ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လှည်းတန်းမှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူ ၂ဦးအတွက် ဒီကနေ့ ဆုတောင်းပွဲပြုလုပ်

    ဖေဖော်ဝါရီ ၂၈ ရက်က လှည်းတန်းမှာ အာဏာသိမ်းမှုဆန္ဒပြရင်း ရဲနဲ့လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူနှစ်ဦးအတွက် ဆုတောင်းပွဲကို သူတို့သေနတ်ထိမှန်ခဲ့တဲ့ လှည်းတန်းလမ်းမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ပေးနေပါတယ်။

    ရန်ကုန်မှာ မနေ့က ပစ်ခတ်မှုတွေအတွင်း သေဆုံးသူ ၅ ဦးရှိခဲ့ပြီး လှည်းတန်းမှာသေဆုံးခဲ့ရသူ ၂ဦးကတော့ မောင်ဇင်လင်းထက်နဲ့ မောင်ညီညီအောင်ထက်နိုင်တို့ဖြစ်ကြပါတယ်။

  2. မန္တလေးမှာ မနေ့က ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြတာတွေဆက်ရှိ

    မန္တလေးမှာ မနေ့က ဖေဖော်ဝါရီ၂၈ရက်နေ့ကလည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူ တွေ ရှိခဲ့ပေမယ့် ဒီကနေ့ မတ် ၁ ရက်မနက်အစောပိုင်းမှာကတည်းက သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြလှည့်လည်မှုတွေ ဆက်ရှိနေပါတယ်။

    မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ အရပ်သားအစိုးရထံကနေ တပ်မတော်က အာဏာရယူပြီးတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း လူထုဆန္ဒပြပွဲတွေကိုဖြိုခွင်းခဲ့တဲ့ ၃ပတ်တာကာလအတွင်းမှာ လူသေဆုံးမှု အများဆုံး နေ့ရက်တစ်ရက်ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၁၈ ဦးထက်မနည်းသေဆုံး ခဲ့ရပါတယ်။

  3. အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတာဟာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တယ်လို့ အမေရိကန်ရှုတ်ချ

    မြန်မာနိုင်ငံမှာ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကို တွေ့ရတဲ့အတွက် အထူးကြေကွဲဝမ်းနည်းမိတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေအပေါ် အကြမ်းမဖက်သင့်ကြောင်းနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတာဟာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြောင်း အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

  4. ၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှု ချက်ချင်းရပ်ဖို့ ကုလ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ တိုးလုပ်လာနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းနေတာကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    ဒီကနေ့ တနေ့လုံး နိုင်ငံတဝန်းက နေရာ အများအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို ရဲနဲ့ စစ်တပ်က အသက်သေစေနိုင်လောက်တဲ့ အားသော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရစေနိုင်လောက်တဲ့ အားသော်လည်းကောင်း သုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ် ဆိုတာကို ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က သိခဲ့ရတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ဆန္ဒပြလူအုပ်ထဲ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် အခုလို သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့လည်း သိရကြောင်း ဖော်ပြထားပါတယ်။

    မြန်မာပြည်သူတွေမှာ လွတ်လပ်စွာ စုဝေး ဆန္ဒထုတ်ဖော်ခွင့်၊ ဒီမိုကရေစီ တောင်းဆိုခွင့်တွေ ရှိကြောင်း၊ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ လေးစားလိုက်နာသင့်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ သွေးထွက်သံယိုဖြစ်အောင် ဖိနှိပ်ဖြိုခွဲတာမျိုး မလုပ်သင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

    ဆန္ဒပြပြည်သူတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး တောင်းဆိုနေကြသူတွေနဲ့အတူ တစည်းတလုံးတည်း ရပ်တည်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းလိုက်ပါတယ်။

  5. ပြည်ပရှိ မြန်မာသံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကို ပြန်ခေါ်

    ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးဝန်ထမ်းတချို့ကို ရာထူးပြောင်းရွှေ့ ခန့်အပ်ကြောင်း ညွှန်ကြားစာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    သံမှူးကြီး အဆင့်ကနေ စလို့ ပထမ၊ ဒုတိယ၊ တတိယ အတွင်းဝန်အဆင့်၊ ရုံးအုပ်၊ စာရေးအဆင့်အထိ သံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည် ခေါ်ယူပြီး ရာထူးနေရာ ပြောင်းလဲ ခန့်အပ်လိုက်တာပါ။

    သူတို့ရဲ့ နေရာတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေကို အစားထိုး ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးမှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတော့ တာဝန်ကနေ ရပ်စဲကြောင်း နောက်တနေ့မှာပဲ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

  6. ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား

    ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ အီလက်ထရောနစ် စနစ်နဲ့ ငွေပေးချေဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ မတ်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်မယ့် ရုံးတွင်းညွှန်ကြားစာတစ်စောင်ကို ဘီဘီစီကတွေ့ရှိခဲ့ပါတယ်။

    ဒီညွှန်ကြားစာကို လက်ခံရရှိတဲ့ အကြောင်း ပုဂ္ဂလိကဘဏ်ကြီးတစ်ခုရဲ့ ဘဏ်ရုံးခွဲ မန်နေဂျာတစ်ယောက်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

    ငွေသားသုံးစွဲမှု လျှော့ချရေးကို အဓိက ဦးစားပေး ဆောင်ရွက်ဖို့နဲ့ အစိုးရဌာနတွေရဲ့ ငွေပေးချေမှုတွေကို CBM-NET System ကိုသုံးပြီး ဘဏ်ရှိစာရင်းတွေကနေတဆင့် ငွေပေးချေတဲ့နည်းလမ်းတွေ၊ အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းတွေ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းတွေ၊ Cheque/PO တွေကို ဦးစားပေး ဆောင်ရွက်ဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်။

    ATM ကနေ ငွေထုတ်ယူမှုကို တစ်ရက်ကို အများဆုံး ကျပ် ၅ သိန်းသာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားသလို ဘဏ်စာရင်းကနေ ငွေထုတ်ယူတဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်ကို အများဆုံး ကျပ် သိန်း ၂၀ နဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေအတွက် တစ်ပတ်ကို အများဆုံး သိန်း ၂၀၀ အထိသာ ထုတ်ယူခွင့် ပြုဖို့ကိုလည်း အဲဒီစာထဲမှာ ညွှန်ကြားထားပါတယ်။

    အစိုးရဌာနတွေနဲ့စီးပွားရေးလုပ်ငန်းကြီးတွေရဲ့လကုန်ရက်မှာလုပ်ခ၊လစာပေးချေမှုတွေအတွက်လိုအပ်ချက်တွေအပေါ်မူတည်ပြီးဘဏ်တွေအနေနဲ့ မိမိရဲ့ ငွေကြေးလက်ကျန် အခြေအနေအရ စိစစ်ထုတ်ပေးဖို့နဲ့ လိုအပ်ပါက ဗဟိုဘဏ်ကို တင်ပြဆောင်ရွက်ဖို့လည်း ဖော်ပြထားပါတယ်။

  7. ဦးကျော်မိုးထွန်း သာ ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတယ်လို့ CRPH ထုတ်ပြန်

    သံအမတ်ကြီး ဦးကျော်မိုးထွန်း သာလျင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်လိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးမှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့တယ် ဆိုတဲ့ ဦးကျော်မိုးထွန်းကို အာဏာသိမ်း စစ်ကောင်စီက နောက်တနေ့မှာပဲ တာဝန်မှ ရပ်စဲကြောင်း ထုတ်ဖော်ကြေညာခဲ့တာပါ။

  8. လှည်းတန်းမှာ သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ လူငယ်တွေအတွက် ဆုတောင်းပွဲပြုလုပ်

    ဒီကနေ့ မနက်ပိုင်းက လှည်းတန်းဈေးရှေ့မှာ သေနတ်မှန်ပြီး သေဆုံးခဲ့တဲ့ လူငယ်တွေအတွက် ရပ်ကွက်နေပြည်သူတွေက ဝမ်းနည်းကြောင်းအထိမ်းအမှတ်ပွဲ လုပ်ခဲ့ကြပါတယ်။

    သေဆုံးခဲ့တဲ့လူငယ်တွေကို ဆုတောင်း အမျှဝေပေးတာ၊ မီးပူဇော်ပြီး ကုသိုလ်ပြုပေးတာတွေ လုပ်ခဲ့ကြပါတယ်။

  9. မန္တလေးမှာ ဆန္ဒပြစစ်ကြောင်းနောက် လက်နက်ကိုင်လိုက်လာတဲ့ အရပ်ဝတ် ရဲကို ဆန္ဒပြသူတွေ ထိန်းသိမ်းထား

    မန္တလေးမြို့မှာ ဆန္ဒပြစစ်ကြောင်းနောက်ကို လိုက်နေတဲ့ အရပ်ဝတ် ရဲတစ်ဦးနဲ့ လေးခွကိုင်လူ တစ်ဦးကို မြတောင်ကျောင်းတိုက်အတွင်းမှာ ထိန်းသိမ်းထားလိုက်ကြပါတယ်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသူက သူဟာ ၆၆လမ်း ရဲသင်တန်းကျောင်းက သင်တန်းနည်းပြဆရာ တစ်ယောက် ဖြစ်တယ်လို့ ဝန်ခံဖြေကြားထားပါတယ်။

    အရင်ရက်ပိုင်းကတည်းက ဆိုင်ကယ်နဲ့အတူ ဓားတွေတင်ပြီး ဆန္ဒပြစစ်ကြောင်းကို လိုက်တာ တွေ့ရပြီး ဒီနေ့မှာတော့ မသင်္ကာလို့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပြပါတယ်။

    ကျွဲချို၊ လောက်လေးခွတွေပါ ပါဝင်တာကို တွေ့ရလို့ အများပြည်သူနဲ့ ပြဿနာ မဖြစ်ပွားဖို့ ခဏ ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။

    တခါ မန္တလေးမြို့ ၆၂လမ်းမှာလည်း ဒီနေ့ မနက်ပိုင်းက လက်နက်တွေထည့်ထားတဲ့ အိမ်စီးကားနဲ့ လူအုပ်ထဲကို ဝင်တိုက်ခဲ့တဲ့ ရဲဝတ်စုံနဲ့လူ ၅ ဦးကို ပြည်သူတွေက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

  10. ရန်ကုန်မှာ လုံခြုံရေးတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ၅ ဦးထက်မနည်း သေဆုံး

    Milk Tea Alliance လို့အမည်ပေးထားတဲ့ ဒေသတွင်းနိုင်ငံတချို့နဲ့ ချိတ်ဆက် ဆန္ဒပြတဲ့ ဒီကနေ့မှာပဲ လုံခြုံရေးတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ရန်ကုန်မြို့မှာ အရပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းများပြားခဲ့ပါတယ်။ ကြည့်မြင်တိုင်က ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့မှာဆန္ဒပြခဲ့တဲ့ ဆရာမတစ်ဦးကတော့ သေနတ်သံတွေ၊ မျက်ရည်ယိုဗုံးသံတွေကြောင့် နှလုံးဖောက်ပြီးသေဆုံးခဲ့တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။ ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခဲ့တဲ့ လှည်းတန်းမှာဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။ အလားတူ သင်္ဃန်းကျွန်;မြို့နယ်မှာလည်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်နေရာမှာ ရှိနေကြတဲ့ဆန္ဒပြသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

  11. ထား၀ယ်မှာ စစ်ကားနဲ့ သယ်သွားတဲ့ ဒဏ်ရာအပြင်းအထန်ရသူတစ်ဦး သေဆုံးသွားပြီလို့ ဆို

    ဒီကနေ့မနက် ၁၀ နာရီက ထား၀ယ်မြို့ စျေးကြီးတောင်ဘက်လမ်းနဲ့ ဗဟိုလမ်းအဆက် ပစ်ခတ်ဖြိုခွင်းတဲ့နေရာကနေ ဒဏ်ရာအပြင်းအထန်ရခဲ့သူတစ်ဦး အခုညနေပိုင်းမှာတော့ သေဆုံးသွားပြီလို့ သတင်းရကြောင်း သပိတ်ဦးဆောင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။အဲဒီလူကို လုံခြုံရေးတပ်ဖွဲ့တွေက စစ်ကားပေါ်တင်ပြီး ထား၀ယ်မြို့မ ရဲစခန်းဘက်ကို သယ်သွားခဲ့တယ်လို့ သူက ပြောပါတယ်။

    "ဗဟိုလမ်းဘက်က မျက်မြင်ပြောချက်အရ အမျိုးသားတစ်ဦးဗိုက်ပေါက်ထွက်ပြီး အူတောင်ထွက်နေတယ်တဲ့။ နောက် ထား၀ယ်မြို့မ ရဲစခန်းနဲ့ တိုင်းရုံးကြားမှာ လူနေရပ်ကွက်ရှိတယ်။ အဲ့က မျက်မြင်ပြောတာတော့ သွေးတွေက စစ်ကားပေါ်ကနေ လမ်းပေါ်တောင် စီးကျနေတယ်ဗျ။ အဲ့ရဲစခန်းနဲ့ တိုင်းဒေသကြီးရုံးရှေ့ကို ရဲနဲ့ စစ်တပ်က နေရာယူထားတော့ အခုအခြေအနေကိုက ရဲစခန်းကို သွားမေးမြန်းမရလည်း ဖြစ်နေတာ၊ အခုတော့ ဆုံးပြီလို့ကြားတယ်" လို့ သူက ဆိုပါတယ်။

    သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုံစမ်းလို့ မရသေးဘဲ အလောင်းကိုလည်း ထား၀ယ်မြို့မရဲစခန်းမှာသာ ထားရှိထားသေးတယ်လို့ သိရပါတယ်။

    အခုထပ်မံ သေဆုံးသူနဲ့ဆိုရင် ဖေဖော်ဝါရီလ ၂၈ ရက် တစ်ရက်အတွင်း ထား၀ယ်မြို့မှာ သေဆုံးသူ (၅) ဦးရှိသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။

  12. ဆန္ဒပြသူတွေကို အကြမ်းဖက် အင်အားသုံးနှိမ်နင်းတာကို ချက်ချင်းရပ်ဖို့ ကနေဒါသံရုံးပြော

    ဆန္ဒပြသူတွေကို အကြမ်းဖက် အင်အားသုံး နှိမ်နင်းခြင်းတွေ တိုးပွားလာတာကြောင့် အသက်ဆုံးရှုံး ဒဏ်ရာရမှုတွေ ဖြစ်ခဲ့တာကို တွေ့ရတဲ့အတွက် ကနေဒါသံရုံးအနေနဲ့ များစွာ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဖော်ပြထားပါတယ်။

    ဆန္ဒပြသူတွေကို တိုက်ခိုက်၊ ခြိမ်းခြောက်တာတွေကို အခုချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အဲဒီကြေညာချက်မှာ တောင်းဆိုလိုက်ပါတယ်။

    အင်တာနက် အပြည့်အဝ အခုချက်ချင်း ပြန်ပေးဖို့နဲ့ လူမှုကွန်ရက်ဆိုင်ရာ ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

    မြန်မာပြည်သူတွေနဲ့အတူ ကနေဒါနိုင်ငံ အတူရှိနေတယ်လို့လည်း ဆိုပါတယ်။

  13. ဖမ်းဆီးခံ ဆန္ဒပြ ဆေးကျောင်းသားတွေကို ပြန်လွှတ်ပေး

    ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာ ဆန္ဒပြရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရတဲ့ ဆရာဝန်တွေနဲ့ ဆေးကျောင်းသူ၊ဆေးကျောင်းသား စုစုပေါင်း ၂၁၁ ဦးကို ညနေပိုင်းမှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေရဲ့ နေရပ်လိပ်စာနဲ့ ကိုယ်ရေး အချက်အလက်တွေကိုတော့ တောင်းယူထားလိုက်တယ်လို့ ပြန်လွတ်လာရေးကို ကူညီခဲ့တဲ့ တိုင်းကျန်းမာရေးက ဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။

    သူတို့ဟာ ဒီကနေ့ မနက်မှာ စုဝေးဆန္ဒပြနေတုန်း ရန်ကင်းမြို့နယ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပြီး သူတို့ကို ဖမ်းဆီးစဉ်ကဝတ်ထားတဲ့ ဂျူတီကုတ်တွေချွတ်ခိုင်းပြီး အချုပ်ကားပေါ်တင်သွားတဲ့ ပုံတွေကို တွေ့ရပါတယ်။ အဲဒီနောက်မှာ မင်းဓမ္မ ကွာရန်တင်းစင်တာကို ခေါ်သွားခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

  14. မန္တလေးမှာလည်း ပစ်ဖောက်လူစုခွဲ၊ ရဲကားက ဝင်တိုက်လို့ တစ်ဦးဒဏ်ရာရ၊ လက်နက်အပြည့်နဲ့ ရဲကားတစီးကို လူထုက သိမ်းထား

    မန္တလေးမြို့ သွားဘက်ဆိုင်ရာဆေး၊ သူနာပြု ကုတင် ၃၀၀ ရှိတဲ့ ၆၂ လမ်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့ ကျန်းမာရေးသပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့တားဆီးတာ သေနတ်ပစ်ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ အဲဒီမှာသူနာပြုစစ်ကြောင်းက ပိတ်ဆို့ခံရပြီး တခြားကျန်းမာရေးစစ်ကြောင်းတွေကတော့အတားအဆီးတွေကြားထဲကနေ ရအောင်ဖောက်ထွက်ပြီး သပိတ်စတင်ခဲ့ပါတယ်။ အဲဒီနောက် ၆၂ လမ်းမကြီးနဲ့ မနော်ဟရီလမ်းမှာ ကျန်းမာရေးစစ်ကြောင်းတွေက ထိုင်သပိတ်ပြုလုပ်ပါတယ်။ မနက်၉ နာရီကျော်လောက်မှာ ၆၂ လမ်း ၊ ၁၀၇ လမ်းမှာ ရဲကားက လမ်းပေါ်က ပြည်သူကို ဝင်တိုင်ရာ တဦးဒဏ်ရာရရှိပါတယ်။ လက်နက်တွေနဲ့ ရဲကားကိုလည်း လူထုက ဖမ်းဆီးရမိခဲ့ပါတယ်။ ၁၁ နာရီလောက်မှာ ထိုင်သပိတ်စစ်ကြောင်းပြီးလို့ အသီးသီးပြန်ထွက်ခွာချိန်မှာ ၆၂ လမ်း၊ ၁၀၃ လမ်းကနေ ၁၀၆ လမ်းထိ လုံခြုံရေးယူထားတဲ့ စစ်ကား ရဲကားကနေ သေနတ်ပစ်‌ဖောက် ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

  15. လှိုင်မှာ ဆန္ဒပြလူထုကိုမျက်ရည်ယိုဗုံးနဲ့ဆက်တိုက်ပစ်နေ

    ရန်ကုန် လှိုင်မြို့နယ် ဘူတာရုံလမ်းမှာ လှည်းတန်းဘက်ကနေ ဆုတ်ခွာလာရတဲ့ဆန္ဒပြလူထုနဲ့ ထပ်ရောက်လာတဲ့ဆန္ဒပြလူထုတို့ ပေါင်းပြီး ဆက်လက်ဆန္ဒထုတ်ဖော်တာတွေကိုလုပ်နေကြပါတယ်။တချိန်ထဲမှာပဲ ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ဆက်တိုက်နီးပါး လှမ်းပစ်ပြီး လူစုခွဲဖို့ကြိုးစားနေပါတယ်။

    လူထုကလည်း ရေအိတ်တွေ ၊အဝတ်စိုတွေ အသင့်ပြင်ထားပြီး ခုခံပြီးဆက်လက်ဆန္ဒထုတ်ဖော်နေကြပါတယ်။

  16. ထားဝယ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ

    ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှု ကြောင့် ကျည်ထိမှန်ဒဏ်ရာရသူတွေအနက် ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သပိတ် စစ်ကြောင်းတွေမှာလိုက်လံကူညီပေးနေတဲ့ ထားဝယ်မြို့အခြေစိုက်ဇဗ္ဗူသီရိပရဟိတ အဖွဲ့က တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ‘ ‘ သေတာကတော့ အမျိုးသားချည်းပဲ ၄ဦး။ ဆုံးသွားတဲ့သူတွေကတော့ ထားဝယ်၊ရေဖြူနဲ့လောင်းလုံ မြို့တွေကပါ။ ဒဏ်ရာရသူတွေလည်းမနည်းဘူး။’’လို့ သူကပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသူ လေးဆယ်ထက်မနည်းရှိနေတယ်လို့လည်း သိရပါတယ်။

  17. ရန်ကုန်က ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးဒဏ်ရာရသူတွေရှိ, လူစုခွဲဖမ်းဆီးဖြိုခွင်းမှုတွေရှိပေမယ့် နိုင်ငံတဝန်း အထွေထွေသပိတ် ဆင်နွှဲ

    ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့ရှိ ပညာရေးသပိတ်စစ်ကြောင်းဖြိုခွဲခံရရာ မျက်ရည်ယိုဗုံးနှင့် သေနတ်ခြောက်လှန့်ပစ်ခတ်မှုကြောင့် ဆရာမတစ်ဦး နှလုံးရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း ဆန္ဒပြသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းကို ဒီမနက် ၉ နာရီခန့်မှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် အသက် ၂၀ ကျော်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။

    ရန်ကုန်လှည်းတန်းမှာ ဒီနေ့မနက် ကိုးနာရီဝန်းကျင်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းရာမှာ ဒဏ်ရာရသူ အနည်းဆုံး ၅ ဦးခန့် ရှိခဲ့ပြီး သေနတ်ကျည်ထိမှန်ခဲ့သူ နှစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေပါတယ်။

    ရန်ကုန်မှာ ရန်ကင်းကျောက်ကုန်းအနီးမှာ ဆေးကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းကို ဒီမနက်အစောပိုင်းမှာတင် ဖြိုခွဲလိုက်ပြီး ဆေးကျောင်းသားကျောင်းသူတွေဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    သာကေတ ခိုင်ရွှေဝါဘက်မှာလည်း ဆန္ဒပြလူထုကို ပစ်ခတ်ဖြုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိထားပါတယ်။ မန္တလေးမြို့မှာလည်း မြို့နယ်ဌာနအလိုက် ဒီနေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး အထွေထွေစုပေါင်းသပိတ်ပြုလုပ်ကြပါတယ်။ မြို့တွင်းက တချို့ သပိတ်စစ်ကြောင်းတွေကို နှစ်ဖက်ညှပ်ပြီး လူစုခွဲတာ ဖမ်းဆီးနေတာတွေလည်းရှိနေပါတယ်။

    လားရှိုးမှာလည်းမနက် ၉ နာရီခန့်က လားရှိုးမြို့၊ ယုံဟော်သုံးထောင့်အနီးမှာ ရေကား၊ မျက်ရည်ယိုဗုံးတွေနဲ့ ဆန္ဒပြသူတွေကိုဖြိုခွဲခဲ့ပြီး ဒဏ်ရာရသူတွေရှိနေပါတယ်။ လက်ရှိမှာ စစ်တပ်က အင်အားတွေထပ်ဖြည့်လာနေပေမယ့် ဆန္ဒပြသူတွေဘက်ကလည်း လူပြန်စုလာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဒေသခံသတင်းထောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်း များစွာရှိနေတယ်လို့ ပြောပါတယ်။

    ဒီနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ Milk Tea alliance အထွေထွေသပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်းပြုလုပ်နေပါတယ်။ မနက်အစောပိုင်းတည်းက နိုင်ငံတဝန်းနေရာစုံက သပိတ်တွေဆန္ဒပြပွဲတွေကို လူစုမရအောင် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်နေပေမယ့် လူထုဟာ ပစ်ခတ်နေချိန်မှာ ဘေးလွတ်ရာကို ရှောင်တိမ်းပြီး ရဲတွေနဲ့ ထိပ်တိုက်မတွေ့ဘဲ နောက်ဆုတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ လူချက်ချင်းပြန်စုပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေကြပါတယ်။

  18. မလေးရှားက ပြန်ပို့သူတွေ မြန်မာနိုင်ငံ ပြန်ရောက်

    မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာတွေထဲက လူ ၁၀၈၆ ဦးကို နေရပ်ပြန်ပို့ခဲ့ရာ မြန်မာနိုင်ငံကို စနေနေ့မှာ ရောက်လာပါတယ်။

    ဒီလို ပြန်ပို့ခံရသူတွေ အန္တရာယ်ရှိနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

    ဒါပေမဲ့ အခု ပြန်ပို့သူတွေဟာ ပြည်ဝင်ခွင့် ချိုးဖောက်သူတွေသာ ဖြစ်ပြီး ခိုလှုံခွင့်တောင်းခံထားသူတွေ မပါဘူးလို့ မလေးရှားဘက်က ပြောထားပါတယ်။

    • မလေးရှားမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို ပြန်ပို့မယ်

    မြန်မာနိုင်ငံက ရောက်ရှိလာပြီး မလေးရှားမှာ ခိုလှုံခွင့်တောင်းထားသူတွေထဲမှာ ချင်းလူမျိုးနဲ့ မွတ်ဆလင် ဒုက္ခသည်တွေရှိနေပါတယ်။

    ပြန်လည်ပို့ဆောင်သူတွေကို တပ်မတော် စစ်ရေယာဥ်တွေနဲ့ မြန်မာဘက်က ပြန်လည် ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

  19. မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှား ဘာကြောင့် ဦးဆောင်လာသလဲ

    မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံအဖွဲ့ အနေနဲ့ ကြားဝင် ဖြေရှင်းပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ဆော်ဩပြီး အင်ဒို၊ ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးသုံးဦး ထိုင်းနိုင်ငံမှာတွေ့ဆုံမှုက ထိပ်တန်းရောက်သတင်းတစ်ပုဒ်ပါ။ဘာကြောင့် မြန်မာ့အရေးမှာ အင်ဒိုနီးရှားက ဦးဆောင်ဖြေရှင်းဖို့ ကြိုးစားလာတာပါလဲ။ စစ်အာဏာသိမ်းမှုကို ရုပ်သိမ်းပြီး ဒီမိုကရေစီအစိုးရပြန်လည် ရရှိဖို့ အင်ဒိုပါဝင်တဲ့ အာဆီယံကေရာ ဘယ်လောက်ထိ လုပ်နိုင်မှာပါလဲ အကြောင်းစုံကို လေ့လာသုံးသပ်ချက်တွေနဲ့အတူ စုစည်းတင်ဆက်ပေးပါမယ်။

  20. တစ်နေ့တည်း ဆန္ဒပြသူ ၅၀၀ နီးပါး ဖမ်းဆီး၊ မုံရွာမြို့က အများဆုံး ဖမ်းဆီးခံရ

    ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့တို့နဲ့ နိုင်ငံအနှံ့က ဆန္ဒပြမှုတွေကနေ အမျိုးသမီး ၁၈၃ ဦးအပါအဝင် စုစုပေါင်း လူ ၄၇၉ ဦး ကို ဖမ်းဆီးထားတယ်လို့ ရုပ်မြင်သံကြားက ကြေညာပါတယ်။

    ဖမ်းဆီးခံရသူ အများဆုံးက မုံရွာမြို့မှာ ၁၇၃ ဦး၊ ရန်ကုန် မြို့မှာ ၁၆၆ ဦး နဲ့ မန္တလေးမြို့မှာ ၉၂ ဦး တို့ဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲက ဦးစီးဦးဆောင်ပြုလုပ်သူတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

    မြို့ ၁၃ မြို့က ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့တယ်လို့ ကြေညာပြီး နေရာအများစုမှာ အသံဗုံး အသုံးပြုပြီးပြီး လူစုခွဲခဲ့တယ်လို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။

    ဒါပေမဲ့ မြို့ခံတွေရဲ့ အဆိုအရ သေနတ်ပစ်ဖောက် လူစုခွဲမှုတွေနဲ့ သေနတ်ထိမှန် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့မှာတော့ ဆန္ဒပြမှုက ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့ခဲ့ပြီး ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံးတောင်းဆိုတာတွေ ဖြစ်ခဲ့ပါတယ်။

    တချို့နေရာတွေမှာ နောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

    မုံရွာမြို့က အမျိုးသမီးတွေကို ညပိုင်းမှာ ပြန်လွှတ်ပေးတာကိုလည်း တွေ့ရပါတယ်။