မြဝတီမြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေ
ဓာတ်ပုံ ပုံစာ, ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေ
ရေးသားခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့က ပြည်ခိုင်ဖြိုး ရုံး အနားမှာ တနင်္လာနေ့ မနက်က ဗုံးပေါက်ကွဲလို့ ဘုန်ကြီးတပါး ဒဏ်ရာ ရရှိသွားပါတယ်။

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ပြည်ခိုင်ဖြိုး ရုံးအနား ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုဟာ အတော်လေး အသံကျယ်ပေမဲ့ ကြီးကြီးမားမား ပျက်ဆီးဆုံးရှုံးမှု မရှိပဲ၊ အနားမှာ ဖြတ်သွားနေ တဲ့ ဘုန်းကြီးတပါးပဲ အစမှန်လို့ အနည်းငယ် ဒဏ်ရာရသွားတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြဝတီ မြို့ခံတဦး ပြောတာက​တော့ စျေးအနီးက ကြံ့ခိုင်ရေးရုံး ငါးကန်နားမှာ ဗုံးပေါက်တာ ဖြစ်ပြီး၊ ကမ်းနားဆိပ်က မြနှင်းအိမ် တည်းခိုခန်းအနားမှာလည်း ဗုံးတလုံး ရှာတွေ့တယ်လို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ၊ ချစ်ကြည်ရေးတံတားနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို မြန်မာဘက်က ဒီလကုန်ပိုင်းမှာ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုလို ဗုံးပေါက်ကွဲမှုကြောင့် ချစ်ကြည်ရေးတံတားနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်မယ့်ရက်ကို မြန်မာဘက်က ရွှေ့ဆိုင်း လိုက်နိုင်ဖွယ်ရှိတယ်လို့ နယ်စပ် အကဲခတ် သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ငြိမ်သက် နေရာကနေ ၃ လ မြောက်တဲ့ အချိန်မှာ အခုလိုပြန်ပြီး ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။