ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြို့လုံးကျွတ် ရွာလုံးကျွတ် ထွက်ပြေးရတဲ့ စစ်တောင်းမြစ်အရှေ့ဘက်က တိုက်ပွဲ
၂၀၁၂ က အပစ်ရပ်ဆွေးနွေးပွဲတွေ စပြီးနောက် တိုက်ပွဲတွေ ရပ်သွားခဲ့တဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ ဇူလိုင်လ ၂ ရက်နေ့ ညက တိုက်ပွဲတွေ အပြင်းအထန်ပြန်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ နောက်ဆုံးပတ်ထဲမှာ အဲဒီဒေသ တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာသလို ကျောက်ကြီးမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းနေရာယူလာခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်စခန်း ၅ ခုကို တစ်ပြိုင်တည်း သိမ်းယူလိုက်တယ်လို့ ကေအန်ယူက ဒီကနေ့ ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီနဲ့ ကေအန်ယူတို့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အဲ့ဒီဒေသမှာ မနေ့ညက လေယာဥ်တွေ သုံးပြီးတိုက်နေသလို ဒီကနေ့ မနက်ပိုင်းကလည်း လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုန်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုလေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတဲ့အကြောင်းကေအန်ယူက ဒီကနေ့ဇူလိုင် ၃ ရက်မှာ သတင်း ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး၊
နှစ်ဖက်တိုက်ပွဲတွေကြောင့် မုန်းမြို့အပါအဝင် အနီးအနားက ကျေးရွာ ၁၂ ရွာလောက် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။
"အရင်ကလည်း တိုက်ပွဲတွေကြောင့် ပြေးရတာရှိပေမယ့် အခုလို မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ထွက်ပြေးရတာ ပထမဆုံးပဲလို့ "ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ညောင်လေးပင်ခရိုင်ထဲက စစ်ရှောင်တွေဟာ နီးစပ်ရာ တောင်ငူ၊ ဖြူး၊ ကျောက်တံခါးမြို့ပေါ်တွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လည်းသိရပါတယ်။
စစ်တောင်းမြစ် အနောက်ဘက်ကမ်းက ကျေးရွာတွေဘက်ကို စစ်ရှောင်နေရသူတွေရှိသလို တောတောင်တွေထဲ ဘေးလွတ်ရာပြေးရသူတွေလည်း ရှိနေပြီး ရုတ်တရက် ဘေးလွတ်ရာ ပြေးရတဲ့အခြေအနေတွေကြောင့် အခက်အခဲတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
မုန်းမြို့ဟာ မြို့ငယ်လေးဖြစ်ပြီးတော့ ဖြူးမြို့ အနီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ကရင်လူမျိုးတွေ အများစုနေထိုင်ကြပြီး ရှမ်းနဲ့ပအိုဝ်း လူမျိုးတွေလည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ဆို ပါတယ်။
ဖြူးမြို့ကနေ အရှေ့ဘက်ကို ၁၅ မိုင်ခန့်သွားရင် အုတ်ဖြတ်ဆိုတဲ့ နေရာမှာ စစ်တောင်းမြစ်နဲ့ ဆုံပြီး မြစ်ကူးတံတား ကျော်လိုက်ရင် မုန်းမြို့ကို ရောက်ပါတယ်။
မုန်းမြို့ဟာ ကေအန်ယူ တပ်တွေ နှစ်ပေါင်းများစွာစိုးမိုးထားတဲ့ ဒေသတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
မုန်းနဲ့ အနီးတစ်ဝိုက်က ကျောက်ကြီး ဒေသခံတွေလည်းတိုက်ပွဲကြောင့် ဖြူးနဲ့ ကျောက်တံခါးမြို့ပေါ်တွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်လို့ ဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့နယ်၊ ဝေါလေ အရပ်အတွင်းက ဥကရစ်ထ စခန်းကုန်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်တွေဦးဆောင်တဲ့ ပူးပေါင်းတပ်တွေအကြား ဇွန်လ ၂၅ ရက်နေ့က စလို့ ဒီနေ့ ဇူလိုင် ၃ ရက်နေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။
နှစ်ဖက်စလုံးမှာ အထိအခိုက်အသေအဆုံးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပေမယ့် အရေအတွက်အတိအကျတော့ မသိရ သေးပါဘူး။
တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေလည်း ထောင်နဲ့ချီပြီး ရှိလာနေပါတယ်။
ဥကရစ်ထ စစ်စခန်းကုန်း ( စစ်ကောင်စီ ဗျူဟာကုန်း) ကို တိုက်နေတဲ့ တပ်တွေထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ပါဝင်ပါတယ်။
ကေအန်ယူ တပ်မဟာ နယ်မြေထဲကဥကရစ်ထ တိုက်ပွဲကြောင့်လည်း ထိုင်းဖက်ခြမ်းကို ထွက်ပြေးရတဲ့ ဒေသခံထောင်ချီရှိလာပါတယ်။
ထိုင်းအစိုးရကတော့ မြန်မာစစ်ရှောင်တွေကို စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနဲ့ ဂိုဒေါင်နေရာတွေမှာထားပါတယ်။ စစ်ရှောင်တွေထဲ အမျိုးသမီးနဲ့ ကလေးတွေ အဓိက အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်ထဲက ကေအန်ယူထိန်းချုပ်နယ်မြေတွေက စစ်ကောင်စီနဲ့ KNLA KNDO ကရင်ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့တာတွေ ဆက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တဲ့အကြောင်းကိုလည်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲနေရာတွေမှာ နယ်မြေစိုးမိုးနိုင်တဲ့ သဘောမျိုး ထုတ်ပြန်ပြော ဆိုထားတာ ရှိပါတယ်။
ကေအန်ယူဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှက်ထိုးထားပေမယ့် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့ပါဘူး။