ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်
မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ အမည်နဲ့ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ အဂတိမကင်းလို့ဆိုတဲ့ စစ်ကောင်စီဘက်က စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတင်ကာ ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
ဩဂုတ် ၁၅ရက်၊ တနင်္လာနေ့မှာ နေပြည်တော်အချုပ်ထောင်ထဲက အထူးတရားရုံးကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
"ဒီလိုဖြစ်လာမယ်ဆိုတာ မှန်းထားတဲ့အတိုင်းပါပဲ။ အခုအမိန့်ချတဲ့ အမှုတွေကို ဆက်ပြီး အယူခံဖို့ရှိပါလိမ့်မယ်" လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမိန့်ချမှတ်တဲ့အပေါ် တစ်စုံတရာ တုံ့ပြန်ပြောကြားတာ မရှိသလို ရုံးချိန်းမှာလည်း ကျန်းကျန်းမာမာတွေ့ရတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
ဒီကနေ့ ရုံးချိန်းမှာတော့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်) မြေနေရာရယူမှုနဲ့ ပတ်သက်ပြီး စွပ်စွဲထားတဲ့ အမှုအတွက် ထောင်ဒဏ် ၃နှစ်အဖြစ် သတ်မှတ်ပါတယ်။
ပြီးတော့ ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး နေပြည်တော်က လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းတစ်ခုထဲကို အမှု ၃မှုနဲ့ တရားစွဲဆိုပြီး ထောင် ၃နှစ်ကို တစ်ပေါင်းထဲကျခံစေပါတယ်။
စစ်ကောင်စီ တရားရုံးက ဒီအဂတိအမှု ၄မှုအတွက် နိုင်ငံတော်ရဲ့ ငွေကျပ် ၂၅ ဘီလီယံကျော် နစ်နာခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၆နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒီအမှု ၄ မှု အတွက် အတိုင်ပင်ခံနဲ့အတူ လရောင်တောမြေနေရာကိစ္စမှာ ပူးတွဲတရားစွဲဆိုခံရတဲ့ NLD အစိုးရ လက်ထက်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးမင်းသူတို့ကိုလည်း ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။
ဖောင်ဒေးရှင်းနဲ့ဆက်စပ်ထောင်ဒဏ်ချတာကြောင့် မေးခွန်းထုတ်မှုတွေရှိလာ
တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်းဖြစ်သူ ဒေါ်ခင်ကြည်အမည်နဲ့ တည်ထောင်ထားတဲ့ ဒီဖောင်ဒေးရှင်းဟာ အများပြည်သူအကျိုးအတွက်လို့ တရားဝင်ကြေညာထားပါတယ်။
ဒီလို အများအကျိုးအတွက်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ်ချမှတ်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ဆက်တိုက်ဆိုသလို ရှိလာပါတယ်။
"နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဆုံးရှုံးတယ်ဆိုတာက လွဲတယ်။ ဒီဘဏ္ဍာငွေ လျော့နည်းသွားတယ် တစ်ဖက်မှာ နိုင်ငံသားတွေ အတွက် ဘာတွေ အကျိုးအမြတ်ဖြစ်လာလဲ။ အဲ့ဒီနှစ်ခုချိန်ကြည့်လိုက်ချိန်မှာ ဘယ်ဟာက အကျိုးရှိလဲ။ ဒီ လေးမှုလုံးက အမှုတပ်ဖို့တောင် မလိုဘူးထင်ပါတယ်" လို့ ဝါရင့်ဥပဒေအကြံပေးတစ်ဦးက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
အခုလို အဂတိအမှုနဲ့ စွဲဆိုပြီး ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်လာတဲ့အပေါ် စစ်ကောင်စီလက်အောက် တရားစီရင်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေဘက်က ယုံကြည်မှုလျော့နည်းလာသလို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်း ရှိနေတာကိုတွေ့ရပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်၊ မနက်အစောပိုင်းထဲက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းကာလထဲ တရားစွဲဆိုခံခဲ့ရတဲ့ ဆူပူလှုံ့ဆော်မှု ၊ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ နဲ့ သဘာဝဘေးအန္တရာယ် ဥပဒေတွေအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံခဲ့တယ်ဆိုတဲ့ အဂတိအမှုအတွက်ပါ ထောင်ဒဏ် ၁၁ နှစ်သတ်မှတ်ခံထားရတာပါ။
ဒါကြောင့် အခု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရန်ကုန်နဲ့ နေပြည်တော်က မြေနေရာကိစ္စနဲ့ဆက်စပ်ပြီး အဂတိအမှု တွေနဲ့ပါဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၇နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကြီးတွေချမှတ်နိုင်တဲ့ အမှု ၉ မှုအတွက်လည်း နေပြည်တော်အထူးတရားရုံးမှာ အပတ်တိုင်းရုံးထုတ် အမှုရင်ဆိုင်နေရဆဲပါ။
ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁ မှု ၊ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ အလှုငွေ အမေရိကန်ဒေါ်လာ ၅သိန်းခွဲကို ၂ကြိမ်ခွဲလက်ခံခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ အဂတိ ၂ မှု ၊ သြစတေးလျနိုင်ငံ သား ရှောင်တာနယ်နဲ့ တွဲလျက်ရင်ဆိုင်နေရတဲ့ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ ၁ မှု နဲ့ ကိုဗစ်ကာလမှာ ရဟတ်ယာဥ် ဌားရမ်း၊ ဝယ်ယူ၊ပြင်ဆင် သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိအမှု ၅မှု စတဲ့ တရားရင်ဆိုင်ဆဲ အမှု ၉ မှုအထိ ရှိနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office
ဒီလို ထောင်ဒဏ်နှစ်ဆယ်နဲ့ချီ ချမှတ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုတွေနဲ့ပါ ဆက်တရားစွဲဆိုနေတာဟာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ထောက်ပြနေကြပါတယ်။
"နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ရဲ့ သမီးလည်းဖြစ်တယ်၊ အသက်အရွယ်ကြီးရင့်နေတဲ့သူ တစ်ဦးလည်းဖြစ်သလို နိုင်ငံတော်အတွက်လည်း တတ်နိုင်သမျှ သူဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေရှိတယ်။ ဒါတွေကို ထောက်ထား ညှာတာပြီးစဉ်းစားသင့်တယ်" လို့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ဒါကြောင့် အစိုးရ အပြောင်းအလဲဖြစ်စေ၊ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်စေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားသင့်တယ်လို့ ဒေါက်တာညိုညိုသင်းက သူ့အမြင်ကို ပြောပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရအဆက်ဆက် ဖမ်းဆီးတရားစွဲဆိုတာ တွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အခု အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာတော့ ပြန်လည်လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကနေပဲ နေပြည်တော်အချုပ်ထောင်ထဲကို ပြောင်းရွှေ့ချုပ်နှောင်ခံနေရတာ နှစ်လနီးပါးရှိနေ ပြီလည်းဖြစ်ပါတယ်။
ကျေးဇူးပြုပြီးခဏစောင့်ပါ








