ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်အုပ်ချုပ်ရေးနှစ်လ ပြည့်ခါနီး လှိုင်သာယာမှာ ပြောက်ကျားသပိတ်တွေ ဆက်အားကောင်း

    မနက်ဖြန်ဆိုရင် လှိုင်သာယာမြိုနယ်မှာ စစ်အုပ်ချုပ်ရေးကြေညာတာ နှစ်လပြည့်ပါပြီ။

    စစ်အာဏာ သိမ်းဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်ကောင်စီက အင်အားသုံးဖြိုခွဲနှိမ်နင်းခဲ့လို့ လှိုင်သာယာမှာ မတ်လလယ်တုန်းက တစ်ရက်တည်း လူဆယ်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေညာခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်မာတပ်စွဲထားဆဲပါ။ ဒါပေမဲ့ လိူင်သာယာမြိုနယ်ထဲက ပြည်သူတွေ ၊ အလုပ်သမားထုတွေနဲ့ တက်ကြွလူပ်ရှားသူလူငယ်တွေဟာ နေ့စဉ်နဲ့အမျှရရရင်ရသလို ပြောက်ကျားသပိတ်တွေနဲ့အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမူတွေမှာ ပါဝင်နေဆဲပါ။

    ဒီနေ့မေလ ၁၃ ရက်နေ့မှာလည်း လှိုင်သာယာသပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့လူငယ်အမျိုးသမီးတစ်ဦးက ဘီဘီစီကိုအခုလိုပြောပြပါတယ်။

    " နှိမ်နှင်းမူတွေကတော့ဆက်တိုက်ရှိနေတယ် ။ ပြောက်ကျားသပိတ်တွေထဲဝင်ဆွဲတယ်။ ညဘက်တွေအိမ်တွေကိုဝင်ဆွဲတယ် ။ညီမတို့လိုချင်တာမရသေးတဲ့အတွက် ညီမတို့ကနေ့တိုင်းလမ်းပေါ်ထွက်နေမှာပဲ။ ဘယ်တော့မှလည်းသွေးအေးမှာမဟုတ်ဘူး။ သူတို့ကိုဘယ်တော့မှလည်းကြောက်နေမှာမဟုတ်ဘူး။ အခွင့်ရေးပေးရင်ပေးသလို ပြောက်ကျားသပိတ်တွေထွက်တယ်။ လမ်းပေါ်ထွက်တယ် ။ အော်တယ်။ အဓိကကတော့ သူတို့ကိုဘယ်တော့မှလက်မခံဘူးဆိုတာပြချင်တယ်။ ညီမတို့မြိုနယ်တွေအနေနဲ့ဆိုရင် မနက်ဖြန်ဆို နှိမ်နှင်းမှုတွေကနှစ်လပြည်ပြီ။ အဲ့ဒီတော့ပိုပြီးတော့တောင် ရင်ထဲမှာနာကြည်းမှုတွေဖြစ်ရတယ်။ ဘယ်တော့မှလည်း လှိုင်သာယာဆိုတဲ့ မြို့လေးကသွေးအေးသွားမှာမဟုတ်ဘူး။ ဒီဟာတွေအတွက်လည်း သူတို့ဘက်ကပြန်ပြီးပေးဆပ်ရမယ်။ ဘယ်တော့မှ ဒီကိစ္စကိုမမေ့ဘူး။ ဆက်ပြီးတိုက်ပွဲဝင်မယ်။ ဒီတိုက်ပွဲကိုသူတို့ဘယ်လိုနှောက်ယှက်ပါစေ၊ ဆက်တိုက်နေမယ် အရှုံးမပေးဘူးဆိုတဲ့ သတင်းစကားသူတို့ဆီပါးချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

  2. ဘားအံနည်းပညာအထက်တန်းကျောင်းအုပ်ကြီးကို စစ်ကောင်စီ ထောင် နှစ်နှစ်ချ

    ဘားအံနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာ ချိုယုမွန်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်ချမှတ်ခဲ့ပါတယ်။

    မနေ့ မေ ၁၂ က ဘားအံအကျဉ်းထောင်တွင်းတရားရုံးမှာတရားစီရင်ပြီးခုလိုထောင်ချလိုက်တာဖြစ်ပါတယ်။ ဒေါက်တာချိုယုမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အစောဆုံးဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ နေအိမ်ကို စစ်ကောင်စီတပ်တွေက မေးစရာရှိတယ်၊

    စခန်းကိုခဏလိုက်ခဲ့ပါဆိုပြီးလာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး သုံးလကျော်အကြာမှာခုလို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ဘာကြောင့် ဒီပုဒ်မနဲ့ တရားစွဲတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    ဒေါက်တာချိုယုမွန်ဟာ စစ်အာဏာသိမ်းမှုကို အစောဆုံးဆန့်ကျင်ခဲ့တဲ့သူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖဲကြိုနီလှုပ်ရှားမှုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွဖော်ပြခဲ့ပြီးအဲဒီဓာတ်ပုံထဲမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဓာတ်ပုံလည်း ပါဝင်ခဲ့ပါတယ်။

    ဒီဓာတ်ပုံနဲ့ လှုပ်ရှားမှုကြောင့် ခုလို ဖမ်းဆီးခံရတာလားဆိုတာ သူ့ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အထိ ရှင်းရှင်းလင်းလင်းမသိရသေးတာဖြစ်ပါတယ်။

    စစ်ကောင်စီက ပုဒ်မ ၅၀၅ က ကို အာဏာသိမ်းပြီးနောက် ထောင် သုံးနှစ်အထိ တပ်တိုးပြင်ဆင်လိုက်တာဖြစ်ပြီး ဒေါက်တာချိုယုမွန်ကို ဖမ်းဆီးစဉ်တုန်းက ပြစ်ဒဏ်ကိုမပြင်ဆင်ရသေးတာကြောင့် ခုလို နှစ်နှစ်သာချမှတ်သာဖြစ်နိုင်ကြောင်း ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

  3. မန္တလေး မျက်စိ၊နား၊နှာခေါင်း ဆေးရုံက CDM မျက်စိအထူးကု ဖမ်းဆီးခံရပြီး ပြန်လွတ်လာ

    မန္တလေး မျက်စိ၊နား၊နှာခေါင်း ဆေးရုံကြီးက မျက်စိအထူးကုဆရာဝန် ဒေါက်တာဇော်ငြိမ်းချမ်း မေလ ၁၁ ရက်ည ၁ဝ နာရီလောက်က နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းသွားတယ်လို့ သူ့မိတ်ဆွေ ဆရာဝန်တယောက်က ပြောပါတယ်။

    ဒီလိုဖမ်းရာမှာ သူ့မိသားစုဝင်တွေရဲ့ လက်ကိုင်ဖုန်းတွေပါ သိမ်းသွားတယ်လို့လည်း သိရပါတယ်။

    မေလ ၁၂ ရက်ညနေမှာတော့ ဒေါက်တာ ဇော်ငြိမ်းချမ်းကို ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    ဒေါက်တာ ဇော်ငြိမ်းချမ်းဟာ စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန် တဦး ဖြစ်ပါတယ်။

    ဒါပေမဲ့ သူဟာ ပုဒ်မ ၅၀၅ - ကနဲ့ ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံရသူတွေ စာရင်းမှာတော့ မပါဝင်ဘူးလို့ သိရပါတယ်။

  4. တလုပ်မြို့ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

  5. စစ်တပ်က လျှော့မယ့် လက္ခဏာ လုံး၀မရှိ

  6. ရွှေစျေး ၁၇ သိန်းကျော် ၊ ဒေါ်လာ ၁၆၄၅ နဲ့စျေးပိတ်

    ပြည်တွင်းဘဏ်တွေကနေ ငွေထုတ်ယူမှုတွေကို ကန့်သတ်ထားပြီးနောက် ရွှေစျေးနဲ့ အမေရိကန် ဒေါ်လာစျေးတွေ တောက်လျှောက် တက်လာနေခဲ့ရာမှာ မေလ ၁၂ ရက်နေ့မှာတော့ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၇ သိန်း ခြောက်ထောင်နဲ့ စျေးပိတ်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ စျေးပိတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

    မေလ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ အမေရိကန် တစ် ဒေါ်လာကို ၁၆၄၅ကျပ် နဲ့ money changer အချို့ကတစ်ဆင့် ရောင်းချပေးမယ်လို့လည် းထုတ်ပြန်ခဲ့ပါတယ်။

    ငွေလဲစင်တာ အချို့ကတော့ မနက်ဖြန် မေလ ၁၃ ရက် ကစပြီး လူတစ်ဦးကို ဒေါ်လာ တစ်ထောင်နှူန်းရောင်းချပေးသွားမယ်လို့လည်းထုတ်ပြန်တာကို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့ က အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၆ သိန်းလေးသောင်းကျော် သာရှိခဲ့ပြီး တစ်ရက်အတွင်း တစ်ကျပ်သားကို ခြောက်သောင်းကျော် တက်လာခဲ့သလို ဒေါ်လာစျေးကလည်း အမေရိကန် တစ်ဒေါ်လာ ၁၆၂၅ ကျပ်သာရှိခဲ့ပြီး တစ်ဒေါ်လာကို တစ်ရက်အတွင်း၂၀ ကျပ်ခန့် စျေးတက်လာခဲ့တာကို လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းထုတ်ပြန်ချက် အရ သိရပါတယ်။

  7. စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ်

    မြန်မာစစ်တပ် လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အားမပေးရေး၊ မသုံးစွဲရေးကို ပြည်သူတွေ အရင်ကထက် သတိထားလုပ်ဆောင်နေတာ ထိရောက်မှု ရှိတယ်လို့ စောင့်ကြည့်လေ့လာသူ တချို့က ပြောကြပါတယ်။

    ဥပမာ- မြန်မာဘီယာ ရောင်းအား ထိုးကျသွားတယ်လို့ ဆိုပါတယ်။ စစ်တပ်ပိုင် ဦးပိုင် နဲ့ ဖက်စပ် လုပ်တဲ့ ဂျပန်ကုမ္ပဏီ ကီရင်ရဲ့ ပထမ လေးလပတ် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်ထဲ အဲဒီအချက်ကို တွေ့ရတာ ဖြစ်ပါတယ်။

    ကီရင်ရဲ့ စာရွက်စာတမ်းတွေအရ အရင်နှစ် လေးလတာ ရောင်းအားနဲ့ ယှဥ်ရင် မြန်မာဘီယာ ရောင်းအား ၄၆% ထိုးဆင်းသွားတာ တွေ့ရပါတယ်။

    မြန်မာစစ်တပ်နဲ့ ဘယ်သူတွေ စီးပွားဖက် လုပ်နေလဲဆိုတာ စောင့်ကြည့် ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က စစ်တပ်ထုတ်ကုန်တွေကို အများပြည်သူ သပိတ်မှောက်တာ ထိရောက်ပြီး၊ စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေရဲ့ အကျိူးစီးပွားကို တိုက်ရိုက်ထိခိုက်တယ်လို့ ဆိုပါတယ်။

    “ကီရင်က ကိုဗစ်အခြေအနေကြောင့်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လို့ ဆိုနေပေမယ့် တကယ်က မြန်မာပြည်သူတွေက စစ်တပ်ရဲ့ ရွံ့ရှာဖွယ် လက်ဝါးကြီးအုပ် စီးပွားရေးကို ငြင်းပယ်နေကြတာက အခြေခံအကြောင်း ဖြစ်တယ်” လို့ JFM ပြောခွင့်ရ မရတနာမောင်က ဆိုပါတယ်။

    ဂျပန် ကုမ္ပဏီ ကီရင်ကလည်း ဦးပိုင်နဲ့ လက်တွဲဖြုတ်မယ့် အကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

  8. စစ်တွေဆိပ်ကမ်းကို ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ ၄ ဦးမှာ ကိုဗစ်ပိုးတွေ့

    မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေတဲ့အချိန် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်၁၉ရောဂါပိုးကူးစက်ခံထားရသူ လေးဦးကို ဒီကနေ့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဌာနနဲ့ ပြည်နယ်ကောင်စီတို့က အတည်ပြုပြောဆိုပါတယ်။

    အဲ့ဒီ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရသူတွေဟာ လက်ရှိမှာ ကုန်စည်ကူးသန်းမှုတွေပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်စည်ပို့ဆောင်နေတဲ့ ရေယာဉ်တွေက သင်္ဘောသားတွေဖြစ်ကြပြီး အသက် ၅၀ နဲ့ ၆၀ အကြားအရွယ်တွေဖြစ်ကြတယ်လို့ ရခိုင်ပြည်နယ် ကုသရေးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က ပြောပါတယ်။

    အိမ်နီးချင်းနိုင်ငံတွေမှာ အခုလို ကိုဗစ် တတိယလှိုင်း ဖြစ်ပွားနေတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီက ရေယဉ်တွေ ရခိုင်ဆိပ်ကမ်းကို ပြန်လည်ဝင်ရောက်လာခဲ့လို့ရှိရင် ရေယာဉ်လုပ်သားတွေကို ကမ်းပေါ်တက်ခွင့်မပြုဘဲ သီးခြားထားကာ စောင့်ကြည့်လျက်ရှိပြီး တို့ဖတ်နမူနာတွေယူပြီးတော့ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

    ဒီကနေ့တွေ့ရှိတဲ့ သင်္ဘောသားလေးဦးတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ ဆိပ်ကမ်းကနေပြီးစစ်တွေမြို့မင်းဂံဆိပ်ကမ်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

    အခုရက်ပိုင်းအတွင်း စစ်တွေမြို့မင်းဂံဆိပ်ကမ်းကိုဝင်ရောက်လာခဲ့တဲ့ သင်္ဘောခြောက်စီးမှာပါလာတဲ့ ရေယာဉ်လုပ်သား ၄၀ ကို တို့ဖတ်နမူနာတွေယူပြီးစစ်ဆေးရာမှာ လေးဦးမှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

  9. ယင်းမာပင်နယ်က စစ်ကောင်စီ ပစ်လို့သေဆုံးခဲ့သူ ၁၉ ဦးစာရင်း ထွက်လာ

    ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ က မေလ ၁၂ ရက် အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယင်းမာပင်ခရိုင်အတွင်း သေဆုံးခဲ့သူ အ‌ရေအတွက်စာရင်းကို ဒီကနေ့ နေ့စွဲနဲ့ ဒေသ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကိုင်းတိုင်းသတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ ချင်းတွင်းပိုစ့် သတင်းဌာနက လည်း ဒီစာရင်းတွေနဲ့သူတို့ မှာရရှိထားတဲ့ သေဆုံးသူစာရင်းတွေ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ဧပြီလ ၂ရက်မှ မေလ ၁၂ရက်နေ့အထိ ယင်းမာပင်နှင့်ကနီမြို့နယ် ကျေးရွာများတွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး ‌စစ်ကောင်စီတပ်တွေက ရှာဖွေဖမ်းဆီးမှုတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ယင်းမာပင်ခရိုင် ကနီနယ်မှာ အခုလိုဖမ်း‌ဆီးမှုတွေကြောင့် ဒေသခံသောင်းချီ ပြီးစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒီစာရင်းမှာ နောက်ထပ် နှစ်ဦး ထပ်တိုးရဖို့ရှိပြီးတော့ ကင်းရွာက ကိုကျော်စွာဖြိုးနဲ့ သမင်ခြံရွာက ကိုကျော်မြင့်တို့ နှစ်ဦး ပါထပ်တိုးရဖို့ရှိတယ်လို့လည်း ကနီဒေသခံတစ်ဦးက‌ ဘီဘီစီကို‌ ပြောပါတယ်။

  10. စစ်အာဏာသိမ်း ရက် ၁၀၀ အတွင်း သေဆုံးသူ ၇၈၃ ဦးရှိပြီလို့ AAPP ထုတ်ပြန်

    စစ်အာဏာသိမ်း ရက် ၁၀၀ ပြည့်တဲ့ မေ ၁၁ ရက်အထိ အကြမ်းဖက်ဖြိုခွင်းခံရပြီးသေဆုံးသူပေါင်း ၇၈၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၁၁ မှာ ထုတ်ပြန်ပါတယ်။

    ဒီရက်ပိုင်းသေဆုံးရသူတွေထဲ မေ ၈ ရက်မှာဆိုရင် ဟိုပင်မြို့မှာ စစ်ကောင်စီတပ်တွေက မေးမြန်းဖို့ရှိတယ်ဆိုပြီးခေါ်ယူသွားခဲ့ပြီးတဲ့နောက် လမ်းဘေးတစ်နေရာမှာအလောင်းပြန်တွေ့ရတဲ့ ဒေါက်တာစိုင်းကွမ်းဆိုင်လည်း ပါဝင်ပါတယ်။

    ဒေါက်တာစိုင်းကွမ်းဆိုင်ဟာ တရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်ပြီး သေဆုံးရချိန်မှာ အသက် ၄၃ နှစ်သာရှိပါသေးတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ကောက်ယူပြီးနောက် သဂြိုဟ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ တက်လာတဲ့ရုပ်သံဖိုင်တွေမှာဆို ဒေါက်တာစိုင်းကွမ်းဆိုင်ရဲ့ခန္ဓာကိုယ်မှာ ညိုမည်းစွဲနေတဲ့ဒဏ်ရာတွေနဲ့ ဒဏ်ရာတွေကနေ ထွက်ရှိတဲ့သွေးတွေခြောက်သွေ့နေတာကို သန့်ရှင်းအောင်ဆောင်ရွက်ပေးခဲ့ရတာကိုလည်းတွေ့ရပါတယ်။

    ဒါ့အပြင် ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ မေလ ၁၀ရက်နေ့က သိန်းရာဇာ စားသောက်ဆိုင်အနီးမှာ မောင်လကျူဂျာဂွန်းတန်ဟာ သေနတ်ပစ်ခတ်ခံရမှုကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူဟာ မြစ်ကြီးနားမြို့ ကြာရာပ္ပတီးကနေ နမ္မတီးကို ခေတ္တရောက်ရှိနေသူဖြစ်တယ်လို့သိရပါတယ်။

    အခုလို ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ခုနစ်ရာကျော် ရှိတဲ့အပေါ် စစ်ကောင်စီဘက်ကတော့ ငြင်းဆန်ထားပြီး ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမှန်တကယ်သေဆုံးရသူပေါင်းဟာ နှစ်ရာကျော်သာရှိတယ်လို့ ဆိုပါတယ်။ AAPP ဘက်ကတော့ လက်တွေ့မြေပြင်စာရင်းဟာ သူတို့ထုတ်ပြန်ထားတဲ့ သေဆုံးသူ ၇၀၀ ကျော်ဆိုတဲ့စာရင်းထက် ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်းဟာလည်း ခုဆို ၁၅၈၁ ဦးရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက လေးထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရသူတွေနဲ့ ဖမ်းဆီးခံထားရသူအများစုဟာ စစ်ကောင်စီလက်ထက်မှာ ပြင်လိုက်တဲ့ အနည်းဆုံးထောင် ၃ နှစ်ထိချနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

  11. စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့

    ရန်ကုန်မြို့က စစ်တပ်ပိုင်မြေမှာ ဆောက်ထားတဲ့ ဆူးလေစကွဲ အဆောက်အအုံက ရုံးခန်းနေရာတွေကနေ ပြောင်းရွှေ့သွားတာနဲ့ ငှားထားတာကိုပြန်စဥ်းစားသုံးသပ်တာတွေလုပ်နေတယ်လို့ ကိုကာကိုလာ၊ ကမ္ဘာ့ဘဏ်နဲ့ မက်ကန်ဇီ တို့က ဘီဘီစီကို ပြောပါတယ်။

    အဲဒီမြေနေရာကို စစ်တပ်က ငှားရမ်းထားတယ်ဆိုတာကို ၂၀၁၉ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

    အဲဒီအဆောက်အအုံမှာ အခန်းငှားထားတဲ့ ရုံးနဲ့ဆိုင်ခန်း ၁၈ ခန်း ကို စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ငွေထောက်ပံ့ပေးသလိုဖြစ်နေတာကို ရပ်ဖို့ Justice for Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့က ပြီးခဲ့တဲ့လတုန်းက တောင်းဆိုခဲ့ပါတယ်။

    ရိုက်တာသတင်းမှာ ဖော်ပြချက်အရ အဲဒီကုမ္ပဏီတွေထဲက ခြောက်ခုဟာ သူတို့ဟာ အဲဒီနေရာကနေ ပြောင်းရွှေ့လိုက်တာနဲ့ ငှားထားတာကို ပြန်စဥ်းစားသုံးသပ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ခုကပဲ စစ်တပ်နဲ့ ဆက်နွှယ်တာကြောင့်ဆိုတာကို ထည့်ပြောပြီး တခြားလုပ်ငန်းတွေကတော့ စီးပွားရေးအလားအလာ စတဲ့ အကြောင်းပြချက်တွေကြောင့်လို့ ပြောပါတယ်။

    ကိုကာကိုလာက ဘီဘီစီကို အီးမေးကပေးပို့တဲ့စာမှာလုပ်ငန်းလိုအပ်ချက်တွေ ပြောင်းသွားတာကြောင့် နောက်လလယ်မှာ ပြီးဆုံးမယ့် ငှားရမ်းမှုကို သက်တမ်းထပ်မတိုးတော့ဘူးလို့ ပြောပါတယ်။

    ရုံးခန်းထိုင်ရတဲ့ ဝန်ထမ်းတွေဟာ ၂၀၂၁ တစ်နှစ်လုံး လုံခြုံရေးအတွက် အိမ်တွေကနေ အလုပ်လုပ်ကြမယ်၊ ရုံးခန်းနေရာသစ်ကို နောက်ပိုင်းမှာ ပြောမယ်လို့ ဆိုပါတယ်။

    အတိုင်ပင်ခံ McKinsey & Company ကတော့ ဆူးလေစကွဲမှာ ရုံးခန်းမရှိတော့ပါဘူး။ ၂၀၂၁ အစောပိုင်းမှာ ငှားထားတာကို ရပ်လိုက်ပြီလို့ ဘီဘီစီကို ပေးပို့တဲ့ စာမှာ ပါရှိပါတယ်။

    ရိုက်တာကလည်း ဆူးလေစကွဲက ရုံးခန်းကို လောလောဆယ် သုံးမနေကြောင်းနဲ့ ငှားရမ်းမှုကို ပြန်သုံးသပ်နေကြောင်း ပြောပါတယ်။

    ကမ္ဘာ့ဘဏ်ကလည်း အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ လုပ်ငန်းစဥ်တွေနဲ့ အညီ မြန်မာနိုင်ငံက အခြေအနေတွေကို သုံးသပ်နေတယ်လို့ ကမ္ဘာ့ဘဏ်ပြောခွင့်ရသူက ဘီဘီစီကို ပြောါပတယ်။

    နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကတော့ သူတို့ အဲဒီမှာ ရုံးခန်းရွှေ့မလာခင်ကတည်းက ဆူးလေစကွဲမြေနေရာကို စစ်တပ်က ပိုင်တယ်ဆိုတာ သိထားပါတယ်၊ ဒါပေမဲ့ လုံခြုံရေး စတဲ့ လိုအပ်ချက်တွေကြောင့် ဒီနေရာကို ရွေးတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီနေရာကနေ ထွက်မယ်မထွက်ဘူးဆိုတာကိုတော့ တယ်လီနောက မပြောပါဘူး။

    • မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့တာ အလုပ်ဖြစ်ပါ့မလား

    ရန်ကုန်မြို့လယ် ဆူးလေဘုရားနားက ဆူးလေစကွဲ အဆောက်အအုံကို ၂၀၁၇ ခုနှစ်မှာ ဖွင့်ခဲ့တာပါ။ အဲဒီအဆောက်အအုံကို ဟောင်ကောင်က ရှန်ဂရီလာအေးရှား ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီက အဲဒီအဆောက်အအုံနဲ့ အနီးအနားက ဟိုတယ်ကို လုပ်ကိုင်လည်ပတ်နေတာ ဖြစ်ပါတယ်။

    ရှန်ဂရီလာအုပ်စုက အဲဒီတည်ဆောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ၂၀၁၇ မှာ ပြောကြားထားပါတယ်။

  12. VOM အယ်ဒီတာချုပ် ကိုနေလင်းကို ၅၀၅ က နဲ့ ရုံးထုတ်ရမန်ယူ

    ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တဲ့ ဘီဘီစီ သတင်းထောက်ဟောင်းဖြစ်သူ Voice of Myanmar သတင်း အယ်ဒီတာချုပ် ကိုနေလင်းကို ဒီကနေ့ မေလ ၁၂ ရက်နေ့က ချမ်းမြသာစည် တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ ကိုနေလင်း ဇနီးဖြစ်သူ မဇာနည်မာန်က ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းဖမ်းသွားကတည်းကဘာသတင်းမှလည်း မကြားရသလို ရုံးထုတ်တဲ့ အခါမှာ လည်းမိသားစုကို အကြောင်းကြားတာမရှိခဲ့ဘူးလို့လည်း သူကပြောပါတယ်။

    Voice of Myanmar သတင်း အယ်ဒီတာချုပ် ကိုနေလင်းကို ၅၀၅ က နဲ့ ရုံးထုတ် ရမန်ယူခဲ့တာဖြစ်ပြီးတော့ လာမယ့်မေလ ၂၄ ရက်နေ့ ကို ရုံးချိန်း ချိန်းဆိုခဲ့တယ်လို့ သိရကြောင်းလည်း မဇာနည်မာန်ကပြောပါတယ်။

    ကိုနေလင်းနဲ့ အတူ VOM သတင်းထောက် ကိုရှိုင်းအောင်လည်း အတူခေါ်သွားခံခဲ့ရတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အတွင်း သတင်းထောက် ၈၀ ခန့် အဖမ်းခံခဲ့ရပြီးတော့ သူတို့ ထဲက ၄၀ ခန့်ဟာ လက်ရှိဖမ်းဆီးခံထားရသလို သတင်းဌာန ၈ ခုခန့်လည်း လိုင်စင်တွေပိတ်တာ ခံခဲ့ရပါတယ်။

  13. မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

    တရုတ်မြန်မာနယ်စပ်၊ နယ်စပ်ကုန်သွယ်ရေးရဲ့အကြီးဆုံးဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးဟာ မနေ့ မေ ၁၁ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

    မူဆယ်မြို့နဲ့ ၆ မိုင်ခန့်ဝေးတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးရုံးကနေ ရုံးဆင်းလို့ အိမ်ပြန်လာချိန် လမ်းမှာ အမည်မသိသေနတ်သမား နှစ်ဦးက ပစ်ခတ်ခဲ့လို့ ဦးမင်းအောင်အေးမှာ သေနတ်ဒဏ်ရာ ၃ ချက် ထိမှန်ခဲ့ပြီး ဒီကနေ့ မေ ၁၂ ရက်မနက်ပိုင်းမှာ ကျည်ဆန်တွေကို ခွဲစိတ်ပြီးထုတ်နိုင်ခဲ့တယ်လို့ မူဆယ်ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ဦးမင်းအောင်အေးဟာ ဆေးကုသမှုခံယူနေတယ်လို့လည်းဒေသခံကုန်သည်တွေကပြောပါတယ်။

  14. ကနီမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေ စီးနင်း၊ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

    ကနီမြို့နယ် သမင်ခြံကျေးရွာကို မေလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်မှုတွေလုပ်ခဲ့ အပြီး သမင်ခြံက အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန်ပြီးသေဆုံးသွားခဲ့တယ်လို့ ကနီဒေသခံတွေဆီက တစ်ဆင့်သိရပါတယ်။

    သေနတ်ထိမှန်သေဆုံးခဲ့သူဟာ ကနီမြို့နယ် သမင်ခြံရွာနေ ကိုကျော်မြင့်ဖြစ်ပြီး သူဟာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ကနီမြို့နယ် အတွင်း စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ သူအရေအတွက် ၁၉ ဦးရှိပြီဖြစ်တယ်လို့လည်းသူတို့ကပြောပါတယ်။

    ဒါအပြင် ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက လည်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဇီးပင်ကြီးရွာကို ဝင်ရောက်ပြီး ရှာဖွေ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ လည်းပြောပါတယ်။

    ဇီးပင်ကြီးရွာက ရွာသား ၃၀ ခန့်ကို ဖမ်းဆီးခံထားရပြီးရွာသူရွာသားတွေလည်း ထွက်ပြေးနေကြတယ်လို့လည်းပြောပါတယ်။

  15. မြင်းခြံ၊ တလုတ်ကို စစ်ကောင်စီတပ်တွေ အင်အားသုံးဝင်ရောက်စီးနင်း၊ ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရပြီးဖမ်းဆီးခံရသူတွေလည်းရှိ, ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

    မြင်းခြံမြို့နယ်၊ တလုတ်မြို့ကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက်အစောပိုင်းမှာအင်အားသုံး ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး ရွာရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကိုပါပိတ်ဆို့ခဲ့သလို ပစ်ခတ်မှုတွေပါ လုပ်ခဲ့တာကြောင့် တလုတ်မြို့ကျေးရွာရဲ့ ခံစစ်လည်း ပြိုသွားခဲ့ကာ ဒေသခံတွေလည်း ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    "ခုက အင်အားသုံးပြီး ဒီနေ့မနက်အစောပိုင်းမှာ စစ်ကူတွေနဲ့ မြို့ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ဆို့ပြီး အလုံးအရင်းဝင်စီးပြီး တွေ့သမျှမြင်သမျှပစ်တယ်။ တွေ့သမျှ လူ အကုန်ဖမ်းတယ်။ အဲဒီတော့ အပြင်ကလည်း ရွာထဲကိုဝင်လို့မရဘူး။ ရွာထဲက လူတွေထွက်ပြေးနေရတယ်။ တလုတ်ခံစစ်လည်း ပြိုပြီးထွက်ပြေးနေရတယ်။ ဖမ်းခံရသူတွေလည်းရှိတယ်။ မြင်းခြံဘက်ကလူတွေလည်း လာမရဘူးဖြစ်နေတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဒီနေ့မနက် ၁၀နာရီခွဲခန့်မှာ တလုတ်မြို့ကျေးရွာတိုက်ပွဲအတွင်း ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုစိုးရာဇာထွန်းလွင်မှာ ခြေထောက်မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရထားပြီး စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဗကသများအဖွဲ့ချုပ်(မြင်းခြံ) က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    တလုတ်မှာ မနေ့ညနေပိုင်းထဲက စစ်ကောင်စီနဲ့ ဒေသခံတွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ တလုတ်ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေက နေရာယူထားသလို ဒေသခံတွေရာနဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

  16. ဖားကန့်မှာ ခင်ပွန်းဖြစ်သူကို မတွေ့လို့ ဇနီးသည်ကိုဖမ်းပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ မေ ၁၂ ရက် မနက်ပိုင်းက အေးမြသာယာရပ်ကွက်နဲ့ လုံးခင်းကျေးရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ပုဒ်မ ၅၀၅- က နဲ့ အမှုဖွင့်ထားပါတယ်။

    လုံးခင်းကျေးရွာမှာတော့ လုံးခင်းသပိတ်စစ်ကြောင်းများ စတင်စုဝေးရာနေရာအနီး မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ "ရာစုသစ်" လက်ဖက်ရည်ဆိုင်က ဆိုင်ပိုင်ရှင်ကို ဝင်ဖမ်းရာ မတွေ့တာကြောင့် ဇနီးဖြစ်သူအား ဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရာစုသစ် လက်ဖက်ရည်ဆိုင်က စာရွက်စာတမ်းအချို့ နဲ့ ပစ္စည်းအချို့ကိုပါ တစ်ပါတည်း သိမ်းသွားတာဖြစ်တယ်လို့သိရှိရပါတယ်။

    နောက်ထပ်ဖမ်းဆီးခံရသူတစ်ဦးကတော့ အေးမြသာယာရပ်ကွက်၊ ရှရောခကျေးရွာက ကိုသက်နိုင်ဆိုသူကြဖစ်ပြီး သူတို့နှစ်ဦးလုံးကို ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။

    ဖားကန့်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ရပြီးဖြစ်သလို ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) တပ်ခံထားရသူလည်း ယနေ့ နှစ်ဦးအပါအဝင် (၄၀)ကျော် ရှိနေပြီဖြစ်ပြီး တချို့ကို မိုးညှင်းခရိုင် အကျဉ်းထောင်ကို လွှဲပြောင်းချုပ်‌နှောင်ထားပါတယ်။

  17. ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်းငွေထုတ်ယူသူစာရင်းတွေကို ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား

    အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မေ ၇ ရက်နေ့အထိ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ ငွေသားထုတ်ယူ၊ ပေးသွင်းမှုစာရင်းတွေကို လျှို့ဝှက်အဆင့်သတ်မှတ်ပြီး ဖြည့်စွက်ပေးဖို့ ဘဏ်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလိုက်ပါတယ်။

    ကြေညာထားတဲ့ကာလအတွင်း လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရဲ့ ငွေသားထုတ်ယူမှု၊ ပေးသွင်းမှုတွေကိုမေ ၁၄ ရက်နောက်ဆုံးထားပြီး ဗဟိုဘဏ်ထံ ပေးပို့ရမယ်လို့လည်း အဲဒီကြေညာချက်က ဆိုပါတယ်။

    ပေးပို့ရမယ့်စာရင်းတွေကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ ကုမ္ပဏီတစ်ခုချင်းစီနဲ့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ ငွေသားထုတ်ယူမှုနဲ့ ပေးသွင်းမှုစာရင်းနဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ စာရင်းပြောင်း (Transfer) နဲ့ စာရင်းရှင်း (Clearing) ဆောင်ရွက်ချက်တွေကိုပါ ပေးပို့ရမယ်လို့ ပါရှိပါတယ်။

  18. တမူးမှာ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၅ ဦးသေဆုံးလို့ တမူး PDF ထုတ်ပြန်လာ

    တမူးမြို့နယ်အတွင်း မနေ့ မေ ၁၁ ရက်နဲ့ ဒီနေ့ မေ ၁၂ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၅ ဦးခန့်သေဆုံးပြီး တမူး PDFဘက်က တစ်ဦးသေဆုံးတယ်လို့ တမူးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(TSG) က ထုတ်ပြန်လာပါတယ်။

    တမူးမြို့နယ်၊ ပန်းသာကျေးရွာအတွင်း မေ ၁၁ ရက် ညပိုင်း ၁၀ နာရီခွဲကနေ ၁၂ နာရီအတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါ့အပြင်မေ ၁၂ ရက် ဒီမနေ့ မနက် လေးနာရီခန့်မှာ တမူးမြို့နယ်၊ ကွန်းတောင်းရဲကင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တမူး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး စစ်ကောင်စီဘက်က ကူညီပေးနေတဲ့ ကသည်းလူမျိုး ၄ ဦးသေဆုံးကြောင်း အဲဒီထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    တမူးက အဲဒီတိုက်ပွဲတွေနဲ့ အကျအဆုံးအခြေအနေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

  19. မြစ်ကြီးနားက လူငယ်တွေ ဦးဆောင်တဲ့ အရုဏ်သပိတ်

    မြစ်ကြီးနားမြို့၊ အရုဏ်ဦးသပိတ်ကို မေ ၁၂ ရက်နေ့ မနက်အစောပိုင်းက စတင်ခဲ့ကြပြီး "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့မနက်သပိတ်ကို မြစ်ကြီးနားမြို့ရဲ့ ပင်မသပိတ်၊ မြစ်ကြီးနားအခြေစိုက် ကျောင်းသားသမဂ္ဂအင်အားစုတွေနဲ့ Gen-Z လူငယ်တွေ ပူးပေါင်းပြီး မြစ်ကြီးနားမြို့က ရပ်ကွက်တွေထဲမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေကြပါတယ်။

  20. တမူးမှာ မနေ့ညတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကဆယ်ဦးထက်မနည်းသေဆုံးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

    မနေ့ မေ ၁၁ ရက်ညက တမူးက ရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်းသေဆုံးကြောင်း တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

    တမူးမြို့၊ ကွမ်းတောင်ကျေးရွာနဲ့ ပန်းသာကျေးရွာတွေမှာ မနေ့ညက ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်သီးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရတယ်လို့ တမူးလုံခြုံရေးအဖွဲ့(TSG) ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားတာဖြစ်ပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။