ကားတင်သွင်းခွင့် ပါမစ်တွေ ကိစ္စ KNU ငြင်းဆို

အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ KNU ကရင် အမျိုးသား အစည်းအရုံးဟာ အစိုးရဆီက ထောင်ချီတဲ့ ကားတင်သွင်းခွင့် ပါမစ်တွေ ရနေတယ် ဆိုပြီး မီဒီယာ တချို့က ရေးသား ဖေါ်ပြနေတာတွေ ဟာ မမှန်ကန်ကြောင်း KNU က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တုံ့ပြန် ပြောဆိုလိုက် ပါတယ်။
KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်က အမှန်တကယ်မှာ KNU အနေနဲ့ အခွန်ကင်းလွတ်ခွင့်ရတဲ့ ကားအစင်းရေက ၄၀ အခွန် ၆၀ ရာခိုင်နှုန်းဆောင်ရတဲ့ ကားအစင်းရေက ၈၀ ဖြစ်ပြီး ကား အစင်းရေ ၃ထောင်လောက် တင်သွင်းခွင့် ရနေတယ် ဆိုတာ မဟုတ်ကြောင်း ဘီဘီစီကို ပြောပါတယ်။
အပစ်ရပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဝင်ငွေ မရှိတဲ့အတွက် အဖွဲ့ လည်ပတ်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုတာကို အစိုးရထံ တင်ပြခဲ့တာကြောင့် ယာယီ ဖြေရှင်းတဲ့အနေနဲ့ အစိုးရက အခုလို ကားတင်သွင်းခွင့် ပါမစ်တွေ ချပေး ခဲ့တာ ဖြစ်တယ်လို့ မန်းငြိမ်းမောင်က ပြောပါတယ်။
ဒါကို မီဒီယာတွေက လိုရာ ဆွဲပြီး ချဲ့ကား ရေးသား ဖေါ်ပြခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။




