ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာ့စင်မြင့်ပေါ် တင်ပေးတဲ့ အလှမယ်

  2. မြန်မာ့ နိုင်ငံရေးနဲ့ သံဃာတော်တွေရဲ့ အမြင်

  3. ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက် မြန်မာဆိုင်ရာကုလကိုယ်စားလှယ် တွမ်အင်ဒရူး စိတ်ပျက်တယ်လို့ဆို

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးပြင်းထန်တဲ့ ဆုံးဖြတ်ချက်မချနိုင်တာ အင်မတန် စိတ်ပျက်စရာကောင်းတယ်လို့ မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တွစ်တာမှာ ပြောပါတယ်။

  4. ယူကေရောက်မြန်မာတွေ သံရုံးရှေ့ဆန္ဒပြ

    ယူကေရောက် မြန်မာတွေက လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ ဒီကနေ့ ပြုလုပ်ခဲ့ရာမှာ သံရုံးရှေ့ လမ်းပိတ်တဲ့အထိ လူထောင်ချီတက်ရောက်ခဲ့ပါတယ်။

  5. ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေး စိုးရိမ်ရ

    ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်မယ်ဆိုပြီး ပြောဆိုမှုတွေရှိနေတဲ့အတွက် တိမ်းရှောင်နေရတဲ့ ဒေသခံ ၆၀၀၀ ကျော်ရဲ့ လုံခြုံရေးကို စိတ်ပူနေရတယ်လို့ ရှမ်းပြည်စစ်ဘေးရှောင် ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက ဘီဘီစီကို ပြောပါတယ်။

    RCSS ဟာ အဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ဆန္ဒပြ ပြည်သူဘက်က ရပ်တည်တာကြောင့် အခုလို ထိုးစစ်ဆင်မှာဖြစ်တယ်လို့ မတ်လ ၃၀ ရက်နေ့က မြန်မာ-ထိုင်း နယ်ခြားကော်မတီ တာချီလိတ်ရုံး က စာပို့တယ်လို့ ရှမ်းစစ်ဘေးရှောင် ကော်မတီထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ် ။

    ကချင်နဲ့ ကရင်ပြည်နယ်တို့မှာလည်း KIA ၊ KNU တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေရာမှာ လေယာဥ်သုံးတိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

  6. ယူကေရောက် မြန်မာများရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

  7. မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ

    ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၂) မျက်နာချင်းဆိုင်မှာရှိတဲ့ ကချင်နှစ်ခြင်းသင်းတော်နဲ့ RC (ရိုမန်ကက်သစ်လစ် ) ဘုရားကျောင်း နှစ်ကျောင်းကို ဒီကနေ့ နေ့လယ် ၁နာရီက စစ်နဲ့ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရှာဖွေတဲ့အကြောင်းအရင်းကို မေးလို့မရဘဲ စစ်သားတချို့ကတော့ အုတ်တံတိုင်းကျော်ပြီး ဝင်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

    အသင်းတော်တွေရဲ့ရုံး၊ ဆရာတွေရဲ့ အိမ်၊ အမှိုက်ပုံးတွေကို ရှာဖွေခဲ့ပြီး ဘုရားကျောင်းပတ်လည်မှာ မိနစ် ၂၀ ခန့် ရှာဖွေခဲ့ရာမှာ ဘာမှမတွေ့တာကြောင့် ပြန်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  8. ယုဇနပလာဇာဆိုင်ခန်းတွေက ပစ္စည်းတွေ သိမ်းဆည်းရွှေ့ပြောင်း

    ဧပြီ ၁ ရက်က စစ်တပ်ပိုင် ရူဘီမတ်နဲ့ ဂန္ဓမာကုန်တိုက်တို့ မီးလောင်အပြီးမှာတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ပလာဇာတစ်ခုဖြစ်တဲ့ ယုဇနပလာဇာက ဆိုင်ရှင်တွေက သူတို့ပစ္စည်းတွေကို ပြန်ရွှေ့ပြောင်းခဲ့ကြပါတယ်။

    မနေ့ကနဲ့ ဒီကနေ့ ၂ ရက်အတွင်း ပစ္စည်းရွှေ့ပြောင်းမှုတွေကြောင့် ယုဇနပလာဇာက ဆိုင်ခန်းတွေမှာ ပစ္စည်းတွေကုန်သလောက်ဖြစ်သွားပြီလို့ ဆိုင်ရှင်တွေကပြောပါတယ်။

  9. အရိုးရောဂါ ပညာဌာန ပါမောက္ခ တစ်ဦးဖမ်းဆီးခံရ, CDM ဆရာဝန်တွေကို ကြောက်ရွံ့ထိတ်လန့်သွားအောင်လုပ်ပြီး ဖမ်းဆီးနေတယ်လို့ပြော

    ရန်ကုန်၊ ဆေးတက္ကသိုလ် (၁) အရိုးရောဂါ ပညာဌာန ပါမောက္ခလည်းဖြစ်၊ အရိုးအထူးကုဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာကျော်မင်းစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ဧပြီလ ၃ ရက်နေ့ မနက် အစောပိုင်းအချိန်က အိမ်ကိုလာရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ အစ်ကိုက ဘီဘီစီကို ပြောပါတယ်။

    မရမ်းကုန်းမြို့နယ်တွင်းမှာရှိတဲ့ ဒေါက်တာကျော်မင်းစိုးရဲ့ အိမ်ကို စစ်ကားတွေနဲ့ အတူ စစ်သားတွေအများအပြား ရောက်လာပြီး ခြံတံခါးကို ချိုးဖျက် အတင်းဝင်ရောက်ခဲ့ကြတယ်၊ အိမ်တံခါးကို ဖွင့်ပေးတဲ့ ယောက္ခမတော်စပ်သူ အငြိမ်းစားပါမောက္ခဆရာဝန်ကြီးကို အိမ်ပြင်ထွက်ခိုင်းပြီး ခြံဝင်းအတွင်းမှာ ဒူးထောက်ထိုင်ခိုင်းတယ်၊ နောက်ပြီး ဇနီးဖြစ်သူနဲ့ သမီးငယ်ကိုလည်း ခြံဝင်းအတွင်းမှာ ဒူးထောက်ထိုင်ခိုင်းခဲ့တယ်၊ နောက်တော့ စစ်သားတွေက အိမ်အပေါ်ထပ်မှာ ရှိနေတဲ့ ဒေါက်တာကျော်မင်းစိုးကို တက်ရှာပြီးဖမ်းဆီးသွားတယ်၊ ဖမ်းဆီးသွားတဲ့အခါ လက်ပြန်ကြိုးတုပ်၊ ခေါင်းကို အိတ်အမဲစွပ်ကာ ရိုက်နှက်ဖမ်းခေါ်သွားခဲ့တယ်လို့ အတူနေ မိသားစုဝင်တွေက ပြောပြကြောင်းဒေါက်တာကျော်မင်းစိုးရဲ့ အစ်ကို ဒေါက်တာ စိုးမင်းက ပြောပါတယ်။

    ရုတ်တရက် အကြမ်းဖက်စီးနင်း ဖမ်းဆီးခံရပြီး အိမ်ဝတ်အိမ်စားနဲ့ ပါသွားတဲ့ ဒေါက်တာကျော်မင်းစိုးကို ဘာကြောင့် ဖမ်းဆီးသလဲဆိုတာကို ဖမ်းဆီးသူ စစ်သားတွေက ပြောမပြဘူးလို့လည်း သိရပါတယ်။

    ရန်ကုန်ဆေးရုံကြီးနဲ့ ကြည့်မြင်တိုင် အရိုးအထူးကုဆေးရုံက ဆရာဝန်ကြီး တစ်ယောက်ဖြစ်တဲ့ သူဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုအာခံမှု CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက် အခုလို လာဖမ်းတာလို့ မိသားစုဝင်တွေက မှတ်ယူရုံသာတတ်နိုင်ပြီး ဘီဘီစီက သူ့ရဲ့အစ်ကိုကို ဆက်သွယ်မေးမြန်းချိန် ဧပြီလ ၃ ရက် နေ့လယ်ပိုင်းအထိ သူ့ကို ဘယ်ကို ဖမ်းခေါ်သွားလဲဆိုတာ မသိရသေးပါဘူး။ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို မိသားစုက စုံစမ်းတော့လည်း ရဲစခန်းက သူတို့ဘာမှမသိကြောင်းပြောတယ်လို့ ဆိုပါတယ်။

    CDM လှုပ်ရှားမှုမှာ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တစ်ယောက်အနေနဲ့ ပါဝင်နေတဲ့ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ စိုးမင်းက “လမ်းပေါ်က ဆန္ဒပြပွဲတွေကို သူတို့နှိပ်ကွပ်ပြီးရင်၊ CDMကို သူတို့လှည့်ပြီး နှိပ်ကွပ်မယ်၊ အခုက ဖမ်းတာတင်ကိုမဟုတ်ဘူး၊ ကြောက်လန့်သွားအောင်လုပ်ပြတာ”လို့ ဘီဘီစီကို ပြောပါတယ်။

    စစ်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ဘူးလို့ ဆန့်ကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေ အများအပြားရှိနေပြီး မြန်မာပြည်တစ်ဝန်းမှာ ဆေးရုံလုပ်ငန်း ပီပီပြင်ပြင် လည်ပတ်နိုင်တဲ့ ဆေးရုံက မရှိသလောက် ဖြစ်နေတာပါ။

    “သူတို့ စစ်ကောင်စီဘက်က ပြန်ဖွင့်ဖို့ကြိုးစားကြတယ်၊ ဒါပေမဲ့ ဆေးရုံလုပ်ငန်းဆိုတာက လူနာကြည့်၊ ဆေးပေးပြီး ပြန်လွှတ်လို့ရတာမဟုတ်ဘူးလေ၊ ခွဲစိတ်ရတာ၊ ရေရှည်ကြည့်ပေးရတာ စသဖြင့် အလုပ်တွေက အများကြီးရှိတယ်၊ ထိပ်ပိုင်းက ဆရာဝန်ကြီးတချို့ အလုပ်ပြန်ဆင်းတာရှိပေမယ့်လည်း ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေ စတဲ့ ဝန်ထမ်းအများစုက အလုပ်မဆင်းတော့ ဆေးရုံတွေက ဘယ်လိုမှ မလည်ပတ်နိုင်ဘူး”လို့လည်း ခွဲစိတ်အထူးကုဆရာဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။

    အခုလို CDM လုပ်တဲ့ ရန်ကုန်က ဆရာဝန်ကို ဖမ်းဆီးတဲ့အချိန်မှာပဲ တစ်ခြားပြည်နယ်နဲ့ တိုင်းက CDM ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်ကောင်စီက ဖိအားပေးလာတွေက တပြိုင်နက်တည်း ဖြစ်လာနေပါတယ်။

    မော်လမြိုင်ဆေးရုံမှာ CDM လုပ်ထားတဲ့ ဆေးရုံလုပ်ငန်း ဝန်ထမ်းတွေကို ဆေးရုံအုပ် ဆရာဝန်က အလုပ်ကနေ ထုတ်ပစ်တဲ့ စာလည်း မတ်လ ၃၁ ရက်နေ့က ထွက်လာခဲ့ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီယန္တရားအောက်က ဆေးရုံတွေမှာ အလုပ်ပြန်ဆင်းမယ့်အစား ဖမ်းဆီးပြီး ဖိအားပေးမှာကို ရှောင်ရှားတဲ့အနေနဲ့ သူတို့ နေထိုင်ရာ အိမ်တွေကနေ တစ်ခြားနေရာတွေကို ရွှေ့ပြောင်း နေထိုင်ကြ တယ်လို့ CDM ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

    CDM လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ အများစုက လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို အပြင် စေတနာ့ဝန်ထမ်း ဆေးရုံ ဆေးခန်းတွေမှာ အခမဲ့ ကုသပေးနေကြတာလို့လည်း အဲဒီ CDM ဆရာဝန်တွေက ပြော ပါတယ်။

    အခုကာလမှာ စစ်ကောင်စစ်လက်အောက်က ဆေးရုံမှာ CDM လုပ်ပြီး ပရဟိတ ဆေးရုံဆေးခန်းတွေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာ လုပ်နေကြတဲ့ ဆရာဝန်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့လည်း သူတို့က ပြောပြပါတယ်။

    အခုလိုဖိအားတွေအောက်ကို ရောက်နေပေမယ့်လည်း ကျန်းမာရေး ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ ပျက်ယွင်းသွားမယ့်ပုံ မတွေ့ရပါဘူး။

    ဒေါက်တာစိုးမင်းက “ကျွန်တော့ကို သူတို့အလုပ်ဖြုတ်မလား၊ ဖြုတ်လိုက်၊ ဆရာဝန် မလုပ်ရဘူးလား၊ ကျွန်တော်မလုပ်ဘူး၊ ကျွန်တော့်ကိုဖမ်းပြီး ထောင်ချမလား၊ ထောင်ထဲသွားမယ်၊ သူတို့လက်အောက်မှာ ကျွန်တော်အလုပ်မလုပ်ဘူး၊ လူသားချင်း မစာနာတဲ့ နှိပ်ကွပ်ရက်စက်တဲ့ လူတွေအောက်မှာ ကျွန်တော် အလုပ်မလုပ်နိုင်ဘူး”လို့ ပြောပါတယ်။

  10. CNN သတင်းထောက်ကို ဖြေကြားပေးသူတွေ ပြန်မလွတ်သေး

    မြန်မာနိုင်ငံကိုရောက်နေတဲ့CNN သတင်းထောက်ရဲ့သတင်းမေးတာကို ဖြေပေးသူတချို့နဲ့ အနီးအနားမှာရှိသူတချို့ကို မနေ့က ဖမ်းဆီးသွားတာ ပြန်မလွတ်သေးဘူးလို့ မိသားစုဝင်တွေထံက သိရပါတယ်။

    CNN သတင်းထောက် မစ္စ ကလယ်ရီဆာရဲ့ အင်တာဗျူးကို ဖြေပေးအပြီး အမျိုးသမီး သုံးဦးအပါအဝင် အနည်းဆုံး ၇ ဦး စစ်တပ်ရဲ့ ဖမ်းဆီးခံရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

    အဲဒီထဲက မနေဇာခြည်ရှိုင်းဟာ မင်္ဂလာဒုံစျေးမှာ အင်တာဗျူးဖြေပေးအပြီး ဖမ်းဆီးခံရတာပါ။ သူ့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

    နောက်ထပ် ဖမ်းဆီးခံရတဲ့ အသက် ၂၃ နှစ်အရွယ် မယဥ်သက်တင်ကိုလည်း မိသားစုဝင်တွေက တွေ့ခွင့်မရသေးဘူးလို့ သူ့ရဲ့ အစ်ကိုက ပြောပါတယ်။

    CNN သတင်းထောက်ဟာ မတ်လ ၃၀ ရက် ညပိုင်းက မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လာရောက် သတင်းယူနေတာ ဖြစ်ပါတယ်။

    အဲဒါဟာ တပ်မတော်က အာဏာရယူပြီး နှစ်လတာအတွင်း နိုင်ငံတကာ သတင်းထောက်တစ်ဦးကို ရဲနဲ့တပ် အစောင့်အရှောက်တွေနဲ့ ပထမဆုံး သတင်းယူခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

  11. CRPH ရဲ့ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ကို ထောက်ခံတယ်လို့ NLD ကြေညာ

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီ CRPH က ကြေညာတာကိုလည်း ထောက်ခံတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

  12. အရာတော်မြို့မှာလည်း ပစ်ခတ်မှုရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက အရာတော်မြို့မှာ ဒီကနေ့ မနက် လူထု ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ခြောက်လှန့်ပစ်ခတ်တာမျိုး ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အရာတော်မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေရှိနေပေမဲ့ လုံခြုံရေးတပ်ဖွဲ့ တွေဘက်က ပစ်ခတ်မှုဟာ ဒီနေ့မှ စဖြစ်တာလို့ သိရပါတယ်။

    ပစ်ခတ်မှုတွေဟာ မြို့မြောက်ပိုင်း၊ အမှတ် ၁ စာသင်ကျောင်းနားမှာဖြစ်ခဲ့တာလို့ မြို့ခံတွေက အတည်ပြုပါတယ်။

    လက်ရှိမှာ တပ်ဖွဲ့တွေက ကျောက်တိုင်နားက လမ်းဆုံမှာ ပိတ်ဆို့ထားဆဲဖြစ်လို့ မြို့ပေါ်ဆန္ဒပြပွဲကို တက်လာတဲ့ ရွာတွေဘက်ကလူတွေ မပြန်နိုင်သေးဘူးလို့လည်း သိရပါတယ်။

    အဖမ်းအဆီးတချို့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

  13. သထုံမြို့ပေါ်က ဆန္ဒပြပွဲဖြိုခွင်းခံရချိန် လူသေဆုံးမှုရှိ

    မွန်ပြည်နယ်၊ သထုံမြို့က ပေါ်တော်မူဘုရားကုန်းကနေစတဲ့ မြို့ခံလူထုရဲ့ ဒီနေ့မနက်ဆန္ဒပြလူအစုအဝေးဟာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူအနည်းဆုံး ၂ ဦးရှိတယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

    ဆန္ဒပြသူတွေ ပေါ်တော်မူကုန်းကနေ တဆင့် မြို့ပင်မလမ်းမကြီးပေါ် တက်ပြီး ဆန္ဒပြနေချိန် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။

    ''ရဲကားလာနေတယ်ကြားတော့ ကျနော်တို့က လူစုခွဲနေချိန်မှာ ကားက ရုတ်တရက် လူအုပ်အလယ်ကို ဝုန်းဆို ဝင်တိုက်တာ။ ၂ ယောက်လောက် လဲကျသွားတာကို တွေ့ခဲ့ရတယ်။ ကားကြီးတွေနဲ့လမ်းက ကွယ်နေတော့ သူတို့လာတာကို အရင် မတွေ့ခဲ့ရဘူး'' လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

    အဲဒီနောက် ဆန္ဒပြသူတွေ နောက်ကနေ လိုက်ပစ်ခတ်ခံရလို့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသွားတဲ့အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့မြို့ခံတွေက ပြောနေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    လက်ရှိမှာ အင်တာနက်ပြတ်တောက်မှုကြောင့် ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာကို ဆန္ဒပြသူ အချင်းချင်း ဆက်သွယ်မေးမြန်းဖို့တောင်ခက်နေတယ်လို့ သိရပါတယ်။

    သထုံမှာ လူထုက ပျောက်ကျားသပိတ်နေ့စဉ်လိုလို ပြုလုပ်ပြီး လမ်းပေါ်တက်ဆန္ဒပြနေခဲ့ကြတာဖြစ်ပေမဲ့ ဒီနေ့မှာ အဖွဲ့အသေးတွေစုပေါင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

  14. တောင်ကြီးသပိတ် အောင်မြင်စွာ ပြီးစီး

    တောင်ကြီးသပိတ် အောင်မြင်စွာ ပြီးစီး တောင်ကြီးမြို့တစ်နေရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးရဲ့ ကျည်ဆန်ထိမှန်ခဲ့တဲ့နေရာကို ဒီနေ့ ဧပြီ ၃ ရက်မှာ တောင်ကြီးသပိတ်အဖွဲ့က စုပေါင်းသွားရောက်ကာ တစ်မိနစ်ငြိမ်သက်ပြီး အလေးပြုခဲ့ပါတယ်။

    စိန်ပန်းပြာပန်းတွေကို ကျည်ထိတဲ့နေရာမှ ာဂုဏ်ပြုဆုတောင်းပြီး ထားရစ်ခဲ့ကြပါတယ်။

    အဲဒီနောက် သပိတ်စစ်ကြောင်းဟာ သေဆုံးသူကို ဂုဏ်ပြုသောအားဖြင့် စိန်ပန်းပြာပန်းတွေကို ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး အထိအခိုက်မရှိဘဲ သပိတ်အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

  15. လူထုပေးတဲ့ပြစ်ဒဏ်ကို စစ်ကောင်စီခေါင်းဆောင်တွေ မလွဲမသေခံယူရမယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

    နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လူငယ်အမျိုးသမီးတွေအပါအဝင် ပြည်သူ ငါးရာကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေ တာဝန်ယူရမယ်လို့ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါတယ်။

    ပြည်သူလူထုက စီရင်ပေးတဲ့ပြစ်ဒဏ်ကို မလွဲမသွေခံယူရမယ်လို့လည်း သူက ဆက်ပြောပါတယ်။ အပစ်ရပ်ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီနေ့ဧပြီ ၃ ရက်မှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းမှာ ခုလိုပြောကြားခဲ့တာပါ။

    ဒီနေ့ ကျင်းပတဲ့အစည်းအဝေးမှာ အပစ်ရပ်စာချုပ် NCA ကို ပြန်လည်သုံးသပ်ခြင်း၊ နွေဦးတော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုတွေကို ဆက်လက်ပံ့ပိုးကူညီခြင်း၊ လူထုကို စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကို တားဆီးခြင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးညှိနှိုင်းသွားမယ်လို့လည်း ဆိုပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆော်ကရေး၊ ဖမ်းဆီးခံရသူအားလုံး ချက်ချင်းလွှတ်ပေးရေး စတဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူပြည်သူတွေနဲ့တကွ PPST ကအခိုင်မာ ရပ်တည်တယ်လို့ လည်း အစည်းအဝေး အဖွင့်မိန့်ခွန်းက ဖော်ပြထားပါတယ်။

    လက်ရှိမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ကရင်တိုင်းရင်းသားထောင်နဲ့ချီနေရပ်စွန့်ခွာထွက်ပြေးနေရသလို သေဆုံးဒဏ်ရာရမှုတွေလည်းရှိတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

  16. မြောက်ဥက္ကလာဆန္ဒပြပွဲတွေမှာသေဆုံးခဲ့သူတွေအတွက် ၁ လပြည့်အောက်မေ့ဖွယ်

    ရန်ကုန်မြို့က မြောက်ဥက္ကလာပမြို့နယ်မှာတော့ မြို့နယ်အတွင်း ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရချိန် သေဆုံးခဲ့ရသူတွေအတွက် တစ်လပြည့် ဝမ်းနည်း အောက်မေ့ဖွယ်ကို ပန်းသပိတ်နဲ့အတူပြုလုပ်သွားပါတယ်။

    မြောက်ဥက္ကလာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ၆ ခုထဲမှာပါဝင်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းကတည်းက မြောက်ဥက္ကလာမြို့နယ်မှာ လူထုက ဆန္ဒပြပွဲတွေပြုလုပ်နေပြီး မတ်လ ၃ ရက်မှာတော့ ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရလို့ တနေ့တည်းမှာ လူပေါင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

  17. စစ်ကိုင်းက ဒီနေ့ ပျောက်ကျားသပိတ်

    စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာကို ဒီနေ့ ဧပြီလ ၃ ရက်မှာ ပျောက်ကျားစနစ်နဲ့ ပြုလုပ်ကြပါတယ်။

    လူငယ်ကျောင်းသားတွေနဲ့ ဒေသခံရပ်ကွက်လူထုပူးပေါင်းပြီး သပိတ်စစ်ကြောင်းထွက်ကြတာဖြစ်ပါတယ်။

    လက်ရှိမှာ အများစုစစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းထွက်တဲ့ ကောင်းမှုတော်ဘုရားအနီးရပ်ကွက်တွေမှာ စစ်တပ်က ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဧပြီလ ၁ ရက် ကောင်းမူတော်နားက ဆွမ်းချက်ရပ်မှာ ညကင်း‌စောင့်သူကို စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးနဲ့ မတ်လ ၂၇ ရက်က ငါးထပ်ကြီးနား သပိတ်ဖြိုခွဲရာကနေပစ်ခတ်လို့ လူငယ်အမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

  18. မုံရွာမှာ ဒီနေ့မနက်ပစ်ခတ်မှု အနည်းဆုံး ၂ ဦးသေဆုံး

    မုံရွာမြို့မှာ ဒီနေ့ မတ်လ ၃ ရက် မနက်ပိုင်းမှာ ဆန္ဒပြဖို့ လူစုနေတုန်း စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လို့ အမျိုးသား ၂ ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ အနီးနားမှာရှိတဲ့မြို့ခံတွေက အတည်ပြုပါတယ်။

    အဲဒီထဲက ၁ ဦးဟာ သီဟစိုးနဲ့ မြကမ္ဘာပွဲရုံကြားမှာ ပြည်သူက လုပ်ထားတဲ့ လမ်းအဟန့်အတားအနီးမှာ ထိမှန်ခဲ့တာလို့ ကနဦး သိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ အောင်သပြေလမ်းမှာ စစ်ကား အစင်း ၂၀ လောက်နဲ့ရောက်နေပြီး လမ်းသွယ်တွေထဲအထိ ဝင်ရောက် ပစ်ခတ်သေနလို သေနတ်သံတွေလည်း တရွှီးရွှီးနဲ့ကြားနေရတယ်လို့ ရပ်ကွက်နေသူတစ်ဦးက အတည်ပြုပါတယ်။

    မုံရွာမှာ ဆန္ဒပြပွဲတွေ လူသေဆုံးတဲ့အထိ ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရတာတွေ ရှိပေမဲ့ မြို့ခံတွေရဲ့သပိတ်စစ်ကြောင်းဟာ နေ့စဉ်လိုလို ထွက်ပြီး ဆန္ဒပြနေကြပါတယ်။

  19. ကလေးသူငယ်တွေအပေါ် အကြမ်းမဖက်ဖို့ စစ်ကောင်စီကို ကုလထိပ်တန်း သံတမန်တွေ တောင်းဆို

    မြန်မာအာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေက ကလေးသူငယ်တွေ အပါအ၀င်၊ အရပ်သားတွေကို ဆက်လက်ပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ် ဆိုပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်း အရာရှိနှစ်ယောက်က ပူးတွဲ ထုတ်ပြန်ပါတယ်။

    လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း ကလေးသူငယ်တွေ ထိခိုက်နေရမှုတွေကို စုံစမ်းရတဲ့ အထူးကိုယ်စားလှယ် မစ္စ ဗာဂျီနီယာ ဂဲမ်ဘာနဲ့ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး ကုလ အထူး သံတမန် မစ္စ နာဂျတ် မာအလာ မဂျိဒ် တို့က မြန်မာအရေးနဲ့ ပတ်သက်ပြီး ပြောလာတာ ဖြစ်ပါတယ်။

    “မြန်မာစစ်တပ်အနေနဲ့ ကလေးသူငယ်တွေ အပေါ် ပိုမိုပစ်မှတ်ထား ကျုးလွန်လာ နေတဲ့ အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ချက်ခြင်းရပ်တန့်ပါ။ ကလေးသူငယ်တွေဟာ အကြမ်းဖက်ခံရခြင်းကနေ ကင်းလွတ်သင့်ပါတယ်” ဆိုပြီး သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    မြန်မာစစ်ကောင်စီ လက်ချက်နဲ့ ပြီးခဲ့တဲ့ မတ်လအကုန်ထိ ကလေးသူငယ် အနည်းဆုံး ၄၄ ယောက် သေဆုံးခဲ့တယ်လို့ ကုလအရာရှိတွေက အတည်ပြုထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါ၀င်နေပြီး၊ ပြန်လွတ်လာသူတွေ ရှိပေမယ့်၊ တချို့လည်း ရှေ့နေငှားခွင့် အပါအ၀င် ဥပဒေကြောင်း အရ ရင်ဆိုင်ခွင့် မရှိပဲ ဖမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်တွေက ပြောပါတယ်။

    စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်နေတာ ဖြစ်ကြောင်း ထင်ရှားတယ်လို့လည်း သူတို့က ပြောကြပါတယ်။

    စစ်ကောင်စီရဲ့ ကျုးလွန် တိုက်ခိုက်မှုတွေကြောင့် ပေါ်ပေါက် လာတဲ့ အခြေအနေတွေဟာ အခု လတ်တလောမှာပဲ ထိခိုက်တာ မဟုတ်ပဲ ကလေးသူငယ်တွေ အပေါ် ရေရှည် ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကုလကိုယ်စားလှယ်တွေက သတိပေးနေပါတယ်။

    “အကြမ်းဖက်ဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီး ဖြစ်လာလေလေ၊ ကလေးသူငယ်တွေ အနေနဲ့ စိုးရိမ် ပူပန်မှုတွေ၊ ဖိအားတွေ ခံစားရလေလေ ဖြစ်ပြီး၊ ဘ၀တလျှောက်လုံး အတွက် ကျန်းမာရေးဆိုင်ရာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ထိခိုက်လိမ့်မယ်” လို့ ဆိုထားပါတယ်။

    ကျန်းမာရေးနဲ့ ပညာရေး ၀န်ထမ်းတွေ အပေါ် အကြမ်းဖက်တာ၊ ဆေးရုံတွေ၊ ကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား နေတာတွေကလည်း၊ ကလေးသူငယ်တွေကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ကုလသံတမန်တွေက ပြောပါတယ်။

  20. ပြန်လည်သင့်မြတ်ရေး၊ ဆွေးနွေးရေးလမ်းကိုပဲ တရုတ်အစိုးရကလည်း တိုက်တွန်း

    တရုတ်ပြည်မကြီး အစိုးရ နိုင်ငံခြားရေး ဌာနကလည်း မြန်မာနိုင်ငံထဲက အခြေအနေတွေ အပေါ် အင်မတန် စိုးရိမ်ပူပန်တယ်လို့ ပြောရင်း တွေ့ဆုံရေးလမ်း လျှောက်လှမ်းကြဖို့ တိုက်တွန်းပါတယ်။

    မြန်မာနိုင်ငံထဲ ခက်ခက်ခဲခဲ တည်ဆောက် ရယူထားနိုင်ခဲ့တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး၊ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ဟွာရှုရင်က အခုလို ဆိုပါတယ်။

    “မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးကို တွက်ဆပြီး အဖွဲ့အားလုံး၊ ဘက်အားလုံး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး ဖော်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ခက်ခက်ခဲခဲ ရယူထားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး’ လုပ်ငန်းစဥ်ကို ရှေ့ဆက်နိုင်အောင် ကွဲပြားမှုတွေကို ဖွဲ့စည်းပုံနည်းကျ၊ ဥပဒေမူဘောင်တွေ အောက်ကနေ ညှိနှိုင်းကြပါ” လို့ ပြောသွားတာပါ။

    “မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ အပေါ် တရုတ်အနေနဲ့ အင်မတန် စိုးရိမ်တယ်၊ ဒီလုပ်ရပ်တွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ခံစားကြရတာ မြန်မာပြည်သူတွေပဲ”လို့လည်း ပြောခွင့်ရ ဟွာရှုရင်က ထုတ်ပြန်သွားပါတယ်။