ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို
အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရုံးချိန်းတက်, ရှေ့နေအဖွဲ့နဲ့သီးခြားတွေ့ဆုံခွင့်မရ
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်စွပ်စွဲထားတဲ့ အမှုတွေထဲက နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေဆိုင်ရာအမှုအတွက် ဒီနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ပြုလုပ် တဲ့ ဒုတိယအကြိမ်ကြားနာမှုကို လူကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။
ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ် အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ဒုဝန်ကြီးဦးဆက်အောင်တို့ကိုပါ တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ရုံးချိန်းကိုတော့ အထူးတရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမှုတွဲမှာစွပ်စွဲခံရသူတွေများတာကြောင့် အဲဒီထဲကလူပုဂ္ဂိုလ်အချို့အတွက် ရှေ့နေအဖြစ်ဆောင်ရွက်ဖို့ ပါဝါတင်မယ့် ရှေ့နေတွေလည်းပါလို့ ဒီနေ့တရားရုံးမှာ တရားခွင်ထဲဝင်ဖို့ ရှေ့နေ ၁၀ ဦးကျော်အထိရှိခဲ့ပါတယ်။
ဒါပေမဲ့ ရှေ့နေတွေအားလုံးတရားခွင်ကို ဝင်ရောက်ခွင့်ရရေးအကန့်အသတ်တွေကြုံခဲ့ရတယ်လို့ ဒီနေ့ရုံးချိန်းကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေတစ်ဦးက ပြောပါတယ်။
‘ရှေ့နေတွေကို ဝင်ခွင့်ကန့်သတ်တာပါ။ အခြေအနေအကြောင့်လို့လို့ ပြောပါတယ်။ အဲဒီလို ကန့်သတ်တာကိုတော့ ရဲကို ရှေ့ရုံးချိန်းမှာ စီစဉ်ပေးဖို့ ပြောပါတယ်။ ဒေါ်စုလည်းလာပါတယ်။ အရင်လို တွေ့ခွင့်မရ။ ရုံးရှေ့မှာပဲတွေ့ရတယ်။။ ဒါက ဥပဒေအရ ကန့်သတ်လို့မရဘူးဗျ။ အစဉ်အလာကြီးတစ်ခုလို ဖြစ်လာမယ်။ ဒီတစ်ခေါက်ဖြစ်လာတာကိုက အကြောင်းပြ ချက်မခိုင်လုံဘူးဗျ။ အမှုသည်ရဲ့အခွင့်အရေးလည်း ဖြစ်တယ်။ ဆယ်ယောက်ဖြစ်ရင်ဖြစ်မှာပေါ့။ နေရာထိုင်ခင်းကို အကြောင်းပြပြီးကန့်သတ်တာပါ။’ လို့ အဲဒီရှေ့နေက ပြောပါတယ်။
ဒီအမှုဟာ မစ္စတာရှောင်တာနယ်ရဲ့လက်(ပ်)တော့နဲ့စာရွက်စာတမ်းတွေမှာတွေ့ရတဲ့ အချက်အလက်တွေအရ စွဲဆို ထားတာဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ လျှို့ဝှက်ချက်အက်ဥပဒေဟာ ရန်သူနိုင်ငံတွေ ရှိတဲ့ကာလက ပြဋ္ဌာန်းခဲ့တာမို့ လက်ရှိမြန်မာနိုင်ငံမှာ ရန်သူနိုင်ငံမရှိတဲ့အချက်ကို ကိုးကားပြီး ရှေ့နေတွေက ခုခံလျှောက်လဲဖို့ပြင်ဆင်နေပါတယ်။
'တကယ်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကိစ္စတွေပါ။ နိုင်ငံတော်လျှို့ဝှက်ချက်တွေမဟုတ်ဘူး' လို့ ရှေ့နေ ဦးကြည်ဝင်း ကအစောပိုင်းမှာ ဘီဘီစီကိုပြောထားပါတယ်။
မြေနီကုန်းဖြစ်စဉ်မှာ သေဆုံးခဲ့သူ ဒေါက်တာဇင်လင်းရဲ့ဇနီးကို ခေါ်ယူစစ်ဆေးနေကြောင်း စစ်ကောင်စီ ပြော
ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက မြေနီကုန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီနေ့က ပစ်ခတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဒေါက်တာဇင်လင်းနဲ့ မခင်ခင်ကြွယ်အပါအဝင် လေးဦးတို့က ပစ်ခတ်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ရာမှာ သေဆုံးခဲ့တယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် ဒေါက်တာဇင်လင်းရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီက ခေါ်ယူဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဟုတ်မှန်ကြောင်းနဲ့ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ဒေါက်တာဇင်လင်းရဲ့ဇနီးဖြစ်သူဟာ ပြစ်မှုကျူးလွန်ထားတာမရှိဘူးလို့လည်း ပြောကြားသွားပါတယ်။
ဒါပေမဲ့ ဘယ်တော့ ပြန်လွှတ်ပေးမလဲဆိုတာတော့ ပြောကြား သွားတာမရှိပါဘူး။ စက်တင်ဘာ ၂၅ ရက်မနက် တစ်နာရီခွဲခန့်မှာ ရန်ကုန်၊ မြေနီကုန်းတံတားအနီး၊ ပြည်လမ်းပေါ်က တိုက်ခန်း တစ်ခုကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းရာမှာ ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးအပါအဝင် လေးဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့နောက် စစ်ကောင်စီဘက်ကလည်း ပစ်ခတ်ခံရလို့ သေဆုံးသူတချို့ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
အဲဒီ မြေနီကုန်းဖြစ်စဉ်နဲ့ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေက လမ်းမပေါ်လဲကျနေသူတချို့ကို ကန်ကျောက်ရိုက်နှက်နေတဲ့ မြင်ကွင်းတွေပါတဲ့ ဗီဒိယိုဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မြေနီကုန်းဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်လို့ ပြောကြားမှုတွေရှိနေပြီး အဲဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သူတို့ဘက်က ထိခိုက်ကျဆုံးသူရှိတယ်လို့ ပြောပေမယ့် ဘယ်နှဦးဆိုတာတော့အရေအတွက်အတိအကျမပြောသွားပါဘူး။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ လျှို့ဝှက်ရဲမှုခင်းကြေးနန်းလို့ ပြောကြတဲ့ အစီရင်ခံစာပါအချက်တွေမှာတော့ စစ်ကောင်စီဘက်က သုံးဦး သေဆုံးတယ်လို့ ဖော်ပြထားတာတွေ့ရပေမယ့် ဒီစာနဲ့ပတ်သက်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းရှင်းလင်းသွားတာမရှိပါဘူး။
အခုဖြစ်စဉ်မှာ စစ်ကောင်စီကတော့ တိုက်ခန်းအတွင်းကနေ လှေကားတစ်လျှောက်ကနေ ပစ်ခတ်မှုတွေရှိလို့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြောကြားထားပေမယ့် ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူ ဒေါက်တာဇင်လင်း၊ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့နဲ့နီးစပ်သူတချို့ကတော့ အဲဒီမြေနီကုန်းဖြစ်စဉ်ဟာ အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဘူးလို့ ပြည်တွင်းမီဒီယာတချို့မှာ ပြောကြားထားတာတွေ့ရပါတယ်။
ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းရှိရာ ကော့ဇက်ဘဇားခရိုင်မှာ ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူအဖြစ်လူသိများတဲ့ မိုဟီးဘူလာ ပစ်ခတ်သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
သူဟာ အာရကန်ရိုဟင်ဂျာအသိုင်းအဝိုင်းငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။
မိုဟီးဘူလာဟာ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာတွေ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်ကနေ ထွက်ပြေးကြတဲ့အခါ ထွက်ပြေးလာသူတွေထဲက တစ်ဦးဖြစ်ပြီး ရိုဟင်ဂျာတွေအရေး တစိုက်မတ်မတ်ဆောင်ရွက်လာသူဖြစ်သလို ပညာဖြန့်ဝေနေသူလည်းဖြစ်တယ်လို့ အမျိုးသမီး၊ရိုဟင်ဂျာတွေအရေးအပြင် လူ့အခွင့် အရေးပါ တက်ကြွလှုပ်ရှားနေတဲ့မမဝေဝေနုကပြောပါတယ်။
‘မိုဟီးဘူလာဟာ ရိုဟင်ဂျာအသိုင်းအဝန်းအတွက် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့၊ လူ့အခွင့်အရေးထောက်ပံ့ပေးဖို့ ထုတ်ဖော်ပြောဆိုနေတဲ့ကိုယ်စားလှယ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သူ အခုလို သတ်ဖြတ်ခံရတာဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက် သက်ရောက်တဲ့ခံစားမှုဖြစ်စေပါတယ်။'' လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ တောင်အာရှဆိုင်ရာအကြီးအကဲက ပြောပါတယ်။
ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ သူ အခုလို သတ်ဖြတ်ခံရမှုအတွက် ကျူးလွန်တဲ့သူတွေကို ရာဇဝတ်ကြောင်းအရ ဖော်ထုတ်ဖို့ သူက တိုက်တွန်းထားပါတယ်။
ဒီးမောဆိုက စစ်ရှောင်စခန်းတချို့မှာ ရိက္ခာ တပတ်စာသာကျန်
ရိက္ခာသယ်ယူဖို့သွားတဲ့ရွာသားတွေ ပစ်ခတ်ခံရတာကြောင့် စိုးရိမ်မှုတွေပိုရှိလာကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူတွေလည်းတိုးလာတဲ့အတွက်ရိက္ခာလိုအပ်ချက်တွေ အရင်ထက် ပိရှိလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဒီးမောဆိုအရှေ့ဘက်ခြမ်းက ရွာတွေအနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်လို့ဒေသခံရွာတွေ ညတွင်းချင်း စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ဖယ်ခုံနဲ့မိုးဗြဲက ဒေသခံရွာသားတွေပါ ထပ်တိမ်းရှောင်လာရတဲ့အတွက် စစ်ရှောင်ဦးရေလည်း ထပ်တိုးလာနေတယ်လို့စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။
ဒီလို စစ်ရှောင်တွေတိုးလာတဲ့ အခြေအနေမှာ စစ်ရှောင်ပြည်သူတွေအတွက်စားနပ်ရိက္ခာသယ်ယူဖို့ လမ်းတွေမှာ စစ်ကောင်စီတပ်တွေရဲ့ တပ်စွဲစောင့်ကြည့်တာတွေ၊စစ်ဆေးမေးမြန်းမှုတွေအပြင် ပစ်ခတ်သတ်ဖြတ်မှုတွေပါလုပ်လာတဲ့အတွက် ရိက္ခာသယ်ယူဖို့ပါ စိုးရိမ်မှုတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။" ကရင်နီပြည်ထဲမှာ စစ်ရေးအရ ပိုတင်းမာလာဖို့လည်းရှိတယ်။ တချို့ စစ်ရှောင်တွေကတော့ ရိက္ခာတွေကြိုစုထားတာရှိတယ်။ အခုမှစပြီး စစ်ရှောင်ပြေးရတဲ့ရွာတွေမှာတော့ ရိက္ခာလည်းအလုံအလောက်မပါလာဘူး။ တချို့စစ်ရှောင်စခန်းတွေနဲ့မျှစားရင်းတချို့က တလလောက်ရိက္ခာတောင့်ခံနိုင်တဲ့နေရာတွေရှိသလို တစ်ပတ်လောက်နေရင် ရိက္ခာပြတ်တော့မယ့်စခန်းတွေလည်းရှိတယ်။ဆောင်းဝင်လာရင် တိုက်ပွဲကပိုဖြစ်တော့မယ်။ ရိက္ခာတွေစုဖို့လိုနေပြီ၊ အခုမလုပ်နိုင်ရင်ပိုပြီးတော့ခက်ကုန်တော့မယ်"လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာကိုဗညားက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် မနေ့စက်တင်ဘာ ၂၉ရက်နေ့မှာလည်း စစ်ရှောင်စခန်းကနေနေအိမ်တွေမှာ ရိက္ခာပြန်သယ်ယူဖို့သွားရင်း ပျောက်ဆုံးနေတဲ့ ထီးဖိုးကလိုးကျေးရွာကဒေသခံနှစ်ဦးရဲ့အလောင်းတွေကိုပြန်တွေ့ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
လက်ရှိကရင်နီပြည်နယ်ထဲမှာလည်း ဒီးမောဆို အရှေ့ဘက်ခြမ်းနဲ့ရှမ်းကယားနပ်စပ်ကဖယ်ခုံ၊ မိုးဗြဲ စတဲ့နေရာတွေမှာမနေ့ကအထိတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်းကိုလည်းဒေသကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်ထဲမှာတော့ စစ်ရှောင်စခန်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရသူပေါင်း တစ်သိန်းသုံးသောင်းရှိလာနေပြီဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်တွေအပြင်ရာသီဥတုဘေးဒဏ်ကြောင့် အမိုးအကာလိုအပ်ချက်တွေကလည်း တနေ့ထပ်တနေ့ပိုများလာနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။
ရပ်ရွာအတွက်ဆွေးနွေးညှိနှိုင်းဖို့သွားတဲ့ ထန်တလန်ရပ်မိရပ်ဖတစ်ဦးစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံး
ထန်တလန်ပြည်သူတွေနေရပ်ပြန်ဖို့အရေးမျှော်လင့်ချက်မဲ့နေတယ်လို့ဆိုထန်တလန်မြို့ကမြို့မိမြို့ဖတွေလိုက်ပါစီးနင်းလာတဲ့ ကားကိုမနေ့ကစက်တင်ဘာ ၂၉ ရက်နေ့ကစစ်ကောင်စီက ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ ဦးရာလ်သူ ဆိုတဲ့ ရပ်ရွာခေါင်းဆောင်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ထန်တလန်မြို့ကရပ်ရွာခေါင်းဆောင်တွေအနေနဲ့ ဟားခါးမြို့မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေဆီကို သွားရောက်ပြီး ထန်တလန်စစ်ဘေးရှောင်တွေအရေး၊ ရပ်ရွာအရေးဆွေးနွေးညှိ နှိုင်းမှုတွေလုပ်ခဲ့ပြီး အပြန် ထန်တလန်မြို့အဝင်မှာပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
" ဟားခါးကဘာသာရေးခေါင်းဆောင်တွေနဲ့သွားတွေ့ဖို့ကို စစ်ကောင်စီတပ်တွေကိုအသွားမှာ ဖုန်းဆက်အသိပေးထားတယ်။ အသွားတုန်းကတော့ဘာမှမဖြစ်ဘူး။အပြန်မှာဖုန်းလိုင်းမမိလို့ဆက်လို့မရဘဲ မြို့ထဲကိုဝင်လာတဲ့အချိန်မှာကားကိုအနောက်ကနေပစ်တာ။ ဦးရာလ်သူ ကတော့ပစ်ပစ်ချင်းကားပေါ်မှာပဲ ခေါင်းထိပြီးဆုံးသွားတယ်။ နောက်တစ်ယောက်လည်းခေါင်းကိုထိပေမယ့် အသက်မသေဘူး " လို့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် စစ်ကောင်စီတပ်တွေဆုတ်ခွာသွားရင် နေရပ်ကိုပြန်နေမယ်ဆိုတဲ့ထန်တလန်ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေလည်းမဖြစ်နိုင်တော့တဲ့အကြောင်းဒေသခံတွေကပြောပါတယ်။
ထန်တလန်မြို့မှာတော့ ပြီးခဲ့တဲ့စက်တင်ဘာ ၁၈ ရက်နေ့ကဖြစ်ခဲ့တဲ့အပြန်အလှန်ပစ်ခတ်မှုတွေကြားဒေသခံနေအိမ် ၂၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ပြီးသင်းအုပ်ဆရာတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
အဲ့ဒီကစလို့ထန်တလန်ဒေသခံတွေအားလုံး မြို့ကနေစွန့်ခွာထွက်ပြေးလာပြီးလက်ရှိ ထန်တလန်မြို့ထဲမှာ တော့ ရွှေ့ပြောင်းဖို့မလုပ်နိုင်တဲ့ ကျန်းမာရေးမကောင်းသူ၉ယောက်လောက်သာကျန်တော့တယ်လို့ဒေသခံတွေကပြောပါတယ်။
လူဦးရေ တစ်သောင်းခွဲလောက်ရှိတဲ့ ထန်တလန်မြို့ခံပြည်သူတွေကတော့ အိုးအိမ်တွေကိုစွန့်ခွာပြီးနီးစပ်ရာရွာတွေမှာတိမ်းရှောင်နေရသလို ၊ အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးရသူတွေလည်းရှိပြီးနေရပ်ပြန်ဖို့အတွက် မျှော်လင့်ချက်မဲ့နေတယ်လို့ဒေသခံတွေကပြောပါတယ်။
မြန်မာပြည်သူတွေရဲ့အတိဒုက္ခအတွက် အမေရိကန်နဲ့စင်ကာပူတို့ အတော်လေးစိုးရိမ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းတွေကိုကြုံနေရတဲ့မြန်မာပြည်သူတွေရဲ့အတိဒုက္ခအတွက် အမေရိကန်ရော စင်ကာပူနိုင်ငံပါ အတော်လေးကို စိုးရိမ်မိတဲ့အကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ ၂၉ ရက်မှာ ထုတ်ပြောလာပြန်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ တွေ့ဆုံအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အခုလို ပြောတာဖြစ်ပါတယ်။
သူတို့ ၂ ဦးတွေ့ဆုံချိန်မှာလည်း မြန်မာမှာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှုမြင့်တက်လာမှုနဲ့ ဒီ့နောက်ဆက်တွဲအကြမ်းဖက်မှုတွေကို အမေရိကန်ရော၊ စင်ကာပူနိုင်ငံပါ စိုးရိမ်ကြောင်းကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့လည်း မြန်မာ့အကျပ်အတည်းဖြေရှင်းရေးဟာ မြန်မာပြည်တွင်းမှာပဲ ရှိနေတယ်လို့ နှစ်နိုင်ငံစလုံးက ယုံကြည်တဲ့အကြောင်း သူကပြောပါတယ်။
''လူထုရော၊ ခေါင်းဆောင်တွေရော၊ နိုင်ငံရေးအဝန်းအဝိုင်းမှာပါနေတဲ့ခေါင်းဆောင်တွေပေါ့ သူတို့အားလုံးဟာ နိုင်ငံ့အနာဂတ်အရေးရှေးရှုပြီး စိတ်ကောင်းစေတနာမှန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။ ဒီလိုဖြစ်လာအောင် ကျွန်တော်တို့ အတင်းအကျပ်လုပ်လို့မရပါဘူး။ ဒီလမ်းကြောင်းပေါ် သူတို့ရောက်လာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဆက်ပြီး တိုက်တွန်းလုပ်ဆောင်ရမှာပါပဲ။ ဒါပေမဲ့လည်း အခုထိတော့ အဲဒီအရိပ်အယောင်မမြင်ရသေးပါဘူး။'' လို့ သူက ပြောပါတယ်။
တဖက်မှာလည်း မြန်မာရော၊ စင်ကာပူနိုင်ငံပါ အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေးအကူအညီပေးဖို့ ကြိုးစားနေပြီး ဒီလိုဆွေးနွေးမှုတွေပေါ်လာဖို့ အာဆီယံအထူးသံတမန်အနေနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ အားလုံးနဲ့တွေ့ဆုံခွင့်ရရေး စောင့်နေရဆဲဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။
မြန်မာ့အရေး မြန်ဆန်ထိရောက်တဲ့ဖြေရှင်းချက်တွေ မရှိနေသေးပေမဲ့လည်း တတ်နိုင်သမျှ ဖြစ်နိုင်သမျှနဲ့ကူညီနေဆဲဖြစ်သလို ဆက်ပြီး ကူညီသွားမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
တောင်ငူမှာ စက်သုံးဆီဆိုင် အချို့အရောင်းပိတ်လို့ အလုအယက် ဝယ်နေကြ
တောင်ငူမှာ စက်သုံးဆီ ဆိုင်အချို့ စက်တင်ဘာလ ၂၉ ရက်နေ့က အရောင်းပိတ်လိုက်ပြီးနောက် စက်သုံးဆီ အလုအယက် ဝယ်နေကြတယ်လို့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ တောင်ငူမှာပိတ်သွားတဲ့ ဆီဆိုင်တွေကတော့ နယူးဒေးနဲ့ နီလာရိုးမဆိုင်တို့ဖြစ်ပြီး ကျန်တဲ့ ဆိုင်အချို့ကတော့ ဖွင့်လှစ်ရောင်းချတဲ့ အတွက် အဲ့ဒီဆိုင်တွေမှာ လူတွေက စုပြုံတိုးပြီး ဝယ်နေကြတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
တောင်ငူမြို့ခံတစ်ဦးက ဆီဆိုင်မန်နေဂျာကို မေးကြည့်တဲ့အခါမှာတော့ ဆီဆိုင်တွေ ဘာကြောင့်ပိတ်ရတယ်ဆိုတာ မသိရကြောင်း၊ဆီတွေထပ်ဝယ်ဖို့ အခြေအနေမသေချာတဲ့ အတွက်ပိတ်တာလို့ သူတို့ကပြန်ပြောတဲ့အကြောင်း တစ်ဆင့်ပြန်ပြောပြပါတယ်။
တောင်ငူက ဆီဆိုင်တွေဘက်ကိုတော့ ဘီဘီစီက မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
အခုလို သတင်းတွေကြောင့် တောင်ငူမြို့ခံအချို့ကတော့ မနက်ဖြန်မှာဆီဆိုင်တွေကနေ စက်သုံးဆီ လိုက်ဝယ်ဖို့ ပြင်နေကြတယ်လို့ဆိုပါတယ်။
စက်သုံးဆီတွေတင်သွင်းတဲ့ ကုမ္ပဏီအချို့ကို ဗဟိုဘဏ်က ရောင်းပေးတဲ့ စျေးနူန်းအတိုင်း ရန်ကုန် မန္တလေး နေပြည်တော်တို့မှာ ဆိုင်အချို့ သက်သာတဲ့နူန်းတွေနဲ့ ဖွင့်လှစ်ရောင်းချပေးနေပြီးတော့ နယ်တွေမှာ ဆက်လက်ဖွင့်လှစ်ဖို့ စီစဥ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမှာ စစ်မှုထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရ
မုံရွာမြို့ သာစည်လမ်းမကြီး မြို့မရွှေဂူကျောင်းတိုက်အနီးမှာ စစ်မှုထမ်းဟောင်း တစ်ဦးကို Monywa The Boy နှင့် Monywa UG တို့က စက်တင်ဘာလ ၂၉ ရက်နေ့ ဒီကနေ့ ညနေ ၄နာရီမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သူဟာ စစ်ကောင်စီသတင်းပေးလုပ်တဲ့အပြင် အကြမ်းဖက်လုပ်ရပ်များမှာ ကိုယ်တိုင်ပါဝင်သလို စစ်ကောင်စီအတွက်လူသစ်စုဆောင်းပေးတာတွေလုပ်တဲ့အတွက် သေနတ်နဲ့လေးချက်ပစ်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေကိုလုပ်ကြံတဲ့ MPDF တွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့ ဖော်ပြတာမတွေ့ရပါဘူး။
မနက်ပိုင်းကလည်း မုံရွာမြို့ ကျောက္ကာလမ်း ဇလုပ်ဆီဆိုင်တန်းများအနီးမှာ လက်ပြန်ကြိုးတုပ်လျှက်သား ဂုတ်ပိုး ခုတ်ပိုင်းဒဏ်ရာများဖြင့် အမျိုးသား အလောင်းတစ်လောင်းကိုတွေ့ရှိရပါတယ်။
သေဆုံးသူ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မုံရွာမှာ ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှု ၊ပစ်ခတ်မှုတွေနဲ့ စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးတဲ့ကျေးရွာတွေရှိနေ
ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးအစီအစဥ် ကျေးရွာတွေအချို့ရောက်မလာသေးကြောင်းနဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး လုံးဝမထိုးရသေးတဲ့ ကျေးရွာတွေ ရှမ်းပြည်နယ်ထဲမှာ ရှိသေးတယ်လို့အောင်ပန်း ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အသက် ၆၅ နှစ် အထက်တွေအပါအဝင် ကျေးရွာရှိလူအားလုံးနီးပါး ကာကွယ်ဆေးထိုးနှံခွင့်မရသေးတဲ့ သူတွေရှိကြောင်း ရှမ်းပြည်နယ်၊ ကလော မြို့နယ် အပိုင် ငုံးသိုကျေးရွာအုပ်စုက လူဦးရေ ၂၀၀ကျော် ၃၀၀ နီးပါးရှိတဲ့ အိုင်ယားကျေးရွာမှာနေထိုင်သူ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုရရှိသူ ၇ ဒသမ ၂၀၅သန်းနဲ့ ကာကွယ်ဆေး ၂ကြိမ် အပြည့် ထိုးပြီးသူက ၃.၇၂၉သန်းရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာတော့ အသက် ၆၅ နှစ်အထက်တွေ ဆေးထိုးပြီးကြလို့ အသက် ၅၀ နှစ်အထက်တွေကို စာရင်းကောက်နေကြတယ်လို့ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင်မြို့ကြီးတွေမှာ ကာကွယ်ဆေးထိုးနှံခွင့်ရသူတွေကို ရပ်/ကျေးတွေကတဆင့် ကြေညာတာ ထိုးနှံပေးတာတွေရှိနေပေမယ့် နယ်မြို့တွေနဲ့ ကျေးရွာတွေဘက်မှာတော့ ကာကွယ်ဆေးထိုးဖို့ လက်လှမ်းမမီတာတွေရှိနေတယ်လို့ ကာယကံရှင်အချို့ကပြောပါတယ်။
ကလောမြို့ကို အချို့ကတက်ပြီးဆေးထိုးရင် ထိုးပေးတယ်လို့ ပြောကြပေမယ့် ရွာကလူတွေသ လုံခြုံရေးအရ စစ်ဆေးမူတွေကြောင့် သွားရောက်နိုင်ခြင်းမရှိကြောင်း လတ်တလော ကျေးရွာတွေမှာကိုဗစ်ကြောင့် သေဆုံးသူတွေရှိကြောင်းလည်း သူတို့ကပြောပါတယ်။
ဒေါ်လာ အဝယ်သာရှိပြီး အရောင်းမရှိသလောက်ဖြစ်
ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ပြည်တွင်းငွေလဲစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၆၀၀ ဝန်းကျင်နဲ့ စျေးစဖွင့်ခဲ့ပေမယ့် အဝယ်သာရှိပြီးအရောင်းမရှိသလောက်ဖြစ်နေတယ်လို့ ရန်ကုန်စျေးကွက်ကနေ စုံစမ်းသိရပါတယ်။
အဝယ်ပဲရှိပြီး လာရောင်းသူမရှိတာကြောင့် စျေးကွက်ပျက်တဲ့အနေအထားဖြစ်လာတယ်လို့ Farmer Auto ငွေလဲလုပ်ငန်းပိုင်ရှင် ဒေါက်တာစိုးထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒေါ်လာလက်ဝယ် ရှိသူက ကြိုက်စျေးပြောရောင်းတဲ့အခြေအနေ ဖြစ်နေပြီးတော့ စျေးတွေက အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၆၀၀ ကျပ်ဝန်းကျင်ထက်ပိုပြီး စျေပေးတာတွေလည်း ရှိတယ်လို့လည်း စျေးကွက်သတင်းတွေအရ သိရပါတယ်။
ငွေလဲ ကောင်တာတွေလည်း ဘယ်စျေးရောင်းရမှန်းမသိလို့ အရောင်းပိတ်ထားပြီး စျေးကွက်ပျက်နေတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဒေါ်လာနည်းတူ ရွှေစျေးကွက်မှာလည်း မီးလင်းရွှေတစ်ကျပ်သားကို ကျပ် ၂၁သိန်း ၅သောင်းနဲ့ ဒီကနေ့ စျေးဖွင့်ခဲ့ပေမယ့် အထည်ခတ်ရောင်းသူတွေအနေနဲ့ ရွှေလိုသလောက်ဝယ်မရတာ ရွှေကုန်သည်တွေဆီ ကနေ နေ့လယ်ပိုင်းအထိ ရွှေစျေးအတည်တကျမသိရတာတွေပါဖြစ်လာတယ်လို့ တနိုင်တပိုင် ရွှေထည်ခတ် ရောင်းသူတွေထံကသိရပါတယ်။
ဒေါ်လာနဲ့ရွှေစျေးတက်လာတာနဲ့အမျှ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းတွေလည်း အဆမတန် မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာတဲ့အတွက် ဒီကနေ့ မနက်ပိုင်းက မြဝတီ၊ တာချီလိတ်အစရှိတဲ့ နယ်စပ်မြို့တွေက ငွေလဲလုပ်ကိုင်သူအချို့ ငွေလဲတာကို ယာယီရပ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့ကရောင်းရငွေသည် ဒီနေ့အတွက် အရှုံးဖြစ်သည်
လှိုင်သာယာမှာ PDF နဲ့ CDM သမားတွေကို အိမ်နဲ့အဆောင် မငှားဖို့ အိမ်ရှင်တွေကို ဖိအားပေး လက်မှတ်ထိုးခိုင်း
ရန်ကုန်တိုင်း လှိုင်သာယာမှာ PDF နဲ့ CDM သမားတွေကို အိမ်မငှားဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး လက်မှတ်ထိုးခိုင်းတာတွေ ရှိနေပါတယ်။
မနေ့က စက်တင်ဘာလ ၂၈ ရက်မှာ လှိုင်သာယာ ၁၈ ရပ်ကွက်နဲ့ ၂၀ ရပ်ကွက် အိမ်ရှင်တွေကို ရပ်ကွက်ရုံးခေါ်ပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အိမ်ရှင်တစ်ဦးကပြောပါတယ်။
လက်မှတ်မထိုးတဲ့အိမ်ရှင်တွေကိုတော့ အဆောင်ငှားခွင့်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
PDF တွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတာကြောင့် PDF တွေကို အိမ်ငှားရင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အိမ်ပါအသိမ်းခံရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေက ကြေညာချက်ကို မြေပြင်မှာ အကောင်အထည်ဖော်တာလို့ သိရပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ဟာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတွေမှာလုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ မိသားစုတွေဟာ အိမ်ငှားနေထိုင်ကြပြီး ရန်ကုန်တိုင်းအတွင်း လူဦးရေအထူထပ်ဆုံးမြို့နယ်တစ်မြို့န် ဖြစ်ပါတယ်။
ကုလအနေနဲ့ မြန်မာ့အရေး ထိရောက်တဲ့ဆောင်ရွက်ချက်ပေါ်ဖို့ မဖြစ်နိုင်သေးဘူးလို့ မစ္စ ယန်ဟီးလီပြော
ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပြီး မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စယန်ဟီးလီက သုံးသပ်ပြောဆိုလာပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ တရုတ်နဲ့ရုရှားနိုင်ငံတို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပါဝင်နေချိန်မှာ ကုလအနေနဲ့ မြန်မာ့အရေးအတွက် အရေးပါတဲ့ဆောင်ရွက်ချက် ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ ဘီဘီစီမေးမြန်းမှုကို သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
''ဒီလိုမလုပ်နိုင်တာဟာ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ရှက်စရာဖြစ်တယ်။ နောက်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီထဲမှာပါနေတဲ့ တရုတ်နဲ့ ရုရှားတို့က ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသဘောထားကို အနိုင်ကျင့်သလို လုပ်နေတာမျိုးကို ဒီအတိုင်းလွှတ်ထားတာဟာလည်း ကောင်စီအတွက် ရှက်စရာပဲ''လို့ မစ္စယန်ဟီးလီကပြောပါတယ်။
မစ္စယန်ဟီးလီဟာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးအစီရင်ခံစာတင်သွင်းသူဟောင်း ဖြစ်သလို လက်ရှိမှာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာကိစ္စရပ်တွေအတွက် အထူးအကြံပေးကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ဒါ့ပြင် CRPH က ဆက်ခန့်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတစ်ယောက် တနင်္လာနေ့က ပြီးစီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ပြီး သူ့နေရာသူထိုင်၊ မိန့်ခွန်းပြောကြားခွင့်မရခဲ့တာဟာလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြစ်သင့်တဲ့ကိစ္စ ဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့ ဖြစ်စဉ်လို့လည်း မစ္စယန်ဟီးလီက ပြောပါတယ်။
စစ်ကောင်စီက ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ဆိုပြီး မြန်မာကိုယ်စားလှယ်အသစ်နောက်တစ်ဦးကို ကုလသမဂ္ဂထံ စေလွှတ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ဟာ ညီလာခံတက်ရောက်ခွင့်မရခဲ့သလို ဦးကျော်မိုးထွန်းလည်း ညီလာခံမှာ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပါဘူး။
ဒီအခြေအနေဟာ အမေရိကန်နဲ့ တရုတ်တို့အပြင် မြန်မာအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အာဆီယံအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကြား နောက်ကွယ်သံခင်းတမန်ခင်းစေ့စပ်ညှိနှိုင်းမှုကနေ ထွက်ပေါ်ခဲ့တာလို့ ဖောရိန်းပေါ်လစီမဂ္ဂဇင်းမှာ ဖော်ပြခဲ့သလို ဦးကျော်မိုးထွန်း ကိုယ်တိုင်ကလည်း သူသိရှိနားလည်ထားတာနဲ့ မဂ္ဂဇင်းမှာဖော်ပြတာ အတူတူပဲဆိုပြီး ဘီဘီစီကို အတည်ပြုပါတယ်။
စက်တင်ဘာလ ၂၇ ရက်တုန်းက ကျင်းပတဲ့ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေကကုလကိုယ်စားလှယ်ကို ခန့်အပ်တဲ့အခါ ဒီကိုယ်စားလှယ်ကို စိစစ်တဲ့အရည်အချင်းအစစ်ကော်မတီရဲ့လုပ်ထုံးလုပ်နည်းအရဆိုရင် သူဟာ လာမယ့် ၂၀၂၂ စက်တင်ဘာလအထိ မြန်မာကိုယ်စားလှယ်အဖြစ်ဆက်ရှိနေမယ်လို့ နားလည်ရတဲ့အကြောင်းလည်း ဦးကျော်မိုးထွန်းက ဘီဘီစီကိုပြောထားပါတယ်။
ဂန့်ဂေါနယ်ထဲက နှမ်းခါးရွာ တလအတွင်းသုံးကြိမ်မြောက်မီးရှို့ခံရပြန်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာအတွင်းမှာ ဒီကနေ့စက်တင်ဘာ ၂၉ ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ရွာထဲက နေအိမ်တွေ မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
"ဖြစ်တာက ခဏလေးပါ။ စစ်ကောင်စီဘက်ကပစ်ခတ်နေတာ၊ တဖက် ကာကွယ်ရေးကလေးတွေကလည်းပြန်ပစ်ပေမယ့် အင်အားမမျှတော့ဆုတ်ပြေးရတယ်။သူတို့လည်းပြေးရော။ ရွာကိုရှို့တော့တာပဲ" လို့နှမ်းခါးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
နှမ်းခါးကျေးရွာထဲမှာ အခုလ ဒုတိယသီတင်းပတ်နဲ့တတိယသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီဘက်ကနေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံနေအိမ် ၅၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့တဲ့အကြောင်းဒေသခံတွေကပြောဆိုထားပါတယ်။
ဒီမီးလောင်ပျက်စီးမှုတွေနဲ့ပစ်ခတ်မှုတွေကြောင့် နှမ်းခါးရွာတရွာလုံး ဘေးလွတ်ရာ တောတွေထဲထွက်ပြေးတိမ်းရှောင်နေချိန်မှာ အခုလို တတိယအကြိမ်ရွာကိုမီးရှို့ခံရတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီကနေ့မီးလောင်မှုဖြစ်ပွားနေချိန်မှာတော့ဒေသခံရွာသားတွေ ရွာထဲမှာ မရှိနေတာကြောင့် မီးလောင်ပျက်စီးသွားတဲ့နေအိမ် အရေအတွက်ကိုမသိရသေးဘူးလို့ရွာသားတွေကပြောပါတယ်။
အခုလို နှမ်းခါးရွာထဲကို စစ်ကောင်စီဘက်က သုံးကြိမ်မြောက်မီးရှို့တယ်ဆိုတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းဦးနဲ့မြောင်မြို့နယ်အနီး ကျေးရွာက နေအိမ်တွေမီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး-ပခုက္ကူကားလမ်းမအနီးမှာမနေ့ စက်တင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ကားတစ်စီးမိုင်းထိခဲ့ပြီးနောက်ပိုင်း အနီးနားကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။
စစ်ယာဉ်တန်းမိုင်းထိပြီးတဲ့နောက်ပိုင်းမှာ ကားလမ်းအနီးက မကျီးဘုတ်ရွာနဲ့မကျည်းခွရွာတွေထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေကိုရှာဖွေရင်းက နေအိမ် ၄လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရွာသားတွေကပြောပါတယ်။
"ကားလမ်းဘက်ကအသံတွေကြားတာနဲ့ရွာသားတွေက ဘေးလွတ်ရာပြေးကြတာ၊မနက် ၈နာရီလောက်မှာ ကားမိုင်းထိတယ်၊ နောက်ထပ် ၂နာရီလောက်ကြာတော့စစ်တပ်ကဝင်လာတာပဲ။ မီးရှို့ခံရတာတော့ မကျီးဘုတ်ရွာမှာ အိမ် ၂လုံး၊ မကျည်းခွရွာမှာ၂လုံးပါ။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကတော့ တချို့ရွာသားတွေကိုလည်း PDF တွေဘယ်မှာလဲသိလားစစ်မေးတယ်။ သူတို့သတင်းတွေ PDF တွေကိုဘယ်သူပေးလဲ မေးတယ်။ အမျိုးသားမှန်သမျှထွက်ခဲ့ဆိုပြီးခေါ်မေးတာ။ အဲ့ဒါပြီးနောက်တရက်အခုလို ကားမိုင်းထိတာပါပဲ " လို့ မကျီးဘုတ်ရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့မှာတော့ မကျီးဘုတ်နဲ့မကျည်းခွ ရွာတွေမှာနေထိုင်တဲ့ရွာသားတချို့ကနေအိမ်တွေကိုပြန်လည်နေထိုင်နေပေမယ့် တိမ်းရှောင်ဖို့အဆင်သင့်ပြင်ထားတဲ့ အနေအထားနဲ့နေရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။
ဒေသခံတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့တယ်ဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
တစ်လအတွင်း ပြည်တွင်းက လူပေါင်း သုံးသိန်းခြောက်သောင်းကို အကူအညီပေးထားနိုင်တယ်လို့ UNOCHA ပြော
မြန်မာပြည်တွင်းက ပြည်နယ် ၄ ခုမှာနေထိုင်တဲ့ အကူအညီလိုအပ်နေသူပေါင်း သုံးသိန်းခြောက်သောင်းကို စားနပ်ရိက္ခာနဲ့ ငွေသားထောက်ပံ့ပေးထားနိုင်တယ်ဆိုပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ပြောပါတယ်။
အခုလအတွင်း အကူအညီတွေပေးခဲ့တဲ့ပြည်နယ်တွေဟာ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာဖြစ်တယ်လို့ သိရပါတယ်။
၂ လနီးပါးဆိုင်းငံ့ခဲ့ရအပြီးမှာ ပြန်လည်စတင်တဲ့ ဒီအကူအညီပေးရေးအစီအစဉ်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)နဲ့ မိတ်ဖက်အကူအညီပေးရေးအဖွဲ့တွေက ဦးဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် စစ်အာဏာသိမ်းမှုနဲ့ကိုဗစ်ကပ်ဘေးကြောင့် အလုပ် လက်မဲ့ဖြစ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြုံရပြီး အတိဒုက္ခရောက်နိုင်ချေအများစုရှိရာ ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေက မြို့နယ်တချို့မှာ စားနပ်ရိက္ခာဖြန့်ဝေမှုအစီအစဉ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ WFP က ပြင်နေတယ်လို့လည်း သိရပါတယ်။
သတင်းသမားတွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးနေတာရပ်ဖို့ BNI ပြော
မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးနှိပ်စက် ညှင်းပန်းနေမှုတွေ ချက်ချင်းရပ်ဖို့ တိုင်းရင်းသားမီဒီယာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)က တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီး ၈ လနီးပါးအတွင်း ဖမ်းဆီးခံရတဲ့သတင်းသမား ၁၀၀ ကျော်ရှိလာပြီး အဲဒီထဲက တဝက်နီးပါးဟာ အဖမ်းခံနေရဆဲလို့ ဆိုပါတယ်။
သတင်းသမားတွေကို ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးနေတာတွေကိုလည်း အပြင်းအထန်ရှုတ်ချတယ်လို့ဆိုပါတယ်။
ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးစတဲ့တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ အင်တာနက် ဖြတ်တောက် ထားတာတွေဟာလည်း လူထုရဲ့သတင်းအချက်အလက် ရပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိချိုးဖောက်နေတာလို့ BNI က ဆိုပါတယ်။
ဒါ့ကြောင့် ဖမ်းထားတဲ့သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ သတင်းသမားတွေကို နှိပ်စက်ညှင်းပန်းနေတာတွေကို ရပ်ဖို့၊ သတင်းထုတ်လုပ်ခွင့်လိုင်စင်ရုတ်သိမ်းခံထားရတဲ့ဌာနတွေကို ပြန်လည်ခွင့်ပြုဖို့ စတာတွေကို တောင်းဆိုထားပါတယ်။
လွိုင်ကော်ကို ရိက္ခာသယ်ဖို့သွားရင်းပျောက်ဆုံးနေတဲ့ ရွာသား ၂ ဦးအလောင်းတွေကိုကျင်းတွေထဲမြှုပ်ထားတဲ့ အနေအထားနဲ့ပြန်တွေ့
လို့ဆိုကယားပြည်နယ်၊ ဒီးမောဆိုအနီးက ဒေါခလိုက်လင်းကျေးရွာနားမှာ သေဆုံးနေတဲ့ဒေသခံရွာသားအလောင်း ၂လောင်းကို လက်ပြန်ကြိုးတုပ်တဲ့အနေအထားနဲ့ပြန်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
သေဆုံးသူအမျိုးသားတွေဟာ ဒီးမောဆို မြို့နယ်၊ ထီးဖိုးကလိုးကျေးရွာနဲ့လွိုင်ကော်ကန် ခုနစ်ဆင့်လမ်းတလျှောက်ကကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်ပြီးလွိုင်ကော်မြို့ပေါ်ကို ရိက္ခာဝယ်ယူဖို့သွားရင်းပျောက်ဆုံးနေတာ ၃ရက်ခန့်ရှိပြီလို့မိသားစုတွေကပြောပါတယ်။
အခုလို ရိက္ခာတွေသယ်ယူဖို့သွားရင် ရွာသားတချို့ပျောက်ဆုံးနေတဲ့အကြောင်းကိုဒေသခံလူမှုအဖွဲ့အစည်းတွေကို မိသားစုဝင်တွေကအကူအညီတောင်းတဲ့အတွက်လိုက်ပါစုံစမ်းပေးနေရင်း အခုလိုအလောင်းတွေဆက်တိုက်ပြန်တွေ့ရတာလို့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။
"ရွာသားတွေက သူတို့မိသားစုပျောက်တယ်လို့လာပြောတာ ၃ရက်လောက်ရှိနေပြီ။အဖမ်းခံရရင်လည်းလိုက်ရှာဖို့ပေါ့။ မနေ့ည ( စက်တင်ဘာ ၂၈ရက်)မှာ အလောင်းတလောင်းတွေ့တယ်။ ဒီကနေ့မနက်(စက်တင်ဘာ ၂၉ရက်)မှာတလောင်းတွေ့တယ်။အလောင်းတွေကို လက်ပြန်ကြိုးတုပ်ထားတယ်။ လည်ပင်းကိုလှီးပြီး အိမ်သာကျင်းထဲပစ်ထားတယ်"လို့အလောင်းသယ်ယူမြေမြှုပ်ဖို့လိုက်ပါလုပ်ဆောင်ပေးခဲ့တဲ့ နွေဦးဂုရုလေးများပရဟိတအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သေဆုံးတဲ့အနေအထားနဲ့ပြန်တွေ့ရတဲ့ရွာသားတွေဟာ အသက် ၃၀ ဝန်းကျင်ရှိတဲ့လူငယ်အမျိုးသားတွေဖြစ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်ကလူငယ်တွေလို့ယူဆပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ဒေသခံရွာသားတွေကသုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင်အလောင်းတွေပြန်တွေ့ရတဲ့ ဒေါခလိုက်လင်းကျေးရွာအနီးမှာဆိုရင် စစ်ကောင်စီတပ်တွေမကြာခဏလာရောက်တပ်စွဲလေ့ရှိတဲ့နေရာဖြစ်တဲ့အတွက်အခုလိုပစ်ခတ်သေဆုံးမှုတွေဟာ စစ်ကောင်စီရဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ဒေသခံတွေရဲ့ပြောဆိုချက်တွေလည်းရှိပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိတဲ့အတွက်စစ်ကောင်စီဘက်ကို မေးမြန်းဖို့ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၂ရက်နေ့မှာလည်း ဒီးမောဆိုမြို့နယ်အတွင်းက ပျောက်ဆုံးနေတဲ့ဝမ်းကွဲညီအစ်ကိုနှစ်ဦးရဲ့ရုပ်အလောင်းတွေကို ဒီကနေ့အလောင်းတွေထပ်တွေ့တဲ့အနီးအနားမှာပဲ တွေ့ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီးမောဆို အနီးမှာ တပတ်အတွင်းတွေ့ရတဲ့ ရွာသားအလောင်း ၄လောင်းရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်ရတဲ့ရွာတွေထပ်တိုးနေတဲ့အပြင် စစ်ဘေးတိမ်းရှောင်တာမလုပ်ရတဲ့ရွာတွေဟာလည်းအခုလို ဖြစ်စဉ်တွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ရွာသားတွေကပြောပါတယ်။
အခုလို အပြစ်မဲ့ပြည်သူတွေရဲ့ အလောင်းတွေကို သတ်ဖြတ်ခံထားရတဲ့အနေအထားနဲ့ပြန်တွေ့နေရာတွေအတွက် စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်အတွင်းက ပြည်သူတွေအပေါ်လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဖြစ်တယ်လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေကသုံးသပ်ပါတယ်။
ဒေသခံရွာသားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။