ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲ

_bbc_suu_304x171
ဓာတ်ပုံ ပုံစာ, သတင်းစာရှင်းလင်းပွဲ မှ ဒေါ်အောင်ဆန်းစုကြည်
ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Prague ခရီးစဉ် အဆုံးသတ် အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်ဖို့ အတွက် တိုင်းရင်းသား ခေါင်းဆောင် တချို့ တင်ပြနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ပြန်ရေးဆွဲရေး ကို သူ မပစ်ပယ် တဲ့ အကြောင်း ပြောသွားပါတယ်။

ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင် တချို့ ကနေ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပြင်ဆင်ရ မလွယ်အောင် လုပ်ထားတဲ့ အကြောင်း၊ ဒီမိုကရေစီ နည်းကျအောင် ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ပုံစံ ဖြစ်အောင် ပြင်မယ် ဆိုရင်လည်း၊ ၈ဝ ရာခိုင်နှုန်း ကို ပြင်ရမှာ ဖြစ်လို့ ဖွဲ့စည်းပုံ အသစ် ပြန်လည် ရေးဆွဲကြ မှသာ ကောင်းမယ် လို့ ဆိုတဲ့ အပေါ် ဘီဘီစီ က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ တွေနဲ့ တိုင်းရင်းသား ပါတီတွေ ဟာ ဒီကိစ္စ ဆွေးနွေး တာ အကြိမ် အတော်များနေတဲ့ အကြောင်း၊ အရင် ကလည်း ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် စစ်တပ် ရဲ့ ထောက်ခံမှု ရအောင် လုပ်ရမယ်၊ ဖွဲ့စည်းပုံ ထဲမှာလည်း နောက်ထပ် ဖွဲ့စည်းပုံ အသစ် ရေးခွင့် မရှိဘူး လို့ မကန့်သတ် ထားပုံတွေ ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ပြန်ရေးဆွဲရေး ရာမှာ ပေါ်ပေါက် လာမယ့် ရိုက်ခတ်မှု တွေ လည်း သေသေချာချာ အလေးထားဖို့ လိုကြောင်း၊ အသစ်ပြန်ရေးခြင်းဖြင့် ဥပဒေပြုတဲ့ စနစ် ကို ဖျက်သိမ်းလိုတဲ့ အဓိပ္ပါယ် ကောက်ယူမလား၊ ကြားဖြတ် အစိုးရ ဖွဲ့တယ် လို့ မြင်သွားမလား စတဲ့ သက်ရောက်မှု တွေ စဉ်းစားထားရေး ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမြင် အရ တော့ အခုဖွဲ့စည်းပုံ ကို ပြုပြင်ပြောင်းလဲ ရမယ်၊ ဒီလိုပြောင်းတဲ့ အခါမှာလည်း လက်တွေ့ကျပြီး ပျော့ပျောင်း ညွတ်လွယ်တဲ့ နည်းလမ်း ကို သုံးမှသာ ရမယ် လို့ သူ မြင်ကြောင်း၊ ဒါကလည်း သူ တယောက်တည်း ဆန္ဒ နဲ့ မရဘဲ၊ အားလုံးက သဘောတူကြ မှ နည်းလမ်းတခု သတ်မှတ် နိုင်မှာ ဖြစ်ကြောင်း၊ ဒီလ ကုန်ပိုင်းမှာ တိုင်းရင်းသားတွေ နဲ့ NLD အကြား ဖွဲ့စည်းပုံ ပြုပြင်ရေး နည်းလမ်း နဲ့ ပတ်သက်ပြီး သဘောတူညီချက် တရပ် ခိုင်ခိုင်မာမာ ထုတ်ပြန်နိုင်မယ် လို့ မျှော်လင့် ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။