
နယူးဇီလန် ဝန်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန်
ဓနသဟာယ နိုင်ငံများ အဖွဲ့ဝင် နယူးဇီလန် နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က နယူးဇီလန် အစိုးရ ခေါင်းဆောင် ပိုင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ပါတယ်။
နှစ်ဘက် ခေါင်းဆောင်တွေ အဓိကထား ဆွေနွေး ခဲ့တဲ့ အထဲမှာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ပညာရေး ပူးပေါင်း ဆောင်ရွက်ရေး လည်း ပါဝင် ပါတယ်။
မြန်မာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ ရာမှာ စိုက်ပျိုး မွေးမြူရေးနဲ့ သတ္တုတွင်း ကဏ္ဍတို့မှာ လာရောက် လုပ်ကိုင်ဖို့ ပါဝင်တယ်လို့ သမ္မတ ရဲ့ ခရီးစဉ်မှာ အတူ လိုက်ပါ သွားတဲ့ သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
မြန်မာ နိုင်ငံကို ပြည်ပ နိုင်ငံတွေ လာရောက် ရင်းနှီး မြှုပ်နှံမှု ပြုလာအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်သင့်တယ် ဆိုတဲ့ ဝေဖန်မှု တွေနဲ့ ပတ်သက်လို့ မေးရာမှာ ဦးရဲထွဋ်က မြန်မာ အစိုးရ အနေနဲ့ မှန်ကန်တဲ့ ဥပဒေ၊ နည်းဥပဒေ တွေ ထားရှိဖို့၊ ပွင့်လင်း မြင်သာမှု ရှိအောင်၊ ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ဆောင် နေတယ်လို့ ပြော ပါတယ်။
ပညရေး ပိုင်းမှာ နှစ်နိုင်ငံ တက္ကသိုလ်ချင်း အပြန် အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာ ဖြစ်ပြီး၊ ပညာတော်သင် အရေ အတွက်ကို ပိုမိုတိုးမြှင့် လက်ခံဖို့ နယူး ဇီလန် အစိုးရက ကူညီ ဆောင်ရွက် ပေးမယ်လို့ လည်း ဆွေးနွေး ခဲ့ ကြကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံ့ ဝန်ထမ်း တွေကို အင်္ဂလိပ်စာနဲ့ တခြား ပညာရပ်တွေ ကို မြန်မာ နိုင်ငံမှာ ဖြစ်စေ၊ နယူး ဇီလန်မှာ ဖြစ်စေ သင်ကြား ပေးနိုင်ရေး ကိုလည်း လုပ်ဆောင် သွားမယ်လို့ သူက ဆိုပါတယ်။












