ရန်ကုန်မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတချို့ မဲပေးလို့ မရကြ

ရန်ကုန်တိုင်းဒေသကြီး အတွက် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် သက်ဆိုင်ရာ တိုင်းရင်သား တချို့က မဲပေးခွင့်မရခဲ့ကြဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေ အတွက် တိုင်းရင်းသား မဲဆန္ဒရှင်တွေက မဲပေးကြရမှာဖြစ်ပါတယ်။
မဲပေးခွင့် မရသူတွေ အတော်များများရှိတယ်လို့ မိသားစုလိုက် မဲပေးခွင့် မရကြသူ တိုင်းရင်းသားတချို့က ဘီဘီစီကို ပြန်ပြောကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ ၁၇ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဉာဏ်ဝင်းဆိုသူက ရခိုင်တိုင်းရင်းသား တွေဖြစ်တဲ့ သူတို့တစ်မိသားစုလုံး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရရှိခဲ့ဘူးလို့ ပြောပါတယ်။
သာကေတမြို့နယ်မှာ နေတဲ့ ညီဖြစ်သူရော သူတို့ ဆွေမျိုးသားချင်းနဲ့ တခြား မိတ်ဆွေ အတော်များများလည်း မဲပေးခွင့် မရခဲ့သူများတယ်လို့ သူကပြောပါတယ်။
အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ နော်သက်သက်ထွန်းကလည်း ကရင်တိုင်းရင်းသားရးရာ ဝန်ကြီး နေရာအတွက် မဲပေးခွင့် မရခဲ့ပါဘူး။
တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးဖို့ ကြိုးစားကြသူတွေထဲမှာ အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးဖူးသူတွေလည်း ပါဝင်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တသီးပုဂ္ဂလ ပါဝင် ယှဉ်ပြိုင်တဲ့ ဒေါ်ထုမေက ဒီကနေ့ မနက်က စတင်ပြီး ရန်ကုန်တိုင်းအတွင်းက မဲဆန္ဒရှင်တွေ သူ့ကို ဆက်သွယ်ပြီး တိုင်ရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရကြကြောင်း ပြောပြကြတဲ့ အတွက် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို ဆက်သွယ်ပြောပေမဲ့ ရခိုင်မဲ စာရင်းမှာ မပါရင် ပေးခွင့်မရှိဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကိုယ့်နာမည် မဲစာရင်းမှာ မပါသူတွေကပုံစံ ၃ က နဲ့ လျှောက်ထားရမှာ ဖြစ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေ အတွက် သီးသန့် လျှောက်ထားရမယ်လို့ ဖော်ပြထားခြင်း မရှိဘူးလို့ ဒေါ်ထုမေက ပြောပါတယ်။
ဒီလိုမဲထည့်ခွင့် မရတဲ့အတွက် တိုင်းရင်းသားအခွင့်အရေးဆုံးရှံးရတာကို ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူရမယ်လို့လည်း သူက ပြောပါတယ်။
























