အားလုံးနဲ့တိုင်ပင်ပြီးမှလာတယ်ဆိုတဲ့ နော်လင်းဟေဇာ အားလုံးနဲ့တွေ့ခွင့်ရမှာလား

နော်လင်းဟေဇာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပထမဆုံး အကြိမ် ရောက်လာဖို့ ၁၀ လတာ အချိန်ယူ ခဲ့ရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နော်လင်းဟေဇာရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဥ်ကို ဩဂုတ်လ ၁၆ ရက်၊ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

တိုင်းပြည်မှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းစစ်မီး တောက်လောင်နေချိန်၊ စီးပွားရေး ပျက်ယွင်းပြီး လောင်စာဆီ အကျပ်အတည်း ဆိုက်ရောက်နေချိန် ဖြစ်သလို နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ် စီရင်တာကအစ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် နှစ်ရှည် ထောင်ဒဏ် ထပ်တိုးချတာမျိုးလို အာဏာသိမ်း စစ်တပ်ဘက်က တင်းမာတဲ့ သဘောထားတွေ ဖော်ပြ နေချိန်မှာ ကုလ အထူးသံ ရောက်လာတာ ဖြစ်ပါတယ်။

ဒေါက်တာ နော်လင်းဟေဇာဟာ အဲဒီ ရာထူးနေရာမှာ ခန့်အပ်ခံရပြီးတဲ့ မြန်မာပြည်ကို လာရောက်ရေး ကြန့်ကြာ နေခဲ့ရပြီး ၊ အခုလို ပထမဆုံး အကြိမ် ရောက်လာဖို့ ၁၀ လတာ အချိန်ယူ ခဲ့ရပါတယ်။

စစ်တပ်က ဖယ်ရှားခဲ့တဲ့ အရပ်သား အစိုးရ အဖွဲ့ကို လက်တွေ့အရ ဦးဆောင်မှု ပေးနေခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီအရေးရဲ့ အဓိက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အဂတိမှု စွဲချက်တွေနဲ့ နောက်ထပ် ထောင်ဒဏ် ၆ နှစ် ထပ်တိုး ချမှတ်လိုက်ပြီး နောက်တစ်ရက်မှာပဲ ဒေါက်တာဟေဇာရဲ့ ခရီးစဥ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်ဖြစ်ရပ် ပုံစံပေါင်းစုံ ချက်ခြင်း ရပ်တန့်ရေးနဲ့ စာနာမှု အကူအညီတွေ အနှောင့်အယှက် အဟန့်အတား မရှိ ပေးနိုင်ရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လောလောလတ်လတ်မှာပဲ ထပ်မံတောင်းဆိုလိုက်ပြီးတဲ့နောက် အခုလို ကုလအထူးသံရဲ့ ခရီးစဥ် နောက်ဆက်တွဲ ပေါ်ပေါက် လာတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, စစ်ကိုင်းဒေသ ဖြတ်လေးဖြတ် စစ်ဆင်ခံနေရ

"ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေနဲ့ လတ်တလော ပေါ်ပေါက်နေတဲ့ စိုးရိမ်မှုတွေ အပါအဝင် အထူးသံတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေထဲက အဓိက ဦးစားပေး နယ်ပယ်တွေအရေး အခုခရီးစဥ် အတွင်းမှာ ဒေါက်တာနော်လင်းဟေဇာ အာရုံစိုက် ကိုင်တွယ်မှာ ဖြစ်တယ်"လို့ ကုလသမဂ္ဂ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ဆိုပါတယ်။

ဒါ့ကြောင့် စစ်ဘေးနဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ၊ စာနာမှု အကူအညီ ပေးရေးတွေ အပြင် မြန်မာပြည်အရေး နိုင်ငံတကာစိုးရိမ်မှုနဲ့ စစ်ကောင်စီ အပေါ် ပြစ်တင် ရှုတ်ချမှု နောက်ဆုံး ပေါ်ပေါက်စေခဲ့တဲ့ အချက်ကတော့ နိုင်ငံရေး အကျဥ်းသား ၄ ဦးကို ရုတ်တရက် သေဒဏ်စီရင်ခဲ့တဲ့ လုပ်ရပ် ဖြစ်ပါတယ်။

နော်လင်းဟေဇာရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဥ် အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင် ထိပ်ပိုင်းက စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဖို့ရှိလား၊ ဒါမှမဟုတ် လောလောလတ်လတ်မှာကို နှစ်ရှည်ထောင်ဒဏ်တွေ ထပ်တိုး ချမှတ် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ခွင့်ရမှာလား ဆိုတဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ ကုလသမဂ္ဂဘက်က မထုတ်ပြန်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဆိုတာ အာဆီယံ အထူးသံလည်းပဲ အာရုံစိုက် နေခဲ့တဲ့ အချက်ဖြစ်ပြီး အခုအချိန်ထိ စစ်တပ်က လိုက်လျောမှုမရှိသေးတာ တွေ့ရပါတယ်။

ဒေါက်တာဟေဇာရဲ့ ခရီးစဉ်မစခင် တစ်ရက်မှာပဲ အဂတိမှု စွဲချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်လိုက်တဲ့ အတွက် အရင် ရှိနှင့်ပြီး ထောင်ဒဏ် ၁၁ နှစ်နဲ့ ပါဆိုရင် ထောင်ဒဏ် ၁၇ နှစ်ထိ စုစုပေါင်း ချမှတ်ထားပြီး ဖြစ်ပါတယ်။

အသေးစိတ် အစီအစဥ်တွေကို မထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသေးစိတ် အစီအစဥ်တွေကို မထုတ်ပြန်

ဒေါက်တာဟေဇာရဲ့ အခု ခရီးစဥ်ကတော့ မြန်မာ့နိုင်ငံရေးထဲ ပါဝင် ပတ်သက်နေသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပေါ်ပေါက်နေတဲ့ ပဋိပက္ခကြီးရဲ့ ဒဏ်ကို တိုက်ရိုက် ခံစားနေကြရတဲ့ လူမှု အသိုင်းအဝန်းထဲကသူတွေ စသဖြင့် အသီးသီးသောသူတွေနဲ့ကြား ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ပြီးမှ အခု ခရီးစဥ် စီစဥ်တာဖြစ်တယ်လို့ ကုလပြောခွင့်ရ မစ္စတာ​ ဒူဂျာရစ်က ဆိုပါတယ်။

ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့ ဒေသအချိန် မွန်းလွဲပိုင်းမှာပဲ နေပြည်တော်ကို ဒေါက်တာဟေဇာ ဆိုက်ရောက်လာတယ်လို့ နားလည်ရပါတယ်။ အဲဒီလို ရောက်လာကြောင်း အမည်မဖော်လိုတဲ့ လုံခြုံရေး အရာရှိတချို့ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။

ဒေါက်တာဟေဇာရဲ့ ခရီးစဥ်အတွင်း ဘယ်နေရာတွေကို သွားမယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ် ဆိုတဲ့ အသေးစိတ် အစီအစဥ်တွေကို မထုတ်ပြန်ပေမယ့်၊ တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆီယံ ဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။ ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုတ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

မစ္စဟေဇာဟာ စင်္ကာပူ တက္ကသိုလ်ကနေ ပထမ ဝိဇ္ဇာဘွဲ့နဲ့ နောက် မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရယူ ထားသူ ဖြစ်ပါတယ်။