ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို, ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

    ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုတွေရင်ဆိုင်နေရတဲ့ သမ္မတ ဦးဝင်းမြင့်က အာဏာသိမ်းတဲ့နေ့ မနက်မှာ ကျန်းမာရေးအကြောင်းပြကာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တပ်ဘက်က သူ့ကိုလာပြောသလို နုတ်မထွက်ပေးရင် ပုဂ္ဂိုလ်ရေး ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပြီး ပြောခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက် တရားခွင်မှာ ထွက်ဆိုသွားတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။

    မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ တစ်မှုတည်း စွပ်စွဲခံရထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုအတွက် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုချိန်မှာ ဦးဝင်းမြင့်က အခုလိုပြောခဲ့တာဆိုပြီး ရှေ့နေအဖွဲ့က တရားရုံးအပြီးမှာပြောပါတယ်။

    ''ဦးဝင်းမြင့်ရဲ့အဓိက ထွက်ဆိုချက်ထဲမှာ ၁.၂. ၂၀၂၁ နေ့ နံနက် ၅ နာရီအချိန် လာရောက်ဖမ်းဆီးစဉ်တဲ့။ ဦးဝင်းမြင့်ရဲ့အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလားမသိဘူး။ ၂ ဦးဝင်လာတယ်တဲ့။ ကျန်းမာရေးကိုအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ အဲဒီတော့ သမ္မတကြီးကနေ သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက်ကြောင့် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်လို့ဆိုပြီး သူ့ကို ပြောတယ်တဲ့။ အဲဒီတော့ ဦးဝင်းမြင့်ကလည်း နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး အသေပဲ ခံလိုက်မယ်ဆိုတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့။ ဦးဝင်းမြင့်က နောက်တစ်ခါ ထပ်ပြီးတော့ ခင်ဗျားတို့ ဥပဒေနဲ့အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ပါဘူးလို့ ပြောတယ်တဲ့။'' လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အပေါ် စွဲဆိုတာလည်းဖြစ်ပါတယ်။

    အဲ့ဒီထုတ်ပြန်ချက်ထဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပါဝင်ပါတယ်။

    ဒါပေမဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းမှာ အမည်ပါရုံနဲ့ စွဲဆိုထားတဲ့အမှုကို ကျူးလွန်တယ်လို့ စွပ်စွဲပြောဆိုတာဟာ စွပ်စွဲပြောဆိုတာဟာ ယုတ္တိမရှိတဲ့၊ အခြေအမြစ်လည်း မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ပြောသွားတယ်လို့လည်း ရှေ့နေအဖွဲ့ကပြောပါတယ်။

    ဒါ့ကြောင့် ဒီနေ့ရုံးချိန်းမှာ ဘာကြောင့် ဒီအမှု စွဲတယ်ဆိုတာကို ရှင်းလင်းပြောကြားချက်မှာတော့ ဦးဝင်းမြင့်က သူ့ကို ဖမ်းဖမ်းချင်းမှာ သူ့အိမ်ကိုရောက်လာပြီးတော့ ရာထူးထွက်ပေးဖို့ပြောဆိုတယ်ဆိုတဲ့အကြောင်း ရုံးမှာ ပေါ်ပေါက်တဲ့အချက် တစ်ချက်ဖြစ်ခဲ့တယ်လို့ ရှေ့နေအဖွဲ့က ပြောထားပါတယ်။

  3. အာဆီယံအထူးသံရဲ့ နေပြည်တော်ခရီးစဉ်မဖြစ်မြောက်သေး

    မြန်မာပြည်တွင်းကို လာမယ့် အာဆီယံအထူးသံတမန်ရဲ့ခရီးစဉ် ဒီနေ့ အောက်တိုဘာလ ၁၂ ရက်မှာ မဖြစ်မြောက်သေးဘူးဆိုပြီး စစ်ကောင်စီဘက်က အတည်ပြုပြောဆိုလာပါတယ်။

    အာဆီယံအထူးသံနဲ့ ပါတီအချို့ နေပြည်တော်မှာတွေ့ဆုံဖို့ ရှိပေမယ့် တွေ့ဆုံပွဲ ပျက်တယ်ဆိုတဲ့ သတင်း မနက်အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့ပြီး အထူးသံရဲ့ခရီးစဉ် မဖြစ်လာသေးဘူးဆိုတာကို စစ်ကောင်စီဘက်က အခုလိုထုတ်ပြောလာတာပါ။

    အာဆီယံအထူးသံတမန် နေပြည်တော်ကို မရောက်သေးသလို တွေ့ဆုံဖို့ အစီအစဉ်တွေလည်း မပျက်ဘဲ အချိန်နဲ့ရက်သာပြောင်းဖို့ပဲ ရှိတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    အာဆီယံအထူးသံတမန် မစ္စတာ အီရိဝမ်ယူစွပ်ဖ်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကိုနဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီဘက်ကို မေတ္တာရပ်ခံထားပေမဲ့ တိုက်ရိုက်အကြောင်းပြန်တာ မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ပြောထားပါတယ်။

    မြန်မာ့အရေးဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ဘုံသဘောတူညီချက် ၅ ချက်ရခဲ့ပြီး အဲဒီထဲမှာ အထူးသံခန့်ဖို့ ပါဝင်သလို အထူးသံကို ဘက်ပေါင်းစုံနဲ့တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

    ဒါပေမဲ့ အဲဒီသဘောတူညီချက်ရအပြီး လနဲ့ချီကြာမှ အထူးသံခန့်နိုင်ခဲ့တာဖြစ်သလို အထူးသံခန့်ပြီးတဲ့နောက်မှာလည်း သူ့ရဲ့မြန်မာပြည်ခရီးစဉ် မဖြစ်မြောက်သေးတာ ၂ လထဲ ဝင်လာပြီဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ အထူးသံရဲ့မြန်မာခရီးစဉ်အတွက် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဘရူနိုင်းနဲ့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ ညှိနှိုင်းနေဆဲဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောဆိုထားပါတယ်။

  4. တန့်ဆည်၊ ကံထူးမစံပြကျေးရွာက ဓါးပြမှုကိုဖော်ထုတ်မယ်လို့ ဒေသကာကွယ်ရေးတပ်ပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်ခရိုင်အတွင်းက ကံထူးမ စံပြကျေးရွာထဲမှာရှိတဲ့နေအိမ်တစ်အိမ် ဓားပြတိုက်ခံရမှုကို ဖော်ထုတ်မယ်ဆိုပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ပြောလာပါတယ်။

    လူ ၄ ဦးက ကံထူးမရွာတောင်ပိုင်းမှာရှိတဲ့ နေအိမ်တအိမ်ကို မနေ့အောက်တိုဘာလ ၁၁ရက် ညပိုင်းမှာ ဓါးပြတိုက်သွားတာဖြစ်ပြီး အိမ်ရှင်ဟာ ဓားနဲ့ခုတ်ခံခဲ့သလို ရွှေထည်ပစ္စည်းတွေနဲ့ငွေသား ၁၆ သိန်းကျော် ပါသွားတယ်လို့နီးစပ်သူတွေကပြောပါတယ်။

    "လူ ၄ယောက်ဝင်လာတော့ အိမ်ရှင်ယောင်္ကျားက အနောက်ပေါက်ကပြေးတာကို လိုက်ခုတ်တာ။ ထိခိုက်ဒဏ်ရာရသွားတယ်။ မင်းတို့အိမ်က ဒလန်အိမ်ဆိုပြီးပြောသွားတယ်လည်းသိရတယ်။ တကယ်တော့ အဲ့ဒီအိမ်ကသာမန်မုန့်လုပ်တဲ့လုပ်ငန်းတစ်ခုလုပ်တဲ့အိမ်ပါ။ ပိုက်ဆံ ချမ်းသာတဲ့အိမ်လည်းမဟုတ်ဘူး" လို့ဓားပြတိုက်ခံရတဲ့နေအိမ်နဲ့ နီးစပ်တဲ့ရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီဓါးပြမှုနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ကလူငယ်တွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေထွက်ပေါ်လာချိန်မှာပဲ ဒေသကာကွယ်ရေးတပ်တွေဘက်က ငြင်းဆိုပြီး ဖြစ်စဉ်ကိုဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။

    "ကျွန်တော်ကပြည်သူတွေကိုကာကွယ်ဖို့လုပ်ထားတဲ့ အဖွဲ့တွေဖြစ်လို့ပြည်သူကို ဒုက္ခမပေးဘူး။အခုဖြစ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မလုပ်ပါဘူးလို့ စာထုတ်လိုက်ရင်ရပေမဲ့ အဲဒီလိုပေါ့ပျက်ပျက်မလုပ်ဘူး။ ဘယ်သူတွေပုံဖျက်နေတယ်၊ ဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတာကို ကျွန်တော်တို့ဖော်ထုတ်ပြီးမှ တရားဝင်စာထုတ်ပြန်သွားပါမယ်'' တန့်ဆည်ဒေသကာကွယ်ရေးဘက်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိကံထူးမစံပြကျေးရွာမှာတော့ ကျေးရွာအုပ်ချူပ်ရေးမှူးလည်း နုတ်ထွက်ထားပြီး အုပ်ချုပ်ရေးပိုင်းအားနည်းမှုတွေရှိတဲ့အပြင် တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့ဖြစ်ရပ်တွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  5. ရိက္ခာထမ်းခိုင်းဖို့နဲ့လမ်းပြဖို့ စစ်ကောင်စီတပ်ရဲ့ခေါ်ဆောင်ခံရတဲ့အရပ်သူတစ်ဦး လက်နက်ထိမှန်တယ်လို့ ကေအဲန်ယူ ပြော

    ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်းမှာ ရိက္ခာပစ္စည်းထမ်းခိုင်းဖို့နဲ့ လမ်းပြဖို့ စစ်ကောင်စီရဲ့ စကခ(၈)နဲ့ ခမရ(၄၀၅)တပ်သားတွေ ခေါ်ဆောင်ခံခဲ့ရတဲ့ ဝေါ်ဝီလေးရွာသူရွာသား ၄ ဦးထဲက အမျိုးသမီးတစ်ဦးဟာ တိုက်ပွဲအတွင်း လက်နက်ထိမှန်ခဲ့တယ်လို့ ကရင်အမျိုးအသား အစည်းအရုံး(ကေအဲန်ယူ)က သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်တွေက ရွာသူရွာသားတွေကို စစ်ရေးအတွက် အသုံးပြုခဲ့တာကြောင့် တိုက်ပွဲဖြစ်ချိန်မှာ အသက် ၆၀ အရွယ် အဲဒီအမျိုးသမီးဒဏ်ရာရခဲ့တာဖြစ်ပြီး အခုတော့ ဒေသဆေးခန်းမှာ ဆေးကုသမှုခံနေပြီလို့ ဆိုပါတယ်။

    အဲဒီဖြစ်စဉ်ဟာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ကေအဲန်ယူ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မူတြော်ခရိုင်နဲ့ သထုံခရိုင်နယ်မြေတွေမှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်တွေဆိုပြီး ကေအဲန်ယူဘက်က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    အဲဒီဖြစ်စဉ်တွေထဲမှာ စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ်က ဒေသခံလူငယ်တွေကို မူးယစ်ဆေးဝါးနဲ့မြူဆွယ်ဖျားယောင်းတာ၊ မီးဖွားမယ့်သူကို သွားခွင့်မပေးတာ၊ စစ်ကောင်စီတပ်အချို့ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့လယ်ယာတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်က အပစ်ရပ်ကာလတိုးတဲ့ထုတ်ပြန်ချက်အပြီးမှာ ကရင်ပြည်နယ်ထဲ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီက အခြေအနေတွေနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  6. မုံရွာရဲစခန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ, ရဲ ၂ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာရှိတဲ့ အမှတ်(၂)ရဲစခန်းကိုမနေ့ အောက်တိုဘာ ၁၁ ရက်နေ့ညပိုင်းက မုံရွာဒေသကာကွယ်ရေးအဖွဲ့တွေက လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ PDF-South Monywa ကသတင်းထုတ်ပြန်ထားပါတယ်။

    မနေ့ည ၁၁ နာရီဝန်းကျင်မှာ ရဲစခန်းအတွင်းကို လက်ပစ်ဗုံး ၂ လုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်သား ၂ဦး သေဆုံးကာ ဒေသကာကွယ်ရေးတပ်ဘက်က တစ်ဦး ပွန်းပဲ့ဒဏ်ရာရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    “အသံဗုံးတွေကြားနေရတာတော့ ည ၈နာရီဝန်းကျင်လောက်ကတည်းက ကြားရနေရတာပါ။ စစ်ကောင်စီကတပ်စွဲထားတာက စာသင်ကျောင်းအနောက်ကရဲစခန်းမှာ။ ည ၁၁ နာရီလောက်မှာတော့ အသံအကျယ်ကြီးလည်းကြားတယ်။ အနံ့တွေလည်းရတယ်။ စစ်ကောင်စီတွေ သေ မသေကတော့ ညပိုင်းမို့ဘယ်သူမှထွက်မရတော့မသိရဘူး။ ရဲစခန်းကတည်း အကုန်ကာထားတာ'' လို့ ရဲစခန်းအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်ကထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မုံရွာအမှတ် (၂)ရဲစခန်းကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

    ဒါ့အပြင် ဒီကနေ့အောက်တိုဘာ ၁၂ ရက်မနက်ပိုင်းမှာတော့ မုံရွာမြို့ပတ်လမ်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကားတွေနဲ့နေရာယူစောင့်ကြည့်ပြီး စစ်ဆေးမှုတင်းကျပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

  7. စစ်တပ်နှိမ်နင်းတာခံနေရတဲ့ကယားမှာ သေဆုံးသူ ရာကျော်အထိရှိလာ

    ပြီးခဲ့တဲ့မေလကစလို့ စစ်ကောင်စီတပ်တွေရဲ့နှိမ်နင်းတာခံနေရတဲ့ ကယားပြည်နယ်မှာ သေဆုံးသူ ရာကျော်ရှိလာပြီး အဲဒီထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ဆိုပါတယ်။

    အဲဒီထဲမှာ စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့တဲ့အရပ်သား ၈၀ ကျော်ပါဝင်ပြီး တိုက်ပွဲအတွင်း သေဆုံးသူ အယောက် ၃၀ ကျော်ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကိုယ်ဝန်အရင့်အမာနဲ့အမျိုးသမီးတစ်ယောက် စစ်ရှောင်ရင်း လုံလောက်တဲ့ကျန်းမာရေးစောက်ရှောက်မှု မရလို့ ခုရက်ပိုင်းအတွင်းသေဆုံးမှု ရှိခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း စစ်ရှောင်အမျိုးသမီး တစ်ယောက် မွေးဖွားခဲ့တဲ့အမွှာကလေးနှစ်ယောက် ဆုံးပါးသွားခဲ့ပါတယ်။

    စစ်ဒဏ်ခံနေရတဲ့ကယားပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ လက်တလောကိုဗစ်ကူးစက်မှုဆိုးရွားနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့သိရှိရပါတယ်။

  8. အာဆီယံအထူးသံတမန်နဲ့ ပါတီတချို့ တွေ့ဆုံပွဲ ပျက်

    အာဆီယံအထူးသံတမန် မစ္စတာ အီရိဝမ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီတချို့ ဒီနေ့အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာနေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာတွေ့ဆုံဖို့ စီစဉ်ထားတာ ပျက်သွားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

    "တွေ့ဆုံပွဲမဖြစ်တော့ဘူး။ ပျက်သွားတယ်လို့ ကော်မရှင်က ဒီမနက်မှာအေကြောင်းကြားလာတာပါ။ ဘာကြောင့်လဲတော့ မပြောပါဘူး။ နောက်မှပြန်ဆက်သွယ်မယ်ပဲပြောပါတယ်" လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

    ဖိတ်ကြားခံရတဲ့အထဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင်နေပြည်တော်အခြေစိုက်ပါတီ ၄ ခု နဲ့ အပါအဝင် ပါတီ ၈ခု ကိုဖိတ်ထားတယ်လို့ ကနဦးသတင်းတွေ အရသိရပါတယ်။

    ကျားဖြူပါတီလို့လူသိများတဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP လည်း ဖိတ်ကြားခံရတဲ့အထဲပါဝင်လို့တက်ရောက်ဖို့ရှိတယ်လို့ ကနဦးသိခဲ့ရပါတယ်။

    မြန်မာ့အရေးဖြေရှင်းဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံအထူးသံတမန်ခန့်အပ်မှု ၂လကျော်ကြာ လာပြီဖြစ်ပြီးမြန်မာနိုင်ငံလာဖို့အရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်နိုင်မယ်လို့ ယုံကြည်ရင် အဲ့ဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့ အစောပိုင်းမှာ ပြောထားပါတယ်။

  9. စစ်ကောင်စီက ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်လည်ထည့်သွင်း

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကို ပြန်လည် ထည့်သွင်းလိုက်တဲ့အကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    အရင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကို ပြန်လည်ထည့်သွင်းတယ်လို့ စကားရပ်များပြောင်းလဲ သတ်မှတ်တဲ့ဥပဒေနဲ့ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

    နိုင်ငံအုပ်ချုပ်ရေးယန္တရားမှာ အောက်ခြေအဆင့်အထိရောက်ရှိတဲ့ ထွေအုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုပြီး သမ္မတက ခန့်အပ်တဲ့ တပ်မတော်သား၀န်ကြီး ဦးဆောင်တဲ့ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိခဲ့တာပါ။

    ဒါပေမဲ့ NLD အစိုးရ လက်ထက်မှာ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုတစ်ခုအနေနဲ့ ထွေအုပ်ကို အရပ်သားဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဆိုတဲ့ဝန်ကြီးဌာန စီမံမှုအောက်ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထည့်သွင်းခဲ့ပါတယ်။

    တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီဟာ ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်လည်ထည့်သွင်းလိုက်ပေမယ့် အုပ်ချုပ်ရေးထောက်တိုင်မှာ အခြေခံကျတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်လုပ်ကြံခံရတာ၊ အသက်အန္တရာယ်စိုးရိမ်လို့ နုတ်ထွက်ကြတာတွေကြောင့် အောက်ခြေအုပ်ချုပ်ရေးယန္တရား ပုံပေါ်လာအောင်လုပ်ဖို့ ခက်ခဲနေဆဲလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

  10. မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း လူငယ်တွေဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

    အောက်တိုဘာလ ၁၀ ရက်နေ့ မနက်အရုဏ်မတက်ခင် အချိန်က ပွင့်ဖြူမြို့နယ် ကံသာကြီးရွာက လူငယ် လေးယောက်နဲ့ စံပြရွာက လူငယ် တစ်ယောက်တို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ဖမ်းဆီး သွားခဲ့ပါတယ်။

    အဖမ်းခံရသူတွေထဲက အသက် ၂၁ နှစ်အရွယ် ကိုထက်ခေါ် ကိုဝင်းထက်ကျော်ကတော့ မနက် ၂ နာရီလောက်မှာ အိပ်ရာကနေ နှိုးခေါ်သွားတာခံခဲ့ရပြီး မနက် ၄ နာရီမှာ သေဆုံးသွားပြီလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေက တစ်ဆင့် မိသားစုက သိခဲ့ရတယ်လို့ ဆွေမျိုးသားချင်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အိမ်မှာ လာဖမ်းတုန်းက ဘာကြောင့် ဖမ်းမှန်း မသိခဲ့သလို ဘာကြောင့် သေဆုံး သွားခဲ့မှန်းလည်း မိသားစုက မသိခဲ့ရဘူးလို့ သူက ပြောပါတယ်။

    ကိုဝင်းထက်ကျော်ဟာ အဖမ်းခံရပြီး စစ်ကောင်စီတပ်တွေက ခေါ်လာစဥ် စံပြရွာက လူငယ်တစ်ဦးကို ဝင်ဖမ်းချိန်မှာထွက်ပြေးလို့ ပစ်သတ်ခံရတာလို့ ပွင့်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

    မနက်မိုးလင်းရင် သက်ဆိုင်ရာကို လိုက်လံမေးမြန်းမယ်လို့ စဉ်းစားထားခဲ့ပေမဲ့ မိုးမလင်းခင် သေဆုံးကြောင်း သိလိုက်ရတာလို့ သူ့ရဲ့မိသားစုဝင်တွေက ဆိုပါတယ်။

    နေ့လယ် ၁၂ နာရီလောက်က အလောင်း ပြန်ရပြီး ညနေ ၃ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ အဲ့ဒီ ဆွေမျိုးတော်သူက ပြောပါတယ်။

    သေနတ်ဒဏ်ရာကြောင့် ဦးခေါင်းပွင့်ပြီး သွေးသံရဲရဲ ဖြစ်နေတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာ နောက်ကျောက ပစ်လိုက်တဲ့ သေနတ်ကျည်က ရင်ဘတ်ကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာတွေကို ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ကိုထက်ခေါ် ကိုဝင်းထက်ကျော် အပါအဝင် အဖမ်းခံ ခဲ့ရသူတွေအားလုံးဟာ အသက် ၂၀ ကျော် အရွယ် လူငယ်တွေဖြစ်ကြပါတယ်။

    သူတို့ဟာ သင်တန်းတက်ပြီး ပြန်လာတဲ့ PDF တွေဖြစ်တယ်၊ အောက်တိုဘာလ ၇ ရက်နေ့က ပွင့်ဖြူမြို့ တောင်ဘက်က စစ်ဆေးရေးဂိတ်မှာ ဖြစ်ခဲ့တဲ့ ဗုံး ပေါက်ကွဲမှုမှာ ဒီလူငယ်တွေ ပါဝင်တယ် ဆိုပြီး စစ်ကောင်စီသတင်းပေးတွေက မမှန် သတင်းတွေ ပေးလို့ အခုလို ဖမ်းဆီးမှုတွေ ဖြစ်တာလို့ နာမည် မဖော်လိုတဲ့ ပွင့်ဖြူမြို့နယ် NLD ပါတီဝင် တစ်ယောက်က ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပွင့်ဖြူနယ် အတွင်းမှာ စစ်ကောင်စီက ပစ်ခတ်လို့ သေဆုံးခဲ့ရသူ အခုချိန်ထိ ၇ ယောက် ရှိနေပြီး ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူက ၈၀ ကျော်ရှိတယ်လို့ စာရင်းပြုစု သူတွေနဲ့ အတူ ကိုယ်တိုင်ပါဝင် ကောက်ခံမှုအရ သိရတယ်လို့ သူက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  11. မင်းတပ် စစ်ရှောင်တွေကိုကူညီတဲ့ ပလက်ဝ ဒေသခံ ၄ ဦးအမှု မနက်ဖြန် အမိန့်ချမယ်

    ချင်းပြည်နယ် ပလက်ဝမြို့မှာ မင်းတပ်က စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုပြီး ပလက်ဝဒေသခံ ၄ ဦးကို ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

    တရားစွဲဆိုတဲ့အခါမှာရှေ့နေ မငှားနိုင်တာကြောင့် တရားစွဲဆိုခံရသူတွေက ကိုယ့်ဘာသာကိုယ် ခုခံ ထွက်ဆို ခဲ့တာဖြစ်တယ်လို့ တရားစွဲဆိုခံထားရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    မင်းတပ်စစ်ရှောင်တွေကူညီနေသူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က တရားစွဲဆို ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီ့နေမှာပဲ ဖမ်းဆီးခဲ့ပြီးတော့ တရားလိုဘက်ကို တရားခံဘက်ကို ပါစစ်ဆေးပြီးသွားပြီလို့ ပြောပါတယ်။

    မင်းတပ်က စစ်ဘေးရှောင်တွေကို ပလက်ဝ ဘက်ကို စစ်ဘေးရှောင်လာတဲ့အချိန်မှာ သူတို့ကို CDF လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုပြီး ၅၀၅ က နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

  12. ဂုတ်ထိပ်တံတားနဲ့အပြိုင် မှန်သားပြင်လျှောက်လမ်းတံတားဆောက် မယ်လို့ စစ်ကောင်စီပြော

    ရှမ်းပြည်နယ် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားအနီးမှာ ၁.၇ ကီလိုမီတာရှည်တဲ့ မှန်သားပြင်လျှောက်လမ်းတံတား တည်ဆောက်ဖို့အတွက် ဂုတ်ထိပ် ချယ်ရီ ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကို စီမံကိန်းနဲ့ပတ်သက်ပြီး လာရောက်ရှင်းလင်းဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီမှန်သားပြင်လျှောက်လမ်းတံတားကို သမိုင်းဝင် ဂုတ်ထိပ်တံတားမီးရထားလမ်းနဲ့အပြိုင်ဆောက်လုပ်မှာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။

    မှန်သားပြင်လျှောက်လမ်းတံတား အနီးမှာ မြေယာရှှုခင်းအလှတွေပါ ထည့်သွင်းသွားမယ်လို့သိရပြီး ဘယ်တော့လောက်အပြီး ဆောက်လုပ်မယ်ဆိုတာကိုတော့ ပြောမသွားခဲပါဘူး၊

    မှန်သားပြင်လျှောက်လမ်း တံတားပြီးတဲ့အခါမှာ အများပြည်သူတွေ တံတားပေါ်လမ်းလျှောက်ပြီး တောတောင်အလှတွေခံစားနိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

  13. ဒီပဲယင်းနဲ့ရွှေဘိုကြားရွာတွေကို စစ်တပ်ရောက်လာလို့ ထွက်ပြေးနေကြ

    ပြီးခဲ့တဲ့ ၂ရက် ကတည်းက ဒီပဲယင်းမြို့နယ် ပုဂံရွာထဲမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အဲ့ဒီတစ်လျှောက်က ရွာတွေကို ရွာချင်းဆက်သွယ်ထားတဲ့ လမ်းတွေ အတိုင်းမသွားဘဲ လယ်ကွက် တွေထဲကနေ သွားလာနေကြတယ်လို့ ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

    ဒီပဲယင်းမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီရက်သတ္တပတ်အတွင်းမှာ မိုင်းထောင် တိုက်ခိုက်မှုတွေ အများအပြားရှိလာလို့ နေ့စဉ်ဆိုသလို မိုင်းကွဲနေတာကို ကြားသိနေရတယ်လို့ ဆိုပါတယ်။

    မနေ့က အောက်တိုဘာလ ၁ဝရက်နေ့က ည ၈ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် သစ်ရာအိုက်ကျေးရွာက ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

    ဒါ့အပြင် ဒီပဲယင်းနဲ့ ရွှေဘို နယ်တို့အကြားက ညောင်ကိုင်း၊ တယ်သီးတော၊ ရုံးတော၊ အုတ်ဆယ်စတဲ့ ကျေးရွာကဒေသခံတွေကတော့ ရွာအတွင်းမှာ စစ်တပ်စီးနင်းထားတာကြောင့် နီးစပ်ရာရွာတွေမှာ ထွက်ပြေးခိုလှုံနေရာတာလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

    မနေ့က မနက်ပိုင်းမှာပဲ အဲဒီရွာတွေနဲ့ အနီးနားတွေကို ဒေသအခေါ် နမခ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လက်နက်ကြီးတွေနဲ့ ၁၀ချက်ကျော်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ယင်းမာပင် မုံရွာ ကားလမ်းတောင်ဘက်ကနေ လက်လုပ်ဆွဲမိုင်း ၄ လုံးနဲ့တိုက်ခိုက်ခဲ့ပြီး မော်တော်ယာဥ်အနည်းငယ်ပျက်စီးကာ တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  14. မအူပင်နဲ့ ကျိုတ်လတ်မှာ ဗုံးတွေ ပေါက်

    ဧရာဝတီတိုင်းထဲက မအူပင်မြို့နဲ့ ကျိုတ်လတ်မြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်၊

    မအူပင်မြို့က ကမ်းနားလမ်း ရုပ်ရုင်ရုံအနီးမှာ ဒီကနေ့ အောက်တိုဘာလ ၁၁ ရက် မနက်ပိုင်းက ပေါက်ကွဲခဲ့ပြီး လူအချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ မအူပင်ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် မအူပင်မြို့ ပေါ်တော်မူဘုရားသွားတဲ့ဘက် မြို့သစ်ဘက်မှာလည်း ပေါက်ကွဲမှုတွေရှိခဲ့ပြီး မြို့သစ်ပေါက်ကွဲမှုအပြီးမှာ ကမ်းနားလမ်းမှာ ပေါက်ကွဲတာလို့ သူတို့က ပြောပါတယ်။

    “ကျွန်တော် တို့လည်း အပြင်မထွက်ရဲလို့ ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ လတ်တလော မသိသေးဘူး မပေါက်သေးတဲ့ ဗုံးတစ်လုံးလည်း တွေ့တယ်လို့ ကြားတယ်”လို့မအူပင်ဒေသခံက ပြောပါတယ်။

    မအူပင်မှာ ပေါက်ကွဲမှုအပြီး ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့လည်း သူတို့ကပြောပါတယ်။

    အောက်တိုဘာလ ၇ ရက်‌ကလည်း မအူပင်မြို့ ယာဉ်ထိန်းရဲကင်းရှေ့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်တယ်။

    မအူပင်မြို့ အနီးက ကျိုတ်လတ်မြို့မှာ ၂ လမ်း လျှပ်စစ်ရုံးရှေ့မှာ မနေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

  15. အာဆီယံအထူးကိုယ်စားလှယ် နဲ့ နိုင်ငံရေးပါတီအချို့ မနက်ဖြန်တွေ့ဆုံဖို့ရှိ, ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေးတောင်းဆိုချက်ဘယ်လိုဖြစ်လာနိုင်လဲ

    မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်မစ္စတာ အီရွန်ယူစွပ်ဖ် နဲ့ နိုင်ငံရေးပါတီအချို့ မနက်ဖြန် အောက်တိုဘာ ၁၂ရက်မှာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံဖို့ရှိတယ်လို့ ဖိတ်ကြားခံထားရတဲ့ပါတီအချို့ကဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်က ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုမှုမပြသဘူးဆိုရင် အောက်တိုဘာလ ၂၆ ရက်မှာကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီး ညီလာခံကို စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားဖို့ ခက်မယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့မလေးရှား ရဲ့လူသိရှင်ကြားပြောဆိုမှုနောက်မှာ ဒီခရီးစဉ်အထမြောက်လာတာတွေ့ရပါတယ်။

    ဖိတ်ကြားခံရတဲ့အထဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီ အပါအဝင်နေပြည်တော်အခြေစိုက်ပါတီ ၄ ခု နဲ့ အပါအဝင် ပါတီ ၈ခု ကိုဖိတ်ထားတယ်လို့ ကနဦးသတင်းတွေ အရသိရပါတယ်။ ကျားဖြူပါတီလို့လူသိများတဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP လည်း ဖိတ်ကြားခံရတဲ့အထဲပါဝင်လို့တက်ရောက်ဖို့ရှိတယ်လို့ပါတီဥက္ကဋ္ဌစိုင်းအိုက်ပေါင်းကပြောပါတယ်။နိုင်ငံရေး အကဲခတ်အချို့ကတော့ တွေ့ဆုံခွင့်ပေးတဲ့ပါတီတွေကို တချက်စောင့်ကြည့်ရမှာဖြစ်သလို အခု အကြိမ်မှာ အာဆီယံအထူးသံတမန်မစ္စတာ Erywan Yusof တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရနိုင်မလားဆိုတာကိုလည်းစိတ်ဝင်စားနေကြတာပါ။

    မြန်မာ့အရေးဖြေရှင်းဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံအထူးသံတမန်ခန့်အပ်မှု ၂လကျော်ကြာ လာပြီဖြစ်ပြီးမြန်မာနိုင်ငံလာဖို့အရေး အကြိမ်ကြိမ်ညှိနှိုင်းပြီးနောက်မှာတော့ အခုလို ရောက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီပြောရေးခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်နိုင်မယ်လို့ ယုံကြည်ရင် အဲ့ဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့ အစောပိုင်းမှာ ပြောထားပါတယ်။

  16. မုံရွာ အနီးတိုက်ပွဲတွေဖြစ်

    မုံရွာမြို့နဲ့အနီးတစ်ဝိုက်မှာ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ မုံရွာမြို့ခံတွေထံက သိရပါတယ်။

    တိုက်ပွဲဖြစ်တဲ့နေရာဟာ မုံရွာမြို့တစ်ဖက်ကမ်းကိုဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကူးတံတားအနီး ရွှေတောင်ဦးမှာဖြစ်ပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာလို့ မုံရွာဒေသခံတွေက ပြောပါတယ်။

    ယင်းမာပင်မြို့နယ်ဘက်ခြမ်း ရွှေတောင်ဦး အောင်ဇေယျရပ်ကွက်အတွင်း အိမ်တွေ၊စျေးတွေကို စစ်တပ်မှ ရှာဖွေနေတာကနေ တိုက်ပွဲတွေဖြစ်ခဲ့တာလို့လည်း သူတို့ကပြောပါတယ်၊

    ဒါ့အပြင် ယင်းမာပင်ဖက်သွားတဲ့ ဖိုလ်ဝင်တောင် လမ်းခွဲမှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီးတော့ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    အဲ့ဒီနောက်ပိုင်း မုံရွာနဲ့ ယင်းမာပင်မြို့ကိုဆက်သွယ်ထားတဲ့ ချင်းတွင်းတံတား မုံရွာကို ဖြတ်သန်းတာ ပိတ်ထားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ချင်းတွင်းတံတား ပိတ်ထားတာကြောင့်ဖြတ်သန်းဖို့ စောင့်ဆိုင်းနေတဲ့ စျေးဝယ် ကားတွေ ၊ဆိုင်ကယ်တွေ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ယင်းမာပင် မုံရွာ ကားလမ်းတောင်ဘက်ကနေ လက်လုပ်ဆွဲမိုင်း ၄ လုံးနဲ့တိုက်ခိုက်ခဲ့ပြီး မော်တော်ယာဥ်အနည်းငယ်ပျက်စီးကာ တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်၊

  17. သမိုင်းလမ်းဆုံက ယာဉ်ထိန်းရဲရုံအပြင် ဓနုဖြူနဲ့ပေါင်က လျှပ်စစ်ရုံးတွေမှာ ပေါက်ကွဲမှုတွေဖြစ်

    နိုင်ငံအတွင်းမှာတော့ ရန်ကုန်အပါအဝင် နိုင်ငံ့ဒေသအချို့မှာ မနေ့ အောက်တိုဘာလ ၁၀ ရက်ညပိုင်းနဲ့ ဒီနေ့ အောက်တိုဘာလ ၁၁ ရက်တို့မှာ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

    ရန်ကုန်မှာဆိုရင် ဒီကနေ့ နေ့လည်ပိုင်းတုန်းက သမိုင်းလမ်းဆုံမှာရှိတဲ့ Citymart ဆိုင်ရှေ့ ပလက်ဖောင်းပေါ် ယာဉ်ထိန်းရဲရုံအနီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒီရုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရှိနေခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတယ်လို့ ဘီဘီစီက ကနဦး သိရှိရပါတယ်။

    ဧရာဝတီတိုင်းမှာဆိုရင် ဓနုဖြူမြို့က လျှပ်စစ်ရုံးနဲ့ မွန်ပြည်နယ်၊ ပေါင်မြို့က လျှပ်စစ်ရုံးတွေဟာ မနေ့ညပိုင်းနဲ့ ဒီနေ့မနက်အစောပိုင်းတို့မှာ ဗုံးဖောက်ခွဲခံရပေမဲ့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

    ဒါ့ပြင် ဧရာဝတီတိုင်းထဲက မအူပင်မြို့မှာလည်း ဒီနေ့မနက်အစောပိုင်းမှာ ဗုံး ၂ ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ရန်ကုန်မှာဆိုရင် မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ တနေ့တည်းတင် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ သင်္ကန်းကျွန်း၊ မင်္ဂလာဒုံ စတဲ့မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    လူထုအနေနဲ့ လျှပ်စစ်ရုံး၊ ထွေအုပ်ရုံးလို စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို တတ်နိုင်သမျှ ရှောင်ဖို့၊ အပြင်ထွက်ရင် သတိနဲ့သွားလာကြဖို့ ဒေသခံကာကွယ် ရေးတပ်တွေက လူမှုကွန်ယက်တွေကနေ သတိပေးမှု ထွက်ပေါ်လာအပြီးမှာ အခုလို ဗုံးပေါက်ခွဲမှုတွေ ခပ်စိပ်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

  18. ဒီမောဆိုကစစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရလိုအပ်ချက်ကြောင့် သေဆုံးသူတွေရှိလာ

    ကယားပြည်နယ်၊ ဒီမောဆိုကစစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု နဲ့အာဟာရလိုအပ်ချက်တွေကြောင့် သေဆုံးသူတွေရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၁ရက်မနက်ပိုင်းကလည်း ဒေါငံခါး (၄)ကအသက်၃၉နှစ်အရွယ် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု မရလို့ ဖျားနာတာကနေကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ကြီးပိုင်းသေဆုံးမှုကပိုများနေပြီးဖျားနာကြတာအများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

    '' အခုက ကိုဗစ်လက္ခဏာပုံစံတွေ့ရတယ်။ဖျားနာပြီးဆုံးတယ်။အဓိကကတော့ကျန်းမာရေးစောင့်ရှာက်မှုမရတာကြောင့်ပါ။ဆေးရုံဆေးခန်းပို့ဖို့အဆင်မပြေဘူး။ဖြူစင်မေတ္တာပရဟိတကားကလည်း မသွားရဲဘူး။ လွိုင်ကော်အထိသွားဖို့ကျတော့ အရမ်းအခက်အခဲရှိတယ်။လမ်းခရီးမှာမလုံခြုံဘူး။စစ်တပ်ကဖမ်းတာတွေရှိတော့မသွားရဲကြဘူး '' လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ဒီမောဆိုဒေသခခံတစ်ဦးကပြောပြပါတယ်။

    ဒီမောဆိုအနောက်ဘက်မှာ စစ်ရှောင်စခန်း ၁၀ခုကျော်ရှိနေပြီး စခန်းတစ်ခုမှာ လူဦးရေ ၂၀၀ကျော်ကနေ ၆၀၀ လောက်အထိ နေထိုင်နေကြရလို့ အခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဒီမောဆိုမြို့ တိုက်ပွဲစခဲ့တဲ့ မေလကနေ ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့ကုန်းသာ တိုက်ပွဲတွေကြောင့် စစ်ရှောင် အရေအတွက်က ထောင်ချီရှိနေပါတယ်။

  19. အောက်တိုဘာလ ၉ ရက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါးကျဆုံးတယ်လို့ စစ်ကိုင်းဒေသခံကာကွယ်ရေးတပ်တွေပြော

    စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်တွေကို ချေမှုန်းပြင်ဆင်လာနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး ကျဆုံးတယ်ဆိုပြီး ဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့က ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။

    အောက်တိုဘာလ ၉ ရက်နေ့မှာ ဖြစ်တဲ့ တိုက်ပွဲ ၄ ကြိမ်နဲ့ အောက်တိုဘာလ ၁၀ ရက်မှာဖြစ်တဲ့ တိုက်ပွဲ ၁ ကြိမ် စုစုပေါင်း ၅ ကြိမ်အတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့တာလို့ ဆိုပါတယ်။

    ဒီတိုက်ပွဲတွေကို ချောင်းဦး၊ မုံရွာ၊ မြောင်၊ မြင်းခြံ၊ မြင်းမူ၊ ရေစကြိုစတဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြည်ထောင်စု ကာကွယ်ရေးနဲ့လွတ်မြောက်ရေးတပ်ပေါင်းစု(UDLA)က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်တာ၊ ကင်းတဲကို ပစ်ခတ်တာ၊ ဒေသခံကာကွယ်ရေးတပ်တွေရဲ့မိုင်းမှန်တာတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးမှု များခဲ့တာလို့ အဲဒီဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    စစ်ကိုင်းက တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူဆီ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  20. ကျန်းမာရေးအရ နှစ်ပတ်တစ်ကြိမ်ကြားနာစစ်ဆေးပေးရန် ဒေါ်အောင်ဆန်းစုကြည်လျှောက်ထားမှု တရားရုံးလက်မခံ, သဘာဝဘေးပုဒ်မ ၂၅ နဲ့ အမှုကို စွဲချက်တင်ကြောင်းအမိန့်ချ

    ကျန်းမာရေး အခြေအနေကြောင့် ကြားနာစစ်ဆေးမှုတွေကို တစ်ပတ်ခြားတစ်ခါ ( နှစ်ပတ်တစ်ကြိမ်) စစ်ဆေးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားသူကြီးထံကို စာတင်ပြတောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ တစ်ပတ်တစ်ခါသာစစ်ဆေးမယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၁ရက် နေပြည်တော် အထူးတရားရုံး ကကြားနာစစ်ဆေးမှုမှာ တရားသူကြီးက အမိန့်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

    တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုတွေ အတွက်လည်း အမှုကို စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချခဲ့တယ်လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ အဲဒီပုဒ်မနဲ့ စွဲချက်တင်၊ မတင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကသူတို့မှာ အပြစ်မရှိကြောင်း ဒီကနေ့မှာလည်း ထပ်မံထွက်ဆိုခဲ့တယ်လု့ိဆိုပါတယ်။

    '' ပထမမှာ သမ္မတဦးဝင်းမြင့်ကိုစစစ်ပါတယ်။ဦးဝင်းမြင့်က အပြစ်မရှိဘူးလို့ပြောပါတယ်။ ဒါပေမယ့် အဲဒီအမှုအတွက် ကို စွဲချင်တင်တယ်လို့အမိန့်ချတဲ့အတွက်အမှုကိုဆက်စစ်ဖို့ဖြစ်သွားတာပေါ့။အဲဒီမှာ ပြန်ခေါ်သက်သေရဲမှူးကြီး ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ် တစ်ဦးကို ပြန်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုဆက်စစ်ပါတယ်။ အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်။ အဲဒီမှာလည်း ခုနက ရဲအရာရှိနှစ်ယောက်ကိုပဲ ပြန်ခေါ်ပါတယ် '' လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကရှင်းပြပါတယ်။

    တခါ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အမှုအတွက် တရားလိုဘက်ကတင်ထားတဲ့ နောက်တိုးသက်သေ ဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင်ကလာရောက်ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

    '' ဦးစည်သူအောင်ကတော့ တရားလိုဘက်ကနောက်တိုးသက်သေပါ။သူကတော့ Jammer ကိစ္စအတွက်ပဲထွက်ဆိုတယ်။ကျန်တဲ့ပစ္စည်းတွေသူမသိဘူးပဲပြောပါတယ်။ အဲဒီ Jammer ကိစ္စတစ်ခုအတွက်ပဲလာထွက်တယ်လို့ပြောပါတယ် '' လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အတွက် နောက်လာမယ့် ရုံးချိန်းမှာ စွဲချက် လျှောက်လွှဲချက်ပေးဖို့ ရှိပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၁ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ကို စွဲချက် တင် ၊မတင် အမိန့်ချရမှာဖြစ်ပေမယ့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ဆက်စပ်နေလို့ လာမယ့်အပတ်မှာပဲ တွဲလျက်အမိန့်ချမယ်လို့ တရားသူကြီးက ဆုံးဖြတ်ကြောင်း ရှေ့နေ့အဖွဲ့ကရှင်းပြပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာ လမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ပို့ကုန်သွင်းကုန်ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရ တာဖြစ်ပါတယ်။ အဲဒါကြောင့် စွဲချက်တင်သင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင်အမှုကိုဆက်စစ်ဆေးသွား မှာဖြစ်ပြီး စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရှင် လွတ်မြောက်မှာဖြစ်ပါတယ်။