မီးကွင်း အပစ်ခံရမှာ၊ သောက်ရေကန်
ဆေးခတ်ခံရမှာမျိူးကို စိုးရွံ့နေရပြီး လူတွေကြား ကြောက်စိတ် အသွင်းခံရ၊ မလုံခြုံစိတ်
အသွင်းခံရတာကို ၈၈ ကာလ ဖြတ်သန်းခဲ့သူတွေကတော့၊ အဲဒီ အချိန်နဲ့ လက်ရာ ခြေရာကတော့
တစ်ထပ်တည်းပဲလို့ ပြောဆိုကြပါတယ်။
လက်ရှိ ပေါ်ပေါက်နေတဲ့
ဆန္ဒပြမှုတွေ တတိုင်းပြည်လုံးနဲ့ ခြုံကြည့်ရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာကို၊
အခြေအနေ ရှုပ်ထွေးအောင်၊ လူတွေအုံကြွ ပေါက်ကွဲလာအောင်၊ ရပ်ကွက်ထဲ မသင်္ကာသူတွေကို
ဖမ်းမိရင် ဒေါသစိတ်နဲ့ လက်လွန်ခြေလွန်လုပ်ပစ်လိုက်တာမျိုးတွေ ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့
ကြိုးကိုင် စီမံနေကြသူတွေ ရှိတယ်ဆိုတဲ့ ယူဆချက်တွေဟာ လူတွေကြား ပျံ့နှံ့ နေပါတယ်။
ဒီ အချိန်မှာ
စစ်အာဏာပိုင်တွေကတော့ ဧည့်စာရင်းတိုင်ရမယ့် စနစ်ကို ပြန်အသက်သွင်းပါတယ်။
ဒါ့အပြင်၊ စစ်အစိုးရတွေ အဆက်ဆက်
ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေနောက် ထောက်လှမ်းရေး တကောက်ကောက်လိုက်၊ မျက်လုံးဒေါက်ထောက်
ကြည့်တာမျိုးတွေ၊ နေအိမ်ထဲ ကြိုက်တဲ့အချိန် ကြိုက်သလို၀င် ဖမ်းတာမျိုးတွေလို အကြောက်တရားနဲ့
ထိန်းချုပ်ထားတဲ့ လူမှု၀န်းကျင် အဖြစ်က လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ပြီး လူတကိုယ်ရေချင်းစီရဲ့
လွတ်လပ်ပိုင်ခွင့်ကို အာမခံဖို့ ရည်ရွယ် ပြဌာန်းနိုင်ခဲ့တဲ့
နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု၊ လွတ်လပ်မှုတွေကို အကာအကွယ် ပေးတဲ့
ဥပဒေပါ အရေးကြီးတဲ့ ပုဒ်မတွေကိုလည်း အခု စစ်အစိုးရ လက်သစ်က ဖျက်ပစ်လိုက်ပါတယ်။
လူတစ်ယောက် ပြစ်မှု ကျုးလွန်ထားတယ်လို့
သံသယရှိတဲ့ အခါ၊ အိမ်ထဲ ၀င်ရှာချင်ရင် ဒေသန္တရ အာဏာပိုင်တွေ၊ သက်သေတွေပါမှ၊ ၀ရမ်းပါမှ
၀င်ရမယ် ဆိုတာမျိုးတွေကို ဖျက်ပြစ်လိုက်တာပါ။ ဖမ်းတဲ့အခါ၊ ပုဒ်မမတပ်နိုင်ရင်၊ တရားရုံး
ခွင့်ပြုချက် မရှိရင် ၂၄ နာရီထက် ကျော် ပြီး မချုပ်ရဘူး ဆိုတဲ့ ပုဒ်မကိုပါ ဖျက်ပစ်တာ
ဖြစ်ပါတယ်။
ဧည့်စာရင်း စနစ်ကို ပယ်ဖျက်တုန်းကနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အလေးထားတဲ့
ဥပဒေ ပြဌာန်းတုန်းက လူ့အခွင့်အရေးသမားတွေ၊ ဒီမိုကရေစီ စံတန်ဖိုးကို အလေးထားသူတွေက
ကြိုဆိုကြပေမယ့်၊ ပြင်းပြင်းထန်ထန် ၀ေဖန်ကြသူတွေလည်း ရှိခဲ့ပါတယ်။
အဓိကကတော့ ပြင်းထန်တဲ့
အမျိုးသားရေး အမြင်ကို အခြေခံပြီး ဒါမှမဟုတ် အကြောင်းပြပြီး ၀ေဖန်တာပါ။
တိုင်းပြည်ထဲ တရားမ၀င်
၀င်ရောက်ကြသူတွေ သူတို့ရဲ့ အခေါ် ခိုး၀င်တွေ လွတ်လွတ်လပ်လပ် ၀င်လာနိုင်၊ သွားလာ
လှုပ်ရှားနိုင်အောင် လမ်းဖွင့် ပေးတာပဲ ဆိုပြီး ၀ေဖန်ခဲ့တာ ဖြစ်ပါတယ်။
အခု စစ်ကောင်စီကတော့
သူတို့ကို ထောက်ခံတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေလို့ ခံယူကြသူတွေ
သဘောကျစေနိုင်တဲ့ ဥပဒေ ပြင်ဆင်ချက်တွေကို အာဏာသိမ်းပြီး သီတင်း နှစ်ပတ် အတွင်း ပြုလုပ်လာပါတယ်။
ဥပဒေစိုးမိုးစေဖို့၊
ရပ်ရွာတည်ငြိမ် အေးချမ်းအောင် ပိုပြီး လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ အကြောင်းပြချက်မျိုးတွေ
ရှိနေနိုင်ပေမယ့်၊. လက်တွေ့မှာ ရန်ကုန် အပါအ၀င် မြန်မာပြည်တလွှားမှာ ညဘက် လူစိမ်း၀င်မှာကြောက်ရ၊
မီးကွင်းပစ်ခံမှာရကြောက်ရနဲ့ ကျီးလန့်စာစား အိပ်ရေးပျက်ရတဲ့ ညတွေ ဆက်နေပြီလို
ပြောဆိုနေပါတယ်။
ဥပဒေစိုးမိုးအောင် ပိုပြီး
တင်းတင်းကျပ်ကျပ် လုပ်နိုင်ဖို့ အခုလို ပြင်ဆင်ချက်တွေ လုပ်တာဆိုရင် လူတွေ ကြောက်လန့်
နေကြတဲ့ ကိုယ့်ရပ်ရွာကို မီးရှို့မယ့်သူ၊ အန္တရာယ်ပြုမယ့်သူကို ပစ်မှတ်ထား
ကိုင်တွယ်မှာလား၊ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင် အံတုနေတဲ့ လူထု လှုပ်ရှားမှုကို ဖြိုခွဲဖို့လား
ဆိုတဲ့ မေးခွန်းမျိုးလည်း ထွက်လာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ၈၈ တုန်းကလို ဖန်တီးလာနေလား မေးခွန်းတွေ ပေါ်ထွက်