တောင်ဒဂုံ လူအုပ်နဲ့ဆူပူသူ ခေါင်းဆောင်နှစ်ဦးထောင်တစ်နှစ်စီကျ

တရားမဝင် ဗလီတွေ ဖျက်သိမ်းရေးလုပ်ခဲ့တာလို့ မိုက်ကယ်ကျော်မြင့် ကတရားရုံးအမိန့်ချအပြီးမှာပြော

ဓာတ်ပုံ ရင်းမြစ်, NCSL

ဓာတ်ပုံ ပုံစာ, တရားမဝင် ဗလီတွေ ဖျက်သိမ်းရေးလုပ်ခဲ့တာလို့ မိုက်ကယ်ကျော်မြင့် ကတရားရုံးအမိန့်ချအပြီးမှာပြော
ရေးသားခဲ့သည်။

ရန်ကုန် ဆင်ခြေဖုံး၊ တောင်ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ မေလ ၁၅ ရက် ညပိုင်း လူရာချီ စုဝေးခဲ့သူတွေထဲက ခေါင်းဆောင် နှစ်ယောက်ကို ရဲတပ်ဖွဲ့က နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅ဝ၅ (ခ) နဲ့ အမှုဖွင့်ထားရာမှာဒီနေ့ အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်စီအမိန့်ချမှတ်လိုက်ပါတယ်။

အဲဒီထဲက တစ်ယောက်ဟာ မိုက်ကယ်ကျော်မြင့် ဆိုသူ ဖြစ်ပြီး၊ အစ္စလာမ် ဘာသာဝင်တို့ရဲ့ တရားမဝင် ဗလီတွေ ဖျက်သိမ်းရေးမှာ အစိုးရက လုပ်ဆောင် မပေးလို့ လူအင်အားနဲ့ လက်နက်ကိုင်ဆောင်ပြီး လုပ်မှ ရမယ်လို့ ထွေအုပ်ရုံးရှေ့ ပြောဆို ခဲ့သူ ဖြစ်ပါတယ်။

နောက်တစ်ယောက် ကတော့ သီဟမျိုးနိုင်ဆိုသူဖြစ်ပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ သြဂုတ်လ ၃၀ ရက်နေ့ အမိန့်မချခင် အချုပ်ကားပေါ်က အဆင်းမှာ လာရောက်ဝန်းရံ အားပေးသူတွေ ကို အခုဖြစ်ခဲ့တာက ဗလီတွေ တရားဝင်ခြင်းမဝင်ခြင်းနဲ့ဆိုင်ပြီး တော့ တရားရုံးကို စိန်ခေါ်တယ် လို့ပြောသွားခဲ့ပါတယ်။

ကားတစ်စင်းကို ဝိုင်းဝန်း တိုက်ခိုက်တာမျိုး ပြုလုပ် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NCSL

ဓာတ်ပုံ ပုံစာ, ကားတစ်စင်းကို ဝိုင်းဝန်း တိုက်ခိုက်တာမျိုး ပြုလုပ် ခဲ့ပါတယ်။

အစ္စလာမ် ဝါတွင်းကာလ၊ တောင်ဒဂုံမှာ အစိုးရက တရားဝင် ခွင့်ပြုပေးထားတဲ့ ယာယီ ဝတ်ပြုဆောင်တွေကို မျိုးချစ်တွေလို့ သူတို့ကိုသူတို့ ရည်ညွှန်းခေါ်ဝေါ် ကြသူတွေက ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီး၊ ဖိအားပေး ပိတ်သိမ်းစေခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ အသက် အန္တရာယ်ကို ကာကွယ်ဖို့ အတွက် လက်နက်တွေ အားလုံးကို ပေါ်တင်ကိုင်ဖို့လိုတယ်၊ စုစည်းဖို့ လိုတယ်၊ ကျွန်တော်တို့ ဝင်ဖျက်မယ့် အဲဒီ ဗလီကို …"ရုပ်သံဖိုင်မှာအဲဒီလို ပြောခဲ့သူဟာ အခု ၅ဝ၅ (ခ) နဲ့ အမှုဖွင့် ခံရတဲ့ မိုက်ကယ်ကျော်မြင့် ဖြစ်ပါတယ်။

မေလ ၁၅ ရက် ညပိုင်း ထွေအုပ်ရုံးရှေ့ စုဝေး ခဲ့သူတွေဟာ တုတ်၊ ဓား လက်နက် တချို့ ကိုင်ဆောင် ခဲ့ကြသလို အနီးနား ဝန်းကျင်မှာ ရဲ တပ်ဖွဲ့ဝင် တချို့ ရှိနေတဲ့ ကြားကပဲ ကားတစ်စင်းကို ဝိုင်းဝန်း တိုက်ခိုက်တာမျိုး ပြုလုပ် ခဲ့ပါတယ်။

ညာသံပေး အော်ဟစ်ပြီး ထုရိုက်နေကြတာ သွေးပျက်ဖွယ်ပဲလို့ မျက်မြင်ကြုံရသူ ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။ အဲဒီ သူတွေဟာ မျက်နှာစိမ်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ နောက်မှာ ဥပဒေစိုးမိုးရေး အပိုင်းက ရဲနဲ့ ထွေအုပ်ဘက်က တာဝန်ရှိသူတွေ ရောက်လာပြီး သန်းခေါင်ကျော် ၁ နာရီ ဝန်းကျင်မှာတော့ လူစု ကွဲသွားခဲ့ပါတယ်။

မွတ်ဆလင်တို့ရဲ့ ဥပုသ်လ ကာလ အတွင်း ဗလီ မရှိတဲ့ နေရာတွေမှာ ဝတ်ပြုဆုတောင်းရ အဆင်ပြေအောင် ယာယီ နေရာတွေ ဖန်တီးတာကို အစိုးရပိုင်းက စိစစ် ခွင့်ပြုလေ့ ရှိပြီးတောင်ဒဂုံမှာလည်းဗလီ မရှိလို့ အစိုးရခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာလည်း တောင်ဒဂုံမှာဆိုရင် ရပ်ကွက် ၂၆၊ ၆၄ နဲ့ ၁ဝ၆ တို့မှာ ယာယီ ဝတ်ပြုဆောင် ၃ ခု ထားရှိဖို့ တိုင်းဒေသကြီး အစိုးရက ခွင့်ပြုထားခဲ့ပါတယ်။နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့သူတွေက သူတို့ရဲ့ အိမ်၊ ဆိုင်ခန်း စတာတွေမှာ ဖန်တီး ပေးတာမျိုး ဖြစ်တယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်းက ပြောပါတယ်။

တောင်ဒဂုံ ဖိအားပေးမှုဟာ မေလ ၁၄ ရက် ညပိုင်းကတည်းက ၂၆ ရပ်ကွက်မှာ စတင် ခဲ့တာ ဖြစ်ပါတယ်။ သံဃာတချို့ အပါအဝင် လူစုလူဝေး ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စရောက် လာခဲ့ပါတယ်။ အဲဒီကနေ ရဲစခန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ဆီ ရောက်သွားတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် အခု ၅ဝ၅ (ခ) နဲ့ အမှုဖွင့်ခံရတဲ့ မိုက်ကယ်ကျော်မြင့်ကတော့ အရင်ကလည်း သတင်း မီဒီယာတွေထက် ရောက်ဖူးသူ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး ရန်ကုန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းရဲ့ ကိုယ်ရေးအရာရှိကို လာဘ်ပေးခဲ့ရတယ် ဆိုပြီး ၂ဝ၁၇ တုန်းက ပြောခဲ့သူ ဖြစ်ပါတယ်။

ခြေချုပ်ခံဝန် ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ ငြိမ်းစုစီ ဥပဒေနဲ့ အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး နောက်ပိုင်း ထောင်ကျခဲ့ပါတယ်။

အဒီနောက်မိုက်ကယ်ကျော်မြင့်ဟာ တိမ်းရှောင်နေခဲ့ပြီးတရားခံပြေးအဖြစ် ကြေညာခံခဲ့ရပါတယ်။ မိုက်ကယ်ကျော်မြင့် ကို ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာက သူ့ယောက္ခမ နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

သူရဲ့ ယောက္ခမတော်စပ်သူ ဦးကျော်မောင်၊ ဒေါ်ခင်သန်းတို့ နေအိမ်မှာ ရောက်ရှိ ပုန်းခိုနေကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၀ရက်နေ့က သက်သေတွေနဲ့အတူ သွားရောက်ဖမ်းဆီး လိုက်တာလို့လည်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရားရုံးက ထောင်ဒဏ်ချမှတ်ရာမှာချုပ်ရက်တွေကို ပြစ်ဒဏ်ကနေထုတ်နှုတ်ခံစားခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

သြဂုတ်လ၃၀ရက် အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချ အပြီးမှာတော့ မိုက်ကယ်ကျော်မြင့် ဟာ အော်ဟစ်ပြောဆိုမှုတွေလုပ်ခဲ့ပြီး တရားရုံးအပြင်က သူ့ကိုဝန်းရံသူတွေဟာ တရားသူကြီးနဲ့ ရဲစခန်းမှူးကိုအော်ဟစ် ဆဲဆိုတာ ကို လည်းတွေ့ရပါတယ်။

တရားမဝင် ဗလီတွေ ဖျက်သိမ်းရေးလုပ်ခဲ့တာလို့ မိုက်ကယ်ကျော်မြင့် ကတရားရုံးအမိန့်ချအပြီးမှာပြောပါတယ်။