ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ခရမ်းက အုပ်ချုပ်ရေးမှူး ၂၀ ဦး တပြိုင်တည်းနုတ်ထွက်

  2. မှုခင်းရဲတပ်ဖွဲ့မှူးရုံး ပေါက်ကွဲမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ

    နေပြည်တော်ရှိ မှုခင်းရဲတပ်ဖွဲ့မှူးရုံး ပေါက်ကွဲမှု ဖြစ်စဥ်မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရသွားကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    မနေ့က အောက်တိုဘာလ ၅ ရက်နေ့ မှုခင်းရဲတပ်ဖွဲ့မှူးရုံး လက်နက်ခဲယမ်းနဲ့ ပေါက်ကွဲမှုစစ်ဆေးရေးဌာနမှာ သက်သေခံပစ္စည်းတွေတိုက်ဆိုင် စစ်ဆေးစဥ်ပေါက်ကွဲခဲ့တာလို့ လည်းထုတ်ပြန်ပါတယ်။

    အဲ့ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ပေါက်ကွဲမှုကြောင့် ရဲမှူးကြီးတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သတင်းအချို့မှာဖော်ပြပေမယ့် စစ်ကောင်စီဘက်က ဒဏ်ရာသူတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်တာမရှိပါဘူး။

  3. ကျောက်မဲမြို့က စစ်ရှောင်တွေအတွက် ရိက္ခာ လိုအပ်

    ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က စစ်ရှောင်စခန်းမှာ ဒီရက်ပိုင်းအတွင်း စစ်ရှောင်ပြည်သူ ထပ်တိုးလာသလို စားနပ်ရိက္ခာ လိုအပ်ချက်တွေနဲ့ တွေ့ကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    " မြို့ပေါ်အလိုက်နေတဲ့ စစ်ဘေးရှောင်တွေရှိတယ်။ အိမ်ထောင်စု ၁၃ စု ထပ်တိုးတယ်။ လက်တလောတော့ စခန်းတွေရော ကျေးရွာစစ်ဘေးတွေရော စားနပ်ရိက္ခာ အခက်အခဲ ရှိတယ်"လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့က လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြောပါတယ်။

    ရှမ်းပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ပူးပေါင်းတပ်တို့က နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

    ဒါကြောင့် လက်ရှိ ကျောက်မဲမြို့မှာ စစ်ရှောင်စခန်း ငါးခုရှိတဲ့အပြင် မြို့ပေါ်တချို့ရဲ့ လူနေအိမ်တွေမှာလည်း စစ်ဘေးရှောင် ပြည်သူတွေ ပုန်းခိုနေကြရပါတယ်။

    စစ်ဘေးရှောင် ပြည်သူ တစ်ထောင်ဝန်းကျင်ရှိလာပြီး လက်ရှိအချိန်ထိ တိုက်ပွဲအခြေနေ မငြိမ်သေးလို့ နေရပ်ကို ပြန်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

  4. စစ်ကိုင်းတိုင်းအတွင်စစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်လာလို့ ည မထွက်ကြဖို့ PDFစာထုတ်

    စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်လာလို့ ညနေ ၇ နာရီကနေ မနက် ၅ နာရီအတွင်း မသွားကြဖို့ စစ်ကိုင်းတိုင်းဒေသကာကွယ်ရေးတပ် PDFတွေက ဒီကနေ့ အောက်တိုဘာလ ၆ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

    စစ်ကိုင်းအတွင်းမြို့နယ်ချင်းဆက်လမ်းများ ကျေးရွာချင်းဆက်လမ်းများမှာ ကားများ စက်တပ်ယာဥ်များ ထော်လာဂျီများ ထွန်စက်များအပါအဝင် ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့နဲ့ မိမိတို့နားခိုတဲ့အိမ် သို့မဟုတ် မိသားစုအိမ်တွေရှိရာကို ည ၇ နာရီမတိုင်မီ ပြန်ကြဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ညဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေပြီးတော့ အဲ့ဒီကားတွေနဲ့လည်း အနီးကပ်လိုက်ပါတာတွေ မလုပ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

    စစ်ကိုင်းတိုင်း မင်းကင်း ကနီနဲ့ ယင်းမာပင်ဘက် မှာစစ်ကောင်စီဘက်ဟ စစ်ရေးလှုပ်ရှားမှုတွေရှိနေသလို ကလေးမြို့နဲ့ မ‌‌ကွေးတိုင်း ဂန့်ဂေါနယ်တစ်ဝိုက်မှာ စစ်အင်အားတိုးချဲ့တာတွေလုပ်နေတယ်လို့လည်းဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    စစ်ကိုင်းတိုင်းမြို့တော် မုံရွာမှာလည်း စစ်ကောင်စီက လုံခြုံရေးတွေတင်းကျပ်ထားပြီ မြို့တွင်းသွားလာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  5. စက်သုံးဆီစျေးတွေတက်လာလို့ ကုန်တင်ကားခနဲ့ တန်ဆာခတွေ တက်

    မြန်မာပြည်အထက်အပိုင်းဒေသတွေမှာ စက်သုံးဆီစျေးတွေတက်လာလို့ ကုန်တင်ကားခနဲ့ တန်ဆာခတွေ တက်လာတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ကုန်တင်ကားတွေ အသုံးများတဲ့ ဒီဇယ်စျေးတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာတစ်လီတာကို ၁၇၅၀ ခန့်စျေးပေါက်နေပြီး အရင်ကထက်နှစ်ဆနီးပါး စျေးတွေတက်လာတာ ဖြစ်တယ်လို့ ကုန်တင်ကားပိုင်ရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အရင်က မန္တလေးနဲ့ ကလေးမြို့ ကို ကုန်ကားတစ်စီးကို တန်ဆာခက ခုနှစ်သိန်း ခန့်ရှိပြီး အခုအခါမှာ ၁၃ သိန်းနဲ့ ၁၄ သိန်းကြားဖြစ်လာကြောင်းလည်း ကလေးမြို့ကဒေသခံ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    တန်ဆာခတွေတက်လာတဲ့ အတွက်စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းအချို့လည်း စျေးနူန်းပြောင်းလဲ မှုရှိတယ်လို့ လည်းသူက ပြောပါတယ်။

    မုံရွာမှာလည်း 92 ဓာတ်ဆီ တစ်လီတာကို ၁၅၀၀ ဝန်းကျင်ဖြစ်နေတဲ့အတွက် ကားအသုံးပြုသွားလာသူနည်းပါးသွားကြောင်း အရင်က တစ်လီတာကို တစ်ထောင်ကျပ်ဝန်းကျင်သာရှိတဲ့ အကြောင်းလည်း မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံ အထက်ပိုင်းဒေသအများစုမှာတော့ အခုရက်ပိုင်းစားအုံးဆီ စျေးတွေတက်နေပြီးတော့ မုံရွာမှာ စားအုံးဆီတပိဿကို ကျပ် ၅၀၀၀ ခန့်အထိတက်လာကြောင်း နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစ္စည်းအချို့စျေးတက်လာကြောင်းလည်းမုံရွာဒေသခံတွေကပြောပါတယ်။

  6. ဖားကန့်နဲ့တနိုင်းမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တစ်ပတ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်နီးပါးဖြစ်ပွား

    ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)တို့ အခုသီတင်းတစ်ပတ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်နီးပါးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဖားကန့်မြို့နယ်နဲ့တနိုင်းမြို့နယ်တို့ကို ဖြတ်သန်းတဲ့ လီဒိုလမ်းမကြီးတလျှောက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီဟာ ဖားကန့်နဲ့ တနိုင်းမြို့နယ်အတွင်း ရိက္ခာသယ်သူတဲ့အပိုင်းရှိပြီး အဲဒီမှာလုံခြုံရေးယူထားတဲ့စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ''အခုတစ်ပတ်အတွင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စပ်ဖြစ်တာတော့ မှန်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းကြီးနဲ့ တိုက်ခိုက်မယ့်အခြေအနေမျိုး မတွေ့ရသေးဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ထိခိုက်တယ်၊ ကျဆုံးတယ်၊ ပစ္စည်းတွေ သိမ်းမိတယ်ဆိုတာမျိုး တိကျတဲ့မြေပြင်သတင်းကတော့ ကျွန်တော်တို့ဆီ တက်မလာ သေးပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်'' လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    ဒါ့အပြင် မိုးမောက်မြို့နယ်မှာလည်း အခုသီတင်းပတ်အတွင်းမှာပဲ ရိက္ခာသယ်တာ ဒါမှမဟုတ် အပြောင်းအရွှေ့လုပ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သူက အတည်ပြုပါတယ်။

    ကေအိုင်အေဘက်ကနေ ထိုးစစ်ဆင်တာမရှိသေးပေမဲ့ စစ်ကောင်စီဘက်ကနေ ထိုးစစ်ဆင်ရင်တိုက်ပွဲဖြစ်နိုင်တာကြောင့် ကချင်ပြည်နယ်မှာနေထိုင်သူတွေအနေနဲ့ လုံခြုံရေးနားစွင့်ဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။

  7. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံဆွေးနွေးပွဲ မဖိတ်ဖို့ ဆွေးနွေးနေကြတယ်လို့ အာဆီယံ အထူးသံတမန်ပြော

    လာမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ အာဆီယံ ဝန်ကြီးတွေ ဆွေးနွေးနေတယ်လို့ အာဆီယံ အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂ ) မစ္စတာ အီရာဝန် ယူဆွစ်ဖ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အာဆီယံနဲ့ သဘောတူထားတဲ့ လမ်းညွှန်ချက်အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ရှေ့တိုး ဆောင်ရွက်တာမျိုး မလုပ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို တွေ့ခွင့်ပေးဖို့ ပန်ကြားထားချက်ကိုလည်း စစ်ကောင်စီဘက်က တိုက်ရိုက် တုံ့ပြန်ဖြေကြားတာမျိုး မရှိခဲ့ဘူးလို့လည်း အာဆီယံ အထူးသံတမန် မစ္စတာ အီရာဝန် ယူဆွစ်ဖ်က ပြောပါတယ်။

  8. နေအိမ်တွေ အကြိမ်ကြိမ်မီးရှို့ခံထားရတဲ့ ထှယ်လှော်နဲ့နှမ်းခါးရွာက ပြည်သူတွေ ရိက္ခာပြတ်, စစ်ရှောင်နေရာတွေအထိလက်နက်ကြီးကျတာတွေကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးသယ်ယူဖို့ခက်ခဲနေ

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက ထှယ်လှော်ရွာနဲ့နှမ်းခါးရွာကဒေသခံတွေဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီးနောက်ပိုင်း နီးစပ်ရာတောတွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးရဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်ရွာသားတွေကပြောပါတယ်။

    လူဦးရေ ၁ ထောင်ဝန်းကျင်ရှိပြီး စစ်ရှောင်ကာလ ၂ လ နီးပါးကြာလာပြီဖြစ်တဲ့ထှယ်လှော်ရွာဒေသခံတွေအနေနဲ့ နီးစပ်တဲ့တောတွေထဲမှာ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပြီး ရိက္ခာပြတ်တော့မယ့်အခြေအနေဖြစ်နေတယ်လို့ ရွာသားတွေကပြောပါတယ်။

    "ရွာထဲမှာလည်း ပစ်တာတွေ၊ သေတာတွေမြင်ထားတော့ ဘယ်သူမှမပြန်ရဲဘူး။ အများစုကကြောက်တယ်။ ပထမတစ်ကြိမ်မီးရှို့တုန်းကလည်းရွာသားနှစ်ယောက်ပစ်သတ်ထားခဲ့တာလေ။ ရွာထဲဝင်တာနဲ့သေနတ်ပစ်တော့ကြောက်ကြတယ်။ ရိက္ခာသယ်ဖို့ကြတော့လည်း အနားကရွာတွေတင်တပ်စွဲထားတာဆိုတော့ တောထဲကနေထွက်မရဘူး။ ရိက္ခာကပြတ်လုနီးပါးဖြစ်နေပြီ " လို့စစ်ရှောင်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ထှယ်လှော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းနဲ့ အခုအောက်တိုဘာလတွေထဲမှာ စုစုပေါင်း ၃ကြိမ်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ရွာသားတွေကပြောဆိုထားပါတယ်။

    တဖက်မှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလ တစ်လတည်းမှာပဲ သုံးကြိမ်တိုင်တိုင် နေအိမ်တွေ မီးရှို့ဖျက်စီးခံခဲ့ရတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ နှမ်းခါးရွာသား ၆ ထောင်ကျော်ဟာလည်း ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ရွာသားတွေကပြောပါတယ်။

    တစ်လအတွင်းရွာထဲက နေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာကြောင့် နီးစပ်ရာလယ်တောတွေမှာ စစ်ဘေးတိမ်းရှောင်နေရင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၄ရက်နေ့မှာ စစ်ရှောင်နေရာအနီး လက်နက်ကြီးကျခဲ့တာကြောင့် နီးစပ်ရာတောတွေထဲကို ရွေ့ပြောင်းခဲ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။

    "ရွာထဲဝင်ရင်ပစ်ခတ်နေတော့ တချို့က ကိုယ့်လယ်ယာတွေနားကိုယ်အမိုးတွေ၊ တဲတွေထိုးပြီးနေတာ တနေ့က လက်နက်ကြီးကျတော့ အကုန်ပြန်ပြေးလာရတယ်။ နှမ်းခါးက လူဦးရေများတယ်။ တောင်သူ တချို့က ဆန်စုထားလို့ဝေမျှစားရင်း လောလောဆယ်မငတ်သေးပေမဲ့ ဆေးဝါးတွေမရှိဘူး။ ရှိတဲ့ဆန်တွေလည်းဘယ်အချိန်ထိခံမယ်မသိဘူး။ ပဲစိုက်ထားတဲ့သူတွေလည်းညဘက်ပြန်ပြီး ကြောက်ကြောက်နဲ့လယ်သွားခိုးလုပ်တဲ့သူတွေလည်းရှိတယ်။ဘယ်အချိန်အိမ်ပြန်ရမလဲဆိုတော့ အကုန်လုံး ပြီးမှပြန်ရဲကြမယ်ထင်တယ် "လို့ နှမ်းခါးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဂန့်ဂေါ်နယ်ထဲက ထှယ်လှော်၊ နှမ်းခါးစတဲ့ ကျေးရွာတွေအပြင် မြင်သားရွာနဲ့မွေ့လယ်ရွာတွေအတွင်းမှာပါ ပစ်ခတ်မှု မီးရှို့ဖျက်စီးမှုတွေရှိခဲ့သလို စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် သေဆုံးတဲ့ရွာသားစုစုပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ ရွာသားတွေကပြောဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူး။

  9. NUG နဲ့တွေ့ဆုံဆွေးနွေးရေး စဉ်စားရန်ပြင်ဆင်ထားတယ်လို့ မလေးရှားပြော

    မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုမရဘူးဆိုရင် မလေးရှားအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်နိုင်ရေး စဉ်းစားဖို့ အသင့်လို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ အောက်တိုဘာလ ၆ ရက်မှာ ထုတ်ပြောလာပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အောက်လွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်တွင်း မေးခွန်းဖြေကြားချိန် အခုလိုပြောလိုက်တာဆိုပြီး မလေးရှားအစိုးရလက်အောက်က ဘာမနာသတင်းဌာနက သတင်းဖော်ပြပါတယ်။

    ''အရင်ကလည်း မလေးရှားဟာ မြန်မာ အာဆီယံအဖွဲ့ဝင်မဖြစ်လာခင်ကတည်းက အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေကို ကြားဝင်ညှိနှိုင်းပေးဖို့လုပ်တဲ့နိုင်ငံတစ်နိုင်ငံပါ'' လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်တွင်းမှာ ပြောဆိုပါတယ်။

    မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေပေမဲ့ NUG နဲ့ သီးခြားဆွေးနွေးဖို့ ဆန္ဒရှိ၊ မရှိဆိုတဲ့ လွှတ်တော်အမတ်တစ်ဦးရဲ့ဖြည့်စွက်မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ပြန်ဖြေသွားတာဖြစ်ပါတယ်။

    စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက်ပါ အချက်တွေကို ပူးပေါင်းဆောင်ရွက်မှုမရှိသေးဘူး ဆိုတာကို တနင်္လာနေ့တုန်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သိရှိခဲ့ရပြီးဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    စစ်ကောင်စီဘက်က အဲဒီသဘောတူညီချက်တွေကို အထမြောက်ရေးလုပ်ဆောင်မှုပိုင်းမှာ တိုးတက်မှုမရှိသေးဘူးဆိုရင် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားဖို့ ခက်မယ်လို့ မလေးရှားဘက်က မြင်ထားတဲ့အကြောင်း ဝန်ကြီးက ပြောထားဖူးပါတယ်။

  10. မြန်မာ့ဒီမိုကရေစီအရေးပိုထောက်ခံကြောင်းပြသနိုင်မယ့်ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အမတ်တွေက လွှတ်တော်ကို တင်သွင်း

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေ ရုန်းကန်နေရတဲ့ဒီမိုကရေစီအရေးကို ပိုထောက်ခံကြောင်းပြသနိုင်မယ့် တောင်းဆိုချက်တွေပါဝင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အမေရိကန်လွှတ်တော်အမတ်တွေက ကွန်ဂရက်စ်လွှတ်တော်ကို အောက်တိုဘာလ ၅ ရက်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

    အဲဒီဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ အောက်လွှတ်တော်နိုင်ငံခြားရေးရာနဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီဝင်နဲ့ အထက်လွှတ်တော်အမတ်တစ်ဦးတို့က ၂၀၂၁ ခုနှစ် ဗမာပြည်ဆိုင်ရာအက်ဥပဒေနေနဲ့ လွှတ်တော်ကို ပူးတွဲ တင်ပြခဲ့တာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုဖြစ်အောင် ကူညီခဲ့တဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေအပြင် အဲဒီနောက်တွဲဖြစ်လာတဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေး ချိုးဖောက်ဖိနှိပ်မှုတွေ၊ အရပ်သားတွေအပေါ်အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူပိတ်ဆိုတာတွေလုပ်ဖို့၊ မြန်မာ့အဖိုးတန်ရတနာတွေကို အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့်ပိတ်ဖို့၊ မြန်မာ့ဒီမိုကရေစီအရေးအထူးညှိနှိုင်းရေးမှူးတစ်ဦးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ခန့်အပ်ဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေကိုထောက်ပံ့ပြီး လူသားချင်းစာနာမှုအကူအညီလိုနေတဲ့နေရာတွေကို အကူအညီပေးဖို့၊ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှုကို လူမျိုးသတ်ဖြတ်မှုအဖြစ် စိစစ်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုအချက်တွေ ပါဝင်ပါတယ်။

    ''မြန်မာမှာ ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ရက်စက်ယုတ်မာမှုတွေပါ ကပ်ပါလာတယ်။ လူထုအပြင် လူထုရဲ့ပြည်သူ့အာဏာကိုပါ တိုက်ရိုက်တိုက်ခိုက်မှုဆက်ဖြစ်လာတယ်။ ပြည်သူ့အာဏာဆိုတာ ယာယီစီစဉ်ပေးရမယ့်အရာမျိုးမဟုတ်သလို စစ်တပ်က ပေးရမယ့်အရာမျိုးလည်းမဟုတ်ဘူး။ မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်မှုဒဏ်ကို ခါးစည်းခံခဲ့ရတာလုံလောက်နေပါပြီ။ အဲဒီအတွက်လည်း ဒီမိုကရေစီအရေးသူတို့ရဲ့ရပ်တည် အားထုတ်မှုကို လေးစားပါတယ်။''လို့ မူကြမ်းတင်တဲ့အမတ်တစ်ဦးက ပြောပါတယ်။

    မြန်မာအရေးပိုမိုတိကျတဲ့လုပ်ဆောင်ချက်တွေ ဖော်ဆောင်နိုင်ဖို့ ကုလသမဂ္ဂကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးဖို့ကိုလည်း အဲဒီဥပဒေမူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။

  11. စစ်ကြောရေးမှာ အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်ဆိုတဲ့သတင်းတွေဟာ စိတ်မသက်သာဖွယ်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းပြော

    မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုဟာ စစ်တပ်ရဲ့ ဝိသသတစ်ခုဖြစ်တယ်ဆိုတာ ကုသမဂ္ဂမှတ်တမ်းတွေအရသိရတယ်ဆိုပြီး ကုလကသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ရုံးက မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။

    ဒါ့အပြင် စစ်ကြောရေးစခန်းတွေမှာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်ဆိုတဲ့သတင်းတွေကလည်းစိတ်မသက်မသာဖြစ်စေပြီး ဒါဟာ ကုလသမဂ္ဂပဋိညာဉ်နဲ့ အမျိုးသမီးတွေကို ဖိနှိပ်ခွဲခြားမှုမရှိစေရဆိုတဲ့အချက်ကိုမြန်မာစစ်တပ်က ဆက်လက်ချိုးဖောက်နေတာဖြစ်တယ်လို့ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၆ ကြိမ်မြောက် ကုသမဂ္ဂညီလာခံတတိယကော်မတီ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာအစည်းအဝေးမှာ သံအမတ်ကြီးက အခုလိုပြောခဲ့တာပါ။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ စစ်တပ်ရဲ့ကြမ်းဖက်မှုအန္တာရယ်တွေနဲ့ရင်ဆိုင်နေရပြီး အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအရပ်သားအသတ်ခံရမှု ၁၁၀၀ ရှိတဲ့အထဲ အမျိုးသမီးတွေလည်းပါဝင်နေတယ်လို့သံအမတ်ကြီးကထောက်ပြခဲ့ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်ကအမျိုးသမီးတွေအပေါ်ကျုးလွန်တဲ့ဆိုးရွားတဲ့ပစ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ကုလသမဂ္ဂတို့ကထိရောက်စွာအရေးယူပေးဖို့အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေအပြင် ခွဲခြားဆက်ဆံမှုတွေ တားဆီးပေးဖို့သူကပန်ကြားခဲ့ပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်လာသူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အမျိုးသမီး ၁၂၆၀ ဦးရှိနေပြီး အဲ့ဒီအထဲမှာ အသက် ၁၈နှစ်အောက် အမျိုးသမီး ၁၆ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရဲ့အချက်အလက်တွေအရသိရပါတယ်။

    ဒါ့အပြင် ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်လို့ စစ်ကောင်စီဖမ်းဝရမ်းထုတ်ထားတဲ့ လူ ၂၀၀၀ ကျော်မှာ အမျိုးသမီးတွေ ၄၀ ရာခိုင်နူန်း ပါဝင်နေပြီးတော့ နိုင်ငံသမိုင်းမှာ အမျိုးသမီးတွေ အများဆုံးပါဝင်မှုလို့ အေအေပီပီကပြောဆိုထားပါတယ်။

  12. ဧရာဝတီတိုင်းထဲက လူ ၃၀ နီးပါးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

    ဧရာဝတီတိုင်းထဲက မြို့နယ် ၄ ခုထက်မနည်းကနေ လူ ၃၀ နီးပါးကို ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဖမ်းခံရသူတွေထဲက အများစုဟာ ကန်ကြီးထောင့်မြို့နယ်ထဲကဖြစ်ပြီး သာပေါင်း၊ ရေကြည်၊ ပုသိမ်၊ မအူပင်မြို့နယ်တွေက အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံရသူတွေထဲကအချို့ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့တာ၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

    အခုဖမ်းဆီးခံရသူတွေဟာ ကန်ကြီးထောင့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံအောင် ရဲ့ညွှန်ကြားချက်အောက်မှာရှိနေပြီး သူတို့ကို ပစ္စတိုသေနတ်အချို့၊၊ တူမီးသေနတ် ၇၀ ကျော်၊ လက်လုပ်စိန်ပြောင်း၊ ၉ မမကျည် အတောင့် ၁၀၀ ကျော်၊ လက်လုပ်မိုင်း ၇၀ ကျော်စတဲ့ပစ္စည်းတွေနဲ့ ဖမ်းမိတာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။

    အခုဖြစ်စဉ်ဟာ အာဏာသိမ်းပြီးတဲ့နောက် ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို တစ်လအတွင်းဖမ်းဆီးမှုတွေထဲ ဖမ်းဆီးမှုအများဆုံးအဖြစ် ပထမဆုံး သတင်းထုတ်ပြန်လာမှုလည်းဖြစ်ပါတယ်။

  13. စစ်ဘေးရှောင်တွေ အတွက် အခက်အခဲဆုံး အခြေအနေ ၄ မျိုး

  14. ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ရာဇဝတ်မှုတွေ တားဆီးဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေကို ပစ်ခတ်ခွင့်ပြုမယ်

    ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တလျှောက် လက်နက်၊ မူးယစ်ဆေးနဲ့ လူမှောင်ခိုမှုတွေကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားဖို့ ဆုံးဖြတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမန် က ပြောပါတယ်။

    နယ်စပ်တလျှောက် ရာဇဝတ်မှုတွေ တိုးပွားလာနေတာကို တားဆီးဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လိုအပ်လာရင် (BGB) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို သေနတ်ပစ်ခတ်ခွင့် ပြုမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း Dhaka Tribune သတင်းစာမှာ ဖော်ပြထားပါတယ်။

    နယ်စပ်မှာ ပစ်ခတ်သေဆုံးမှုတွေ မရှိစေဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အလေးထား ဆောင်ရွက်နေပြီး အရင်ကတော့ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တလျှောက်မှာ ပစ်ခတ်မှုတွေ မလုပ်ရဘူးဆိုပြီး ညွှန်ကြားထားခဲ့ကြောင်း ဒေါက်တာ မိုမန် က သတင်းထောက်တွေကို ပြောပါတယ်။

    ဒါပေမဲ့ လတ်တလော နယ်စပ်တလျှောက် ရာဇဝတ်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ မကြာသေးခင်က ပြည်ထဲရေး ဝန်ကြီးနဲ့ သူဆွေးနွေးပြောဆိုခဲ့စဉ်မှာ နယ်စပ်ဒေသ ရာဇဝတ်မှုတွေကို တားဆီးဖို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို သေနတ်ပစ်ခတ်ခွင့် ပေးမှဖြစ်တော့မယ်ဆိုတာကို ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းရှိရာ ကော့ဇက်ဘဇားခရိုင်မှာ ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူအဖြစ် လူသိများတဲ့ မိုဟီးဘူလာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးမှုတွေ အသေအချာ ဆောင်ရွက်ပြီး လက်သည်တရားခံကို ဖော်ထုတ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမန် က ပြောပါတယ်။

  15. အခြေခံ စပါးစျေး စစ်ကောင်စီ သတ်မှတ်ထုတ်ပြန်

    ၂၀၂၁ ခုနှစ်အတွက် မိုးစပါးနဲ့နွေစပါးတွေ အတွက် အခြေခံရည်ညွှန်းစပါးစျေးတွေကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

    အဲဒီစပါးစျေးကတော့ စပါးတင်းတစ်ရာကို သတ်မှတ်ထားတဲ့ စိုထိုင်းဆ အခြေအနေမှာ ငါးသိန်း လေးသောင်း သတ်မှတ်ထားပြီးတော့ စျေးကွက်ပေါက်စျေးဟာ အဲ့ဒီစျေးအောက်ကိုရောက်နေရင် ဒီစျေးနဲ့ ပေးပြီးဝယ်ရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ ကျပ်‌‌‌ငွေတန်ဖိုးကျဆင်းနေပြီးတော့ စပါးအဓိက ဝယ်နေတဲ့ တရုတ်နိုင်ငံကလည်း မြန်မာနယ်စပ်က သွင်းကုန်တွေကို ပိတ်ထားတဲ့အတွက် စပါးစျေးတွေ ကျဆင်းနေပါတယ်။

    စျေးကွက်အတွင်း စပါးပေါက်စျေးဟာ ရည်ညွှန်းသတ်မှတ်စျေးအောက်ရောက်လာရင်တော့ မြို့နယ်အသီးသီးမှာရှိတဲ့ ဆန်စပါးအသင်းချုပ်က ကိုယ်စားလှယ်တွေက ရည်ညွန်းစျေးအတိုင်းဝယ်ဖို့ရှိတယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။

  16. ကလေး ဂန်‌ဂေါကားလမ်းဘေးက ရွာတွေမီးရှို့ခံရ

    ကလေး ဂန့်ဂေါလမ်းမကြီးဘေးက ရွာတွေမှာ နေတိုင်းလိုလို စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွေက အသွားအလာရှိနေသလို အဲဒီဘေးဝန်းကျင်ကရွာတွေမှာ နေ့စဉ်ဆိုသလို၊ တပ်စွဲတာ၊ မီးရှို့ခံရတာ၊ ပစ်ခတ်မှုတွေက နေ့စဉ် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်၊ ကျွန်းတက်ရွာအတွင်းရှိတဲ့ စစ်ကြောင်းရှိနေချိန်မှာပဲ ရွာထဲမှာမီးလောင်မှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေက ပြောပါတယ်။

    အဲဒီစစ်ကြောင်းက ကျွန်းတက်ရွာကို ပြီးခဲ့တဲ့ ၃ရက်လောက်ကတည်းက ဝင်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ရွာထဲမှာ မီးလောင် မှုဖြစ်ခဲ့တာလို့ တိမ်းရှောင်နေရသူ ဒေသခံက ဘီဘီစီကို ပြောပါတယ်။

    ကျွန်းတက်ရွာအတွင်း အဲဒီစစ်ကြောင်းဝင်လာစဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတစ်ဦး ခြေထောက်မှာ လက်နက်ကြီးစမှန်ခဲ့လို့ လက်ရှိအချိန်ထိ ကုသနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ဒါအပြင် အောက်တိုဘာလ ၅ရက်နေ့ ကလေးဘက်နေ ဂန့်ဂေါကိုလာတဲ့ နောက်စစ်ကြောင်းတစ်ခုက ညနေ ၄နာရီလောက် နှမ်းခါးရွာကို ရောက်တဲ့အချိန်မှာပဲ ရွာအတွင်းမီးရှို့ခံရပြန်တယ်လို့ နှမ်းခါးဒေသခံက ဘီဘီစီကိုပြောပါတယ်။

    နှမ်းခါးရွာဟာ အခုဆိုရင် ငါးကြိမ်မြောက်မီးရှို့ခံရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၃ရက်အကြာကပဲ ကလေးကနေ ဂန့်ဂေါကို လာတဲ့ အခြားစစ်ကြောင်းတစ်ခုက နှမ်းခါးရွာကို လေးကြိမ်မြောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ရွာလုံးကျွတ်မီးရှို့ခံရတာ မဟုတ်ပေမယ့် ကလေး ဂန့်ဂေါလမ်းမကြီးဘေးနေအိမ်အများစုက စစ်ကြောင်းတွေ ဖြတ်သန်းတိုင်း မီးရှို့ခံနေရတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

    မီးရှို့ခံရတဲ့ ရွာတွေရဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  17. စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁၇၈ ဦး နုတ်ထွက်

    မြန်မာတစ်နိုင်ငံလုံးမှာ ဇွန်လကစပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ခဲ့တာ အောက်တိုဘာ (၄)ရက်အထိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁၇၈ ဦး နုတ်ထွက်ထားပြီ ဖြစ်ပြီး အများစုကတော့ စစ်ကိုင်းတိုင်းထဲကဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်းထဲက နုတ်ထွက်သူ (၁၀၂)ဦးအထိ အများဆုံးနုတ်ထွက်ထားတယ်လို့ ဘီဘီစီရဲ့ စာရင်းပြုစုချက်တွေအရ တွေ့ရပါတယ်။

    မနေ့က အောက်တိုဘာ (၄)ရက်မှာဆိုရင် တစ်ရက်ထဲမှာပဲ စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်နဲ့ ကသာက ကျေးရွာအုပ်ချုပ်ရေးမှူးသာမက ရာအိမ်မှူးတချို့အပါအဝင် (၄၁)ယောက်အထိ နုတ်ထွက်ခဲ့ပါတယ်။

    တစ်ရက်ထဲ (၂၉)ဦး အထိ နုတ်ထွက်ခဲ့တဲ့ ထီးချိုင့်မြို့နယ်မှာတော့ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးအကုန်လုံးနီးပါး နုတ်ထွက်ထား ပြီး မြို့ပေါ်ရပ်ကွက်တချို့မှာသာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကသာမြို့အထက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အားတွေ တိုးချဲ့ နေပေမယ့် ကသာမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ‌တော့ ကျေးရွာအုပ်ချုပ်ရေးမှူး (၁၂)ဦး တပြိုင်နက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို အုပ်ချုပ်ရေးမှူးတွေ အစုလိုက်နုတ်ထွက်တာဟာ ဒေသကာကွယ်ရေးတွေဘက်က နုတ်ထွက်ဖို့ ရက်သတ်မှတ်ထားတာကြောင့်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဘီဘီစီရဲ့ သုတေသနစစ်တမ်းအရ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာ မတ်လကစပြီး စက်တင်ဘာလ အထိ (၈၂)ဦးရှိပါပြီ။

    စစ်ကောင်စီရဲ့ ဒေသန္တရအုပ်ချုပ်ရေး လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ အခုလို နုတ်ထွက်လာတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  18. ရွှေနဲ့ ဒေါ်လာစျေး ဆက်ကျ

    ရန်ကုန်စျေးကွက်မှာ အမေရိကန်ဒေါ်လာ မြန်မာငွေလဲနှုန်းနဲ့ ရွေစျေးတွေ ဒီကနေ့လည်း ဆက်လက်ကျဆင်းနေတယ်လို့ အောက်တိုဘာလ ၅ ရက်နေ့ ရန်ကုန်စျေးကွက်အတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့အောက်တိုဘာလ ၅ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၁၈ သိန်း ကိုးသောင်းအထိ ကျလာပြီး အောက်တိုဘာလ ၄ ရက်နေ့က ၁၉ သိန်း သုံးသောင်းနဲ့စျေးပိတ်ခဲ့တာဖြစ်ပါတယ်။

    အမေရိကန် တစ်‌ဒေါ်လာကို အောက်တိုဘာလ ၄ ရက်နေ့က အပြင်စျေး ကျပ်၂၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့သိရပြီး ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဒေါ်လာစျေးဟာ ကျပ်၂၀၆၀ ခန့်စျေးကျသွားတယ်လို့ လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

    ရွှေနဲ့ ဒေါ်လာစျေးတွေ အောက်တိုဘာလ ၃ ရက်နေ့ နောက်ပိုင်းစစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာလက်ဝယ်ထားရှိမှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်ပပို့ကုန်ရငွေတွေနဲ့ ပက်သက်တဲ့ညွှန်ကြားစာတစ်စောင်ကိုပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီညွှန်ကြားချက်က အောက်တိုဘာ ၃ရက်နေ့ကစပြီး အသက်ဝင်မှာပြီး ပို့ကုန်လုပ်ငန်းရှင်တွေကနိုင်ငံခြား ပို့ကုန်တင်ပို့ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကိုလက်ဝယ်ကိုင် ဆောင်ထားခွင့်မရှိဘဲ ရက် ၃၀ အတွင်း ဘဏ်တွေကိုစျေးကွက် ပေါက်စျေးနဲ့ မပျက်မကွက် ပြန်ရောင်းချရမှာဖြစ်တယ်လို့ဆိုပါတယ်။

    အဲ့ဒီ့နောက်ပိုင်း ရန်ကုန်ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ အကျကြမ်းနေတယ်လို့ လည်းရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

  19. မုံရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်သူတစ်ဦး အသတ်ခံရ

    မုံရွာမြို့ သာစည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းထောင့် ပွင့်ဦးလက်ဖက်ရည်ဆိုင်အနီးမှာ ရပ်ကွက်အလိုက် လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူတစ်ဦး အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ အသတ်ခံလိုက်ရပါတယ်။

    သူဟာ စစ်ကောင်စီကို သတင်းပေးသူ တစ်ဦးဖြစ်တဲ့အတွက် PDF South Monywa က ရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမှာ ယာဥ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီးနောက် သတင်းပေးလို့စွပ်စွဲခံရသူ တစ်ဦး ဓားနဲ့ထိုးပြီး အသတ်ခံရတာဖြစ်ပါတယ်။

    အသတ်ခံရသူဟာ ပြည်တော်််သာရပ်ကွက်မှနေတဲ့ မသန်စွမ်းတစ်ဦးဖြစ်ပြီး မုံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စားသောက်စရာနဲ့ ဆေးလိပ်တွေ ဝယ်ယူပို့ဆောင်နေသူ တစ်ဦးဖြစ်တယ်လို့လည်း ဒေသခံအချို့က ပြောကြပါတယ်။

    သူအသတ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီးနောက် စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့လည်း မုံရွာဒေသခံတွေက ပြောပါတယ်။

  20. ဦးညီပုကို စွဲဆိုထားတဲ့ ၅၀၅(ခ)အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ရှိ