ဖွဲ့စည်းပုံ မပြင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းကျမှာ မဟုတ်လို့ ဒေါ်စုပြော

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso
ဓာတ်ပုံ ပုံစာ, မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso
ရေးသားခဲ့သည်။

ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပထမ တထောက် အဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲမှု မလုပ်ရင် ၂ဝ၁၅ ခုနှစ် ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း ကျမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တယောက်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘရပ်ဆဲလ်စ် မြို့မှာ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံခိုက် မနေ့တုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ အများ လေးစား လက်ခံ နိုင်လောက်ပြီး ပွင့်လင်း မြင်သာမှု ရှိကာ အဖွဲ့အစည်း အသီးသီး နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အားလုံး ပါဝင်ခွင့် ရှိရမယ်လို့ မစ္စတာ ဘရိုဆို ကလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စေ့စပ် ညှိနှိုင်းရေး တို့ကို ဥရောပ သမဂ္ဂက ဆက်လက် ထောက်ခံသွားမယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မြန်မာ နိုင်ငံကို ယူရို သန်း ၁၅ဝ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နိုင်ငံ တိုးတက်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို အရင်ထက် နှစ်ဆတိုး အကူအညီ ပေးနေတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ က ဆိုပါတယ်။

ဘယ်လဂျီယမ်နိုင်ငံကို ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဗန်း ကက်သလိတ် တက္ကသိုလ် က ၁၉၉၈ခုနှစ် တုန်းက သူအိမ်အကျယ်ချုပ် ကျစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံ ရယူခဲ့ပြီး "Charity and compassion in politics" သဒ္ဒါတရားနဲ့ ဂရုဏာ ခေါင်းစဉ်နဲ့ စနေနေ့တုန်းက ဟောပြောခဲ့ပါတယ်။