ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဘန်ကောက် ကို ဘာလို့ ရောက်သွားတာလဲ
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ အာဆီယံကတစ်ဆင့် တွန်းအားပေးမယ် ဆိုပြီးပြောဆိုမှုတွေကြောင့် ရန်ကုန်မြို့ က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြသူတွေရှိခဲ့ပြီး နောက်မှာတော့ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဝီနိုင်းနဲ့အတူ ဒီကနေ့ပဲ ထိုင်းကိုရောက်ရှိလာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီနဲ့လည်း တွေ့ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုအကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးကအတည်ပြုပေမဲ့ သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ထုတ်မပြောပါဘူး။ မြန်မာ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့တဲ့ပုံကလည်း ဆိုရှယ်လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
ဘာကြောင့် အင်ဒိုနီးရှားဟာ မြန်မာစစ်ကောင်စီနဲ့တွေဖို့ ကြိုးစားတယ်ဆိုတာ မသိရပေမဲ့ အာဆီယံဟာ မြန်မာစစ်ဗိုလ်ချုပ်တွေ လက်ခံတဲ့ ဆွေးနွေးညှိနိုင်းတဲ့ နေရာဖြစ်လာဖို့အတွက် အင်ဒိုနီးရှားက ကြိုးပမ်းတာဖြစ်နိုင်တယ်လို့လည်း ထိုင်းက နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။
အင်ဒိုနီးရှားဟာ ရွေကောက်ပွဲကျင်းပဖို့ စစ်ခေါင်ဆောင်တွေကို အာဆီယံကနေတစ်ဆင့်ကြိုးပမ်းပြီး ဒေါ်အောင်ဆန်စုကြည်နဲ့ သမ္မတ လွှတ်ပေးရေးတောင်းဆိုဖို့ ကြိုးပမ်းတာလို့လည်း ခန့်မှန်းကြပါတယ်။
အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူတွေထဲမှာ မြန်မာနိုင်ငံက မွတ်ဆလင်တို့လည်း ပါဝင်လာပြီးတော့ သူတို့က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ သူတို့ပေးခဲ့တဲ့မဲတွေကို လေးစားဖို့နဲ့ ၊ စစ်အာဏာသိမ်းကောင်စီကို မထောက်ခံဖို့စတဲ့ ဆန္ဒပြပိုစတာတွေကို ကိုင်ထားတာလည်း တွေ့ရပါတယ်။
ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းက အင်ဒိုနီးရှားသံရုံးရှေ့က ဒီဆန္ဒပြပွဲဟာ ဒုတိယမြောက်နေ့ ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံကိုရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး အာဆီယံဟာ မြန်မာနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြားဆွေးနွေးစရာ နေရာဖြစ်တယ်လို့ လည်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဝန်ကြီးကို ပထမဆုံးလက်ခံတွေ့ဆုံတဲ့ နိုင်ငံ
ဘန်ကောက်မှာမြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းဝန်ကြီးချုပ်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားက ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေရာမှာတော့ အခုတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ကြတာဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနချင်းစီစဉ်တာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် တစ်ယောက်ပြောတာကို တစ်ယောက်က နားထောင်ရမယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း စိတ်ဓာတ်ရေးရာအရအားပေးဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်တယ်။ အားလုံးချောချောမွေ့မွေ့ဖြစ်စေဖို့ တိုက်တွန်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
အခုထိုင်းခရီးစဉ်ဟာ မြန်မာစစ်အာဏာသိမ်းကောင်စီက သံတမန်တစ်ဦးရဲ့ ပထမဆုံးနိုင်ငံတကာ ခရီးစဥ်ဖြစ်ပြီးတော့ အာဆီယံဟာ မြန်မာစစ်အာဏာသိမ်းကောင်စီကို လက်ခံတွေ့ဆုံတဲ့ ပထမဆုံး ဒေသအတွင်း အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဖိအားပေးသင့်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာပြည်သူများရဲ့ ဆန္ဒသဘောထားကို လေးစားရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပဖို့ အင်ဒိုနီးရှားကထောက်ခံမှုမရှိကြောင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြောကြားမှုဟာ နားလည်မှုလွဲခြင်းသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်က ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂နာရီခန့်မှာ ဆန္ဒပြသူတွေကိုပြန်လည် တွေ့ဆုံပြောကြားခဲ့ပါတယ်။
နေပြည်တော် လာဖို့စီစဥ်ထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆုဒီ ခရီးစဥ်ဟာဖေဖော်ဝါရီလ၂၄ ရက်နေ့မနက်ပိုင်းမှာ ပျက်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေ ဟာ သီတင်း ၃ပတ်ကျော် ကြာရှိလာပြီးတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ကို ပြန်လွှတ်ပြီး အာဏာပြန်လွှဲပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။
စစ်အာဏာသိမ်းကောင်စီကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ အာဏာသိမ်းခဲ့တာဖြစ်ပြီးတော့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ ပြောထားခဲ့ပါတယ်။
CDM လို့ခေါ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုကလည်း ဆက်လက် အရှိန်မြင့်လာနေပြီး အစိုးရကဖိအားပေး ဖမ်းဆီးမှုတွေရှိနေပေမဲ့ ဝန်ထမ်းတွေက ဆန္ဒပြမှုတွေရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေက လည်း အသိအမှတ်မပြုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်မတော်က ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံက ဆန္ဒပြသူတွေက အင်ဒိုနီးရှားဟာ မြန်မာပြည်သူတွေ ကိုဗစ်ကြားက မဲပေးခဲ့တဲ့ မဲရလဒ်တွေကို လျစ်လျူရှုပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြောခဲ့တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာတွေကြောင့် သံရုံးရှေ့မှာ အခုလိုဆန္ဒပြရတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ဆန္ဒပြမှုတွေရှိနေပြီးတော့ ပုဂ္ဂလိက ဘဏ်တွေလည်းပိတ်ထားပြီးတော့ စီးပွားရေးလုပ်ငန်းတွေမှာ လည်း သက်ရောက်မှုတွေရှိနေပါတယ်။
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာသိမ်းခံရပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းထားပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်ကို ဖေဖော်ဝါရီ ၂၂ ရက်က ခန့်အပ်ထားပါတယ်။
အာဆီယံဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင် နဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
အာဆီယံမှာ ၁၉၉၇ ခုနှစ်က စပြီး အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ ရိုဟင်ဂျာ ပြဿနာကြောင့် ဒေသတွင်းမှာ ဆွေးနွေးဖြေရှင်းစရာဖြစ်ခဲ့ရသလို အခု ၂၀၂၀ စစ်အာဏာသိမ်းမှုမှာ လည်း အာဆီယံအဖွဲ့က ဖြေရှင်းမယ့်ပုံစံ မျိုးအထိဖြစ်လာခဲ့ပါတယ်။
မြန်မာအရေးကို အင်ဒိုနဲ့ လက်ခံဆွေးနွေးတဲ့ ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း အာဏာသိမ်းပြီးရွေးကောက်ပွဲ ပြန်လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
အာဆီယံအကြောင်းနားလည်သူ
မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ ဦးဝဏ္ဏမောင်လွင်ဟာ အရင် ကြံ့ခိုင်ရေး အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့သူ ဖြစ်ပြီး အာဆီယံ အဖွဲ့အစည်းနဲ့ အစည်းအဝေးတွေအကြောင်း ကောင်းစွာနားလည်သူဖြစ်ပြီးတော့ အာဏာသိမ်းအစိုးရကို အာဆီယံက အသိအမှတ်ပြုလက်ခံ တွေ့ဆုံတယ်ဆိုတာမျိုးကို ကြိုးစားနေတာလို့ လေ့လာသူတွေကပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကြား ဘုံသဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှက်ရေးထိုးထားပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ တစ်ဦးနဲ့တစ် ဦး အိမ်တွင်းရေးပြဿနာများကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ သဘောတူညီချက်နဲ့ ပြန်ချုပ်ထားတာ ဖြစ်သလို အာဆီယံနိုင်ငံတွေဟာ အားလုံးသဘောတူမှသာ ဆုံးဖြတ်လေ့ရှိတာကြောင့် မြန်မာ့အရေးကို အာဆီယံဟာ အောင်အေင်မြင်မြင် စေ့စပ်နိုင်ပါ့မလား ဆိုတာကလည်း နိုင်ငံရေးလေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။