ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ ငွေစျေးကျချိန် မြေပဲ နှမ်း အဝယ်လိုက်လာ

    မြန်မာငွေဈေးနူန်းတွေ ကျဆင်းပြီး တရုတ်ယွမ်ဈေး မာလာတာကြောင့် တရုတ်ကုန်သည်တွေက မြေပဲနဲ့နှမ်းကို ကြိုတင်သိုလှောင်နေကြတယ်လို့ မန္တလေး ကုန်သည်ပွဲစားတွေက ပြောပါတယ်။

    ဒါ့အပြင် ကျိုင်းတုံ၊ တာချီလိတ်ဘက်ကနေ တရုတ်ပြည်ဘက်ကို မြေပဲ နှမ်းတွေ လမ်းကြောင်း ပတ်ပြီး ဝင်ရောက်တာတွေရှိလို့ အရောင်းအဝယ် မြင့်တက်လာတယ်လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံထဲက နယ်ဒေသတချို့ဖြစ်တဲ့ မကွေး၊ ပြည်၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်၊ နွားထိုးကြီးစတဲ့ ဒေသထွက် မြေပဲ၊ နှမ်းတွေ ဈေးကွက်ထဲကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

    ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ ယွမ်ငွေ ၁၀၀ ကို ကျပ်ငွေ ၂ သောင်းအထိ လဲလှယ်ကြပြီး ဒီလ စက်တင်လာလ ၁၂ ရက်ခန့်ကစပြီး ငွေလဲနှုန်းကတော့ ယွမ် ၁၀၀ ကို ကျပ်ငွေ ၃၀,၁၀၀ ခန့်အထိ ယွမ်စျေး တက်လာတာပဲ ဖြစ်ပါတယ်။

    တရုတ်အဝယ်ရှိလာလို့ မူဆယ် နယ်စပ်ဘက် ကုန်သွယ်ရေးဖွင့်လာရင် တောင်သူတွေအတွက် ဈေးကောင်းရလာနိုင်မယ်လို့ ဆီလုပ်ငန်းရှင်တွေက မှတ်ချက်ပြုပါတယ်။

    " အခု စိုထိုင်းဆ ရှစ်၊ ကိုး၊ တစ်ဆယ် ကျွန်တော်တို့ မဝယ်ပေမဲ့။ တရုတ်တွေ ဝယ်တယ်။ မြေပဲနှမ်း အသစ်တွေချည်းပဲ။ အဟောင်းလက်ကျန် နည်းနည်းပဲကျန်တာ။ တရုတ်လိုင်းပြန်ဆွဲမယ်ဆို အရင်ဈေးတွေထိ ပြန်ရောက်နိုင်တယ်။ တောင်သူတွေအတွက် အဆင်ပြေတာပေါ့"လို့ မန္တလေးမြို့က ဆီစက်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

    စက်တင်ဘာလ နောက်ဆုံးအပတ်မှာ မန္တလေး ပဲ နှမ်း ဈေးကွက်အတွင်း တရုတ်ဝယ်လက်ရှိလာလို့ မြေပဲဆံနဲ့ နှမ်းတွေ ဈေးမြင့်လာပြီး အရောင်းအဝယ် ၂၀ရာခိုင်နူန်းတက်လာတယ်လို့ ပဲနှမ်းကုန်သည်နဲ့ ဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။

    "နယ်စပ်ကုန်သွယ်မှု ပိတ်တဲ့အချိန် ထက်စာရင် ၂၀ရာခိုင်နူန်းတက်လာတာပေါ့။ ဘာကြောင့်လဲတော ထွက်ပေါက်တစ်ခုရလို့ ဈေးတက်တာ။ နှမ်းရယ် မြေပဲရယ်။ ငွေဈေးတက်နေလို့။ ဒါကြောင့် တရုတ်ဘက်က ကုန်သည်ကြီးတွေက လာလှောင်ကြ၊ ကြိုစုဆောင်းကြတာ"လို့ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဇူလိုင်လ ကတည်းက တရုတ်နယ်စပ်ကုန်သွယ်ရေးတွေ ကန့်သတ် ပိတ်ပင်လိုက်တာကြောင့် ပဲမျိုးစုံနဲ့ နှမ်း အရောင်းအဝယ်တွေ ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လမှာ သင်္ဘောနဲ့ ကုန်တင်ပို့ရတာရှိလို့ အိန္ဒိယ ပို့ကုန်ပဲတွေ ဈေးမြင့်တက်လာခဲ့ပေမယ့် တရုတ်ဝယ်လက် မြေပဲနဲ့ နှမ်းဈေးတွေ ကျဆင်းခဲ့ပါတယ်။

  2. ဖမ်းဆီးထားသူ ၅၃၁၅ ဦး ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

    ဆူပူဆန္ဒပြမူများနဲ့ စပ်လျဥ်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၅၃၁၅ ဦး ကို ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    သူတို့ဟာ ဆူပူဆန္ဒပြမှုများမှာ ပါဝင်ခဲ့‌ပေမဲ့လည်း လူသတ်မူ အများပြည်သူအား အုပ်စုဖွဲ့တိုက်ခိုက်မှု အစိုးရပိုင် ပုဂ္ဂလိက ပိုင်အဆောက်အအုံများ တိုက်ခိုက်ဖျက်ဆီးမှုများမှာ မပါဝင်ခဲ့သလို CDM လှုပ်ရှားမှုများမှာ နက်ရှိုင်းစွာပါဝင်ခဲ့ခြင်းမရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါအပြင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများကို မိမိသဘော ဆန္ဒအလျောက် ဆက်သွယ်လာပါက အကြမ်းဖက်လုပ်ရပ်များမှာ ပါဝင်ခြင်းမရှိပါက ဥပဒေနဲ့ အညီအမှုတွေကို ပြန်လည်ဖြေလျော့ပေးခဲ့ပြီးသတင်းပို့ဆက်သွယ်လာသူ ၇၀၂ ဦး ကို အမူများကိုပိတ်သိမ်း ရုပ်သိမ်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဆက်လက်ပြီးတော့လည်း သတ်မှတ်ချက်များနဲ့ အညီ ဆက်လက်ဆောင်ရွှက်ပေးသွားမယ်လို့သတင်းထုတ်ပြန်ပါတယ်။

  3. စစ်ကောင်စီ ကိုဗစ် ကာကွယ်ဆေးအစီအစဥ် အေအေ ပူးပေါင်းမယ်

    ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်က အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်အနေနဲ့ တစ်စုံတစ်ရာဆန့်ကျင်တဲ့အမြင်မျိုးမရှိသလို ဒီကိစ္စဟာ ကျန်းမာရေးကိစ္စဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော် အေအေဟာလည်း EAO ထဲမှာပါဝင်တာကြောင့် အေအေရဲ့တပ်ဖွဲ့ဝင်တွေကိုလည်း ထိုးပေးသွားမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကိုပြောဆိုထားပါတယ်။

    “ကိုဗစ် ကာကွယ်ဆေးထိုးရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့စဉ်းစားတာကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေကိုထက် ပြည်သူတွေကိုအဓိက ဦးစားပေးပြီးတော့ ကျွန်တော်တို့စဉ်းစားတယ်ဗျ။ ဒီကိစ္စဟာ အများပြည်သူကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက်မို့လို့ ဘယ်အဖွဲ့အစည်းနဲ့မဆို ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။”လို့ ခိုင်သုခက ပြောပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုးရေးနဲ့ပတ်သက်လို့ ရခိုင်ပြည်သူတွေအနေနဲ့ ဘယ်လိုအရင်းအမြစ်ကပဲရရ ကာကွယ်ဆေးအစစ်အမှန် ဆိုလို့ရှိရင် မဖြစ်မနေထိုးကြဖို့နဲ့ သူတို့အတွက်ထိုးပေးဖို့ ကာကွယ်ဆေးတွေကိုလည်း ပြည်သူတွေကို ဦးစားပေးထိုးပေး သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ရက္ခိုင့်တပ်တော် အေအေအနေနဲ့လည်း ကိုဗစ် တတိယလှိုင်းဖြစ်ပွားနေတဲ့အချိန်တွေမှာ ထုတ်ပြန်ချက်တွေထုတ်ပြီးတော့ ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးကြဖို့အတွက် ပြည်သူတွေကိုတိုက်တွန်းထားရှိပြီး အခုလည်း မဖြစ်မနေထိုးကြဖို့ ထပ်ပြီးတိုက်တွန်းလိုကြောင်း ခိုင်သုခက ပြောဆိုထားပါယ်။

  4. ဦးညီပု အဂတိမှုအတွက် ရှေ့နေပါဝါတင်၊ ပုဒ်မ ၅၀၅ ( ခ )အတွက် ဦးညီပုကို စက်တင်ဘာ ၂၈ ရက် ရုံးချိန်းမှာ စစစ်ဖို့ရှိ

  5. ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတဲ့ ၅၀၅ (ခ)အမှုအတွက် စွဲချက်တင်အမိန့်ချ, အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားရင်ဆိုင်ဆဲအမှုတွေထဲမှာ ၅၀၅(ခ)အမှုအတွက် စွဲချက်တင်ဖို့ အမိန့်ချလိုက်ပါတယ်။ ဒါဟာ စွဲချက်တင် ကြောင်း အမိန့်ချတဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။

    ဒီလိုအမိန့်ချတာကြောင့် ပြင်ဆင်ချက် တက်ဖို့ လုပ်ဆောင်မယ်လို့ ရှေ့နေတွေဘက်ကဆိုပါတယ်။ ဒါ့အပြင် ပြန်ခေါ်သက်သေတွေကိုလည်း လာမယ့် အင်္ဂါနေ့ရုံးချိန်းမှာ စစ်ဆေး ဖို့ရှိနေပါတယ်။

    “အမိန့်ချပြီးတော့ တရားသူကြီးကနေ သမ္မတဦးဝင်းမြင့်ကို အပြစ်ရှိလား မရှိဘူးလားမေးတယ်။ သမ္မတက မရှိဘူးပြောတယ်။ အမေကလည်း အဲ့လိုပဲ အပြစ်မရှိဘူးလို့ဖြေတယ်။ ဒေါက်တာမျိုးအောင်ရောပါပဲ။ ကျွန်မတို့ဘက်ကတော့ ပြန်ခေါ်သက်သေ (၂)ယောက် တင်ထားတယ်။ လာမယ့် အင်္ဂါရုံးချိန်းမှာ ဒီသက်သေ‌ တွေကိုစစ်မှာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ဒီနေ့ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းနဲ့ပတ်သက်လို့ ဘီဘီစီကိုပြောပါတယ်။

    ဒီပုဒ်မဟာ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချခံရနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

    ဒီနေ့ရုံးချိန်းမှာ စစ်ဆေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားဖြစ်သူ နေပြည်တော်ဒေသခံတစ်ဦးကတရားစွဲဆိုတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၂၅)နဲ့ အစွဲခံရတာအတွက်တော့ တရားလိုပြ သက်သေတွေကိုစစ်ဆေးခဲ့ပါတယ်။

    အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု (၁၁)မှုအထိ တရားစွဲခံထားရပြီး အဲ့ဒီထဲက ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ၅၀၅ (ခ)၊ သဘာဝဘေးဥပ‌ဒေနဲ့ (၂) မှု စုစုပေါင်း (၅)မှုကို တရားရင်ဆိုင်နေတာဖြစ်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးပြီးသလောက်ရှိပြီလို့ ရှေ့နေ အဖွဲ့က ပြောပါတယ်။

    နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)/ဂနဲ့ တရားစွဲဆိုခံရတာတဲ့အတွက် စက်တင်ဘာ (၂၃)ရက်မှာ နေပြည်တော်မှာပဲရုံးချိန်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအတိုင်ပင်ခံ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို အဓိကထားကာ တရားစွဲဆိုထားတဲ့ ဒီအမှုရုံးချိန်းအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရုံးရှေ့ရောက်လာဖို့ရှိပြီး အင်းစိန်အကျဥ်းထောင်ထဲအထိန်းသိမ်းခံထားရတဲ့ မစ္စတာရှောင်တာနယ်ရဲ့ အခြေအနေတော့ မသိရသေးပါဘူး။

    ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ (၅)မှုအထိ တရားစွဲဆိုထားပြီး (၄)မှုကတော့ မန္တလေးတိုင်းတရားလွှတ်တော်မှာတရားစွဲဆိုထားကာ (၁)မှုကတော့ ရန်ကုန်မှာ ဖြစ်ပါတယ်။

    မန္တလေးမှာ စွဲဆိုထားတာအတွက်တော့ နေပြည်တော်မှာ အထူးတရားရုံးဖွဲ့ထားပြီး လာမယ့်အောက်တိုဘာ (၁)ရက်မှာ ရုံးထုတ်စစ်ဆေးမှာပါ။ ရန်ကုန်တိုင်းတရားလွှတ်တော်မှာစွဲထားတဲ့ အဂတိအမှုအတွက်ကတော့ ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ထားဆဲဖြစ်ပါတယ်။

    အမှု (၁၁)မှုနဲ့ တရားစွဲခံထားရတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ “ဥပ‌ဒေအရဆက်သွားမယ်”လို့ ထပ်မံပြောကြားတဲ့အကြောင်း ရှေ့နေအဖွဲ့ကနေ သိရပါတယ်။

  6. ရဲဘော်သုံးကျိပ်၊ တပ်မတော်ကို မွေးဖွားပြီး ပျောက်ကွယ်သွားသူများ

  7. လောင်းလုံ:မြို့နယ်၊ သောကြာပြင်ရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာပေါက်ကွဲမှုဖြစ်, တူမဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြော

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ:မြို့နယ်၊ သောကြာပြင်ကျေးရွာအုပ်ချုပ်ရေးမှူရဲ့ နေအိမ်‌ရှေ့ မှာ မနက် (၆)နာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရဲ့ တူမ ဖြစ်သူသေဆုံးခဲ့သလို ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံပို့ဆောင်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ဆင်ဘုရားအနီးက သူ့နေအိမ်ရှေ့မှာ ပေါက်ကွဲတာ။ သူတို့အိမ်ကစျေးဆိုင်ရှိတယ်။ ဆိုင်ဖွင့်ဖို့လုပ်တဲ့ အချိန်ဖြစ်တာ တူမဖြစ်သူကဆယ်နှစ်ဝန်းကျင်လို့ သိရတယ်။ အဲ့အုပ်ချုပ်ရေးမှူးကတော့ အိမ်မှာ မရှိဘူး။ သူကြောင့် အဖမ်းခံရသူတွေလည်းရှိသလိုပြေးနေရတဲ့ သူတွေလည်းရှိတယ်ကြားတယ်။ သူက စစ်ကောင်စီဘက်ကပေမယ့် သူ့သမီးကတော့ CDM ဆရာမတဲ့။”လို့ ဒေသခံတဦးက ဘီဘီစီကို‌ ပြောပါတယ်။

    လောင်းလုံ:မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အားကောင်းတဲ့ မြို့နယ်ဖြစ်သလို စစ်ကောင်စီတွေ ဘက်က ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဆိုသလိုရှိနေပါတယ်။

  8. ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ လုပ်ဆောင်နေပြီလို့ NUG ဝန်ကြီးပြော

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေကို လက်နက်တပ်ဆင်ပေးဖို့ လုပ်နေပြီး မြို့နယ်အကုန်လုံးအနှံ့‌ ရောက်အောင်တော့ စောင့်ရဦးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ NUG နဲ့ CRPH ကိုလှူဒါန်းထားတဲ့ထဲက ဒေါ်လာ (၁၇)သန်းကျော်ဘယ်ရောက်သွားပြီလဲဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် NUG ဝန်ကြီးဘက်က အခုလိုဖော်ပြလာတာပါ။

    “တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့အများကြီးပါ။ တမြို့နယ်အလက် ၁၀၀ပေးဖို့ဆိုရင်တော့ ၃၃၀၀၀လိုအပ်တယ်။ လက်ရှိအလှူခံထားတဲ့ ဒေါ်လာ ၁၇သန်းဖိုးဝယ်ရင်တောင် အလက် ၅၀၀၀လောက်ပဲရမယ်။ အံ့သြဖို့‌ကောင်းတာက အဲ့ထက်မကတော့ဘူး။”လို့ ဒေါက်တာတူးခေါင်က ရေးသားထားပါတယ်။

    တဖက်မှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောနယ်ဘက်မှာ တိုက်ပွဲတွေရှိနေပါတယ်။ NUG အစိုးရ ဝန်ကြီးပြောသလို လက်နက်တွေထောက်ပံ့မယ်ဆိုတာသိရပေမယ့် လက်ရှိမြေပြင်ကိုတော့ ရောက်မလာ သေးဘူးလို့ ဂန့်ဂေါမြောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့ (ပကဖ)ကနေ သိရပါတယ်။

    “အစီအစဉ်အသေးစိတ်ကတော့ ထုတ်ဖော်ပြောကြားခွင့်မရှိဘူး။ ပြောခွင့်လည်းမပေးထားဘူး။ မြေပြင်မှာတော့ စစ်ကောင်စီနဲ့ထိတွေ့တဲ့အချိန်မှာ တူမီးထက်လက်နက်တွေရှိတော့ ပိုကောင်းတာပေါ့။ အခုထိတော့ ရောက်မလာသေးဘူး။”လို့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ တူမီးကိုင်ကာ ဒေသကာကွယ်ရေးပုံစံမျိုးနဲ့ လုပ်ဆောင်တာ တွေရှိတယ်ဆိုတာတွေ ကြားသိနေရတယ်လို့ သူကဆက်ပြောပါသေးတယ်။ NUG ဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ဒေသခံကာကွယ်ရေးတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မနားမနေလုပ်နေပြီး အသွင်ယူ PDF တွေကိုသတိထားကြဖို့ ထည့်သွင်းရေးထားပါတယ်။

    ဒီလို အသွင်ယူဆောင်ရွက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်မှုမရှိသလို ပျူစောထီးဆိုတာ မရှိဘူးလို့လည်း ငြင်းဆန်ထားပါတယ်။

  9. သတင်းပေးဆိုသူတွေကို ကျည်ဆံတွေနဲ့သတိပေးခြိမ်းခြောက်တဲ့လုပ်ရပ် မလုပ်ကြောင်း ခရမ်းPDFကငြင်းဆို

    ခရမ်းမြို့နယ်အတွင်းက ကျူံမကျေးရွာထဲမှာရှိတဲ့ သတင်းပေးဆိုသူတွေကိုခရမ်းမြို့နယ် PDF အဖွဲ့က သေနတ်ကျည်ဆန်တွေနဲ့ သတိပေးခြိမ်းခြောက်တဲ့စာတွေထွက်ပေါ်လာတဲ့အပေါ် ခရမ်းဒေသကာကွယ်ရေးတပ်က သူတို့လုပ်ရပ်မဟုတ်ကြောင်းငြင်းဆိုလာပါတယ်။

    ခရမ်းမြို့နယ်ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီနဲ့ သူတို့နဲ့ပတ်သက်သူတွေကိုသတိပေးအကြောင်းကြားစာတွေပေးပို့တတ်တဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း၊အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ချပြလေ့မရှိကြောင်း စက်တင်ဘာ ၂၁ရက်နေ့ကထုတ်ပြန်လာပါတယ်။

    " ဒီလိုထုတ်ပြန်ချက်တွေဟာ ကျွန်တော်တို့လုပ်ဆောင်ချက်တွေကို ခက်ခဲစေသလို တဖက်ကစစ်ကောင်စီဘက်က မြို့ကိုပိုရမ်းနိုင်တယ်။ အခုတောင် လူငယ်ထင်တာနဲ့ PDF ဆိုထင်ပြီး အလုပ်တွေလုပ်မရဘူး။ ဒီလုပ်ရပ်တွေဟာ ခရမ်း PDF ကလုပ်တာမဟုတ်ပါဘူး"လို့ခရမ်းမြို့နယ်ဒေသကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့စက်တင်ဘာ ၁၇ ရက်နေ့က ခရမ်းမြို့နယ်အတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို ခရမ်းဒေသကာကွယ်ရေးတပ်ဘက်က ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းနှစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရကြောင်း ခရမ်းဒေသကာကွယ်ရေးဘက်ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဘက်ကလည်း အဲ့ဒီနေ့ကခရမ်းမြို့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသကာကွယ်ရေးတပ်တွေကစတင်တိုက်ခိုက်တာဖြစ်ပြီး အဲ့ဒီနေ့က နှစ်ဦးအသေဖမ်းဆီးရမိပြီးတစ်ဦးကို ဒဏ်ရာရရှိတဲ့အနေအထားနဲ့လက်နက်တွေနဲ့တကွဖမ်းဆီးရမိတယ်လို့သတင်းထုတ်ပြန်လာပါတယ်။

  10. ဒေါပုံရဲစခန်းအနီးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူတော်စပ်သူတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းမှတ်တိုင်အနီး ဒေါပုံရဲစခန်းနားမှာ စက်တင်ဘာ ၂၁ရက်နေ့မနက်ပိုင်း လူတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    ပစ်ခတ်မှုကြောင့်သေဆုံးသူဟာ ဒေါပုံမြို့နယ်ထဲက ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့တူတော်စပ်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးသူတစ်ဦးအဖြစ် နာမည်ကြီးတဲ့ ကိုလွင်မျိုးဦးဆိုသူဖြစ်တယ်လို့မြို့နယ်အခြေစိုက်သတင်းထုတ်ပြန်သူတွေကပြောပါတယ်။

    " သူ့မိန်းမကိုအလုပ်လိုက်ပို့ရင်းကားမှတ်တိုင်မှာအပစ်ခံရတာ။သူ့ကိုပဲရွေးပစ်သွားတာ၊ ပစ်ပြီးပြေးတော့ လူနှစ်ယောက်လည်းပြောတယ်၊ သုံးယောက်ပစ်တာလည်းပြောတယ်။ ဖြစ်ပြီးပြီးချင်းတော့ထုံးစံအတိုင်းပေါ့ အစစ်အဆေးကအုပ်လိုက်ပဲ" လို့ ဒေါပုံမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးပေါင်း တစ်ရာကျော်ရှိနေပြီလို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရNUG ကတော်လှန်ရေးစတင်ကြောင်း ကြေညာပြီးတဲ့ စက်တင်ဘာ ၇ရက်နေ့နောက်ပိုင်းမှာတော့နိုင်ငံတဝန်းမှာ ပစ်ခတ်ပေါက်ကွဲမှုတွေပိုများလာသလို စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်သူတွေ ပစ်ခတ်သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ပိုတိုးလာနေသလို စစ်ကောင်စီဘက်ကလည်းနေ့စဉ်နဲ့အမျှ ဖမ်းဆီးမှုတွေလည်း ပိုတိုးလာနေပါတယ်။

  11. မက်ဘရိုက်ငြိမ်းချမ်းရေးဆု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရရှိ

    နိုင်ငံတကာငြိမ်းချမ်းရေးဗျူရိုကနေ အေအေပီပီရဲ့လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေ ကြောင့် ၂၀၂၁ ခုနှစ် မက်ဘရိုက်ငြိမ်းချမ်းရေးဆုရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီရရှိတဲ့ဆုကို တော့ လာမယ့် ၂၀၂၂ခုနှစ်မှာကျင်းပမယ့် အခမ်းအနားမှာ တရားဝင်ဆုပေးအပ်မှာဖြစ်ပါတယ်။

    ၂၀၀၀ပြည့်နှစ်ကတည်းက တည်ထောင်ထားတဲ့ အေအေပီပီအဖွဲ့ဟာ နိုင်ငံ‌ရေးအကျဉ်းသားတွေလွတ် မြောက်ဖို့နဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့ ထွက်ပြေးနေရသူတွေစာရင်းကို ပြုစုကာ ကူညီဆောင်ရွက်ပေးနေပါတယ်။

    အေအေပီပီရဲ့ လက်ရှိထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီဖြစ်သလို ဖမ်းဆီးခံရသူ ၇၀၀၀နီးပါးရှိကာ အယောက် ၂၀၀၀နီးပါးကတော့ ဖမ်းဝရမ်းထုတ်ခံရတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းပြီးနောက် သေဆုံးသူ ၂၀၀ကျော်သာရှိပြီး အေအေပီပီဟာ အချက်အလက်အမှားတွေထုတ်ပြန်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို တရားမဝင်အသင်းအဖြစ် စစ်ကောင်စီဘက်က သတ်မှတ်ထားပါတယ်။

  12. မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်အဖြစ်နိုလန် ဟေဇာကို ကိုခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ သံတမန်တွေပြော

    လာမယ့်အောက်တိုဘာလကုန်မှာ တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာရဲ့ နေရာမှာ နိုလန် ဟေဇာကို ခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ ထိပ်တန်းသံအမတ် (၂)ယောက်က ပြောတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

    အသစ်ခန့်အပ်မယ်လိုသတင်းထွက်နေတဲ့ နိုလန် ဟေဇာ ဟာ ကုလသမဂ္ဂဆိုင်ရာအမျိုးသမီးရံပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၉၄ က‌နေ၂၀၀၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖမ်းသူဖြစ်သလို အာရှပစိဖိတ်ဆိုင်ရာကုလသမဂ္ဂလူမှုစီးပွားကော်မရှင် (ESCAP) ရဲ့ အမှုဆောင် အတွင်းရေးမှူး တယောက်လည်းဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရှေ့တီမောဆိုင်ရာ အထူးအကြံပေးအဖြစ် အရှေ့တီမောရဲ့ ငြိမ်းချမ်းရေးတည်‌ဆောက်ရေးအထောက်အကူပြုဖို့ ၂၀၁၃ ကနေ ၂၀၁၅အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသမီးဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို စွမ်းဆောင်နိုင်ခဲ့တာကြောင့်သူ့ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ဖို့ အဆိုပြုခံရဖူးပါတယ်။

    ဖေဖော်ဝါရီ (၁)ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လက်ရှိအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာကို ပြည်ဝင်ခွင့်မပေးဘဲ ပိတ်ထားခဲ့တာပါ။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် လက်ရှိသူ့ရဲ့ညှိနှိုင်းမှုတွေကို စစ်တပ်က မကြိုဆိုဘူးလို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာစက်တင်ဘာ (၁၄)ရက်က ဖော်ပြထားပါတယ်။

  13. တရုတ်-မြန်မာကုန်သွယ်မှုဂိတ်အနီး တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့သိန်းနီမြို့နယ်ကြားမှာရှိတဲ့ နန့်တောနဲ့ဘုံမောရွာအနီးမှာ မနေ့ စက်တင်ဘာ ၂၀ရက်နေ့ညနေပိုင်းက ပလောင်ကိုးကန့်တပ်ပေါင်းစုနဲ့ စစ်ကောင်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ရာနေရာဟာ တရုတ်မြန်မာကုန်သွယ်မှုစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ရေပူစစ်ဆေးရေးဂိတ်နဲ့နီးတဲ့ စီးပွားရေးအတွက် အဓိကကျတဲ့နေရာတစ်ခုဖြစ်ပြီးအရင်ကတော့ ဒီနေရာတွေမှာထိတွေ့တိုက်ပွဲတွေမရှိခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။

    " လားရှိုးနဲ့သိန်းနီကြားမှာဆိုရင် ကိုးကန့်တပ်ပေါင်းစုနဲ့တပ်မတော်တိုက်ပွဲဖြစ်တာမရှိခဲ့ဖူးဘူး။ အဲ့ဒီနေရာမှာ ရေပူစစ်ဆေးရေးဂိတ်ရှိတယ်။ ကုန်သွယ်မှုကိုစစ်ဆေးတဲ့ အဓိကသွားတဲ့ပင်မဂိတ်ပေါ့။ တရုပ်ပြည်ဘက်က နိုင်ငံခြားကုန်သွယ်မှုတွေကို စစ်ဆေးပြီးအကောက်အခွန်ကောက်တဲ့ ဂိတ်ရှိတယ်။ အဓိက တရုတ်ပြည်ဘက်ကလာတဲ့ကုန်ပစ္စည်းရော ဒီဘက်ကသွားတဲ့ ပစ္စည်းရော အဲ့ဒီနေရာကိုရှောင်ကွင်းသွားလို့ရတဲ့လမ်းမရှိဘူး။ နယ်မြေစိုးမိုးရေးလှုပ်ရှားရင်းတပ်မတော်နဲ့ထိပ်တိုက်တွေပြီးတိုက်ပွဲဖြစ်တယ်လို့ ယူဆပါတယ်"လို့ လားရှိုးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့က ညနေ ၄နာရီလောက်ကဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်းရှိခဲ့ပြီး ဒီဂိတ်ဟာကုန်သွယ်မှုစီးဆင်းရာ ပင်မဂိတ်ဖြစ်တဲ့အတွက် တိုက်ပွဲတွေထပ်ဖြစ်လာနိုင်ခြေရှိလို့ဒေသခံတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့သတိထားသွားလာသင့်တယ်လို လည်း လားရှိုးဒေသခံတွေကပြောပါတယ်။

  14. ထားဝယ်သပိတ်စစ်ကြောင်းတွေမှာပါဝင်လှုပ်ရှားနေတဲ့ ကျောင်းသား ၃ဦးကိုစစ်ကောင်စီဖမ်းဆီး, မြို့ပေါ်မှာဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတယ်လို့ ဆို

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ နေ့စဉ်သပိတ်စစ်ကြောင်းထွက်နေတဲ့ တပ်ပေါင်းစုသပိတ်ကော်မတီက သပိတ်စစ်ကြောင်းတွေမှာ ပါဝင်တဲ့ကျောင်းသားလူငယ် ၃ဦးကိုမနေ့ကစက်တင်ဘာ ၂၀ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေကနေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကသတင်းထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရသူတွေဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်နဲ့ မသျှားပြည့်ခင်တို့ဖြစ်ပြီး သူတို့ကိုဝင်ရောက်ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်တွေအင်အားသုံးပြီးပစ်ခတ်ခြောက်လှန့်မှုတွေလည်းရှိခဲ့တယ်လို့သပိတ်ကော်မတီကပြောပါတယ်။

    "ကျန်တဲ့လူတွေကသပိတ်စစ်ကြောင်းထွက်ဖို့သွားနေချိန်မှာ ကျန်ခဲ့တဲ့ နှစ်ယောက်ကိုဝင်ဖမ်းတယ်။ပထမဆုံးစစ်ကား ၃စီးနဲ့လာတယ်၊ အိမ်ရှေ့မှာရပ်ထားပြီးအိမ်ကိုချိန်ပြီးတော့ပိတ်တယ်။ ဝင်ရှာတဲ့အချိန်မှာသူတို့နှစ်ယောက်ကထွက်ပြေးတဲ့ပုံစံရှိတယ်၊ သူတို့တနေရာမှာပုန်းနေတဲ့အချိန် နောက်ထပ်စစ်ကား ၃စီးရောက်လာတယ်။နောက်ထပ် ၂စီးလည်းထပ်လာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုဝိုင်းပြီးရှာတော့ တွေ့ပြီးဖမ်းဆီးသွားတာပါ။ သူတို့ကိုဖမ်းပြီးနောက်ပိုင်းမှာလည်းမသျှားပြည့်ခင်ကိုထပ်ဖမ်းမိသွားတယ်လို့ " ထားဝယ်သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာဆိုရင် ထားဝယ်မြို့ပေါ်သပိတ်စစ်ကြောင်းတွေမှာပါဝင်လှုပ်ရှားနေတာကြာပြီဖြစ်တာကိုသိလို့ စစ်ကောင်စီတပ်တွေက စုံစမ်းပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သပိတ်ကော်မတီကသုံးသပ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ရက်နေ့မှာလည်း နည်းပညာတက္ကသိုလ် အီလက်ထရောနစ် အင်ဂျင်နီယာဌာနက CDM ဆရာမ ဒေါ်နှင်းနန္ဒအောင်ကိုလည်းထားဝယ်မြို့ဘုံမော်ရပ်ကွက်က သူ့နေထိုင်ရာအိမ်မှာစစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

    ဒါ့အပြင် သပိတ်စစ်ကြောင်းတွေနေ့စဉ်မပျက်ထွက်နေတဲ့ထားဝယ်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေက နေ့စဉ်မပျက်ဖမ်းဆီးမှုတွေရှိနေပြီး တနေ့ကိုအနည်းဆုံး ၂ ဦးလောက်ဖမ်းဆီးခံနေရတယ်လို့ထားဝယ်သပိတ်တပ်ပေါင်းစုကပြောပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေကဝင်ရောက်ဖမ်းဆီးခဲ့လို့ပြည်သူ ၁၂ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ကျေးရွာတွေမှာတပ်စွဲထားဆဲဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    အခုလိုသပိတ်စစ်ကြောင်းက လူငယ်တွေဖမ်းဆီးခံခဲ့ရပေမယ့် ထားဝယ်ခရိုင်ထဲက သပိတ်စစ်ကြောင်းတွေဟာဆိုရင် ပြည်သူလူထုပါဝင်မှုအားကောင်းတာကြောင့် သပိတ်စစ်ကြောင်းတွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့လည်း သပိတ်စစ်ကြောင်းဦးဆောင်သူတွေက ပြောပါတယ်။

  15. ဒီးမော့ဆို တိုက်ပွဲ သေဆုံးသူရှိ

    ကယားပြည်နယ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် KA ၊KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KNDFဘက်က တစ်ဦးကျဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ တစ်ကြိမ်နဲ့ ညနေ ၄ နာရီမှာ တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ နှစ်နာရီကျော်ခန့် ကြာမြင့်တယ်လို့သိရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံလက်နက်ကိုင်တွေဘက်က ပြောပါတယ်။

    ညနေပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

    စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲကာ လူနေအိမ်အချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်က ဒီးမော့ဆို မြို့နယ်အတွင်းတိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

  16. စစ်ကောင်စီက အေအေတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်ပြော

  17. ကျိုက်ထိုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

    မွန်ပြည်နယ်ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံတွေကို ကိုးကားပြီး Dawei Watch သတင်းက ရေးပါတယ်။

    အင်္ဂဘိုကျေးရွာက အုပ်ချုပ်ရေးမှူး ဦးချစ်သန်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက လက်ပံကျေးရွာကနေ နေအိမ်ကို ပြန်လာစဥ် ရန်ကုန် မော်လမြိုင်ကားလမ်းမကြီးဘေး Pionner စားသောက်ဆိုင်အနီးမှာ သေနတ်သမားနှစ်ဦး ဆိုင်ကယ်နဲ့‌ရောက်လာပြီး အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေကိုးကားပြီး သတင်းကဆိုပါတယ်။

    သေနတ်နဲ့ အပစ်ခံရမှုကြောင့် ဦးချစ်သန်းဟာ ဇက်ပိုးမှာကျည်ဖောက်ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့လည်းသိရပါတယ်။

    ဦးချစ်သန်းအပစ်ခံရပြီးနောက် ကျိုက်ထိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေကို ပိုပြီးတင်းကြပ်ထားတယ်လို့‌ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမှာမွန်ပြည်နယ် ပြည်သူ့ကျောင်းသားများ အကျိုးပြုပါတီဥက္ကဋ္ဌ ဦးရန်ရှင်းကို သေနတ်နဲ့ အပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

  18. ‌ရွှေစျေး ဒေါ်လာစျေးတွေ ပြန်တက်လာ၊ ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထုတ်ရောင်း

  19. ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်အမှုအတွက် တရားလိုဘက်က သက်သေထပ်တိုး ဖို့တင်လာ, အွန်လိုင်းပေါ်ပြန့်နေတဲ့ NUG နဲ့ PDF ကိုမထောက်ခံဘူးဆိုတဲ့စာဟာအတုဖြစ်ကြောင်း ရှေ့နေက တဆင့်ပြော

    လက်ရှိ နေပြည်တော် ခြံအမှတ် ၁ တရားရုံးမှာ ရင်ဆိုင်နေဆဲဖြစ်တဲ့ အမှု ၅ မှုအနက် ပို့ကုန်သွင်းကုန်အမှုအတွက် ဥပဒေ ပုဒ်မ ၈ နဲ့စွဲဆိုထားတဲ့အမှုအတွက် တရားလိုသက်သေတစ်ဦးထပ်တိုးဖို့ ဒီကနေ့ ရုံးချိန်းမှာ တရားလို ဘက်က တင်သွင်းလာခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အပါအဝင် အမှု ၃မှုအတွက် စစ်ဆေးခဲ့ပြီး မနက်ဖြန် ၂၁ ရက်နေ့မှာ ကျန် အမှု ၂မှုကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။

    ‘ ‘ ဒီကနေ့ ရုံးချိန်းမှာ ပို့ကုန်သွင်းကုန်အမှုအတွက်သူတို့ဘက်က ကျွမ်းကျင်ပညာရှင်တစ်ဦးကို သက်သေ အဖြစ် ထပ်တိုးဖို့လျှောက်တယ်။ ကျွန်မတို့ဘက်က ကန့်ကွက်ထားတယ်။ အဲဒီအတွက်နောက်အပတ် ၂၇ ရက်မှာ ကြားနာမယ်ပေါ့။ ဒီနေ့တွေ့ရတော့ အရင်လိုပဲ ကားနည်းနည်းမူးတယ်ပြောတယ်။ ကျန်းမာရေး ကတော့ သာမန်အားဖြင့်ကောင်းပါတယ်။ နည်းနည်းအားနည်းတာလေးတစ်ခုပဲ။’’လို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

    ဒါအပြင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ NUG၊ PDF တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးဆိုတာနဲ့ ပတ်သက်ပြီး သူမသိရှိကြောင်းနဲ့ မဟုတ်မှန်ကြောင်းကိုလည်းရှေ့နေတွေက တစ်ဆင့်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    ‘ ‘ အခုအမှုတွေကတော့ ၅၀ ရာခိုင်နှုန်းလောက်ပြီးပြီလို့ ပြောရမှာပေါ့။ ထပ်တိုးတဲ့ အဂတိမှုတွေ အတွက််လည်း အမေ့ဘက်ကတော့ တရားဥပဒေအတိုင်း ရင်ဆိုင်မယ်ဆိုတဲ့ သဘောထားရှိတယ်။’’လို့ သူက ထပ်မံပြောပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိရင်ဆိုင်နေဆဲအမှု ၅ခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေး အမိန့်ချမယ်လို့ မူလကထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီရဲ့ အစိုးရရုံးပိတ်ရက်သတ်မှတ်ချက်တွေကြောင့် ၂လနီးပါး ရုံးချိန်းတွေရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

  20. မြန်မာပြည်အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်က ဒေသတချို့မှာ ရေကြီးနေ

    ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ မိုးများလို့ ဒေသတချို့ ရေကြီးရေလျှံတာ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရှမ်းပြည်နယ်၊ကျောက်မဲမြို့ရဲ့ အနောက်ပိုင်း၊ အရှေ့ပိုင်းက ရပ်ကွက်တချို့မှာ ရေကြီး၊ ရေလျှံတာဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရသူ မရှိပေမယ့် နေအိမ် အုတ်တံတိုင်းအချို့ ပြိုကျတာတွေ ရှိခဲ့ပါတယ်။ အခုလို ချောင်းရေလျှံပြီး တောင်ပေါ်ရေစီးဆင်းမှု များတာဟာ ၂၀၁၉ ခုနှစ်ပြီးရင် ဒီနှစ်က မိုးရွာသွန်းမှု များခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    " မနက်ပိုင်း ၂နာရီလောက်က ရွာတာ။ ၃နာရီမှာ ရေတွေ တက်လာတယ်။ အိမ်တွေထဲကို တောက်လျှောက်ဝင်တာ။ နမ့်ဆန်းခေါင်းချောင်းလဲ ရေလျှံတယ်။ ရေများလို့ အိမ်ထဲမှာ ပိတ်မိနေတဲ့ အဘွား တစ်ယောက်ကိုလဲ ကယ်ဆယ်ပြီး ဆေးရုံ ပို့ထားရတယ်"လို့ ကျောက်မဲမြို့ အဖြူရောင် ကမ်းလက်များ လူငယ် ပရဟိတအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

    ဒီလိုပါပဲ စစ်ကိုင်းတိုင်း အောက်ပိုင်းတွေဖြစ်တဲ့ ကသာ၊ စစ်ကိုင်း၊ မြင်းမှုမြို့တို့မှာလဲ မိုးရွာသွန်းမှု များတဲ့အပြင် မြို့ရဲ့ ဧရာဝတီမြစ်ရေမှတ်ဟာလဲ မြင့်တက်လာခဲ့ပါတယ်။

    "မိုးကတော်တော်များတယ်။ မိုးများလို့ သဲမြေပြိုဆင်းပြီး ကားလမ်းတဝက်လောက် သဲမြေလွှမ်းတာ ဖြစ်တယ်။ မြင်းမူနဲ့စစ်ကိုင်းကြားက ကားလမ်းပေါ့။ ဆိုးဆိုးရွားရွား ရေကျော်တာ မရှိပေမယ့် တချို့ကျေးရွာတွေက မိုးများလို့ အိမ်ဝိုင်းထဲ ရေရောက်တာလောက်တော့ ရှိပါတယ်"လို့ စစ်ကိုင်းတိုင်း မြင်းမူမြို့ ဒေသခံတစ်ဦးက မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ လက်ရှိမြို့အခြေနေကို ပြောပြပါတယ်။

    ဆက်ပြီး မန္တလေးတိုင်းမှာလည်း စက်တင်ဘာ ၂၀ရက် မနက်ပိုင်းတချိန်လုံးမိုးရွာသွန်းတာတွေ ရှိခဲ့သလို မြစ်ရေတွေလဲ မြင့်တက်ခဲ့ပါတယ်။ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ်တွေရှိတဲ့ မန္တလေး၊ ညောင်ဦး၊ ရွှေစာရံ၊ မြစ်ငယ်မြို့တို့မှာ မြစ်ရေဟာ မူလရေပြင်ထက် ပိုမိုမြင့်တက်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။