ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇီးကုန်းမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲလို့ ရဲ ၂ ဦးသေဆုံး

    ပဲခူးတိုင်း၊ ဇီးကုန်းမြို့က မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အောက်တို ဘာလ ၁၀ ရက်ညပိုင်းတုန်းက ဗုံးပေါက်ကွဲတာကြောင့် ရဲ ၂ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးဒဏ်ရာရတယ်လို့ ကြားသိရတဲ့အကြောင်း မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ပြင် ရန်ကုန်-ပြည်လမ်းမပေါ်မှာရှိတဲ့ ဇီးကုန်းမြို့မရဲစခန်းဘက်ကနေ ည ၁၂ နာရီခန့်မှာ ညပိုင်းပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ''ညတုန်းက ရဲစခန်းထဲက ပစ်ခတ်သံကတော့ အပြန်အလှန်ပစ်ခတ်တာမဟုတ်ဘဲ တစ်ဖက်တည်းပစ်သံမျိုး။ ဆက်တိုက်ပစ်နေတာ။ ဒီနေ့မနက်ရဲစခန်းရှေ့က ဖြတ်လာတော့ နာရေးကားတွေရော၊ ငိုသံတွေရောကြားရတယ်။ ပြီးတော့ မနက်ခင်း ဈေးလာရောင်းတဲ့ တောသည်တွေတက်လာချိန် မနက် ၃ နာရီလောက်ကလည်း ခြောက်လှန့် ပစ်ခတ်တာမျိုး ရှိခဲ့တယ်''လို့ ဇီးကုန်းမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ညပိုင်းပစ်ခတ် ပေါက်ကွဲမှုတွေရှိခဲ့တာကြောင့် မနက်ခင်းပိုင်းမှာ ဇီးကုန်းမြို့ထဲ လုံခြုံရေးစစ်ဆေးမှု တိုးမလားဆိုတဲ့ စိုးရိမ်မှုတွေရှိခဲ့ပေမဲ့ အခြေအနေပုံမှန်အတိုင်းရှိနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

  2. မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်မှာ မြေသယ်ယာဉ်တိမ်းမှောက်လို့ လူ ၂၀ကျော် ထိခိုက်ဒဏ်ရာရ

    မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်( တောင်ပေါ်လမ်း) ကွမ်းခြံကုန်းမှာ လူတင်ဆောင်လာတဲ့ မြေသယ်ယာဉ်က တောင်နံရံကိုဝင်တိုက်ခဲ့လို့ လူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့က သိရပါတယ်။

    ယာဉ်ပေါ်ပါသူတွေဟာ ဖားအံကနေ မြဝတီ ရွှေကုက္ကိုလ် ကကျောက်မိုင်းလုပ်ငန်းကို သွားကြဖို့ဖြစ်ပြီး ယာဉ်အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကိုဝင်တိုက်မိတာလို့ ဆိုပါတယ်။

    '' ဒဏ်ရာပြင်းထန်တဲ့သူကတော့ ၅ယောက် ၊ ၆ယောက်လောက်ရှိတယ်။ ကျန်တာကတော့ ပွန်းပဲ့ရုံဖြစ်ကြတယ်။ စုစုပေါင်း ဆို ဒရိုင်ဘာ အပါ ၂၃ ယောက် ဖြစ်တယ်။ မြဝတီဆေးရုံကိုပို့ပေးလိုက်ရတယ် '' လို့ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့ က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

    အာရှလမ်းသစ် ( တောင်ပေါ်လမ်း) ကွမ်းခြံကုန်းနေရာဟာ ယာဉ်တွေမကြာခဏတိမ်းမှောက်တာနဲ့ တိုက်တာတွေဖြစ်လေ့ရှိတဲ့နေရာလို့ ဒေသခံတွေကပြောပါတယ်။

  3. အစစ်အဆေးတင်းကျပ်ထားတဲ့ မအူပင်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်

    ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီနေ့မနက် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မအူပင်မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပထမပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ မြို့သစ် (၇)လမ်းမှာဖြစ်ပြီး အဲဒီလမ်းထဲနေထိုင်သူအမျိုးသားတစ်ဦးရဲ့ အုတ်သဲကျောက်ကားအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့မရှိပေမဲ့ စစ်ကောင်စီတပ်သားတွေ လာရောက် စစ်ဆေးတာမျိုးတော့ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒါ့ပြင် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာပဲ မအူပင်မြို့ ကမ်းနားလမ်းက အလက(၁)ကျောင်းဝင်းအနီးမှာ ဒုတိယအကြိမ်ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့ပြီး လူ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီက ကနဦးသိရှိရပါတယ်။

    အောက်တိုဘာလ ၇ ရက်မှာ မအူပင်မြို့ ယာဉ်ထဲရဲရုံးရှေ့ကို ဗုံးပစ်မှုဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ မြို့ခံတွေ၊ ဈေးဝယ်ဖို့ ကျေးရွာတွေကတက်လာသူတွေရဲ့ဆိုင်ကယ်တွေ၊ စက်ဘီးတွေကို စစ်ဆေးဒဏ်တပ်တာ၊ လှည့်လည်ချိန် နေအိမ်တွေမှာတွေ့တဲ့ နံပါတ်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    ဒါ့ပြင် အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းတုန်းကလည်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ရှိရာ မအူပင်တံတားခြေရင်းမှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောဆိုပေမဲ့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

  4. ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူ ၄ သန်းကျော်ပြီလို့ ကျန်းမာရေးပြော

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉(ကိုရိုနာဗိုင်းရက်)ရောဂါပိုးကာကွယ်ဆေးထိုးကို အကြိမ်ပြည့်ထိုးနှံပြီးသူ ၄ သန်းကျော်အထိရှိလာပြီဆိုပြီး စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူ ၄ သန်း ၁ သိန်းကျော်နဲ့ တစ်ကြိမ်ထိုးနှံပြီးသူ ၅ သန်း ၇ သိန်းအထိရှိတယ်လို့လည်းဆိုပါတယ်။

    ဒါကြောင့် အခုဆို ပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၉ သန်း ၉ သိန်းကျော်အထိရှိလာပြီလို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံမှာလက်ရှိထိုးနှံပေးနေတဲ့ကာကွယ်ဆေးတွေဟာ တရုတ်ထုတ် Sinopharm နဲ့ Sinovac ဆေးတွေ အများဆုံးဖြစ်ပြီး အိန္ဒိယထုတ် Covidshield နဲ့ ရုရှားထုတ်ကာကွယ်ဆေးအနည်းငယ်လည်း ပါဝင်ပါတယ်။

  5. ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ဆက်သွယ်ရေးဥပဒေပုဒ်မအမှုအတွက် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ဖို့ရှိနေ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် ဒီနေ့ အောက်တိုဘာလ ၁၁ ရက်ရုံးချိန်းမှာ ဆုံးဖြတ်ဖို့ရှိပါတယ်။

    စွဲချက်တင်သင့်တယ်လို့ ရုံးတော်က ဆုံးဖြတ်ရင် အမှုကို ဆက်စစ်ဆေးသွားမှာဖြစ်ပြီး စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရှင် လွတ်မြောက်မှာဖြစ်ပါတယ်။

    ''ဆက်သွယ်ရေးပစ္စည်းတွေကို လိုင်စင်မရှိဘဲကိုင်တာဆိုပြီးတော့ စွဲချက်တင်ခဲ့လို့ရှိရင် စွဲချက်တင်ပြီး တရားသူကြီးက စွပ်စွဲခံရသူမှာ အပြစ်ရှိကြောင်းတွေ့ရင် တစ်နှစ်ပေါ့ဗျာ။ သူက ဆက်သွယ်ရေးဥပဒေနဲ့မညိဘူး။ ဥပဒေက ဘာလဲဆိုတော့ လိုင်စင်လျှောက်တာ။ အသံလွှင့်ဖို့။ အဲဒီတော့ မြေဝယ်ရမယ်။ မြေဝယ်ပြီးတိုင်တွေဘာတွေ ထူရမယ်။ အဆောက်အအုံတွေ ဆောက်ရမယ်။ အဲဒါ လိုင်စင်ရမှ ဒီပစ္စည်းတွေပေါ့။ ဒီပစ္စည်းတောင် ဆက်သွယ်ရေးပစ္စည်းတွေကိုပြောတာမဟုတ်ဘူး။ အသံလွှင့်တဲ့ပစ္စည်းတွေ။ ဒါ့ကြောင့် ဒီဆွဲထားတဲ့ပုဒ်မက မှားနေတယ်။ ဥပဒေကလည်းမှားနေတယ်လို့ ကျွန်တော်တို့ ထောက်ပြ ခဲ့တယ်။'' လို့ အမှုနဲ့ပတ်သက်ပြီး အရင်တစ်ခေါက်ရုံးချိန်းအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့က ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

    ဒီကနေ့ စွဲချက်တင် မတင် ရုံးတော်က ဆုံးဖြတ်မယ့်အမှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးစွဲဆိုခံရတဲ့အမှုလည်း ဖြစ်ပါတယ်။

    အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ စွဲဆိုတာဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ကို ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာစစ်ဆေးမှာဖြစ်ပါတယ်။

  6. ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံပေါင်း ၁၇၀၀ ကျော်အထိ သုံးမယ်လို့ စစ်ကောင်စီထုတ်ပြန်

    အောက်တိုဘာလ ကနေလာမဲ့ မတ်လကုန်အထိ သုံးမယ့် ခြောက်လတာ ဘတ်ဂျတ်ကိုစစ်ကောင်စီက ရေးဆွဲထုတ်ပြန်လိုက်ပါတယ်။

    စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်ရေးဆွဲထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံပေါင်း ၁၇၀၀ ကျော်အထိ သုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါဟာ နိုင်ငံဝန်ထမ်းအားလုံးကို လစာပေးချေနေရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနပြီးရင် ဒုတိယအများဆုံးအသုံးစရိတ်လည်း ဖြစ်ပါတယ်။

    ခြောက်လတာ ဘတ်ဂျတ်အတွက် ဘီလီယံ ကိုးထောင်ကျော်သုံးစွဲမှာပဲဖြစ်လို့ စုစုပေါင်းသုံးငွေရဲ့ ၁၅% ဝန်းကျင် တပ်က သုံးစွဲမှာပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါဟာပြီးခဲ့ဘဏ္ဍာနှစ်တွေကထက် ကာကွယ်ရေးအသုံးစရိတ်ကို လျှော့ထားတာလို့ ပြောပါတယ်။

    ၂၀၁၈ ခုနှစ်က ခြောက်လတာ ဘတ်ဂျတ်ကို ပြန်ကြည့်မယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ်ကို ဘီလီယံ ၁၃၀၀ ကျော် တောင်းခံခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လာမယ့် ၆လ အသုံးစရိတ်က ၂၀၁၈ ခုနှစ်ကထက် ကာကွယ်ရေးအသုံးစရိတ်က ပိုများနေပါတယ်။

    တိုက်ပွဲတွေ ဖြစ်နေသလို လက်နက်ခဲယမ်းတွေဝယ်ရတာရှိလို့ စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းတာ မထူးဆန်းဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

    ခြောက်လဘတ်ဘတ်ဂျတ်ထဲ ထူးခြားမှုတစ်ခုအနေနဲ့ ပညာရေးအသုံးစရိတ်ကို ဘီလီယံတစ်ထောင်ကျော်သုံးဖို့ခွင့်ပြုထားတာတွေ့ရပြီး ကျန်းမာရေးအသုံးစရိတ်ထက်တောင်များနေတာကို တွေ့ရပါတယ်။

    ကျန်းမာရေး အသုံးစရိတ်ကတော့ ဘီလီယံ ငါးရာပဲ လျာထားတာတွေ့ရပြီး ကိုဗစ်အထူးရန်ပုံငွေကို ဘီလီယံ တစ်ရာ နဲ့ ပေါင်းရင်‌တောင် ဘီလီယံ ၆ ရာပဲရှိနေတာ ဖြစ်ပါတယ်။

  7. စစ်ကိုင်း ရွှေဘို မြောင် တို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်

  8. ကလေးမြို့ကနေ ချင်းပြည်နယ်ဘက် ခရီးမသွားကြဖို့ ချင်း PDF က သတိပေး

    စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ ချင်းပြည်နယ် တီးတိန်မြို့အပါအ၀င် ဖလမ်းမြို့တွေဘက်ကို ခရီးသွားလာတာတွေ မလုပ်ကြဖို့ ဒေသခံ ချင်းPDF Zoland ကသတင်းထုတ်ပြန်ထားပါတဎ်

    အဲ့ဒီမြို့တွေကနေပြီးတော့လည်း စစ်ကိုင်းတိုင်းကလေးမြို့ကို လာရောက်တာတွေ မလုပ်ကြဖို့ကိုလည်း သတိပေးထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်၊

    မနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ကလေးမြို့ကနေ သံချပ်ကာ ၂ စီးနဲ့ စစ်ကား အကြီး ၁၄ စီးဟာ ချင်းပြည်နယ်သို့တက်သွားပြီး ည ၇ နာရီလောက်မှာ တီးတိန်မြို့ထဲ ဝင်လာကြတယ်လို့ ဒေသ သတင်းတွေက ပြောပါတယ်။

    ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ တီးတိန်မြို့ကနေ စစ်ကားတွေ ကလေးဘက်ကို ဆင်းလာပြီး ညနေ ၃ နာရီခွဲလောက်မှာ လမ်းခွဲဖြစ်တဲ့ သိုင်းငင်းရွာကိုကျော်သွားပြီလို့ သိရပါတယ်။

    စစ်ကောင်စီကားတွေ မနေ့က တီးတိန်ဘက်ကို တက်သွားတဲ့ချိန်မှာ ကလေး တီးတိန် ကားလမ်းဘေးက ဟိန်ဇိန်ရွာနဲ့ သိုင်းငင်းရွာတွေက အိမ် အချိုကိုဖောက်ပြီး ပစ္စည်းတွေခိုးယူကြတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဆက်သွယ်အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

    အောက်တိုဘာ ၈ ရက် မနေ့က စစ်ကောင်စီတပ် ယာဉ်တန်းတွေဟာ ဂန့်ဂေါ-ကလေး လမ်းကနေ ကလေးမြို့ကို ရောက်လာပြီး ချင်းတောင်တန်းတွေဘက်ကို ဆက်လက်ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။

  9. စစ်ကောင်စီဘက်က အခြေခံပညာ‌ကျောင်းတွေပြန်ဖွင့်ဖို့ ထပ်မံစီစဉ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းပြော

    ကိုဗစ်ကပ်ရောဂါကြောင့် ကာလရှည်ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို စစ်ကောင်စီဘက်က ဇွန်လ ၁ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လဆန်းမှာပဲ ကိုဗစ်တတိယလှိုင်းကြောင့် အခြေခံပညာကျောင်းတွေကို ပြန်ပိတ်ခဲ့တာပါ။

    အခုတော့ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနဘက်က စတင်စီစဉ်နေပြီလို့ ပညာရေးအသိုင်းအဝိုင်းကသိရပါတယ်။ အောက်တိုဘာလအတွင်းမှာ‌တော့ သက်ဆိုင်ရာကျောင်း အလိုက် ကျောင်းအုပ်ကြီးတွေထံ ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ရမယ့်အ ချက်တွေပေးပို့လာတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်သိရသလောက်တော့ မူလတန်း၊အလယ်တန်းရော အထက်တန်းပါ အခြေခံပညာအကုန်ဖွင့်မယ် လို့ ကြားထားတယ်။ တိုင်းပညာရေးတွေကနေ စာပို့လာတာပေါ့။ အဓိက ကိုဗစ်ဆေးထိုးဖို့အတွက် အသက် (၁၂) နှစ်အထက် ကျောင်းသားစာရင်းတွေ ပေးဖို့တောင်းတယ်။ နောက် ဆရာ၊ဆရာမတွေကိုလည်း ကျောင်းပြန်တက်ဖို့ ပြင်ဆင်ဖို့ စာတွေပို့ ခိုင်းတယ်။ နောက် ကျောင်းတွေကို ပြင်ဆင်ရမှာလည်း အရင်လို ၆ပေခြားမဟုတ်တော့ဘဲ၄ပေခြား ခုံတွေကို ထားဖို့ စီစဉ်ခိုင်းတာမျိုးတွေ ညွှန်ကြားနေပြီ။ နောက်ပြီး အခုကျောင်းဖွင့်တော့မှ ကျောင်းလာအပ်မယ်ဆိုလည်း လက်ခံဖို့ ပြောထားပါသေးတယ် ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဟောင်း ဦးကျော်မင်းခန့်က ဘီဘီစီကိုပြောပါတယ်။

    ဒါပေမဲ့ ကျောင်းဖွင့်မယ့်ရက်အတိအကျနဲ့ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်ပြီ းတိတိကျကျညွှန်ကြားချက် မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာတော့ အောက်တိုဘာလဆန်းကစကာ အသက် (၁၂) နှစ်အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကို တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ကိုဗစ်ကာကွယ် ဆေးထိုးဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာပါ။ အရင်မေလ ကျောင်းအပ်လက်ခံစဉ်တုန်းက ကျောင်းအပ်ထားတဲ့ ကျောင်းသား (၈)သိန်းဝန်းကျင်ကိုသာ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနဘက်က ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ပြည်တွင်းက ဒေသတော်တော်များများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ အကြား ပစ်ခတ်မှုတွေနေ့စဉ်လိုလိုရှိနေတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘဲ အခက်အခဲတွေသာ ကြုံတွေ့ရနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေဟာ ရုံးမတက်ဘဲအာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ခဲ့ကြပြီး ပညာရေးအသိုင်းအဝိုင်းက အများဆုံးပါဝင်လှုပ်ရှားကြတာပါ။ ဒီလို CDM ပါဝင်တဲ့ ပညာရေး ဝန်ထမ်းတွေကို စစ်ကောင်စီဘက်က လုပ်ငန်းခွင်ရပ်နားတာ၊ ဖမ်းဝရမ်းထုတ်တာတွေသာမက အကျဉ်းထောင်တွေထဲ ဖမ်းဆီးချုပ်နှောင်ထားတာတွေလည်း ရှိပါတယ်။

    အရင်မေလကျောင်းဖွင့်ခဲ့စဉ်ကလည်း ကျောင်းတက်ရာခိုင်နှုန်းနည်းပါးခဲ့ပြီး ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဘက်ကလည်း စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ရောက်နိုင်ဘူးဆိုတဲ့ ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။

  10. မုံရွာက စီးပွားရေးလုပ်ငန်းရှင်တွေအချို့ဆက်တိုက်အဖမ်းခံရ

    မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်အချို့ အခုရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်၊

    ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နဲ့ အောက်တိုဘာလ ပထမပတ်အတွင်း ညပိုင်းအချိန်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးနေပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်၊

    မုံရွာသတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ ချင်းတွင်းပိုစ့်သတင်းဌာနကတော့ နီးစပ်သူတချို့က ပြောစကားတွေကို ကိုးကားပြီး နေပြည်တော်က တိုက်ရိုက်ညွှန်ကြားမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရကြောင်းရေးပါတယ်၊

    အခုချိန်ထိ အမှုဆွဲမတင်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေကို သီးသန့်ခွဲထားတယ်လို့လည်း ဆိုပါတယ်။

    ဖမ်းဆီးခံရတဲ့လုပ်ငန်းရှင် အရေအတွက်ဟာ ဆယ်ဂဏန်းအထက်မှာရှိနေပြီး မိသားစုတွေက ထမင်းပို့တာတွေ ပစ္စည်းပို့တာတွေကိုတော့ လက်ခံပေးနေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

  11. အာဆီယံအထူးသံရဲ့ ခရီးစဉ်အတွက် ညှိနှိုင်းနေဆဲလို့ စစ်ကောင်စီပြောခွင့်ရသူ ပြော

    အာဆီယံအထူးသံတမန်ရဲ့မြန်မာပြည်တွင်း ခရီးစဉ်အတွက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဘီဘီစီက သိရှိရတာကြောင့် ဒါဟာ စစ်ကောင်စီဘက်က သဘောထားမပြောင်းလဲသေးတဲ့အကြောင်း ပြသရာရောက်နေပါတယ်။

    မြန်မာ့အရေးဖြေရှင်းဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံအထူးသံတမန်ခန့်အပ်မှုပေါ်လာတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပေမဲ့ သူ့ရဲ့မြန်မာပြည်တွင်း ခရီးစဉ် မပေါ်ပေါက်သေးပါဘူး။

    အာဆီယံအထူးသံတမန် ဘရူနိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး-၂ ဖြစ်သူ မစ်စတာ Erywan Yusof ကတော့ သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကို စစ်ကောင်စီဘက်ကို ပန်ကြားထားပေမဲ့ စစ်ကောင်စီဘက်က တိုက်ရိုက်တုံ့ပြန်ဖြေကြားတာမျိုးမရှိခဲ့ဘူးလို့ အစောပိုင်းမှာ ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်နိုင်မယ်လို့ ယုံကြည်ရင် အဲ့ဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့စစ်ကောင်စီရဲ့ပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အစောပိုင်းမှာ ပြောထားပါတယ်။

    တချိန်တည်းမှာပဲ ဒီခရီးစဉ်အတွက် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံနဲ့ ညှိနှိုင်းနေသလို အဆင်ပြေလို့ ခရီးစဉ် ထွက်ပေါ်လာမယ်ဆိုရင် အခုလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင် တွေ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားကတော့ စစ်ကောင်စီဘက်က ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုမှုမပြသဘူးဆိုရင် အောက်တိုဘာလ ၂၆ ရက်မှာကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေ ထိပ်သီး ညီလာခံကို စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားဖို့ ခက်မယ်လို့ လူသိရှင်ကြားပြောဆိုထားပါတယ်။

  12. Bayeux စစ်သတင်းထောက်ဆု အမည်မဖော်လိုတဲ့မြန်မာဓာတ်ပုံဆရာတဦး ပထမဆုံးအကြိမ်ရရှိ

    Bayeux စစ်သတင်းထောက်ဆု ကို အမည်မဖော်လိုတဲ့မြန်မာဓာတ်ပုံဆရာတစ်ဦးက ပထမဆုံး အကြိမ်ရရှိခဲ့တယ်လို့ အေအက်ဖ်ပီသတင်းကဖော်ပြပါတယ်။အာဏာသိမ်းကာလအတွင်း လူငယ်ဓာတ်ပုံဆရာတွေရဲ့အခြေအနေကို အလေးထားဖော်ပြလိုတာကြောင့် မြန်မာနိုင်ငံက အမည်မဖော်လိုတဲ့ ဓာတ်ပုံဆရာတဦးကို ဆုချီးမြှင့်တာလို့ ဆိုပါတယ်။

    ဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာရဲ့ ပုံတွေကို အခြားမြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေနဲ့အတူ ပြင်သစ်နိုင်ငံ မြောက်ပိုင်း Bayeux မှာ ပြထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဒီဓာတ်ပုံဆရာဆုကို မြန်မာနိုင်ငံသားကိုယ်စားလှယ်အား ပေးအပ်ဖို့တညီတညွတ်တည်းသဘောတူညီခဲ့ကြ တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြင်သစ်- အီရန်သတင်းထောက်မန်နူချာ ဒက်ဟက်တီက အေအက်ဖ်ပီ သတင်းဌာနကို ဖြေကြားခဲ့တာပါ။

    အခုနှစ်အတွက် Bayeux စစ်သတင်းထောက်ဆုကို မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံက သတင်းသမားတွေရရှိခဲ့ပါတယ်။ ဒီဆုရွေးချယ်ရေးအဖွဲ့ထဲမှာပြင်သစ်နဲ့ ဗြိတိန် နိုင်ငံက သတင်းသမား (၄၀) နီးပါး ပါရှိပြီး ဆုရရှိသူတွေဟာလည်း ယူရိုငွေ ၃၀၀၀ကနေ ၇၀၀၀ အထိ ဆုတွေရရှိမှာပါ။

    စက်တင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ဓာတ်ပုံဆိုင်ရာ အကြီးဆုံး ပွဲတော်မှာလည်း အမည်မဖော်လိုတဲ့ မြန်မာဓာတ်ပုံ သတင်းထောက်တစ်ဦးဟာအဓိက ဓာတ်ပုံဆုရရှိခဲ့ပါတယ်။

    ဒီလို အာဏာသိမ်းကာလအတွင်း ခက်ခက်ခဲခဲ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ မြန်မာဓာတ်ပုံဆရာနဲ့ ဓာတ်ပုံသတင်းထောက်တွေကို နိုင်ငံတကာက အသိအမှတ်ပြုဆုချီးမြှင့်နေပေမယ့် တစ်ဖက်မှာတော့ ဖမ်းဆီးခံရတဲ့ သတင်းသမား (၁၀၂)ဦးအထိရှိနေပြီလည်း ဖြစ်ပါတယ်။

  13. ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတွေကို ပြည်ဝင်ခွင့်ပေးမယ့် စင်ကာပူအစီအစဉ်ထဲ မြန်မာ မပါဝင်သေး

    ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်)ကာကွယ်ဆေးထိုးထားသူတွေကို အသွားအလာကန့်သတ်ရောဂါစောင့်ကြည့်မှု(ကွာရန်တင်း) မ၀င်ခိုင်းတော့ဘဲ ပြည်ဝင်ခွင့်ပေးမယ့် နိုင်ငံတချို့စာရင်းကို စင်ကာပူက ပြောလာပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံတော့ မပါဝင်လာသေးပါဘူး။

    အာရှကဆိုရင် တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက ကာကွယ်ဆေးထိုးပြီးသူတွေ စင်ကာပူကို လာရင် ကွာရန်တင်းဝင်စရာမလိုတဲ့အစီအစဉ်ကို ဝန်ကြီးချုပ်လီရှန်လွန်းက ရုပ်သံမိန့်ခွန်းမှာ ထုတ်ပြောလာတာပါ။

    ဂျာမနီနိုင်ငံနဲ့ အာဆီယံကဆိုရင် ဘရူနိုင်းနိုင်ငံတို့နဲ့ အစောပိုင်းပြုလုပ်ထားတဲ့ ကာကွယ်ဆေးထိုးပြီးသူတွေကို ဖွင့်ပေးတဲ့ခရီးသွားလမ်းကြောင်း အောင်မြင်တာကြောင့် အခုလိုနိုင်ငံတွေထပ်တိုးတာလို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။

    စင်ကာပူဟာ မြန်မာပြည်တွင်းကနေလာမယ့်သူတွေနဲ့ မြန်မာပြည်မှာခရီးတစ်ထောက်နားထားတဲ့သူတွေကို ပြည်ဝင်ခွင့်ရော၊ ခရီးတစ်ထောက်နားခွင့်ပါ ပိတ်ထားတာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

    မြန်မာခရီးသွားတွေကို ပြည်ဝင်ခွင့်ကန့်သတ်ထားတဲ့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ အဲဒီအစီအစဉ်မှာ ရက်တိုခရီးသွားတွေရော ရက်ရှည်နေထိုင်ခွင့်ရထားသူတွေသာမက စင်ကာပူကို လာဖို့ ကနဦး ပြည်ဝင်ခွင့်လျှောက်ထားပြီးသူတွေလည်း အကျုံးဝင်ပါတယ်။

  14. အိန္ဒိယနိုင်ငံကနေ ကိုဗစ်ရှီးကာကွယ်ဆေး လူဦးရေ (၅)သိန်းစာထပ်မံလှူဒါန်း

    အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ကာကွယ်ဆေးပထမဆုံးလှူဒါန်းတဲ့ နိုင်ငံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကိုဗစ်ရှီးဆေးအရေ အတွက် ၁ဒသမ၅ သန်းပေးပို့ခဲ့တာပါ။ အာဏာသိမ်းပြီးနောက် အခု အောက်တိုဘာ (၉)ရက်မှာတော့ လူဦးရေ ၅သိန်းထိုးနှံနိုင်မယ့် ကိုဗစ်ရှီးကာကွယ်ဆေးအကြိမ်ရေ (၁) သန်းစာ ထပ်မံလှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

    အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ ကိုဗစ်ရှီးကာကွယ်ဆေး သန်း ၃၀ ဝယ်ယူထားခဲ့ပြီး ဝယ်ယူထားတဲ့ထဲက ၂သန်းစာကိုတော့အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလထဲမှာ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေးပေးပို့မှု မရှိခဲ့ဘဲ ပြည်တွင်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်နဲ့ ဆိုင်နိုဖန်းကာကွယ်ဆေးတွေကို အဓိကအားထာကာ ဆေးထိုးနှံပေးနေရတာဖြစ်ပါတယ်။ အခုအောက်တိုဘာလကျမှသာ အိန္ဒိယနိုင်ငံကနေ ကိုဗစ်ရှီးကာကွယ်ဆေးလှူဒါန်းမှု ပြန်လည်ရရှိတာ ဖြစ်ပါတယ်။

    လက်ရှိရောက်လာတဲ့ ကာကွယ်ဆေးတွေကို မူလဦးတည်အုပ်စုတွေနဲ့ ထပ်မံတိုးချဲ့ ထားတဲ့ ဦးတည်အုပ်စုတွေကို ဦးစားပေးအစီအစဉ်တွေအလိုက် ထည့်သွင်းထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ (၉)ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနဘက်က ဝယ်ယူထားတဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (၂)သန်း၊ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်းကာကွယ်ဆေး (၁၄)သန်းနဲ့ ဆိုင်နိုဗက် (၂)သန်းစာ စုစုပေါင်း အကြိမ်ရေ (၁၈)သန်းစာ ရရှိထားတယ်လို့ဆိုပါတယ်။ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က လှူဒါန်းတဲ့ ကာကွယ်ဆေးအကြိမ်ရေ (၆)သန်းကျော်စာလည်း လက်ခံရရှိထားပါတယ်။ ဒါ့အပြင် COVAX Facility အစီအစဉ်အရ အမေရိကန်နိုင်ငံထုတ် Pfizer ကိုဗစ် ကာကွယ်ဆေးလည်း ရရှိဖို့ ရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်လုံးအပြည့်ထိုးပြီးသူ (၅)သန်းနီးပါးရှိ ပြီဖြစ်ပါတယ်။ဒီလို ကာကွယ်ဆေးတွေ လှူဒါန်းတာ၊ ဝယ်ယူတာရှိနေပေမယ့် လူထုကတော့ စစ်ကောင်စီအစီအစဉ်ကို မစောင့်ကြဘဲ ပြင်ပမှာအခကြေးငွေပေးပြီး ထိုးနှံမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

  15. စစ်ကိုင်းမှာ မနေ့က ညပိုင်းက ကိုးကြိမ်ထက်မနည်းပေါက်ကွဲမှုဖြစ်ခဲ့, သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေပါရှိ

    စစ်ကိုင်းမြို့မှာ မနေ့က အောက်တိုဘာ ၉ ရက် ညပိုင်းမှာကိုးကြိမ်ထက်မနည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ပေါက်ကွဲ ပစ်ခတ်မှုကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရရှိမှုဖြစ်ခဲ့တာက စစ်ကိုင်းမြို့နယ် ကောင်းမှုတော်ဘုရား မြောက်ဘက်နားအနီး ပဒူကျေးရွာက ဖြစ်ပါတယ်။ ရဲစခန်းနဲ့ ဘူတာအနီးမှာပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် သေနတ်ပစ်ခတ်သံတွေကြားရပြီး အနီးနားလဘက်ရည်ဆိုင်ရှင် တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိ ထိမှန်ခဲ့တာဖြစ်ပါတယ်။

    " မနေ့ ညပိုင်း ၇နာရီကို မကျော်ဘူး။ အသံကြားလိုက်တော့ စခန်းထဲချပြီထင်တာ။ နောက်မှ သိရတာ စခန်းနားမှာကွဲတာ ဗုံးက။ ဖြစ်ဖြစ်ချင်း စခန်းထဲက လိုက်ပစ်တာ။ နှစ်ဦးနှစ်ဖက်ပစ်တာမဟုတ်ဘူး။ သေတဲ့ အမက သေနတ်မှန်တာလို့လဲ ပြောတယ်။ ဗုံးဆထိမှန်တာလို့လည်းပြော တယ်။ အတိအကျတော့ မသိရဘူး"လို့ ပဒူကျေးရွာသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    ပဒူကျေးရွာနေ ဒေါ်မိုးဟာ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားရာနေရာမှာ ဘယ်ဘက်ရင်အုံ ထုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို စစ်ကောင်စီဘက်က သယ်ဆောင်သွားခဲ့ပြီး ရုပ်အလောင်းပြန်မရသေးဘူးလို့ သိရပါတယ်။ နောက်ထပ် မျက်နှာနဲ့ လည်ပင်းကို ကျည်ရှပ် မှန်ပြီး ဆယ်ချက်ချုပ်ရတဲ့ ဒေါ်ဝိုင်းက ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အောက်တိုဘာ ၉ရက်နေ့ ညပိုင်း ပေါက်ကွဲမှုတွေဟာ နေရာ ကိုးခုဖြစ်ခဲ့ပြီး စစ်ကိုင်းမြို့နယ်ဆိုင်ရာ ရဲစခန်း၊ စည်ပင်ရုံး၊ တရားရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းတွေ ပါဝင်သလို ပဒူတိုက်နယ်၊ မင်းကွန်းတိုက်နယ် ရဲကင်းစခန်းတွေ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွေ ဖြစ်တယ်လို့ အင်္သခရာ စစ်ဆင်ရေးအဖြစ် စစ်ကိုင်းမြို့နယ် PDF တွေက အသိပေးလိုက်တယ်လို့ PVT သတင်းဌာနမှာဖော်ပြထားပါတယ်။ "မနေ့ညကတည်းက ပေါက်ကွဲသံတွေရော ပစ်သံတွေပါ ကြားနေရတာ အချိန်တော်တော်ကြာ ကြားရတယ်။ အခုမနက်တော့ မြို့ထဲရော တံတားဂိတ်တွေမှာပါ ခြေရှုပ်နေကြတယ်"လို့ စစ်ကိုင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။စစ်ကိုင်းမြို့နယ်မှာ မနေ့ညက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာနဲ့ အနီးဝန်းကျင်မှာ သွားလာသူမှန်သမျှနဲ့ ယာဉ်တွေကို ရပ်ခိုင်းပြီး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေပါတယ်။

  16. သံတွဲမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပရဟိတသမားဦးစိန်ချစ်ကိုဖမ်းဆီးသွား

    သံတွဲမြို့ပေါ်မှာနေထိုင်တဲ့ လူမှုရေးနဲ့ပရဟိတသမား ဦးစိန်ချစ် (ခ) အောင်ဇော်လင်းကို ရဲနဲ့စစ်တပ်ပါဝင်တဲ့အဖွဲ့တွေက အောက်တိုဘာ ၉ ရက် မနေ့က ည ၁၀ နာရီကျော်လောက်မှာ ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ပြောပါတယ်။ မနေ့ကည ၁၀ နာရီကျော်လောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲ ၇ ယောက်ခန့်နဲ့ စစ်သားတွေပါဝင်တဲ့ အဖွဲ့ဟာ ကားသုံးစီနဲ့ ဒွါရာဝတီမြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ သူ့ရဲ့နေအိမ်ကိုရောက်ရှိလာခဲ့ကြပြီး ဧည့်စာရင်းစစ်မယ်လို့ပြောဆိုတဲ့အတွက် နေအိမ်တံခါးကိုဖွင့်ပေးလိုက်တဲ့အချိန်မှာ ဦးစိန်ချစ်ကို စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာလို့ ဇနီးသည်က ပြောပါတယ်။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးသလို ဒီနေ့မနက်ပိုင်းမှာလည်း မိသားစုတွေနဲ့တွေ့ဆုံခွင့်မရဘဲ သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ဖမ်းဆီးခံလိုက်ရသူ ဦးစိန်ချစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ သံတွဲမြို့မဲဆန္ဒ နယ်မြေထဲက ရခိုင်ဦးဆောင်ပါတီ AFP ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးစိန်ချစ်ဟာ သံတွဲမြို့နယ်အတွင်း လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ရောဂါကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေမှာလည်းစေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ပေးနေသူဖြစ်တယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောဆိုကြပါတယ်။

  17. သာကေတ ရေတပ်စခန်းရှေ့မှာ ဗုံး ၂ ကြိမ်ပေါက်, စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ထိခိုက်ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်စခန်းရှေ့မှာ ဒီနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ခင်းမှာ ဗုံး ၂ လုံး ဖောက်ခွဲခဲ့တာကြောင့် ဗုံးရှင်းလင်းဖို့ လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ သိရပါတယ်။

    ရှုခင်းသာလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ရေတပ်စခန်းရှေ့မှာ မနက် ၈ နာရီထိုးခါနီး ပထမအကြိမ် ဖောက်ခွဲမှုပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာ ဗုံးရှင်းဖို့ လုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ (BFRAF)က ပြောပါတယ်။

    အဲဒီနောက် ဒုတိယဗုံးကို ရှင်းဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နောက် ၂ ဦးလည်း ရှင်းလင်းဖို့ လုပ်ချိန် အနီးကပ် ဖောက်ခွဲခံရလို့ ဒဏ်ရာတွေရသွားခဲ့တယ်လို့ အဲဒီအဖွဲ့က စာထုတ်ပါတယ်။

    ဗုံးမှန်တဲ့သူ ၃ ဦးစလုံးကို လူနာတင် ၃ စင်းနဲ့ခေါ်သွားတာတွေ့ရပြီး သေဆုံးနိုင်များတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ဖြစ်ချင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့လည်း Double Cab ကားတစ်စင်းနဲ့သာ ရောက်လာသလို နေအိမ်အပြင်ရောက်နေတဲ့လူတွေ ထိတ်လန့်ပြီး နေအိမ်ထဲ ဝင်ပြေးခဲ့ကြပေမဲ့ အခုတော့ အခြေအနေတည်ငြိမ်နေပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။

  18. စစ်ကိုင်းမြို့မှာ ညပိုင်းဗုံးပေါက်ကွဲမှု ၈ ကြိမ်အထိဖြစ်ပွား

    စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့မှာ မနေ့ အောက်တိုဘာလ ၉ ရက် ညအစောပိုင်းတုန်းက မြို့နေရာ ၈ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

    အဲဒီပေါက်ကွဲမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းတွေ၊ ဒေသတွင်း PDF အစုအဖွဲ့တွေရဲ့ ထုတ်နုတ်အင်အားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အသင်္ခယာလို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးစတင်မှုလည်းဖြစ်တယ်လို့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို အဓိကဖော်ပြနေတဲ့ ပြည်သူ့အသံရုပ်သံ(PVTV) က သတင်းဖော်ပြလာတာဖြစ်ပါတယ်။

    ပေါက်ကွဲမှုတွေဟာ မြို့နယ်တွေအုပ်ရုံး၊ စည်ပင်ရုံး၊ တရားရုံး၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊ CDM မှာမပါဝင်သူတွေရဲ့ အိုးအိမ်တိုက်တန်း၊ အမှတ် -၂ မြို့မရဲစခန်း၊ ပဒူတိုက်နယ်နဲ့ မင်းကွန်းတိုက်နယ် ရဲကင်းစခန်းတွေမှာ မနေ့ည ၇ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

    ဒါ့ပြင် မနေ့ညနေ ၄ နာရီခွဲကျော်ကျော်တုန်းကလည်း ရဲတပ်ရင်း အမှတ် ၁၆ မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် မနေ့တစ်နေ့တည်းတင် စစ်ကိုင်းမှာ ဗုံးပေါက်ကွဲမှု ၉ ကြိမ်အထိဖြစ်ခဲ့ပါတယ်။

  19. မြောက်ဒဂုံမှာ မနက်ခင်းအစောပိုင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်

    ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ထဲမှာ ဒီနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ခင်းအစောပိုင်းမှာ ၁၅ မိနစ်ခန့်ခြားပြီးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပထမတစ်ကြိမ်ပေါက်ကွဲမှုဟာ မနက် ၆ နာရီ ၂၈ မိနစ်ခန့်မှာဖြစ်ပြီး နောက်တစ်ကြိမ်က ၁၅ မိနစ်ခန့်ခြားပြီး ဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဟာ အမှတ် ၄၉ ရပ်ကွက်ဈေးအနီးဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီရပ်ကွက်ဟာ ထားဝယ်ချောင်နယ်မြေရဲကင်းစခန်းရှိတဲ့ရပ်ကွက်လည်းဖြစ်ပါတယ်။

    ပေါက်ကွဲမှုဟာ နေအိမ်တွေ တုန်ခါတဲ့အထိပြင်းထန်တယ်လို့တော့ အမှတ် ၄၈ ရပ်ကွက်ထဲက ဗိုလ်ဘထူးအိမ်ရာအတွင်းမှာနေထိုင်သူတွေကလည်း ဘီဘီစီကို ပြောထားပါတယ်။

    ဒီနေ့ ၁၀ လပိုင်း၊ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ ရန်ကုန်မြို့နေရာအနှံ့မှာ ပေါက်ကွဲမှုတွေဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့၊ မဖြစ်မနေသွားလာဖို့ရှိရင် အထူးသတိထားသွားလာကြဖို့ အမျိုးသားအထူးစစ်ဆင်ရေး တပ်ဖွဲ့(MSTF)လို့ခေါ်တဲ့အဖွဲ့က သတိပေးထုတ်ပြန်ထားတဲ့ စာတစ်စောင်ဟာ အစောပိုင်းမှာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေပါတယ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အားကောင်းခဲ့တဲ့ ရန်ကုန်မြို့နယ်တွေထဲက တစ်မြို့နယ်ဖြစ်တဲ့မြောက်ဒဂုံဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတာ မတ်လ ၁၅ ရက်နေ့ကတည်းကဖြစ်ပါတယ်။

    ဒါပေမဲ့ မြောက်ဒဂုံမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ဒေသန္တရအုပ်ချုပ်ရေးဒေါက်တိုင်ဖြစ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးရုံးတွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှုတွေ ပြီးခဲ့တဲ့လတွေအတွင်းဖြစ်ပွားထားပါတယ်။

  20. NUG အစိုးရအဖွဲ့ကို မထောက်ခံဖို့ ပြည်ပနိုင်ငံအစိုးရတွေကို စစ်ကောင်စီ ကြေညာချက်ထုတ်

    NUG အစိုးရအဖွဲ့ကို မထောက်ခံဖို့ ပြည်ပနိုင်ငံအစိုးရတွေကို စစ်ကောင်စီက ကြေညာချက်ထုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့တို့ကို ထိတွေ့ဆက်သွယ်တာတွေ၊ ထောက်ခံအားပေးတာတွေ မလုပ်ကြဖို့ ပြည်ပနိုင်ငံတွေကို သတိပေးတိုက်တွန်းထားတဲ့ ကြေညာချက်တစ်စောင်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံခြားသံရုံးတွေက သံတမန်အချို့နဲ့ ကုလသမဂ္ဂရုံးတွေ၊ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေ၊ ပြည်ပနိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်လို့ စိစစ်အတည်ပြုနိုင်ခြင်းမရှိတဲ့ သတင်းအရင်းအမြစ်တွေ၊ အစိုးရဆန့်ကျင်သူတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဆီက ရတဲ့ စွပ်စွဲချက်တွေ၊ သတင်းအချက်အလက်တွေကို အခြေခံပြီး ဝေဖန်ချက်တွေ၊ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ပ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တချို့ဟာ တရားမဝင် အဖွဲ့အစည်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ ဆက်သွယ်ဆောင်ရွက်တာ၊ ထောက်ခံအားပေးတာ၊ အဲဒီ နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ခွင့်ပြုတာ၊ လွှတ်တော်တွေက ဆုံးဖြတ်ချက်တွေ ချမှတ် အတည်ပြုတာတွေကို လုပ်နေတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    (CRPH)၊ (NUG) နဲ့ လက်အောက်ခံအဖွဲ့တွေကို ဆက်သွယ်တာ၊ သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာတွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင် ပြည်တွင်းရေးကို ဝင်စွက်ရာလည်း ရောက်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒီအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတာမျိုး၊ ထောက်ခံအားပေးတာမျိုး မလုပ်ဖို့ကိုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်တလဲလဲ အသိပေးတိုက်တွန်းတဲ့ အကြောင်းကြားစာတွေကို ပေးပို့ထားခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံနဲ့အတူ လက်တွဲတိုက်ဖျက်သွားဖို့ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကမ္ဘာ့နိုင်ငံတချို့က အသိအမှတ်ပြုလက်ခံမှုတွေ ရှိလာနေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG နဲ့ CRPH တို့ကို ထောက်ခံကြောင်း ဥရောပပါလီမန်မှာ အတည်ပြုခဲ့သလို ပြင်သစ် ဆီးနိတ်လွှတ်တော်ကလည်း NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။