လွှတ်တော်မှာ အဓိက ဘာဆွေးနွေးကြ မလဲ

ဇွန်လ ၂၅ ရက် နေ့ အင်္ဂါ နေ့က ပြန်လည် စတင်ခဲ့ တဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်း အဝေး တွေမှာ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ရွေးကောက်ပွဲ စနစ် တို့က အဓိက ဆွေးနွေး ရမယ့် အချက်တွေ ဖြစ်နိုင် တယ်လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ပထမနေ့ ပြည်သူ့ လွှတ်တော်မှာ တောင်သူ လယ်သမားတွေ ထောက်ပံ့ငွေ ရရှိရေး၊ နည်းပညာနဲ့ သွင်းအားစုတွေ ကူညီပေးရေး၊ စိုက်ပျိုးထွက် သီးနှံတွေ သင့်တင့်တဲ့ စျေးနှုန်း ရရှိရေး စတဲ့ တောင်သူ လယ်သမား တွေရဲ့ အကျိုး စီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ဆွေးနွေးဖို့ လက်ခံလိုက် ပါတယ်။
မြန်မာ အထူး စီးပွားရေး ဇုန် ဥပဒေကြမ်း ကိုတော့ ဆက်လက် ဆွေးနွေး ရဦးမယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။
အမျိုးသား လွှတ်တော်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဆိုင်ရာ ပစ္စည်း တွေကို ထိန်းချုပ်ရေးနဲ့ ဥပဒေ အတိုင်း တိတိ ကျကျ ကိုင်တွယ်ရေး အဆိုကို လက်ခံလိုက် ပါတယ်။
ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့တဲ့ နေရာ တွေမှာ ကြန့်ကြာမှုနဲ့ လာဘ်ပေး နေရ မှုတွေ ပပျောက်ဖို့ စီးပွားရေး ဆိုင်ရာ အဆို တစ်ခု ကိုလည်း လွှတ်တော်က လက်ခံပြီး ဆွေးနွေးဖို့ သဘော တူခဲ့ ပါတယ်။
လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ နာယက အဖြစ် သူရ ဦးရွှေမန်းက တာဝန်ယူဖို့ ရှိနေ ပါတယ်။ အခု တစ်ကြိမ် လွှတ်တော် အစည်း အဝေး အသီးသီးက နှစ်လ လောက် ကြာမြင့်မယ် လို့လည်း ခန့်မှန်းကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
အခု တစ်ကြိမ် လွှတ်တော်မှာ မီဒီယာ ဥပဒေကို တင်သွင်းဖို့ ပြင်ဆင် ထားပြီး ပညာရေး၊ စီးပွားရေး ဆိုင်ရာ ဥပဒေကြမ်းတွေ ကိုလည်း တင်သွင်းဖို့ ပြင်ဆင် နေကြပါတယ်။




