ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒဂုံတောင်မှာ ရပ်ကွက်ကပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ရဲတပ်ဖွဲ့ လာဖွင့်

    ဒဂုံမြို့သစ် တောင်ပိုင်း အမှတ်​ ၁၄၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲယာဥ်တန်းကား လေးစီး၊ လက်နက်အပြည့်အစုံနဲ့ လာရောက်ပြီးရပ်ကွက်နေသူတွေက ပိတ်သိမ်းထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တံခါးကို လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။

    စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်ခံနိုင်ဖို့ ရဲတပ်ဖွဲ့က ညနေ​ ၄ နာရီခန့်က​ ရုံးကို လာဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လာရောက်ဖွင့်လှစ်ရာမှာ အုပ်ချုပ်ရေးမှူး မပါရှိဘဲ ရဲတပ်ဖွဲ့ကပဲ လာရောက်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ဖွင့်အပြီးမှာတော့ ရဲတပ်ဖွဲ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

    ဒါပေမဲ့ ရပ်ကွက်နေသူတွေက စုရုံးရောက်ရှိလာပြီး အဲဒီရုံးတံခါးကို သူတို့ကိုယ်ပိုင်သော့တွေနဲ့ ထပ်မံပိတ်သွားပါတယ်။

    အဲဒီနောက် ခန့်ထားခံရတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့မှာ စုဝေးဆန္ဒပြနေကြပါတယ်။

  2. မန္တလေး ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

    မန္တလေးမြို့မှာ နေရာအနှံ့နီးပါး ဆန္ဒပြမှုတွေ ရှိခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက မနက် ၈နာရီ ကတည်းက စစ်ကား၊ရေကား၊ အချုပ်ကားတွေနဲ့ မြို့တွင်း လှည့်လည်နေခဲ့ကြပါတယ်။

    အဲဒီနောက် ဆန္ဒပြစုရပ်နေရာတွေကို ဖမ်းဆီး၊ ပစ်ခတ်လူစုခွဲတာတွေပြုလုပ်ခဲ့ပါတယ်။

    နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ ပစ်ခတ်လူစုခွဲပြီးနောက် ၈၅ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၅ လမ်း မြတောင်တိုက်ရှေ့နဲ့ ၃၈ လမ်းနဲ့ ၄၂ လမ်းကြား၊ ၆၂ လမ်းတို့မှာ ဆန္ဒပြသူတွေအပြင် လမ်းဘေးမှာ ရပ်နေသူတွေ တချို့ကိုပါ အချုပ်ကားနဲ့ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေ အချုပ်ကား အပြည့်ရှိတာတွေ့ရပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  3. လှည်းတန်းလမ်းဆုံအနီး အခြေအနေ

    လှည်းတန်းမှာ လူစုခွဲ ဖြိုခွင်း ပြီးနောက် ရဲတပ်ဖွဲ့က လှည်းတန်းစျေး ရှေ့ လမ်းမ ပေါ်မှာ ပိတ်ဆို့ နေရာယူ ထားပါတယ်။

  4. မြေနီကုန်းမှာ ဖမ်းဆီးခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားအတွက် ရှေ့နေတွေပါ လိုက်ပါဆောင်ရွက်နေ

    ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက်ပိုင်းမှာ မြေနီကုန်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွဲရာမှာ ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသား တဦး ဖမ်းဆီးခံရပါတယ်။ အဲဒီ ကျောင်းသားဟာ လက်ရှိမှာ မြေနီကုန်း အချုပ်ကားပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။ " ရှေ့နေကိုလည်း ပြောပြီးပြီ၊ သူ့အိမ်ကလည်း သူ့အဖေကလည်း လိုက်နေတယ်ဗျ၊ ကျွန်တော်တို့လည်း အခု မြေနီကုန်းကို သွားနေတယ်။ မြေနီကုန်းကနေ တခြားနေရာမရွှေ့ခင် သေချာပြန်ရအောင် မီနိုင်အောင်လုပ်နေတယ်" လို့ ဆေး ၂ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဥဂ္ဂါမြတ်က ဘီဘီစီကို ပြောပါတယ်။

  5. မြေနီကုန်း၊ လှည်းတန်းနဲ့ ယူအန်ရုံးအနီး ဆန္ဒပြပွဲတွေကို ရဲက အင်အားသုံးဖြိုခွင်း၊ ဖမ်းဆီးခံရသူတွေလည်းရှိ

    ဒီနေ့ မနက် ရန်ကုန်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေရဲ့ စုံရပ်တွေဖြစ်တဲ့ မြေနီကုန်း၊ လှည်းတန်းနဲ့ ယူအန်ရုံးတစ်ဝိုက်က ဆန္ဒပြပွဲတွေကို ရဲတွေက တပြိုင်နက်တည်းနီးပါး အင်အားသုံးပြီး ဖြိုခွင်းလိုက်ပါတယ်။

    လှည်းတန်းမှာတော့ လူအုပ်ထဲက လေးခွနဲ့ပစ်ခတ်မှုတွေရှိလို့ဆိုပြီး ရပ်ကွက်ကလည်း အဲဒီလို ပစ်သူ ၂ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ လှည်းတန်းမှာ ရဲက လူစုခွဲရာမှာပစ်ခတ်မှုတချို့ရှိခဲ့ပြီး ဒဏ်ရာရသူ ရှိမရှိ မသိရသေးပါဘူး။

    မြေနီကုန်းမှာလည်း စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွေရဲ့ စုရပ်တစ်ခုဖြစ်ပြီး ဒီနေ့မှာ ဆန္ဒပြသူတွေကို အခုလို ဖြိုခွင်းလိုက်တာလည်းဖြစ်ပါတယ်။

    မနက်တည်းက မြေနီကုန်းတစ်ဝိုက် ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားသလို မြေနီကုန်းခုံးတံတားအပေါ်ရောအောက်မှာပါ ရဲကားတွေနေရာယူထားခဲ့တာပါ။ ရဲကားတွေကတော့ အရင်နေ့တွေတည်းက ပုံမှန်လိုလိုလုံခြုံရေးယူတာရှိပေမယ့် ဒီနေ့မနက် ၁၀ နာရီလောက်မှာ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေအရ လူစုလူဝေးတွေဟာ အများပြည်သူသွားလာရာနေရာတွေဖြစ်နေတာကြောင့် အဆင်မပြေမှုတွေရှိနေလို့ လမ်းပေါ်က ပိတ်ဆို့ထားတဲ့ ယာဉ်တွေကို ဖယ်ရှားပေးဖို့နဲ့ လူစုလူဝေးလည်း များနေလို့ လူစုခွဲပေးဖို့ဆိုပြီး ရဲတွေနဲ့အတူပါလာသူတစ်ဦးက သတိပေးခဲ့ပါတယ်။

    အဲဒီနောက် မြေနီကုန်းသပိတ်ကို ခုလို အင်အားသုံးဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ မြေနီကုန်းက ဆန္ဒပြပွဲတွေဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးနဲ့ တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့နဲ့ အနီးဆုံးမှာရှိနေတဲ့သပိတ်စုရပ်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီနောက် စီတီးမတ် နား ထိုင်သပိတ်ဆင်နွှဲနေသူတွေထဲက အယောက် ၂၀ လောက် ဖမ်းခံရတယ်လို့လည်း မျက်မြင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကန်တော်ကြီးတာဝါအနီးက ကုလရုံးတစ်ဝိုက်ကိုလည်း ဆန္ဒပြလို့မရအောင် ရဲတွေကအတားအဆီးတွေနဲ့ အရင်နေ့တွေတည်းက ပိတ်ဆို့ထားတာပါ။ ဒီနေ့မနက် ၁၁ ခွဲလောက်မှာတော့ အဲဒီနေရာကို စစ်ကားတချို့ ထပ်ရောက်လာပြီးတဲ့နောက် လူစုခွဲဖို့ပြောသူတချို့ကြောင့် လူစုခွဲတာတွေရှိသလို ရဲတွေဘက်ကလည်း တားဆီးထားတဲ့ ဘယ်ရီယာတွေကို မူလထက် ရှေ့ကို ပိုတိုးပြီး တားဆီးလိုက်တာတွေ့ရတယ်လို့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။

  6. မနေ့က တာမွေမှာဖမ်းခေါ်ခံရသူ ၃၀ထက်မနည်းရှိ

    မနေ့က တာမွေမှာဖမ်းခေါ်ခံရသူ ၃၀ထက်မနည်းရှိတယ်လို့ ဒီမနက် ဥပဒေရေးရာ လိုက်ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဦးအောင်မျိုးချစ်က ပြောပါတယ်။

    "သက်ဆိုင်ရာရဲစခန်းတွေကို မေးကြည့်တဲ့အခါ တာမွေရော ကျောက်မြောင်းမှာရောမရှိဘူး။ အင်းစိန်ကို ညတွင်းချင်းပို့လိုက်တယ်လို့ သိရတယ်။ ဥပဒေအရတော့ ၂၄နာရီထက်ပိုချုပ်ခွင့်မရှိလို့ ရမာန်ယူချင်ယူ။ ဒါမှမဟုတ် တရားစွဲတင်ဖို့အဆင်သင့်ဖြစ်ရင် တရားစွဲပေါ့။ အခုတော့ တာမွေတရားရုံးမှာ ရုံးထုတ်မလားစောင့်ကြည့်နေတာ"လို့ အဖမ်းခံရတဲ့ပြည်သူတွေဘက်က ဥပဒေရေးရာကူညီဖို့ လုပ်ဆောင်နေတဲ့အခြေအနေကို ရှေ့နေဦးအောင်မျိုးချစ်ကပြောပြပါတယ်။

    မနေ့က တာမွေမြို့နယ်မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ကန့်ကွပိဆန္ဒပြသူတွေကို ရဲနဲ့စစ်ကားတွေရောက်ရှိလာပြီး လမ်းမထက်ရှိသူအချို့ကိုဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။

    "မနေ့က သမီးနဲ့မိန်းမက မုန့်တီသွားသောက်တာ။ သမီးက ဖုန်းဘေကုန်လို့ သွားဝယ်တာကို ကားလမ်းကူးရင်း အဖမ်းခံလိုက်ရတယ်။ ကိုယ့်သမီးလေး အဖမ်းခံလိုက်ရတော့ တညလုံးအိပ်လို့လည်းမရဘူး။ လိုက်စုံစမ်းတော့လည်း ဘယ်မှာရှိမှန်းမသိရဘူး" လို့ ကျောက်မြောင်းကြီးရပ်ကွက်မှာနေထိုင်သူ ဦးထွန်းထွန်းဦးက ဘီဘီစီကို မျက်ရည်တွေနဲ့ ရင်ဖွင့်ပြောဆိုပါတယ်။

    မနေ့ညက တာမွေဖြစ်စဉ်အတွင်း သေနတ်ပစ်ဖောက် သတိပေးတာတွေရှိခဲ့သလို တိုက်ခန်းတွေထိတက်ရောက်ပြီး တအိမ်တက်ဆင်း ရှာဖွေတာတွေလည်းရှိခဲ့တယလို့ သိရပါတယ်။

  7. ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အသစ်နဲ့ ပါတီ ၅၀ ကျော် တွေ့ဆုံ

    ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော် ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံနေပါတယ်။ ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း မတက်ရောက်သလို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ပါတီတချို့မတက်ရောက်ဘူးလို့ အသီးသီးထုတ်ပြန်ထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိထားပေမယ့် ဒီနေ့ တွေ့ဆုံပွဲမှာတော့ ပါတီ ၅၀ ကျော်ပဲတက်ရောက်တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာကို ထပ်မံတင်ဆက်ပေးပါမယ်။

  8. ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိ

    ဖေဖော်ဝါရီ (၂၅)ရက်မှာတော့ ရန်ကုန်မြို့လယ် ဆူးလေမှာ တပ်မတော်ထောက်ခံကြောင်း ဆန္ဒပြသူ လူအုပ်ကြီးကနေ ကားမှန်ရိုက်ခွဲ၊ ဖျက်ဆီးမှုတချို့တွေအပြင် ဓားထိုးမှုပါလုပ်သွားတာကို စီစီတီဗီမှတ်တမ်းတွေ အရ သိရပါတယ်။

    ဒီလို အကြမ်းဖက်လုပ်ဆောင်ခဲ့တဲ့နေရာတွေအနီးအနားမှာ လုံခြုံရေးတာဝန်ရှိသူ ရဲတွေရှိခဲ့ ပေမယ့် တစုံတရာတုံ့ပြန်ဖြေရှင်းပေးခဲ့တာမရှိဘူးလို့ မျက်မြင်ပြည်သူတွေကပြောပါတယ်။

    ကားမှန်ရိုက်ခွဲခံရသူတစ်ဦးက ကျောက်တံတားမြို့နယ်ရဲစခန်းမှာ သွားရောက်အမှုဖွင့်ပေမယ့် ပ နံပါတ်(အမှုနံပါတ်) မထုတ်ပေးဘဲ တိုင်ချက်သာ လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ (၂၅)ရက် မွန်းလွဲ ၁၂ နာရီ လောက်မှာလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မသင်္ကာဖွယ်ရာ လူအယောက် (၂၀)ကျော်ကို တွေ့ရှိခဲ့ရလို့ ပြည်သူတွေကဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးမိသူတွေကို ရဲလက်ထဲ ပြန်အပ်ခဲ့ပေမယ့် ဘယ်လိုတုံ့ပြန်မှုနဲ့ ကြုံခဲ့ရပါသလဲ။ မျက်မြင်တဦးဖြစ်တဲ့ ကိုဝင်းဇော်လတ်ပြောတာက "လူထုနဲ့ ဖမ်းထားတဲ့လူတွေကြားမှာ ဘာပြဿနာမှမရှိဘူး။ အေးအေးဆေးဆေးပဲ။ ထိန်းနိုင်တယ်။ သူတို့ဘက်ကို ရောက်တော့မှ သူတို့က ဒိုင်းတွေတုတ်တွေနဲ့ လူထုရဲ့နောက်ကျောဘက်ကနေပိတ်ပြီးတော့မှ မူလရှိနေတဲ့ ရဲတပ်ဖွဲ့အင်အားကို ထပ်ဖြည့်တယ်။ ကျွန်တော်တို့နဲ့ ထိန်းထားတဲ့လူတွေကြားမှာ ဘာပြဿနာမှ အဓိကရုဏ်းမှဖြစ်စရာမလိုဘူး။ ဒါပေမဲ့ ရဲရောက်လာမှ အဲဒီလူတွေနဲ့ ရဲတွေနဲ့ တစ်ဖွဲ့တည်းဖြစ်သွားပြီးတော့ ပြန်ကာကွယ်တဲ့ပုံစံလိုဖြစ်နေတယ်" လို့ ပြောပါတယ်။

    နိုင်ငံသားတွေလုံခြုံရေးအရရော ဆန္ဒဖော်ထုတ်မှုနဲ့ အခြားသူတွေ ပဋိပပက္ခ မဖြစ်စေဖို့နဲ့ အဲ့ဒီလို ဖြစ်ခဲ့ရင်လည်း အချိန်မီထိန်းသိမ်းနိုင်အောင် ရဲတပ်ဖွဲ့က လုံလောက်တဲ့လုံခြုံရေး ပေးရမယ်လို့ ငြိမ်းစုစီဉပဒေမှာရော အ႒ ဓိကရုဏ်းနှိမ်နင်းရေးလက်စွဲဉပဒေမှာပါ ပြဌာန်းထားပါတယ်။

    ဒါပေမဲ့ လက်ရှိလူမှုကွန်ရက်စာမျက်နှာ တွေမှာသာမက မြေပြင်မှာပါ တွေ့ရှိနေရတဲ့ ရဲအပါအဝင် လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုမြင့်တက်နေပါတယ်။

    စစ်ကောင်စီကနေ အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရက်တွေဟာ ရာဇဝတ် ကျင့်ထုံးဉပဒေ၊ ရဲလက်စွဲဉပဒေ တွေအပြင် ရုန်းရင်းဆန်ခတ်မှုလက်ဆွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက် နေတယ်လို့ ဉပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဘီဘီစီက ဆက်သွယ်ဖို့ကြိုစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

    ယမန်နေ့ညနေပိုင်းကလည်း တာမွေ၊ ယုဇနပလာဇာအနီး အောင်မင်္ဂလာရပ်ကွက်မှာ စစ်ကောင်စီက ခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း ကန့်ကွက်တဲ့ ရပ်ကွက်နေသူတွေကို ရဲက ပစ်ခတ်ဖြိုခွဲပြီးဖမ်းဆီးမှုတွေလည်း ရှိထားပါတယ်။

  9. မြန်မာစစ်ကောင်စီကို ထောက်ခံတဲ့သဘောမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ငြင်းဆို

    မြန်မာ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားရေး၀န်ကြီး ဆိုပြီး ခန့်ထားတဲ့သူကို ဘန်ကောက်မှာ တွေ့ဆုံခဲ့တဲ့ အပေါ်၊ ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖြေရှင်းချက် ထုတ်လာပါတယ်။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက၊ ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ခဲ့တာဟာ စစ်ကောင်စီကို အသိအမှတ်ပြု ထောက်ခံတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ထိုင်း ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

    တွေ့ဆုံကြတုန်း၊ မြန်မာနိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကို တစ်ဘက်က ပြောလာတာကို နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

    အင်ဒိုနီးရှားနဲ့ အတူ ထိုင်းလည်းပဲ၊ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ကြား၀င် ညှိနှိုင်းပေးလာဖွယ် ရှိတယ် ဆိုတဲ့ ထင်မြင်ချက်တွေကိုလည်း ထိုင်း၀န်ကြီးချုပ်က ပယ်ချပါတယ်။

    “နိုင်ငံရေးနဲ့ဆိုင်တဲ့ ကွဲလွဲမှုတွေဟာ သူတို့ တိုင်းပြည်ရဲ့ပြဿနာ ဖြစ်တယ်။ ကျွန်ုပ်အနေနဲ့ ဒီမိုကရေစီဘက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရွေ့သွားအောင်ပဲ အားပေးလိုပါတယ်” ဆိုပြီး ကိုယ်တိုင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်တဲ့ ပရာယွတ်က ပြောပါတယ်။

  10. တာမွေထဲ တပ်နဲ့ရဲ၀င်စီး၊ ပစ်ခတ်ဖမ်းဆီးတာတွေလုပ်

    ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲက ရပ်ကွက်တွေထဲ၊ စစ်တပ်နဲ့ရဲတွေ မနေ့ ညနေပိုင်းကတည်းက ၀င်ရောက် စီးနင်းခဲ့ပါတယ်။

    ပစ်ခတ်တာတွေ၊ နေအိမ်တိုက်ခန်းတွေထဲထိ စီးနင်းရှာဖွေတာတွေ လုပ်ခဲ့ပြီး၊ ကျောက်မြောက်ကြီး၊ အောင်မင်္ဂလာ၊ ကျောက်ရေတွင်း တလျှောက်၊ ညနက်ချိန်ထိ လက်နက်ကိုင်တွေနဲ့ ပြည့်နေတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက ခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မလိုလား၊ လက်မခံကြောင်း မနေ့ညနေပိုင်းကတည်းက တာမွေ၊ သာကေတနဲ့ ဒေါပုံစတဲ့ ရန်ကုန်က မြို့နယ်တချိူ့မှာ၊ ဒေသခံတွေကန့်ကွက်ခဲ့ကြပါတယ်။

    တာမွေ၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စု၀ေးနေတဲ့ ရပ်ကွက်နေပြည်သူတွေကို လက်နက်ကိုင်တွေက ဝိုင်းထားခဲ့ပါတယ်။ နောက်ပိုင်း ပစ်ခတ်ခံရပါတယ်။ လူတချို့ အဖမ်းခံရပါတယ်။

    ရဲသတင်းပေးတွေ ရှိနေတဲ့အတွက် ရဲတွေဟာ သူတို့လိုချင်၊ ဖမ်းချင်တဲ့ သူတွေရဲ့ ဓာတ်ပုံတွေ၊ လက်၀ယ်ရှိနေပါတယ်။ ဘယ်အိမ်မှာ နေတာလဲကအစ အတိအကျ သိပြီး၊ နေအိမ်တိုက်ခန်းတွေထဲထိ စီးနင်း ရှာဖွေပါတယ်။ ၀ရမ်းပါမှ ရှာခွင့်ရှိတယ် ဆိုတဲ့ ဥပဒေကိုလည်း အာဏာသိမ်းကောင်စီက ဖျက်ထားပြီး ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

    ဒီအကြောင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ၀က်ဘ်ဆိုက် လိုက်ဖ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေပါတယ်။

    https://bbc.com.im/burmese/live/burma-56140135%3C/a%3E%3C/p%3E%3C/div%3E%3C/div%3E%3C/article%3E%3C/li%3E%3Cli class="css-xxlek1">

    မြန်မာနိုင်ငံကို အကူအညီသစ်တွေပေးတာရပ်ဖို့ ဂျပန်စဥ်းစားမယ်

  11. ပြင်ဦးလွင်ဆေးရုံကို ဝင်ရောက်ရှာဖွေ

  12. တာမွေ အောင်မင်္ဂလာနဲ့ မအူကုန်းရပ်ကွက်ကို တပ်နဲ့ရဲပိတ်ဆို့ထား

  13. နိုင်ငံတကာက ဘယ်လို ကူညီနိုင်သလဲ

  14. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ

    ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ်က အခု အရေးယူမှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ယူရမယ်ဆိုတာ စစ်အစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တာ ဖြစ်ကြောင်းနဲ့ လူထုက ရွေးချယ်ထားတဲ့ အစိုးရဆီကို အာဏာ ပြန်လွှဲပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

    အခုခြောက်ဦးကို အရင်က ပိတ်ဆို့ထားတဲ့ ၁၉ ဦးစာရင်းထဲကို ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

    အခု ပိတ်ဆို့အရေးယူသူတွေဟာ စစ်ကောင်စီဝင်တွေ ဖြစ်တဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့ပါဝင်ပါတယ်။

    • မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေအစိုးရ ဒဏ်ခတ် အရေးယူမယ်

    ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ကို ယူကေက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

    အဲဒီပိတ်ဆို့ အရေးယူမှုဟာ ယူကေကို ခရီးသွားလာမှု တားမြစ်တာနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ်တာတွေ ပါဝင်ပါတယ်။

    အခုလို ပိတ်ပင်မှုနဲ့အတူ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေး မလုပ်ကိုင်ဖို့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ယူကေက ပေးနေတဲ့ အကူအညီတွေကို စစ်ကောင်စီအစိုးရဆီ တစ်ဆင့်ခံရောက်ရှိသွားတာမျိုးတွေကို တားမြစ်ပြီး မြန်မာနိုင်ငံက အဆင်းရဲနွမ်းပါးဆုံးသူတွေနဲ့ အထိခိုက်လွယ်ကူဆုံးသူတွေဆီ ရောက်ရှိရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

  15. ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်

    ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ဒေသခံတွေက မကျေနပ်ကန့်ကွက်တာတွေ ရန်ကုန်တိုင်းက တာမွေ၊ သာကေတနဲ့ ဒေါပုံစတဲ့ မြို့နယ်တွေ မှာ ဖြစ်ခဲ့ပြီး တာမွေမြို့နယ်မှာ ရဲတပ်ဖွဲ့က လူစုလူဝေးကို ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

    တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲတွေက ဝိုင်းထားခဲ့ပါတယ်။ အဲဒီရပ်ကွက်မှာ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့က ဒီညနေမှာ လာရောက် ဖြိုခွင်းပြီး ရပ်ကွက်ထဲအထိ လိုက်လံဖမ်းဆီးသလို ပစ်ခတ်မှုတွေလည်းရှိတယ်လို့ ကနဦး သတင်းတွေရရှိထားပါတယ်။

    အခုအချိန်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေပြီး ရဲတပ်ဖွဲ့က ဆက်လက် ဖြိုခွင်းနေပါတယ်။

  16. မအိသဉ္စာမောင်ကို လူ့ဘောင်သစ်ပါတီက ထုတ်ပယ်

    စစ်အဏာသိမ်းမှု ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မအိသဉ္စာမောင်ကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ လူငယ်အဖွဲ့က ထုတ်ပယ်လိုက်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးပါတယ်။

    သူဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပန်းဘဲတန်းမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ထုတ်ပယ်တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

    ဒါနဲ့ ပတ်သက်လို့ ပါတီဘက်က တစ်စုံတစ်ရာ ထုတ်ပြောတာတော့ မတွေ့ရသေးပါဘူး။

  17. မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့စာမျက်နှာတွေဖေ့စ်ဘွတ်ခ်ပိတ်

    တပ်မတော်အပါအဝင် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စာမျက်နှာတွေကို ဖေ့စ်ဘွတ်ခ်နဲ့ အင်စထာဂရမ်တို့မှာ ပိတ်ပင်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ဖေ့စ်ဘွတ်ခ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

    အဲဒီလို ပိတ်ပင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာနဲ့ စစ်တပ်နဲ့ ဆက်နွှယ်နဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ကြော်ငြာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်စဥ်က စပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားတို့ရဲ့ စာမျက်နှာတွေကို အကြမ်းဖက်မှု လှုံ့ဆော်တာကို တားမြစ်တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်လို့ ပိတ်ပင်ထားခဲ့တယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမဲ့ ဒီပိတ်ပင်မှုမှာ ပြည်သူ့ဝန်ဆောင်မှုတွေပေးနေတဲ့ အစိုးရ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့တွေ မပါရှိဘူးလို့ ဆိုပါတယ်။ အဲဒီပိတ်ပင်မှု မရှိတာတွေထဲမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာန စတာတွေ ပါဝင်ပါတယ်။

  18. တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး

    တပ်မတော်ထောက်ခံသူဆိုသူတချို့ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုးတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

    ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းက တပ်ထောက်ခံသူတွေထဲက တစ်ဦးဟာ လက်ထဲမှာ ဓားတစ်လက်ကိုင်ထားပြီး ဆူးလေ ရှန်ဂလီလာဟိုတယ်နားမှာ လမ်းသွားလမ်းလာတွေကိုခြိမ်းခြောက်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။

    အဲဒီလိုခြိမ်းခြောက်နေစဉ်မှာပဲ ဗိုလ်ချုပ်လမ်းပေါ်မှာ လမ်းသွားနေသူတစ်ဦးနဲ့ တပ်ထောက်ခံသူတချို့ ခိုက်ရန်စကားများဖြစ်ပွားနေစဉ် ဓားကိုင်ထားတဲ့သူက လမ်းသွားလမ်းလာကို ဓားနဲ့ပြေးထိုးလိုက်သလို သူနဲ့ တစ်ဖွဲ့တည်းလို့ ယူဆရသူတွေကလည်း လဲကျသွားတဲ့သူကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကန်ကျောက်နေတာကို လုံခြုံရေးကင်မရာမှတ်တမ်းမှာ တွေ့မြင်ရတာဖြစ်ပါတယ်။

    ဒဏ်ရာရရှိသူကို အနီးနားပတ်ဝန်းကျင်က လူတွေက ဝိုင်းဝန်းပြုစုပြီး နီးစပ်ရာဆေးရုံဆေးခန်းကို ပို့ဆောင်ဖို့ ကြိုးစားနေတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

    ဒါ့အပြင် အဲဒီသူတွေဟာ လမ်းမှာ မီးပွိုင့်မိလို့ ရပ်ထားတဲ့ မော်တော်ယာဉ်ကားမှန်တွေကိုလည်း ရိုက်ခွဲသွားပြီး အဲဒီလိုရိုက်ခွဲခံရတဲ့အထဲက ကားပိုင်ရှင်တစ်ဦးက ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ဘီဘီစီကိုပြောပါတယ်။

  19. စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ဒီကနေ့နေ့လယ် ၁ နာရီကစတင်ပြီးတော့ ထိုးပေးနေပြီဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့မှာဆေးထိုးခွင့်ရရှိခဲ့ကြသူတွေဟာ ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီးဆရာတော် ၂၀ ပါး၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တွေအပါအဝင် ၁၉ ဦး၊ ဟိန္ဒူဘာသာရေးကောင်းဆောင် တစ်ဦး၊ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေအပါအဝင် ၂၀ ဦး စုစုပေါင်း ၆၀ ဦးတို့ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ ဒုတိယအသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ ၅၂ ဦးကိုထိုးနှံပေးခဲ့သလို ဒီကနေ့မှာတော့ တတိယအသုတ်အနေနဲ့ ဘာသာရေးခေါင်းဆောင် ၆၀ ဦးတို့ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဆရာတော်ကြီးတွေကိုတော့ စစ်တွေမြို့ဆေးရုံအုပ်ကြီးရုံးခန်းမှာ ထိုးပေးပြီး ဟိန္ဓူနဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကိုတော့ ရွှေနှလုံးတော် ကပ်သလစ်ဘုရားကျောင်းမှာထိုးပေးကာ မွတ်ဆလင်ဘာသာရေးခေါင်းဆောင် တွေကိုတော့ စစ်တွေမြို့ပေါ်က အောင်မင်္ဂလာ ရပ်ကွက်က ဗလီတစ်ခုမှာထိုးပေးခဲ့တာဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို စစ်တွေတစ်မြို့နယ်တည်းမှာသာထိုးနှံ ပေးနေတာဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ ထိုးနှံခြင်းမရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။