စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲ

သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ နဲ့ထပ်တိုးပြီးတရားစွဲခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား

    ဆန္ဒပြတဲ့ ကျောင်းသား၂၀ ခန့် နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းခံခဲ့ရပြီး နေပြည်တော်အချုပ်ထောင်ရှေ့မှာ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

    နေပြည်တော် ထောင်ရှေ့လာပြီး တောင်းဆိုနေတဲ့ လူအရေအတွက်ဟာ အနည်းဆုံး နှစ်ထောင်ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း နေပြည်တော်အချုပ်ထောင်ရှေ့မှာရှိနေသူတွေက ပြောပါတယ်။

    နေပြည်တော်အချုပ်ထောင်ရှေ့ ကိုလာဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ဆန္ဒပြသူတွေက ပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ တန်းစီပြီး နေရာယူထားပါတယ်။

    ဆန္ဒပြတဲ့လူအုပ်ထဲမှာ ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်ထားတဲ့ ဆရာမအချို့ကိုလည်းတွေ့ရပါတယ်။

    နေပြည်တော်ထောင်ရှေ့ ဆန္ဒပြမှု
    ဓာတ်ပုံ ပုံစာ, နေပြည်တော်ထောင်ရှေ့ ဆန္ဒပြမှု
    နေပြည်တော်ထောင်
    ဓာတ်ပုံ ပုံစာ, နေပြည်တော်ထောင်
    No tag
  2. NLD ရန်ကုန်တိုင်းရုံးချုပ်ကို တပ်နဲ့ရဲတွေ ဝိုင်းထား

    No tag
    no tag

    ရန်ကုန်မြို့ ရွှေဂုံတိုင်က NLDရန်ကုန်တိုင်းရုံးချုပ်ကို တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လမ်းကိုပိတ်ပြီး ရုံးခန်းထဲ ဝင်ရောက်ကာ ရှာဖွေမှုတွေ လုပ်ဖို့ပြင်နေတယ်လို့ NLD ပါတီဘက် ကဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီရုံးထဲမှာ ရုံးက NLD ပါတီဝင်၁၅ ဦး ခန့်ပိတ်မိနေပြီး ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေမှုတွေလုပ်ဖို့ ညှိနေတယ်လို့လည်းသူတို့က ဘီဘီစီကိုပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို ည ၁၀ နာရီ အချိန်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ဘဏ်စာအုပ်တွေနဲ့ ‌‌ငွေစာရင်းနဲ့ပတ်သက်တာတွေ ယူဆောင်သွားတယ်လို့ NLDဘက်က သိရပါတယ်။

    အခုလို NLDပါတီ ရန်ကုန်တိုင်းရုံးချူပ်ကို ဝင်ရောက်ရှာဖွေနေတာဟာ မတရားအသင်းကြေညာဖို့လုပ်တဲ့ ခြေလှမ်းဖြစ်နိုင်တယ်လို့ ပါတီဘက်ကပြောပါတယ်။

  3. သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖေဖော်ဝါရီ ၁၇ ရက်ထိ ရမန်ယူထား၊ ဦးဝင်းထိန်ကို ၁၉ ရက်နေ့ထိ ရမန်ယူထား အမှုကို ဇဗ္ဗူသီရိတရားရုံးမှာ စစ်ဆေးဖို့ရှိ, ရှေ့နေအဖွဲ့နဲ့ သမ္မတ အတိုင်ပင်ခံတို့ တွေ့ဆုံခွင့်မရသေး

    သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖေဖော်ဝါရီ ၁၇ ရက်ထိ ချုပ်ရမန်ယူထားပြီး ၎င်းတို့နှစ်ဦးအမှုကို ဇဗ္ဗူသီရိတရားရုံးမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ စစ်ဆေးမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

    အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သမ္မတနဲ့ အတိုင်ပင်ခံတို့ကို အမှုဖွင့်ရမန်ယူထားတဲ့ စာရွက်အရ ဖေဖော်ဝါရီ ၁၅ ရက်မှာ ရမန်ပြည့်မှာလို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့အဖွဲ့ဟာ ဒီနေ့မှာ ဒက္ခိဏသီရိ တရားရုံးထံ ရှေ့နေပါဝါတင်ရန် သွားရောက်စုံစမ်းမေးမြန်းတဲ့အခါ အထက်ပါအတိုင်း သိရှိရတာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က တရားရုံးမှာ လာရောက်သတင်းယူတဲ့ သတင်းထောက်တွေကိုပြောပါတယ်။

    "ဒီနေ့ရမန်ကုန်ရက်ဆိုပြီးတရားရုံးကို ရှေ့နေပါဝါတင်ရန် သွားရောက်ခဲ့တယ်။ အဲဒီမှာ ခရိုင်တရားသူကြီးနဲ့ ဆွေးနွေးခဲ့လို့ သိရတာပေါ့။ နောက် ဦးဝင်းထိန်ကိုလည်း ရမန်ယူထားပြီး ၁၉ ရက်နေ့ ပြည့်မှာဖြစ်ပါတယ်။ အဲဒီလို ရမန်ယူတဲ့အခါမှာလည်း ဒီပုဂ္ဂိုလ်တွေကိုမေးတယ်ပေါ့။ ဒီသုံးယောက်လုံးအတွက် ရှေ့နေ ငှားဖို့ရှိလားမေးတယ်တဲ့။ ငှားဖို့ရှိပါတယ်လို့ပြောတယ်တဲ့။ ဦးဝင်းထိန်ကလည်း ရှေ့နေငှားချင်တယ်ပြောတယ်။ အဲဒီအတွက် ရုံးတင်လိုက်တဲ့အခါမှာ ဖေဖော်ဝါရီ ၁၇ ဖြစ်ဖြစ် ၁၆ ဖြစ်ဖြစ် နှစ်ရက် ရုံးတင်တဲ့နေရာကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ပေးပါမယ်တဲ့။ ရှေ့နေငှားမယ်ဆိုရင်တော့ တရားရုံးအနေနဲ့ ရှေ့နေပါမှ ဆက်သွားလို့ရမှာပါတဲ့။ အဲဒီတော့ ရှေ့နေပါမှ အမှုကို ဆက်သွားလို့ရပါမယ်။ အဲဒါကြောင့် ရှေ့နေငှားဖို့ စီစဉ်ပေးလိုက်ပါဆိုပြီးသူတို့ကိုထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို ရုံးက သွားပြောပါတယ်တဲ့။ အဖြစ်အပျက်ကတော့အဲဒါပါပဲ" လို့ဦးခင်မောင်ဇော်ကပြောပါတယ်။

    သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ပို့ကုန် ဥပဒေတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

    သမ္မတ ဦးဝင်းမြင့်ဟာ အတူနေမိသားစုဝင် ၁၀ ဦးနဲ့အတူ နေပြည်တော်က အိမ်အမှတ် A- ၂၉ ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အတူနေမိသားစု၀င် ၈ ဦးနဲ့အတူ နေပြည်တော်က အိမ်အမှတ် A-၃၃ မှာ ကျန်းမာစွာရှိနေတယ်လို့ NLD ပါတီက ပြောကြားထားပါတယ်။

    ဦးဝင်းထိန်ကိုတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၄ နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ရန်ကုန်နေအိမ်ကနေ ဖမ်းဆီးသွားပြီး နေပြည်တော်ကို ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. သင်္ဃန်းကျွန်းက CDM လုပ်တဲ့ ဘဏ်ဝန်ထမ်းအိမ်ရာကို ရဲကား လာဝိုင်း၊ ဒေသခံတွေ ဝိုင်းကန့်ကွက်လို့ ပြန်လည်ထွက်ခွာသွား

    သင်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်အနီး ဘဏ်ရိပ်သာဝန်ထမ်းအိမ်ရာကို ဖေဖော်ဝါရီ ၁၅ ရက်မနက်ပိုင်းမှာ ရဲကားနဲ့ အချုပ်ကားတွေ ရောက်လာခဲ့တာကြောင့် အိမ်ရာရှေ့မှာ ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့လို့ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    သင်္ကန်းကျွန်း၊ ဘီအိုစီမှတ်တိုင်နားက ဘဏ်ရိပ်သာအိမ်ရာက ဝန်ထမ်းအကုန်လုံးနီးပါး CDM လုပ်ဆောင်နေကြတာပါ။

    အဲဒီအိမ်ရာကို ဒီနေ့မနက်ပိုင်းမှာ ရဲကား (၇)စ‌ီး လာရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲကားတွေလာတာကြောင့် CDMဝန်ထမ်း‌တွေအတွက် ဒီအိမ်ရာရှေ့မှာ လူထုအားနဲ့ ဝိုင်းဝန်းကာကွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲဘက်က ပြည်သူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

    "ရဲတွေလည်းပါတယ်၊ သူတို့ဘက်က အခုမှ ခန့်တဲ့ စစ်တိုင်းဝန်ပါတယ်။ သူတစ်ယောက်တည်းပါ။ ညှိနှိုင်းကြတယ်။ ဘဏ်ရိပ်သာတွေရှိတဲ့ လမ်းမှာ ကျွန်မတို့က ဆန္ဒပြနေကြတာ။ လမ်းကိုဖွင့်ခိုင်းတယ်။ ဒီထဲမှာ စစ်သားတွေရဲတွေ လာမထားဖို့ ညှိနှိုင်းတာကို သူတို့ကလက်ခံတယ်။ ပြီးတော့မှ သဘောတူတာကို ချိုးဖောက်ပြီး ရဲကားတွေနဲ့ဝင်လာတယ်။ ခြိမ်းခြောက်ဖို့လုပ်လို့ ပြည်သူတွေနဲ့ အငြင်းပွားကြတာပါ" လို့ ဦးဆောင်သူ ပြည်သူတဦးက ဘီဘီစီကို ပြောပြပါတယ်။

    ဒီလိုဝင်ရောက်လာတဲ့ ရဲတွေကို ပြည်သူတွေက ပိတ်ဆို့ခဲ့ကြပြီး အကြိမ်ကြိမ်ညှိနှိုင်းမှုတွေလုပ်ဆောင်ပြီးမှသာ ရဲကားတွေ ပြန်လည်ထွက်ခွာသွားတာဖြစ်တယ်လို့ သိရပါတယ်။ ရဲကားနဲ့အချုပ်ကားတွေပြန်လည်ထွက်ခွာသွားတဲ့နောက် ဝန်ထမ်းအိမ်ရာရှေ့မှာ လူထုက ထိုင်သပိတ် ဆက်လက်ပြုလုပ်နေပါတယ်။

    CDM Banker

    ဓာတ်ပုံ ရင်းမြစ်, Kyaw Swar Oo

    CDM Banker

    ဓာတ်ပုံ ရင်းမြစ်, Kyaw Swar Oo

  5. ဖမ်းဆီးခံရတဲ့သတင်းထောက် ၃ ယောက်ပြန်လွတ်လာ

    မြစ်ကြီးနားမှာ ညက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့သတင်းထောက် ၃ ယောက်ပြန်လွတ်လာ မြစ်ကြီးနားက လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ဆန္ဒပြပွဲမှာ တိုက်ရိုက်သတင်းတင်ဆက်နေတုန်း စစ်တပ်က ဖမ်းဆီးသွားတဲ့ သတင်းထောက် ငါးဦးအနက် သုံးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဆိုင်းလတ်အောင်က ဘီဘီစီကိုပြောပါတယ်။

    လွတ်မြောက်လာသူ ၃ ဦးက The 74 Media က သတင်းထောက် ကိုထွယ်အောင်၊ ကိုနော်ဆိုင်းနဲ့ မဇ္ဈိမမီဒီယာက ကိုဆိုင်းလတ်အောင်တို့ ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက် EPN က ကိုရန်ဝေးနဲ့ နောက်တစ်ဦးကတော့ ကျန်နေသေးတယ်လို့ ကိုဆိုင်းလတ်အောင်ကပြောပါတယ်။

    လွတ်မြောက်လာသူ ၃ ဦးကို ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCGက လာရောက် ခေါ်ဆောင်တာဖြစ်တယ်လို့ ကိုဆိုင်းလတ်အောင်ကပြောပါတယ်။ လောလောဆယ်မှာ သူတို့ညက ဖမ်းဆီးခံရတဲ့နေရာတွေကို ပြန်သွားနေပြီး ဆိုင်ကယ်အပါအဝင် တခြားသူတို့ ပစ္စည်းတွေကို ပြန်လည်ရှာဖွေနေတယ်လို့ ကိုဆိုင်းလတ်အောင်ကပြောပါတယ်။

    အသေးစိတ်ထပ်မံသိရတာကို ဆက်လက်တင်ဆက်ပေးပါမယ်။

    Journalist arrested

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ပုဂ္ဂလိကဘဏ်အများစု ပိတ်ထား

    ရန်ကုန်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မနက်မှာ ပုဂ္ဂလိက ဘဏ်အများစု ပိတ်ထားကြောင်း သိရပါတယ်။ ပုဂ္ဂိလက ဘဏ်တစ်ခုရှေ့က ATM စက်မှာ လုံခြုံရေးယူထားတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးကတော့ သူတို့ ဘဏ်ခွဲတွေကိုပိတ်ထားပြီး ATM စက်ထဲတော့ အများပြည်သူတွေ ငွေထုတ်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။

    ဘဏ်အများစုဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဘဏ်ဝန်ထမ်းအများစု CDM လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဘဏ်လုပ်ငန်းတွေ ရပ်တန့်သလောက်နီးပါးဖြစ်ပြီး တချို့ကို ပိတ်ထားရတဲ့အခြေအနေဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်က ဗဟိုဘဏ်ရုံးချုပ်အနီးမှာ စစ်တပ်က တင့်ကားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကားတွေနဲ့ လုံခြုံရေးရယူထားတာကိုတွေ့ရပြီး အဲဒီအနီးမှာပဲ ဆန္ဒဖော်ထုတ်သူတွေက ရုံးမတက်ရေး Civil Disobedience movement မှာ ပါဝင်ဖို့ စာတမ်းတွေကိုင်ဆောင်၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်နေတာရှိပါတယ်။

    ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ကိုလည်းတောင်းဆိုနေကြပါတယ်။

    Military Coup

    ဓာတ်ပုံ ရင်းမြစ်, CJ

    Military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. ၆ ထပ်ရုံးရှေ့က CDM ထိုင်သပိတ်

    ဗိုလ်မြတ်ထွန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံး (၆ ထပ်ရုံး) ရှေ့မှာ ကျောင်းသားသမဂ္ဂ (တကသ) တွေစုပါင်းပြီး CDM လှုပ်ရှားမှု‌မှာ ပူးပေါင်းပါဝင်ဖို့ ထိုင်သပိတ်ဆင်နွှဲနေပါတယ်။ ရုံးဝင်ပေါက်ကို ပိတ်ကာလုပ်ဆောင်နေကြတာ ဖြစ်ပြီး ကျောင်းသား အင်အား (၃၀၀) ခန့် ပါဝင်ပါတယ်။ လက်ရှိမှာတော့ ရဲအချို့လာရောက်ဆွေးနွေးတာရှိခဲ့ပေမယ့် သပိတ်ကတော့ ဆက်လက်လုပ်ဆောင်နေဆဲပါ။

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ဆန္ဒပြလို့ဆိုပြီး လက်တုံ့ပြန်တာမျိုး မလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး

    မြန်မာနိုင်ငံထဲက မြို့ကြီးတွေမှာ စစ်တပ်က သံချပ်ကာကားတွေ နေရာ ချထားလာတာ အပါအ၀င် အင်အားတွေ တိုးမြှင့်လာနေတဲ့ အခြေအနေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထာရက်ရှ် အင်မတန် စိုးရိမ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

    ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပေါ်အပြည့်အ၀ လေးစား လိုက်နာပါ။ ဆန္ဒပြလို့ ဆိုပြီး လက်တုံ့ပြန်တာမျိုး မလုပ်ပါနဲ့လို့ မြန်မာ စစ်တပ်နဲ့ ရဲတွေကို ကုလ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတယ်ဖင်ဒူဂျာရစ်က ပြောပါတယ်။

    နိုင်ငံရေးခေါင်းဆောင်တွေ၊ အရွေးကောက်ခံ အစိုးရခေါင်းဆောင်တွေ၊ လူမှုအသိုင်းအ၀ိုင်းထဲ လှုပ်ရှားကြသူတွေနဲ့ မီဒီယာကို ကိုယ်စားပြုသူတွေ အပေါ် ဖမ်းဆီးနေတာမျိုးတွေ အပါအ၀င် အင်တာနက်နဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ အပေါ် တင်းကျပ်ကန့်သတ်တာတွေဟာ အင်မတန် စိုးရိမ်ရဖွယ် ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲ ပါ၀င်ပါတယ်။

    သတင်းရပိုင်ခွင့် အပါအ၀င် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိပါးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

    ကုလသမဂ္ဂ အဖွဲ့၀င် နိုင်ငံတွေ အနေနဲ့ တစ်နိုင်ငံချင်းစီ အနေနဲ့ရော၊ စုပေါင်းပြီးတော့ရော မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ အကာအကွယ်ဖြစ်စေဖို့ ဆောင်ရွက်ပေးကြပါ ဆိုပြီးတော့လည်း မစ္စတဂူတားရက်ရှ်က ပန်ကြားပါတယ်။

    ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိအောင် လုပ်ဆောင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာလည်း ဆက်လက်ပြီး ခိုင်ခိုင်မာမာ အားပေးထောက်ခံသွားမယ်လို့လည်း မစ္စတာဂူတားရက်ရှ်က ကတိပြုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘူရ်ဂါနာကိုလည်း မြန်မာနိုင်ငံထဲက အခြေအနေတွေကို မျက်မြင် ဆန်းစစ်နိုင်ဖို့ ချက်ခြင်း ပြည်၀င်ခွင့်ပေးပါလို့လည်း မြန်မာ စစ်အာဏာပိုင်တွေကို ကုလအတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်။

    ကုလအတွင်းရေးမှူးချုပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သတင်းရပိုင်ခွင့်နဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိပါးဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
  9. ခရီးမသွားရမယ့် အန္တရာယ် အဆင့် ၄ နိုင်ငံအဖြစ် မြန်မာပြည်ကို အမေရိကန် သတ်မှတ်ထား

    မြန်မာနိုင်ငံဟာ ခရီးမသွားသင့်တဲ့ နိုင်ငံ Level 4 အနီရောင် အဆင့် အဖြစ် အမေရိကန် နိုင်ငံခြားရေး ဌာနက သတ်မှတ်ထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အမေရိကန် အစိုးရ ၀န်ထမ်းတွေထဲက မနေမဖြစ်သူတွေကလွဲပြီး ကျန်တဲ့သူတွေနဲ့ မိသားစု၀င်တွေ အမေရိကန်ကို ပြန်လာချင်တယ်ဆို ပြန်လာနိုင်တယ် ဆိုပြီး အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပါတယ်။

    မြန်မာနိုင်ငံကို ခရီးမသွားနဲ့ ဆိုပြီး ပြောရတာဟာ ကိုဗစ်ရောဂါ ပြဿနာကြောင့်ရော၊ နိုင်ငံတလွှား ဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေကြောင့်ရော ဆိုပြီး အမေရိကန် ဌာနက အကြောင်းပြချက် ပေးပါတယ်။

    တချို့နေရာတွေမှာဆို လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်လို့လည်း သူတို့ရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှာ ရေးထားပါတယ်။

    အမေရိကန်ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာန CDC ကလည်း ကိုဗစ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အန္တရာယ် အဆင့် ၄ အဖြစ် သတ်မှတ်ထားတယ်လို့ နိုင်ငံခြားရေးဌာနက သူတို့ရဲ့ အမေရိကန် နိုင်ငံသားတွေကို ထပ်လောင်း သတိပေးပါတယ်။

    ဒါ့အပြင်၊ အရွေးကောက်ခံ အစိုးရ ခေါင်းဆာင်တွေကို မြန်မာ စစ်တပ်က ဖယ်ရှားပြီး၊ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အတွက် မြန်မာပြည်သူတွေ ဆန္ဒပြနေတာမှာ အဲဒီလို အခြေအနေမျိုးတွေ ဆက်ပြီး ဖြစ်နေလိမ့်ဦးမယ်လို့ ခန့်မှန်းထားတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ခရီးသွားခြင်းဆိုင်ရာ အကြံပြုတဲ့ ၀က်ဘ်ဆိုက် စာမျက်နှာမှာ ရေးသားထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

    မြန်မာနိုင်ငံကို အန္တရာယ် အဆင့် ၄ အဖြစ် သတ်မှတ်ထား

    ဓာတ်ပုံ ရင်းမြစ်, travel.state.gov

    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံကို အန္တရာယ် အဆင့် ၄ အဖြစ် သတ်မှတ်ထား
  10. မြန်မာနိုင်ငံက အခြေအနေတွေကို ကုလအထူးကိုယ်စားလှယ်ကို ကိုယ်တိုင်လာကြည့်ခွင့်ပြုဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆိုလိုက်

    "မြန်မာနိုင်ငံမှာဆန္ဒပြသူတွေကိုအင်အားသုံးဖြိုခွဲမှုတွေ တိုးပွားလာနေပြီး မြို့ကြီးတွေမှာ တင့်ကားတွေ ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အကြီးအကျယ် စိုးရိမ်နေပါတယ်။လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်၊ ခြိမ်းခြောက်၊ နှောင့်ယှက်မှုတွေ ဆက်ရှိနေဆဲ ဆိုတဲ့ သတင်းတွေ ကြားနေရပြီး လက်ခံနိုင်ဘွယ် မရှိပါဘူး။

    မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အတူစုပေါင်းပြီး သြဇာအရှိန်အဝါသုံး ဆောင်ရွက်ကြဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံ ပန်ကြားလိုက်ပါတယ်။

    ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို လိုလား တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေအပေါ် ကုလသမဂ္ဂက မယိမ်းမယိုင် ထောက်ခံအားပေးနေပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခိုင်အမာ ထပ်လောင်း ပြောခဲ့ပါတယ်။

    ကုလသမဂ္ဂနဲ့ သဘောတူထားတဲ့ စည်းမျဉ်းတွေအရ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ်စ် ခရစ္စတီးန် ရှရာနာ ဘူဂနာကို မြန်မာနိုင်ငံထဲ အမြန်ဆုံး လာရောက်ခွင့်ပြုပြီး အခြေအနေကို ကိုယ်တိုင် ကြည့်ရှုလေ့လာခွင့်ပြုဖို့ စစ်အာဏာပိုင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်"

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖန်း ဒူဂျာရစ်

  11. စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေကို စစ်ကြေညာလိုက်သလိုပဲ

    အင်တာနက်တွေကို အခုလို ထပ်ပြီး ပိတ်ပစ်နေတာ၊ လူတွေ နေထိုင်ရာ အရပ်တွေမှာ စစ်ယာဥ်တန်းတွေ ၀င်ရောက်နေတာတွေဟာ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက် အသည်းအသန်ဖြစ် ဗျာများနေရသလဲ ဆိုတာ ပြနေတာပဲလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ သံချပ်ကာကားတွေ အပါအ၀င် စစ်အင်အား နေရာချတာတွေ၊ လှည့်လည်တာတွေ ရန်ကုန် အပါအ၀င် မြို့ကြီးတချို့မှာ လုပ်လာခဲ့တဲ့ အပေါ်မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ၀ေဖန်တာ ဖြစ်ပါတယ်။

    “စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေကို စစ်ကြေညာလိုက်သလိုပဲ” ဆိုပြီး မစ္စတာအင်ဒရူးစ်က တွစ်တာပေါ် ရေးပါတယ်။

    သန်းခေါင်းယံ စီးနင်းမှုတွေ၊ လူဖမ်းပွဲတွေ အပြင် လူတွေရဲ့ အခွင့်အရေးတွေကို ပိုပိုပြီး ဖယ်ရှားပစ်နေတယ်လို့ သူက ဆိုပါတယ်။

    “သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာ၀န်ယူရမယ်” လို့လည်း ကုလ အထူးကိုယ်စားလှယ်က မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို သတိပေးပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  12. ဒစ်ဂျစ်တယ် အမှောင်ကျနေတဲ့ မြန်မာပြည်

    ချန်တုကနေ ရန်ကုန်ကိုလာတဲ့ လေယာဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ချန်တုကနေ ရန်ကုန်ကိုလာတဲ့ လေယာဥ်

    အင်တာနက် ဖြတ်တောက်ခံနေရပြီး ဒစ်ဂျစ်တယ် အမှောင်ချခံထားရတဲ့ ပြည်တွင်းက အခြေအနေအပေါ် နိုင်ငံတကာရောက် မြန်မာတွေ စိုးရိမ်ပူပန်နေပါတယ်။

    ကြိုတင် သိထားရတဲ့ အတိုင်း မြန်မာပြည် သန်းခေါင်းယံကျော် မနက် ၁ နာရီ ၀န်းကျင် အချိန်ကစလို့ အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပါတယ်။

    မြန်မာပြည်ထဲက သူတွေ အွန်လိုင်းပေါ်ကနေ ပျောက်သွားကြတဲ့နောက်၊ နိုင်ငံတကာရောက် မြန်မာတွေရဲ့ စိတ်ပူသံတွလည်း ဖေ့စ်ဘုတ်တခွင် ကြားလာရပါတယ်။

    တချို့လည်း နိုင်ငံတကာ လေကြောင်း ပျံသန်းမှု ခရီးစဥ်တွေကို စောင့်ကြည့်နိုင်တဲ့ ၀က်ဘ်ဆိုက်တွေမှာ မြန်မာပြည်ကို ဘယ်လေယာဥ်တွေ အတက်အဆင်း လုပ်သလဲ ဆိုတာတွေကို စိတ်၀င်စားနေတာ တွေ့နေရပါတယ်။

    စီချွမ်ပြည်နယ်မြို့တော် ချန်တုကလာတဲ့ လေယာဥ် ရန်ကုန်ကို အ၀င်ရှိတယ် ဆိုတာမျိုး သတိထားမိပြီး တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်း မျှ၀ေ နေကြပါတယ်။

    အရင် ရက်တွေကတည်းက၊ တရုတ်ပြည်နဲ့ မြန်မာကြား အသွားအလာ ရှိနေတဲ့ လေယာဥ် ခရီးစဥ်တွေနဲ့ ပတ်သက်ပြီး လူတွေကြား ကောလဟာလ အမျိုးစုံ ထွက်နေခဲ့ပါတယ်။

    အဓိကကတော့ အာဏာသိမ်း မြန်မာစစ်တပ် အပေါ် တရုတ်က အကူအညီ အထောက်အပံ့ တွေ ပေးနေတာ ဆိုတဲ့ ထင်မြင် ယူဆချက်တွေ ဖြစ်ပြီး၊ တရုတ်ဘက်က ငြင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

    အစောပိုင်းကတော့ အလွှာစုံ၊ နယ်ပယ်စုံက သူတွေ အင်နဲ့အားနဲ့ ပါ၀င်မှု လျော့ကျ မသွားခဲ့တဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ပွဲတွေ ရန်ကုန်မှာ တနင်္ဂနွေနေ့က ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

    ဒီနောက်မှာ သံချပ်ကာ အမြှောက်ကား၊ တင့်ကားတွေ ရန်ကုန်မြို့လယ်မှာ လှည့်လည်မောင်းပြတာမျိုး အာဏာသိမ်း စစ်တပ်ကလည်း တုံ့ပြန်ပါတယ်။

    ညမှောင်ရီပျိုးချိန်မှာတော့ ရဲကား လမ်းထောင့်တွေမှာ နေရာယူတာမျိုး တချို့နေရာမှာ တွေ့လာရပါတယ်။

    ဒါပေမယ့်လည်း ရပ်ကွက်တွေထဲ လူစိမ်း၀င်တာ၊ လူတွေ စု၀ေးလိုက်တာမျိုးတွေလို ရှုပ်ထွေးမှုတွေ ဆက် ရှိနေခဲ့ပြီး၊ သန်းခေါင်းယံမှာတော့ အင်တာနက်လိုင်းတွေ ပြတ်တောက် သွားတာ ဖြစ်ပါတယ်။

    သံချပ်ကာကားတွေ ရန်ကုန်မှာ နေရာချလာခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သံချပ်ကာကားတွေ ရန်ကုန်မှာ နေရာချလာခဲ့
  13. တင့်ကားတွေလှည့်ပြပေမယ့် ကိုယ့်လမ်းကိုယ် ဆက်ကာကွယ်နေရတဲ့ ရန်ကုန်

    ရန်ကုန်မှာ အာဏာသိမ်း စစ်တပ်က တနင်္ဂနွေနေ့ မမှောင်ချိန်က စလို့ သံချပ်ကာကားတွေ သုံးပြီး အင်အားပြ လှည့်လည်နေခဲ့ပေမယ့် ညအချိန်မှာတော့ လူနေရပ်ကွက်တွေထဲ အရင်ညတွေတုန်းကလိုပဲ၊ လူစိမ်း၀င်တာတွေ၊ မလုံမခြုံ ခံစားနေရတဲ့ ပြည်သူတွေ ကိုယ်တိုင် နောက်ကလိုက်ဖမ်းတာ၊ ကင်းလှည့်ရတာမျိုးတွေ ဆက်ဖြစ် နေခဲ့ပါတယ်။ ဒီနောက် သန်းခေါင်းယံ အချိန်မှာတော့ အင်တာနက်တွေ စတင် ပြတ်တောက် သွားခဲ့ပါတယ်။

    ရန်ကုန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မလုံခြုံတဲ့စိတ် အသွင်းခံထားရတဲ့ ရန်ကုန်
  14. နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မတွေကို မြန်မာစစ်တပ် ပြင်ဆင်

    နိုင်ငံတော် သစ္စာဖောက်မှု ဘယ်အခါ မြောက်သလဲ ဆိုတာသတ်မှတ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ အပါအ၀င်၊ လှုံ့ဆောင်သူတွေကို ဘယ်လို ပြစ်ဒဏ်ချမလဲ ဆိုတဲ့ နောက်ဆက်တွဲ ပုဒ်မတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးပြီး အစားထိုး ပြင်ဆင်လိုက်ပါတယ်။

    မြန်မာနိုင်ငံ အပေါ် စစ်မက်ပြုဖို့ ဆော်ဩတာ၊ ပူးပေါင်း ကြံစည်တာ၊ ပြည်တွင်း ပြည်ပနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်း အသုံးပြီး အခြေခံဥပဒေ အရ ခွင့်ပြုထားတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေကို ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ ဆိုပါတယ်။

    ပုဒ်မ ၁၂၄ - က နေရာမှာလည်း အခြေခံ ဥပဒေ နည်းကျ အစိုးရ၊ စစ်တပ်နဲ့ စစ်မှုထမ်းတွေ အပေါ်မလိုမုန်းထား ဖြစ်အောင် ပြုမူပြောဆိုရင်၊ ထောင် ၇ နှစ်ကနေ အနှစ် ၂၀ အထိ ချမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က အစားထိုးပါတယ်။

    စစ်တပ်ရဲ့ နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှုတွေကို ဖျက်လိုဖျက်စီး လုပ်ရင်လည်း အလားတူ ထောင်ဒဏ် အနှစ် ၂၀ အထိချမယ်လို့ ဆိုပါတယ်။

    ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ အပိုဒ်ခွဲတွေမှာလည်း တာ၀န်ထမ်းနေတဲ့ အရပ်ဘက်၊ စစ်ဘက် ၀န်ထမ်းတွေ အပေါ် မလိုမုန်းထား ဖြစ်အောင် မပြုမူ မပြောဆိုရ၊ တာ၀န်၀တ္တရားတွေကို မနှောင့်ယှက်ရ၊ အများပြည်သူကြား အထိတ်တလန့် ဖြစ်စေမယ့် သတင်းမှားတွေ မဖြန့်ရ ဆိုတာတွေ ရေးထားပါတယ်။

    ဒါဟာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ နိုင်ငံတကာထံကနေ၊ အထူးသဖြင့် အမေရိကန်ထံကနေ အကူအညီတောင်းဆိုမှုတွေ၊ သမ္မတ ဂျိုးဘိုင်ဒင်ပုံ ကိုင်ဆောင်တာတွေ တွေ့လာရတဲ့နောက် မြန်မာ အာဏာသိမ်း စစ်တပ် အနေနဲ့ သည်းမခံပဲ အရေးယူ ကိုင်တွယ်မယ့် အကြောင်း ပြလာတာ အဖြစ် ယူဆရပါတယ်။

    ၀န်ထမ်းတွေရဲ့ အလုပ်မဆင်းရေး သပိတ်ကိုလည်း ဖြိုခွဲနိုင်ဖို့ ဦးဆောင်သူလို့ ယူဆထားတဲ့သူတွေကို ပစ်မှတ်ထားပြီး သန်းခေါင်းယံ လူဖမ်းပွဲတွေ တနိုင်ငံလုံး အနှံ့ ပြုလုပ်နေခဲ့ပါတယ်။

    ဖေဖေါ်၀ါရီ ၁၄ တနင်္ဂနွေမှာတော့ ရန်ကုန် အပါအ၀င် မြို့ကြီးတချို့မှာ သံချပ်ကာ အမြှောက်ကား၊ စစ်ကားတွေနဲ့ အင်အားပြ နေရာချတာ အပြင် အင်တာနက်တွေ ဖြတ်တောက်လိုက်တာမျိုး ပြုလုပ်လိုက်ပါတယ်။

    မြစ်ကြီးနားမှာဆိုရင် ပစ်ခတ်ဖြိုခွဲ ခဲ့ပြီ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ သတင်းထောက်တွေ အပါအ၀င် လူတွေ ဖမ်းခံရကြောင်း သတင်းတွေ ကြားသိထားရပါတယ်။

    ဂျိုးဘိုင်ဒင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ စစ်ခေါင်းဆောင်တွေ အပေါ် ရှိသမျှနည်းသုံး အရေးယူမယ် ပြောတဲ့ ဂျိုးဘိုင်ဒင်ကို ထောက်ခံကြောင်း ပြသ
  15. အင်တာနက်တွေ ဖြတ်လိုက်ပြီ

    အင်တာနက်တွေ သန်းခေါင်းယံကျော် မနက် ၁ နာရီ ၀န်းကျင်မှာ စတင် ပြတ်တောက်သွားပြီလို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ဆန္ဒပြနေသူတွေကို အကြမ်းမဖက်ဖို့ မြန်မာပြည်ဆိုင်ရာ နိုင်ငံတကာ သံတမန်တွေက မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံထဲ ရှိနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ ဖေဖေါ်၀ါရီလ ၁၄ ရက် တနင်္ဂနွေည အပြင် မထွက်ပဲ လုံခြုံရာမှာ နေကြဖို့ အမေရိကန် သံရုံးက သတိပေးထားပါတယ်။ ရန်ကုန်မြို့ပေါ် သံချပ်ကာကားတွေ အပါအ၀င် စစ်ကားတွေ တွေ့ရတဲ့နောက်၊ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်မယ့် သတင်းတွေလည်း အစောပိုင်းထဲက ထွက်နေခဲ့ပါတယ်။

    ရန်ကုန်မြို့လယ်တွေ့ရတဲ့ သံချပ်ကာအမြှောက်ကား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်တွေ့ရတဲ့ သံချပ်ကာအမြှောက်ကား
  16. ဆန္ဒပြသူတွေကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ တောင်းဆိုလိုက်

    မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက်

    ၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့်အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မိမိတို့တောင်းဆိုပါသည်။

    နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချပါသည်။

    စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း မိမိတို့ လူသိရှင်ကြားကန့်ကွက်ရှုတ်ချပါသည်။

    ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုကို ရှာဖွေနေကြသော မြန်မာပြည်သူလူထုကို မိမိတို့ထောက်ခံအားပေးနေပါသည်။ တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေပါသည်။

    ဤကြေညာချက်ကို ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ - နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်

    နိုင်ငံတကာ၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, US Embassy in Yangon

    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်
  17. ရန်ကုန်မြို့ထဲ တင့်ကားတွေလှည့်နေ

    ပုဇွန်တောင်မြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တင့်ကားတွေလှည့်လည်စဉ်

    ရန်ကုန်မြို့လယ်မှာ အခုညပိုင်းမှာ စစ်ကားတွေ ဝင်လာတာကို တွေ့ရတယ်လို့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ မနေ့ညကတော့ ရပ်ကွက်တွေထဲ လူစိမ်းတွေ ဝင်ရောက်လာတဲ့အတွက် လူတွေ ထိတ်လန့်ခဲ့ကြရပြီး လက်နက်တွေနဲ့အတူ ဖမ်းဆီးမိထားသူတွေလည်း ရှိခဲ့ပါတယ်။

    စစ်ကား၊ ရဲကား၊ အချုပ်ကား၊ ရေကားတွေအပြင် တင့်ကားတွေလည်း ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ အသံချဲ့စက်နဲ့ အော်သွားတယ်လို့ သိရပါတယ်။

    ဒဂုံမြို့သစ်မြောက်ပိုင်းမှာလည်း တင့်ကား၊ ရဲကား၊ စစ်ကားပါတဲ့ ကားတန်းကြီး ပြီးခဲ့တဲ့နာရီပိုင်းက လှည့်သွားတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    အခြားတိုင်းဒေသကြီးတွေမှာလည်း လုံခြုံရေး ဆောင်ရွှက်တယ် ဆိုပြီး တင့်ကားတွေနဲ့ လှည့်နေကြောင်းလည်း ဒေသခံတွေကပြောကြပါတယ်။

    ဘဏ်ဝန်ထမ်းတွေကို လိုက်ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပြီး တချို့နေရာတွေမှာ ရပ်ကွက်က ကင်းစောင့်နေကြပါတယ်။

  18. သြစတြေးလျသံရုံးက အသိပေး ကြေညာချက်ထုတ်

    ရန်ကုန်မြို့က လမ်းတွေပေါ်မှာ စစ်တင့်ကားတွေ လှည့်လည်နေပြီး ဒီနေ့မနက် တစ်နာရီကနေ ၉ နာရီအထိ အင်တာနက် ဖြတ်တောက်မှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံသားတွေ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေကြဖို့နဲ့ အသွားအလာ ဆင်ခြင်ကြဖို့ ရန်ကုန်မြို့မှာ ရှိတဲ့ သြစတြေးလျသံရုံးက ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

  19. မြစ်ကြီးနား ဆန္ဒပြဖြိုခွဲမှုမှာ သတင်းထောက်တွေ အဖမ်းခံရ

    မြစ်ကြီးနား လျှပ်စစ်ရုံး ဆန္ဒပြဖြိုခွဲမှုဖြစ်စဉ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြဖြိုခွဲမှုကို သတင်းတိုက်ရိုက် ထုတ်လွှင့်ခဲ့ကြ

    မြစ်ကြီးနား လျှပ်စစ်ရုံး ဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်မှာ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နေတဲ့ သတင်းထောက်တွေကို တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းထောက်တွေက ဘီဘီစီကို ပြောပါတယ်။

    74 media အယ်ဒီတာချုပ် ကိုထွယ်အောင်နဲ့ ကင်မရာ အကူ ကိုနော်ဆိုင်း၊ Mizzima သတင်းဌာနက ကိုစိုင်းလှအောင်နဲ့ တခြားသတင်းဌာနတွေက သတင်းထောက် စုစုပေါင်း ၅ ဦးခန့်ကို မြစ်ကြီးနား လျှပ်စစ်ရုံး ဖြစ်စဉ်မှာ သတင်းယူနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကနဦး သိရပါတယ်။

    မြစ်ကြီးနား စက်မှုရပ်ကွက် ဖြိုခွဲမှုမှာ သတင်းယူနေခဲ့တဲ့ တခြားသတင်းထောက်တွေကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်လာသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မြစ်ကြီးနား ပစ်ခတ်ဖြိုခွဲမှုနဲ့ပတ်သက်ပြီး ဒဏ်ရာရသူနဲ့ အဖမ်းခံရသူအ‌ရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ ပစ်ခတ်မှုမှာ သေနတ်နဲ့ အချက် ၄၀ လောက်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  20. မြန်မာနိုင်ငံမှာ အင်တာနက်တွေ ထပ်ပိတ်မယ်

    မြန်မာနိုင်ငံမှာ ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတွေက ပေးနေတဲ့ အင်တာနက် ဝန်ဆောင်မှု အပါအဝင် အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်း Internet Service Provider (ISP) တွေ အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့ မနက် ၁ နာရီကနေ မနက် ၉ နာရီ အထိ အင်တာနက် ဝန်ဆောင်မှုတွေ ယာယီ ပိတ်ပင်ထားဖို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် လက်ခံရခဲ့တယ်လို့ အင်တာနက်ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက ဘီဘီစီကို အတည်ပြုပါတယ်။

    ဒီလို ဖြတ်တောက်မယ့်စာကို ပြီးခဲ့တဲ့ နာရီပိုင်းက ရထားကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေ ထွက်ပေါ်နေရာမှာ တယ်လီနော အပါအဝင် ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတချို့ဆီကနေ အသုံးပြုသူတချို့က ဒီအခြေအနေအတွက် သတိပေး SMS တွေ ရရှိလာတယ်လို့ ဆိုပါတယ်။

    တယ်လီနော အင်္ဂလိပ်ပိုင်း ဝက်ဆိုဒ်မှာဆိုရင်လည်း ဒီလို အာဏာပိုင်တွေဆီက ရရှိတဲ့ ညွန်ကြားချက်ကို အသေးစိတ် ဖော်ပြထားပါတယ်။

    ဖေ့စ်ဘွတ်ခ် ပိတ်ပင်ထားမှုကိုလည်း ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ ဆက်လုပ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ဖေ့စ်ဘွတ်ခ်မှာ ဆက်လက် ထွက်ပေါ်နေပြီး အခုလို အင်တာနက် ပိတ်ပင်မှုဟာ ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှု မအောင်မြင်အောင် ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

    no tag