊ ကယားပြည်နယ်နဲ့ ရွှေဘိုဘက်က ပြောင်းဆံတွေ ဈေးကွက်ထဲကို အဝင်ရှိနေတာဖြစ်ပြီး မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်ကနေ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းနဲ့ ပြောင်းဆံတွေကို ပြည်ပ အိတ်စပိုစ် ပို့ကုန်အဖြစ် တင်ပို့ပေးနေရတာ ဖြစ်ပါတယ်။

  10. အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌကို ပါခွင့် မပေးတာမျိုးထိ ဖိအားတွေ ပေးလာနိုင်လား

  11. ၂၁ရာစု စစ်အာဏာသိမ်းမှုနဲ့ အညာဒေသက တော်လှန်မှု

  12. ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာ‌ငွေလဲနှုန်းတွေ ပြန်ကျ

    ရွှေစျေး အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၁၉ သိန်း ၃ သောင်းနဲ့စျေးပိတ်သွားပြီးအောက်တိုဘာ ၄ ရက်နေ့ ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၃၀၀ ခန့်စျေးပေါက်တဲ့အတွက် စျေးတွေပြန်ကျနေတယ်လို့ စျေးကွက်သတင်းတွေအရသိရပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ဒီကနေ့အောက်တိုဘာ ၄ ရက်‌နေ့ ထုတ်ပြန်တဲ့ရွှေစျေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ အသင်းကထုတ်ပြန်တဲ့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၂၂ သိန်း တစ်သောင်း သုံးထောင်နဲ့ယှဥ်ရင်စျေးတွေ တစ်ကျပ်သားကို ၂ သိန်းနီးပါးကျလာတာလည်းဖြစ်ပါတယ်။

    အမေရိကန်ဒေါ်လာနဲ့မြန်မာ‌ငွေလဲနှုန်းဟာလည်းပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ စျေးနဲ့ယှဉ်ရင် တစ်ဒေါ်လာကို ကျပ် ၄၀၀ ခန့် ပြန်ကျဆင်းခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ အမေရိကန်တစ်ဒေါ်လာကို ကျပ်နှစ်ထောင်အပေါ်မှာပဲရှိနေပါသေးတယ်။

    ဘဏ်တွေက သူတို့ဝယ်တာကိုတေ့ာ အမေရိကန်တစ်ဒေါ်လာကို ကျပ်နှစ်ထောင်အောက် အနည်းငယ်ဆင်းပြီးဝယ်တယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် နေ့စဉ်မြင့်တက်နေတဲ့ ဒေါ်လာငွေလဲနှုန်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဈေးကွက်အတွင်း ဒေါ်လာတွေထုတ်ရောင်းခဲ့သလို စျေးကွက်အတွင်းမှ ာဒေါ်လာငွေကြေးစျေးကစာတဲ့လို့ယူဆရသူ အချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

    စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာလက်ဝယ်ထားရှိမှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်ပပို့ကုန်ရငွေတွေနဲ့ ပက်သက်တဲ့ညွှန်ကြားစာတစ်စောင်ကိုပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီညွှန်ကြားချက်က အောက်တိုဘာ ၃ရက်နေ့ကစပြီး အသက်ဝင်မှာပြီး ပို့ကုန်လုပ်ငန်းရှင်တွေကနိုင်ငံခြား ပို့ကုန်တင်ပို့ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကိုလက်ဝယ်ကိုင် ဆောင်ထားခွင့်မရှိဘဲ ရက် ၃၀ အတွင်း ဘဏ်တွေကိုစျေးကွက် ပေါက်စျေးနဲ့ မပျက်မကွက် ပြန်ရောင်းချရမှာဖြစ်တယ်လို့ဆိုပါတယ်။

  13. မြန်မာပြည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကလေးသူငယ် ၇၆၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရ, စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တောတောင်တွေထဲ မီးဖွားကြရ။

    မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေထဲမှာ ကလေးသူငယ် ဦးရေ ခွန်နှစ်သောင်း ခြောက်ထောင်ကျော် ပါဝင်နေတယ်လို့ ယူကေနိုင်ငံ အခြေစိုက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပရဟိတ ရံပုံငွေ အဖွဲ့ Save the Children အဖွဲ့က ပြောပါတယ်။

    ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ နေရာဒေသတချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ အဲဒီလို ထွက်ပြေးကြရတဲ့ ကလေးသူငယ်တွေဟာ တောတွေတောင်တွေ အစပ် ဖြစ်သလို စီမံထားရတဲ့ နေရာထိုင်ခင်းမျိုးတွေမှာ နေကြရတာ ဖြစ်တယ်လို့ Save the Children အဖွဲ့က ဆိုပါတယ်။

    သည်းထန်လှတဲ့ မုတ်သုံရာသီမိုးတွေကို အံတုကာကွယ်ဖို့ရာ တာပေါ်လင် မိုးကာစတွေကို တောထဲကရတဲ့ ဝါးတွေနဲ့ ချည်နှောင် ဖန်တီးထားရတဲ့ ယာယီတဲမျိုးတွေကအပ တခြား လုံခြုံတဲ့ နေရာထိုင်ခင်းမျိုး မရှိကြဘူးလို့လည်း အဲဒီ ပရဟိတ အဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုနေပါတယ်။

    ဒါ့အပြင် စားနပ်ရိက္ခာပိုင်းကို ကြည့်မယ် ဆိုရင်လည်း စစ်ဘေးရှောင် မိသားစု တော်တော်များများဟာ တစ်နေ့မှ တစ်နပ်တည်းကို ခြိုးခြိုးခြံခြံနဲ့ မိသားစုထဲ မျှဝေ စားသောက် နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ထွက်ပြေးကြရသူ လူပေါင်း နှစ်သိန်းခြောက်ထောင် ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

    ဆက်လက် ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်မှု အပေါ် ကန့်သတ်ချက်တွေကြောင့်စစ်ဘေးရှောင်တွေ ရှိရာ နေရာအများစုဆီကို ထောက်ပံ့ကူညီရေး အဖွဲ့တွေမှ လာရောက်နိုင်ခြင်း မရှိ ဖြစ်နေရတယ်လို့လည်း Save the Children အဖွဲ့က ပြောပါတယ်။

    အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အခု ချက်ခြင်း မလုပ်နိုင်ဘူး ဆိုရင် ထောင်ပေါင်းများစွာသော ကလေးသူငယ်တွေ အစာရေစာ ပြတ်လပ်ပြီး ငတ်မွတ်တဲ့ဒဏ် ဆိုးဆိုးရွားရွား ကြုံလာလိမ့်မယ်လို့လည်း သတိပေးနေပါတယ်။

  14. ချောင်းဦး- ပခုက္ကူလမ်းမှာ စစ်ကားတစ်စီး ချောက်ထဲကျ

    ချောင်းဦး-ပခုက္ကူသွား ကားလမ်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းက ကားတစ်စီး အောက်တိုဘာလ ၄ ရက်နေ့ မွန်းတည့်ချိန်က ချောက်ထဲထိုးကျနေကြောင်း ‌ဒေသခံတွေဆီက တစ်ဆင့်သိရပါတယ်။

    အရပ်ဝတ်များနဲ့ လက်နက်ကိုင်တွေပါလာတဲ့ ကားဟာ ရေစကြို - ဆင်ဖြူရှင်တံတားအကြား မအူအလယ်ရွာအနီးမှာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားတာဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး Chindwin Post သတင်းမှာရေးပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ကားပေါ်က ဒဏ်ရာရသူတွေကို ဆေးကုသဖို့ ကျန်းမာရေးမှူး၊ ကျန်းမာရေးဆရာမတို့ သွားရောက်ခေါ်ယူနေပြီး အနီးအနားမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ စောင့်ကြပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

  15. ရေစကြိုမြို့မှာ စစ်ကောင်စီပစ်ခတ်လို့ လူငယ်တစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေပြော, လူငယ်တွေအပါအ၀င် နောက်ထပ် လူ ၅ ဦးလည်း ဖမ်းဆီးခံရ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ ဒီနေ့ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာကြောင့် လူငယ် ၁ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပစ်ခတ်မှုဟာ ရေစကြိုမြို့၊ အမှတ်-၇၊ ငါးရာပြည့်ရပ်မှာရှိတဲ့ လက်ဖက်ရည်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဒေသခံတွေ အပြောအရဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ထိုင်နေတဲ့လူငယ်တွေကို ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်သလို သေဆုံးခဲ့တဲ့လူငယ်ဟာ အသက် ၂၁ နှစ်အရွယ် မောင်သုတအောင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သူတွေထဲမှာ ဆိုင်ရှင်အမျိုးသမီးလည်း ပါဝင်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေက ပြောပါတယ်။

  16. ကြယ်ဂေါင် မှာကျန်နေတဲ့ သွင်းကုန်တွေကို သယ်ခွင့်ပြုဖို့ တရုတ်ဘက်က ပြောလာ

    မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်- ကြယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးရဲ့ တရုတ်နိုင်ငံဘက်ခြမ်း ကြယ်ဂေါင် မှာ ပိတ်မိနေတဲ့ သွင်းကုန်တွေကို မြန်မာဘက်ကို သယ်ခွင့်ပြုဖို့ တရုတ်ဒေသန္တရ အာဏာပိုင်တွေဘက်က ပြောလာပါတယ်။

    သွင်းကုန်တွေကို တရုတ်ဘက်က မကြာခင်ခွင့်ပြုပေးဖို့ရှိလို့ ကုန်တွေတင်သွင်းနိုင်ဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေ၊ ကုန်ဂိတ်တွေနဲ့ ကားဆရာတွေ အနေနနဲ့ အောက်ခြေအဆင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားဖို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းက အောက်တိုဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ထားပါတယ်။

    ကုန်ပစ္စည်းတွေ တင်ဖို့ကုန်တင်ကားအလွတ်တွေကို မူဆယ်ဘက်ကနေ ကြယ်ဂေါင်ဘက်ကို တိုကင်စနစ်နဲ့ ဝင်ရောက်ခွင့်ပေးမှာဖြစ်တယ်လို့ စာမှာဖော်ပြထားပါတယ်။

    ဒါပေမဲ့ ဘယ်တော့ ဝင်ခွင့်ပေးမယ်ဆိုတဲ့အချိန်ကာလကို မဖော်ပြထားလို့ ဘီဘီစီက ကုန်သည်အသင်းကို ဆက်သွယ်ပေမဲ့ အသင်းဘက်က ပြောဖို့ ငြင်းဆိုပါတယ်။

    ကိုဗစ်ကြောင့် မူဆယ်- ကြယ်ဂေါင် ကုန်သွယ်ရေးဇုန်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး အဲဒီမှာ မြန်မာပြည်ဘက်သွင်းမယ့် သွင်းကုန်တွေလည်း ပိတ်မိနေ တာဖြစ်ပါတယ်။

    သွင်းကုန်အတော်များများပိတ်မိနေတာဖြစ်ပြီး ကုန်တွေ သွင်းခွင့်ပေးတဲ့အခါ ကုန်ကားအစင်း ၇၀၀ နီးပါးစာ ကုန်တွေအပြင် ပြည်တော်ပြန်တွေရဲ့အသုံးအဆောင်ပစ္စည်းတွေကိုပါ သယ် ဆောင်ခွင့်ပြုနိုင်ချေရှိတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေက သုံးသပ်ပါတယ်။

    ဒီလိုတင်သွင်းခွင့်ပြုတာကို အောက်တိုဘာလကုန်အထိ ခွင့်ပြုနိုင်ချေရှိပြီး မကြာခင်မှာ ကြယ်ဂေါင်မြို့ကို အဆင့်မြှင့်တင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် မြို့ပြစီမံကိန်းအတွက် အပြောင်ရှင်းတာဖြစ်နိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ယူဆနေကြပါတယ်။

  17. ခင်ဦးမြို့နယ်ထဲက တဲစုရွာမှာ ရွာသား ၃ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွေကူတဲစုကျေးရွာမှာ စစ်ဘေးရှောင်နေရင်း နွားစာကျွေးဖို့ပြန်လာတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ ဦးဟာ အောက်တိုဘာလ ၃ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ''စစ်ကောင်စီတပ်တွေက ပျဉ်ထောင်ရွာမှာ နေ့လည်ပိုင်းတည်းက စတည်းချနေတာ။ သူတို့ရှိနေတော့ ပျဉ်ထောင်နဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ တဲစုထဲက ရွာခံတွေလည်း ဘေးလွတ်ရာပြေးနေကြတာ။ ညနေစောင်းတော့ သူတို့ပြန်သွားလောက်ပြီဆိုပြီး အပစ်ခံရတဲ့သူတွေက နွားစာကျွေးဖို့ မူးရိုးအတိုင်း လမ်းလျှောက်ပြန်လာကြတာ။ အဲဒီမှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး မူးရိုးပေါ်မှာပဲ ခေါင်းတေ့ပစ်ခံရတာ။ အခုတော့ သေဆုံးသူ တွေကို သင်္ဂြိုဟ်ပြီးပါပြီ။''လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။]

    ဘီဘီစီကရရှိတဲ့ဓာတ်ပုံတွေအရ သေဆုံးသူတွေဟာ ဦးခေါင်းကို ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာကို တွေ့ရပါတယ်။

    ရွှေကူတဲစုရွာဟာ ပျဉ်ထောင်ရွာ မရောက်ခင် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ပျဉ်ထောင်ရွာမှာ ပျူစောထီးလို့ စွပ်စွဲခံရသူ အမျိုးသား ၃ ဦး အောက်တိုဘာလ ၂ ရက်မှာ သတ်ဖြတ်ခံရအပြီးမှာ ပျဉ်ထောင်ရွာကို သွားချိန် တဲစုရွာကိုလည်း ဖြတ်သွားခဲ့ကြတာဖြစ်ပါတယ်။

    ခင်ဦးဘက်က စစ်ကောင်စီတပ်တွေ ပျဉ်ထောင်ကျေးရွာကို လာမယ်ဆိုတဲ့သတင်းကို ကြားသိရခဲ့ပြီးတဲ့နောက် တဲစုရွာခံတွေထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အောက်တိုဘာလ ၃ ရက်မှာ ဒီအမျိုးသားတွေ အခုလို ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    တဲစုနဲ့ဆက်လျက် ပျဉ်ထောင်ကျေးရွာမှာတော့ PDF တွေ သင်တန်းပေးနေတယ်ဆိုတဲ့သတင်းကြောင့်ဆိုပြီး စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၁ ရက်မှာ ရွာထဲကို ဝင်ရောက်ပြီး ရှာဖွေ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

    ခင်ဦးက အခုကျေးရွာတွေမှာဖြစ်တဲ့ ပစ်ခတ်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာ ရဖို့ ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  18. အဂတိအမှုအတွက် တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့ပြီး သီးခြားမှတ်ချက်မပြုလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော, ကျန်းမာရေးကြောင့်ရုံးချိန်းတွေကိုနှစ်ပတ် တစ်ကြိမ် စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်စာတင်

    အမှု (၁၁) မှုနဲ့တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု (၃)မှုစာအတွက် ရုံးချိန်းကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ (၄) ရက်မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရှေ့နေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ တွေ့ဆုံခွင့်ရချိန်မှာ လွန်ခဲ့တဲ့ သောကြာနေ့က အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့တယ်လို့ သူက တုံ့ပြန်လိုက်ပါတယ်။ "သူ့ကိုဆန့်ကျင်ပြီး ထွက်ဆိုတာနဲ့ပတ်သက်လို့ သီးခြားမှတ်ချက်ဘာမှပြောစရာမရှိဘူးဆိုတာကို အင်္ဂလိပ်လို တခွန်းပဲပြောတယ်။ All absurd မဟုတ်တမ်းတရားတွေလို့ပဲ အင်္ဂလိပ်လိုပြောတယ်" လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ အောက်တိုဘာ (၁) ရက်၊သောကြာနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ (၄) မှု မန္တလေးတိုင်းတရားလွှတ်တော်မှာတရားစွဲတာအတွက်ပထမဆုံးရုံးချ်န်းရှိခဲ့ပြီး တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကရွှေစင် (၇) ပိဿာ၊ အမေရိကန်ဒေါ်လာ (၆) သိန်းနဲ့ ရွှေဘုရားဆင်းတုတော် တခုပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ (၄)ရက်မှာတော့ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ သဘာဝဘေးဥပဒေ ပုဒ်မ (၂၅) တို့အတွက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့်နဲ့ ပတ်သက်ပြီး လျှောက်လွှဲချက်တွေ ပေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ့ရဲ့ကျန်းမာရေးကြောင့် ရုံးချိန်းတွေကို နှစ်ပတ်တစ်ခါစစ်ပေးဖို့ တရားသူကြီးထံ စာရေးတင်ပြခဲ့ပြီး လာမယ့် တနင်္လာနေ့မှာ ရုံးချိန်းရက်ပြောင်း၊ မပြောင်း အမိန့်ချမှာပါ။ လက်ရှိရင်ဆိုင်ဆဲ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊သဘာဝ ဘေးဥပဒေ ပုဒ်မ (၂၅) နဲ့ (၂)မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ) အမှုတွေအတွက်ကို တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)/ဂ နဲ့ တရားစွဲခံရတာကိုတော့ ကြာသပတေးနေ့တိုင်းရုံးချိန်းရှိနေပါတယ်။ ဒါ့အပြင် ထပ်တိုးအဂတိ (၅) မှုထဲက မန္တလေးတိုင်းတရားလွှတ်တော်က (၄) မှုအတွက် ကိုလည်းနေပြည်တော်ပဲမှာပဲသောကြာနေ့တိုင်းကြားနာစစ်ဆေးနေတာပါ။

  19. အာဆီယံအထူးကိုယ်စားလှယ် ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုတဲ့အချက်က ကန့်သတ်ချက်ရှိနိုင်တယ်လို့စစ်ကောင်စီပြော, မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံလမ်းကြောင်းက ထင်သလောက်ခရီးမပေါက်နိုင်ဘူးလို့ အကဲခတ်တွေသုံးသပ်

    မြန်မာ့အရေးကြားဝင်ဖြေရှင်းဖို့ အာဆီယံကခန့်အပ်ထားတဲ့ မြန်မာအထူးကိုယ်စားလှယ် အီရွန်ယူစွပ်ဖ် မြန်မာနိုင်ငံလာရောက်နိုင်ဖို့နဲ့ပတ်သက်ပြီး ညှိနှိုင်းဆဲဖြစ်တယ်လို့ စစ်ကောင်စီဘက်ကဒီကနေ့ အောက်တိုဘာ ၄ရက်မှာ ပြောလာပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် ရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုတဲ့အချက် ကလည်း ကန့်သတ်ချက်ရှိနိုင်တယ်လို့တုံ့ပြန်ဖြေကြားပါတယ်။တရားဥပဒေအရ အမှုရင်ဆိုင်နေဆဲသူတွေနဲ့ တွေ့ဆုံရေးကို စီစဉ်ပေးဖို့ဟာ အကန့်အသတ်ရှိတယ်လို့ စစ်ကောင်စီဘက်ကဆိုပါတယ်။ စစ်ကောင်စီဘက်ကနေ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကိုလိုက်လျောပြီး လာရောက်ခွင့်ပြုဖို့ ဆိုတာဖြစ်နိုင်ချေနည်းသလို ဝင်ရောက်ခွင့်ရရင်လည်း အကန့်အသတ်နဲ့သာ သွားရနိုင်လို့ ထင်သလောက်ခရီးမပေါက်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ တမ္ပဒီပအင်စတီကျူ့ရဲ့ ဒါရိုက်တာဦးခင်ဇော်ဝင်းက သုံးသပ်ပါတယ်။ ဧပြီလ ကတည်းက သဘောတူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်မှုဟာ ရက်ပေါင်း တစ်ရာကျော်ကြာခဲ့တဲ့ သြဂုတ်လမှ အကောင်အထည်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အထူးကိုယ်စားလှယ်အဖြစ်တရားဝင်ခန့်အပ်ပြီး တစ်လကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံကိုလာရောက်ခွင့်ရရေးက တိတိကျကျမရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ခွင့်ရဖို့တောင်းဆိုချက်ကလည်း မသေမချာဖြစ်နေတာပါ။ စစ်ကောင်စီဘက်ကတော့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံသဘောတူညီချက်ငါးချက်ကို နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲနဲ့ ပြည်တွင်း တည်ဆဲဥပဒေနဲ့အညီ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့တုံ့ပြန်ထားပါတယ်။